ဇန်နဝါရီ ၂၀ ရက် ထိပ်တန်းသတင်းများ - မင်းပြား နဲ့ ပေါက်တောကို အေအေသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်(မြောက်ပိုင်း) က မင်းပြားမြို့နဲ့ ပေါက်တောမြို့ဧရိယာအားလုံးနီးပါးကို ရက္ခိုင့်တပ်တော်(အေအေ) က ထိန်းချုပ်ထားနိုင်ပြီလို့ မြေပြင်အခြေအနေသိရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်တွေကပြောပါတယ်။
ပေါက်တောမှာတော့ စစ်တပ်စခန်းမကျန်ရှိတော့ဘဲ မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ-၃၇၉၊ ၃၈၀၊ ၅၄၁) တပ်ရင်း ၃ခုကို အေအေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်(မြောက်ပိုင်း) မှာ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတာကြောင့် အေအေဘက်က မြို့ ၂ မြို့ကို ဘယ်အချိန်မှာ တိုက်ခိုက်ထိန်းချုပ်ခဲ့လဲဆိုတာကို အတိအကျမသိနိုင်ဘူးလို့ ဒေသခံက ပြောပါတယ်။
အေအေက ပေါက်တောနဲ့ မင်းပြားမြို့အခြေစိုက် စစ်တပ် စခန်းတွေကို လနဲ့ချီတိုက်ခိုက်ပြီးမှ သိမ်းနိုင်ခဲ့တာလို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
အေအေဘက်ကတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ မင်းပြားမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဒေသခံနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြို့သိမ်းနိုင်တဲ့အခြေအနေနဲ့ ပတ်သက်လို့ အေအေဘက်က သတင်းထုတ်ပြန်လာတာ မရှိသလို စစ်ကောင်စီဘက်ကလည်း ရခိုင်ဘက်ကအခြေအနေတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာကြေညာတာ မရှိသေးပါဘူး။
မဘိမ်းကို တိုက်ပွဲကူးစက်

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ် နဲ့ထိစပ်နေတဲ့ မဘိမ်းမြို့မှာ ဒီနေ့ ဇန်နဝါရီ ၂၀ ရက်မနက် ၅ နာရီဝန်းကျင်ကစပြီး စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ် တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မဘိမ်းရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“လေယာဉ်တွေနဲ့ပါ ပစ်ပြီးတိုက်နေတာ” လို့ သူကဆိုပါတယ်။
မဘိမ်းမြို့ဟာ မိုးမိတ်မြို့မြောက်ဘက်ပိုင်းမှာ တည်ရှိပြီး မိုးမိတ်ကနေ မိုင် ၄၀ ကျော်သာ ကွာဝေးတာဖြစ်ပါတယ်။
တစ်ဖက်မိုးမိတ်မြို့မှာလည်း စစ်တပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး မိုးကုတ်ဘက်အထွက် မိုးမိတ်မြို့စပ်က စစ်တပ်ဗျူဟာကုန်းကို KIA တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတုန်းလို့ မိုးမိတ်မြို့ခံတစ်ဦးရဲ့အပြောရသိရပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မနေ့ဇန်နဝါရီ ၁၉ ရက်ညပိုင်းက မိုးမိတ်ဈေးကြီးလည်း မီးလောင်ပြာကျသွားတယ်လို့ မြို့ခံတစ်ဦးက အတည်ပြုပါတယ်။
မိုးမိတ်မြို့ဝင်မြို့ထွက်တွေကို စစ်တပ်က ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ပိတ်မိနေကြပြီး မြို့ရှောင်လမ်းကနေ စစ်ရှောင်လို့ရပေမယ့် လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့် ဒေသခံအချို့က မထွက်ရဲကြဘဲ မြို့ထဲမှာ ကျန်နေတုန်းပဲလို့ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။
မဘိမ်းမြို့ မှာ ဒီနေ့မနက်ကစလို့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းပြတ်တောက်နေပြီး မိုးမိတ်မှာတော့ ဆက်သွယ်ရေးတွေပြတ်တောက်နေတာ ၃ ရက်ကျော်ပြီလို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးမိတ်နဲ့ မဘိမ်းမြို့ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
ဖားကန့် ဝှေခါက တပ်စခန်းနဲ့ ရဲစခန်းကို ကေအိုင်အေ သိမ်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဖားကန့်မြို့နယ် ထဲက ဝှေခါ မှာရှိတဲ့ စစ်ကောင်စီစခန်း နဲ့ ရဲစခန်းကို ဇန်နဝါရီ ၂၀ ရက်မှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီလို့ ဒေသခံတွေ က ဘီဘီစီကိုပြောပါတယ်။
ဇန်နဝါရီလ ၁၈ ရက် နဲ့ ၁၉ ရက်မှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီက ဝှေခါဘက်ကို လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ် လို့ ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းအထိ ဖားကန့်စစ်တပ်ဗျူဟာကုန်းကနေ ဝှေခါဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။
‘မနက်က ပူးပေါင်းအဖွဲ့တွေက ဝှေခါစခန်းကုန်းကို သိမ်းလိုက်ပြီ။ စစ်ကောင်စီတပ်သားတွေ ကတော့လျှိုထဲကို ဆင်းသွားကြတယ်’’ လို့ သူက ပြောပါတယ်။
ဇန်နဝါရီလ ပထမပတ်ကတည်းက စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။
ဒါကြောင့် ဝှေခါမှာရှိတဲ့ ဒေသခံပြည်သူ လေးထောင်ခန့် ဆိုင်းတောင်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းစတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။
ရခိုင်မြောက်ပိုင်းတကြောမှာ ဆက်သွယ်ရေးပြတ်တောက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၈၀ ကျော်သေဆုံး
ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မြို့နဲ့ ကျေးရွာတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကြား အဆက်အသွယ်တွေပြတ်တောက်နေတယ်လို့ ရခိုင်ပြည်နယ်ဒေသခံအချို့က ဘီဘီစီကို ပြောပါတယ်။
ကျောက်တော်မြို့မှာလည်း ဆက်သွယ်ရေးတာဝါတိုင်တွေရဲ့ ပင်မကေဘယ်လ်ကြိုးတွေ ပြတ်တောက်နေတာကြောင့် တစ်မြို့လုံး အဆက်အသွယ်ပြတ်တောက်နေပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြောက်ပိုင်းမြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့တွေမှာတော့ တာဝါတိုင်တွေ လည်ပတ်ဖို့ ဆီထပ်ဖြည့်မပေးနိုင်သလို စစ်ကောင်စီဘက်က အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးတွေပြတ်တောက်နေတာလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စက်သုံးဆီက ဒီမှာပြတ်နေပြီ မဖြည့်ပေးတော့ ဆက်သွယ်ရေးတွေပြတ်တောက်နေတာ” လို့ သူက ဆိုပါတယ်။
အလားတူ ရခိုင်တောင်ပိုင်းက မြို့တွေမှာလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ နာရီနဲ့ချီပြတ်တောက်နေတာမျိုးရှိပေမယ့် နေ့ဘက်ဆိုရင်တော့ ဆိုလာစနစ်နဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အသုံးပြုလို့ရနေသေးတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
တစ်ဖက်မှာလည်း ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးမြို့တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က မြို့တွေတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အဲဒီမြို့တွေမှာ ရှိတဲ့ စစ်တပ်စခန်းတွေကို အေအေဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံကပြောပါတယ်။
လက်နက်ကြီးပစ်ခတ်ခံရတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိပေမယ့် ဆက်သွယ်ရေးတွေပြတ်တောက်နေတာကြောင့် မြို့တစ်မြို့အတွင်းမှာတောင် သေဆုံးတဲ့အရေအတွက် အတိအကျကို မသိနိုင်ဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ပွဲအတွင်း နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဇန်နဝါရီ ၁၃ ရက်နေ့အတွင်း အရပ်သား ၈၁ ဦးသေဆုံးပြီး နောက်ထပ် ၂၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အရပ်သားထိခိုက်သေဆုံးတဲ့အထဲမှာ မြောက်ဦးမြို့နယ်က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ မင်းပြားဒေသခံတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရပ်သားသေဆုံးမှုတွေက စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ မိုင်းပေါက်ကွဲတာတွေအပါအဝင် စစ်ကောင်စီရေတပ်ကနေ ပစ်ခတ်တာတွေကြောင့် သေဆုံးတာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
ဟိုပန် မှာ ဝ တပ်ဖွဲ့ အုပ်ချုပ်ရေး ဘယ်လို စတင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Sai Tun Lon
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ ဟိုပန်မြို့ ပုံမှန်နီးပါး လည်ပတ်နေပြီ လို့ မြို့ခံတွေ ဆီက သိရပါတယ်။
ဆေးရုံ နဲ့ ကျောင်းမှာပဲ မြန်မာအစိုးရ ဝန်ထမ်းတွေကို ဆက်လက်အသုံးပြုနေပြီး ကျန်တဲ့ ဌာနဆိုင်ရာတွေကိုတော့ လတ်တလော အသုံးမပြုသေးဘူး လို့ သိရပါတယ်။
‘’ကျောင်းက ဒီတစ်ပတ်ကစဖွင့်တယ်။ ပြန်တက်နေကြပြီ’’ လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက UWSA က အိမ်ထောင်စုစာရင်းတွေ လိုက်ကောက်နေပြီလို့ ဒေသ ခံတွေက ပြောပါတယ်။
‘’တစ်နှစ်စာ ဝင်ငွေ နဲ့ အလုပ်အကိုင် ကို မေးသွားတယ်’’ လို့ ဟိုပန်မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးယန္တရားကတော့ မိုင်းမော နဲ့ နမ့်တစ်က ပဲ ထိန်းချုပ်ထားသေးတဲ့သဘောလို့ မြို့ခံတွေကပြောပါတယ်။
‘’ပြစ်မှုကျူးလွန်တဲ့ လူတွေကို နမ့်တစ်ကို ပို့တယ်။ ဟိုပန်မှာ စီရင်တာ မတွေ့ရသေးဘူး’’ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စျေး နဲ့ လမ်းဆုံ တွေ မှာ UWSA လုံခြုံရေးတွေ ချထားပြီး ကားတွေနဲ့လည်း ပုံမှန်ကင်းလှည့်နေတယ် လို့ သိရပါတယ်။
မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရှိခဲ့တဲ့ ဟိုပန် နဲ့ ပန်လုံမြို့တွေ ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်မှုအောက် ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။








