ဇန်နဝါရီ ၁၉ ရက် ထိပ်တန်းသတင်းများ - စစ်ဘေးရှောင် ၇ သိန်းခွဲကျော်ရှိလာတယ်လို့ KNU ပြော

မုန်းမြို့ပေါ်တိုက်ပွဲအတွင်းနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ အရပ်သားတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, မုန်းမြို့ပေါ်တိုက်ပွဲအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ အရပ်သားတွေ (ပုံဟောင်း)

စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၇ သိန်းခွဲကျော်ရှိလာတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

အဲဒီလို နေရပ်စွန့်ခွာရှောင်တိမ်းနေရတဲ့အထဲ ခလယ်လွီထူခရိုင်(မုန်းမြို့နဲ့ ရွှေကျင်မြို့) က အရပ်သားအများဆုံးပါဝင်ပြီး ဒုတိယအများဆုံးကတော့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေပါဝင်တဲ့ ဒူးပလာယာခရိုင်က ဒေသခံတွေပဲဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကြားမှာ ၂၀၂၃ တစ်နှစ်တာအတွင်း တိုက်ပွဲလေးထောင်ကျော် အထိ ဖြစ်ခဲ့တယ် လို့ KNU က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သား ၉၀၀ နီးပါးသေဆုံးထားတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရရှိတဲ့ စာရင်းအရ စစ်ကောင်စီဟာ လေကြောင်းအသုံးပြုမှု အကြိမ် ၆၀၀ နီးပါးလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မန္တလေးက ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရ

ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံနေရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံနေရတဲ့မြင်ကွင်း

မန္တလေး၊ မန်းမြို့ဈေးမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သန်းရွှေဆိုင် ဆိုင်ခွဲတစ်ခုကို မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသား ၃ ယောက်က ဒီကနေ့မနက် ၈ နာရီဝန်းကျင်မှာ ဓားပြတိုက်သွားတယ်လို့ ရွှေဆိုင်ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

ဆိုင်ရဲ့ လုံခြုံရေးကင်မရာ က ရိုက်ကူးထားချက်အရ လူ ၃ ယောက်က ဆိုင်ထဲဝင်ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းတွေ ထုပ်ပိုးယူနေတာ တွေ့ရပါတယ်။

ဓားပြလာတိုက်တဲ့ လူ ၃ ဦးထဲမှာ တစ်ဦးက သေနတ်တစ်လက်ကိုင်ဆောင်လာပြီး ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ဓားပြတိုက်သွားတာလို့ ဆယ်သန်းရဲ့ နောက်ထပ်ရွှေဆိုင်ခွဲတစ်ခုက ဝန်ထမ်းရဲ့အပြောအရ သိရပါတယ်။

“လှုပ်ရင်ပစ်သတ်မယ်လို့ပြောတယ်” လို့ ဓားပြက ပြောခဲ့တဲ့အကြောင်း ဝန်ထမ်းက ပြန်ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ ဓားပြတိုက်ခံလိုက်ရတဲ့ ရွှေထည်ပစ္စည်းတွေကို တွက်ချက်နေတုန်းဖြစ်ပြီး ခန့်မှန်းချေအရ အဲဒီပစ္စည်းတွေရဲ့ ကာလပေါက်ဈေးတန်ဖိုးက ကျပ်ငွေ သိန်း ၆ ထောင်ကျော် ရှိနိုင်တယ်လို့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ဓားပြတိုက်ပြီးနောက် မနက် ၈ နာရီခွဲဝန်းကျင်မှာတော့ ရဲတွေရောက်လာပြီး ဝန်ထမ်းတွေကို မေးမြန်းတာအပါအဝင် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။

မိုးမိတ်မှာ တိုက်ပွဲပြင်းထန်

မိုးမိတ်မှာ လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ အရပ်သားနေအိမ်

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, မိုးမိတ်မှာ လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ အရပ်သားနေအိမ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်-KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကြား မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာကြောင့် အရပ်သားတချို့သေဆုံးတာတွေရှိတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

“ဗုံးခိုကျင်းထဲမှာပဲနေနေရတာ မနေ့က လေယာဉ်နဲ့ ဗုံးကြဲတာ ဆက်တိုက်ပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ပြင်မှာ တပ်စွဲထားတဲ့ စစ်တပ်ဗျုဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သူကဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ဘက်ကနေ အဲဒီဗျူဟာတပ်စခန်းကုန်းကို စစ်ကူအင်အားတွေ ထပ်မံဖြည့်တင်းလာတာကြောင့် လက်ရှိအချိန်မှာ တိုက်ပွဲပိုပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ဘက်ကနေ လေယာဉ်နဲ့ ကြဲချလိုက်တဲ့ ဗုံးတွေက အရပ်သားနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာတွေရှိတာကြောင့် မိုးမိတ်မြို့ခံတော်တော်များများ ဗုံးခိုကျင်းတွေတူးပြီး ပုန်းခိုနေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့အပြောအရသိပါတယ်။

တိုက်ပွဲပြင်းထန်တဲ့အချိန်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံတွေလည်းရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်မပြေးနိုင်သေးဘဲ ပိတ်မိနေသေးတဲ့ မြို့ခံတွေ ကျန်နေသေးတယ်လို့ စစ်ရှောင်လာတဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

ကချင်သတင်းတွေကို ဖော်ပြတဲ့ ဒေသအခြေစိုက်မီဒီယာမှာတော့ မိုးမိတ်မြို့မရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ဇန်နဝါရီ ၁၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။

တစ်ဖက်မှာလည်း နမ့်ဖတ်ကာအခြေစိုက် စစ်တပ်စခန်းကုန်းကို KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေက လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီတိုက်ပွဲအတွင်း စစ်တပ်ပိုင် FTC 2000G အမျိုးအစား တိုက်လေယာဉ်တစ်စီးကိုလည်း KIA ဘက်က ပစ်ချဖျက်ဆီးခဲ့တယ်လို့ KIA ဘက်က ထုတ်ပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုးမိတ်နဲ့နမ့်ဖတ်ကာက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဟိုင်ဂင် သဘောတူညီမှု ကြောင့် မြို့တွေ ဆက်မသိမ်းတာ လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ပြော

TNLA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ "ဟိုင်ဂင် သဘောတူညီမှု”ကြောင့်သာ မဟုတ်ရင် မြို့ကြီးတချို့ ကို ဆက်လက်သိမ်းပိုက်ထားပြီးပြီ လို့ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဟိုင်ဂင် သဘောတူညီချက်တွေကို မလိုက်နာခဲ့ရင် သတ်မှတ်ထားတဲ့အတိုင်း စစ်ဆင်ရေးပစ်မှတ်တွေ နဲ့ မြိုသိမ်းတိုက်ပွဲတွေကို ဆက်အကောင်အထည်ဖော်နေလိမ့်မယ် လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပါတယ်။

မြို့အမည်တွေကို ထုတ်မပြောပေမယ့် လားရှိုး နဲ့ မူဆယ် လို မြို့ကြီးတွေကို ရည်ရွယ်တာ လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

ဟိုင်ဂင် သဘောတူညီချက်ရတဲ့ အချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့အထိ မြောက်ပိုင်းညီနောင်မဟာမိတ် တွေက သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

ဟိုင်ဂင် သဘောတူညီချက်မှာ နှစ်ဖက်တပ်တွေ လက်ရှိရောက်နေတဲ့နေရာကနေ ရှေ့ဆက်မတိုးဖို့နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဘက်က စခန်းသိမ်းနဲ့ မြို့သိမ်းတိုက်ပွဲတွေဆက်မလုပ်ဖို့ စစ်ကောင်စီဘက်ကတောင်းဆိုခဲ့ပါတယ်။

ညီနောင် ၃ ဖွဲ့ဘက်ကလည်း စစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာ မလုပ်ဖို့ကိုတောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လုံးဝ အပစ်ရပ်သွားတာမျိုး မဟုတ်ဘဲ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

တိုက်ပွဲအရှိန်က ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ရခိုင်ပြည်နယ်ဘက်ကို ပြောင်းနေတာတွေ့ရတယ် လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။