ဇန်နဝါရီ ၁၀ ရက် ထိပ်တန်းသတင်းများ - ကျောက်တံခါး ရထားလမ်းပိုင်း ကင်းစောင့်ဖို့ စစ်တပ်က ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, MRTV
ကင်းမစောင့်နိုင်တဲ့အိမ်တွေကို ငွေကြေးတောင်းခံနေ
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲ ကျောက်တံခါးမြို့အပါအဝင် ကျေးရွာအုပ်စု ၁၆ စုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ကျောက်တံခါးရထားလမ်းပိုင်း ကင်းစောင့်ဖို့အတွက် အိမ်တိုင်းတစ်ယောက်စီ ပါဝင်ဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောလာပါတယ်။
စစ်ကောင်စီခန့်အပ်ထားတဲ့ သက်ဆိုင်ရာကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ကင်းစောင့်ဖို့အတွက် ဖိအားပေးခိုင်းစေလာတာလို့ ဒေသခံကဆိုပါတယ်။
“မနေ့က တစ်အိမ်တစ်ယောက် မဖြစ်မနေ ကင်းစောင့်ရမယ်ဆိုပြီး ရွာထဲမှာ အစည်းအဝေးလုပ်ပြီးခေါ်ပြောတယ်”လို့ ဒေသခံရဲ့အပြောအရသိရပါတယ်။
ကင်းမစောင့်ချင်တဲ့အိမ်တွေကိုလည်း ငွေကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ အထိ ကျေးရွာအလိုက် မတူညီဘဲ အမျိုးမျိုးကောက်ခံခဲ့သလို ကင်းလည်းမစောင့်ချင်၊ ငွေလည်းမပေးနိုင်တဲ့သူတွေကိုတော့ စစ်ကာင်စီတပ်ဘက်က ရွာတွေထဲအထိ ဆင်းလာပြီး ဖြေရှင်းမယ်လို့ ခြိမ်းခြောက်တာတွေကြောင့် ငွေပေးခဲ့ရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“သေမှာကြောက်လို့ ဘယ်သူမှ ကင်းမစောင့်ချင်ကြဘူး၊ အဲဒါကြောင့် တောင်းတဲ့ပိုက်ဆံပဲ ရပ်ကွက်ထဲက အိမ်အကုန် မရမကလိုက်စုပြီး အုပ်ချုပ်ရေးမှူးကိုပေးလိုက်တယ်” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ ငွေကြေးအကျပ်အတည်းတွေကြောင့် တောင်းခံတဲ့ငွေကိုမပေးနိုင်ပေမယ့် ကင်းစောင့်ရတဲ့အခါ အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်တာကြောင့် ခက်ခက်ခဲခဲ ငွေချက်ချင်းရှာပြီး ပေးခဲ့ရတာလို့ ဒေသခံအချို့က ပြောပါတယ်။
ကျောက်တံခါး ရထားလမ်းပိုင်းဟာ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာလည်း ကျောက်တံခါးနဲ့ ပိန်းဇလုပ်ဘူတာကြားက လမ်းပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် လူစီးအမြန်ရထား လမ်းချော်သွားခဲ့တယ်လို့ စစ်ကောင်စီရုပ်သံမီဒီယာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောက်တံခါးမြို့နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၀၀ နီးပါးသေဆုံးထားတယ်လို့ NUG ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သား ၉၀၀ နီးပါးသေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရရှိတဲ့ စာရင်းအရ စစ်ကောင်စီဟာ လေကြောင်းအသုံးပြုမှု အကြိမ် ၆၀၀ နီးပါးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦ ၇၀ ထက်မနည်းနဲ့ စာသင်ကျောင်းပေါင်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘီဘီစီကနေ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့အနီးက ကနန်စံပြကျေးရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၉ ဦးအပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ အထက်ချင်းတွင်းဒေသအခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO) ကနေ ဘီဘီစီကိုအတည်ပြုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အသက် ၁၈ နှစ်အောက် ကလေး ၁၁ ဦး အပါအဝင် စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့က မြို့သစ်ရွာမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ခမ်းပတ်မြို့နယ် ကနန်ရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မရှိခဲ့ကြောင်းငြင်းဆိုထားပြီး နမ့်ဆန်မြို့ လေကြောင်းတိုက်ခိုက်မှုကိုတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
မြောက်ဦးမှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံ ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ကြားဒီကနေ့ ဇန်နဝါရီ ၁၀ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး အရပ်သားသေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
မနေ့ ဇန်နဝါရီ ၉ ရက် ညနေပိုင်းက မြောက်ဦးမြို့ စစ်ကောင်စီရဲ့ အခြေစိုက် စစ်တပ်ခြေမြန်တပ်ရင်း (ခမရ-၅၄၀)က စစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား သကျမာရ်အောင်ဘုရားအနီးမှာ ထိတွေ့တိုက်ပွဲဆက်ဖြစ်ခဲ့တာကနေ တိုက်ပွဲဆက်လာတာလို့ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိနေချိန်မှာပဲ စစ်တပ်ဘက်က တပ်ပြန်ဆုတ်တဲ့အချိန် လမ်းမှာ တွေ့တဲ့ ဒေသခံ ၃ ဦးကို ခမရ-၅၄၀ တပ်စခန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်ခဲ့တာလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောသလို အေအေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
မြောက်ဦးမှာ ဒေသခံပစ်ခတ်ခံရတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကနေ ဒီကနေ့ မနက်ပိုင်းထိ မြောက်ဦးစစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပေမယ့် အေအေဘက်ကတော့ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦးသေဆုံးသွားတယ်လို့သာ မနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြောက်ဦးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီကျဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ မြောက်ဦးနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒီဇင်ဘာ ၂၄ ရက်ကတည်းက မြောက်ဦးဒေသခံအချို့ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်နေကြရပြီး မနေ့ကဖြစ်တဲ့ တိုက်ပွဲအပြီးမှာတော့ မြို့ပေါ်ကလူအားလုံးနီးပါး ရှောင်တိမ်းကုန်ကြပြီလို့ ဒေသခံရဲ့ အပြောအရသိရပါတယ်။
မြန်မာ့အရေးကို ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားပြော

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးအကျပ်အတည်း အခြေအနေကို အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်(တ)နို မာဆုဒီက ပြောလာပါတယ်။
ဇန်နဝါရီလ ၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွက် နှစ်စဥ်သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေညာချက်မှာ အခုလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး ကျော်လွန်သွားပြီဖြစ်ပေမဲ့ ''မြန်မာပြည်တွင်းက အခြေအနေတွေဟာ အင်ဒိုနီးရှားအတွက် စိုးရိမ်ချက် အဖြစ် ဆက်ရှိနေတာကြောင့်'' မြန်မာ့အရေး ဆက်ပြီး အလေးထားမယ့်အကြောင်း ပြောလာတာပါ။
''အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌရာထူး တာဝန်ယူချိန်မှာလည်း မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှုရှိအောင် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ထိတွေ့ပြောဆိုဆက်ဆံမှု ၂၆၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်'' လို့လည်း ဝန်ကြီးက ပြောပါတယ်။
ရိုဟင်ဂျာတွေ သိက္ခာရှိရှိနဲ့နေရပ်ပြန်နိုင်ရေးလည်း အရေးကြီးတဲ့ကိစ္စဖြစ်သလို ရိုဟင်ဂျာအရေး ဒေသတွင်းက နိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကြား ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်လို့လည်း အင်ဒိုနီးရှားဘက်က ပြောပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်မှာ မျောနေတဲ့ ရိုဟင်ဂျာစက်လှေတွေကို ကမ်းကပ်ခွင့်ပြုပြီးနောက် ကယ်ဆယ်ခံထားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အယောက်ထောင်ချီရှိနေပါတယ်။
ဒီဒုက္ခသည်တွေဟာ လူကုန်ကူးသူတွေကြောင့် အင်ဒိုနီးရှားကို ရောက်လာကြတာလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။
မိုးမိတ် စင့်ကင်ကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တအာင်းတပ် (TNLA) တွေ ထိန်းချုပ်ထားတဲ့ စင့်ကင်ရွာအပါအဝင် မန်ဖွယ်ရွာဘက်ကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေကြောင်းပျံသန်းမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၉ရက် နေ့လယ်ပိုင်းလောက်ကစပြီး အဲဒီဒေသကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
“မနေ့ ၂ နာရီလောက်တည်းက ဗုံးစကြဲနေတာ၊ လေယာဉ် ၅ ခေါက်လောက်ဝဲနေတာတွေ့တယ်။ ဗုံးက မန်ဖွယ်ရွာနဲ့ စင့်ကင် ပတ်ပတ်လည်ကို ကြဲချသွားတာ” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မိုးမိတ်ကနေ မိုးကုတ်ဘက်အထွက် မြို့အစပ်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုရှိပြီး အဲဒီကနေ လက်နက်ကြီးတွေနဲ့ မန်ဖွယ်ရွာဘက်ကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“လယ်ကွင်းတွေထဲကျတယ်။ မန်ဖွယ်ရွာဘက်မှာဆို လူနေအိမ်တွေပေါ်လည်း လက်နက်ကြီး ကျတယ်” လို့ ဒေသခံရဲ့ အပြောအရသိရပါတယ်။
စင့်ကင်ရွာကတော့ မိုးမိတ်မြို့နဲ့ ၈ မိုင်ခန့်သာကွာဝေးပြီး မန်ဖွယ်ရွာကတော့ မိုးမိတ်ကနေ ၁ မိုင်ကျော်လောက်သာ ကွာဝေးပါတယ်။
ဒေသတွင်းမီဒီယာတွေမှာတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ ဇရပ်နဲ့ အရပ်သားနေအိမ်တချို့ပျက်စီးသွားတယ်လို့ ဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က စင့်ကင်ရွာအခြေစိုက် စစ်တပ်ရဲ့ ကျန်ကန်တပ်စခန်းကုန်းကို TNLA က ထိန်းချုပ်ပြီးတဲ့နောက် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်တစ်မြို့လုံးနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး အိမ်တစ်အိမ်မှာ အိမ်စောင့်အဖြစ် လူတစ်ယောက်သာ ကျန်နေခဲ့တဲ့အခြေအနေလို့ ဒေသခံကပြောပါတယ်။
TNLA ဘက်ကတော့ မနေ့ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်ဘက်ကနေ ကျန်ကန်တပ်စခန်းရှိတဲ့ စင့်ကင်ရွာဘက်ကို လက်နက်ကြီးနဲ့ ၂ ကြိမ်၊ တိုက်လေယာဉ်နဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးမိတ်မြို့အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။








