တီမော သံအရာရှိကို စစ်ကောင်စီက ဘာလို့ နှင်ထုတ်တာလဲ

တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တီမောသမ္မတ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တီမောသမ္မတ

မြန်မာနိုင်ငံဆိုင်ရာ တီမောနိုင်ငံသံအရာရှိကို နိုင်ငံအတွင်းကနေ နှင်ထုတ်တာဟာ လက်ရှိအခင်းအကျင်းအရ သံတမန်ဆက်ဆံရေး ဖြတ်တောက်ရမယ့် သဘောကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဘီဘီစီကို တုံ့ပြန်ပြောဆိုပါတယ်။

ရန်ကုန်မှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို စက်တင်ဘာလ ၁ ရက်မတိုင်ခင် နိုင်ငံထဲကနေ ထွက်ခွာဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အကြောင်းကြားခဲ့တာနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့မေးမြန်းမှုကို စစ်ကောင်စီ ပြောခွင့်ရသူက ပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

''ကျွန်တော်တို့ကတော့ ရေရှည်အနေနဲ့ ပြောလို့မရသေးဘူး အခုအချိန်မှာ သံတမန်ဆက်ဆံရေးဖြတ်တောက်ရမယ့် သဘောပဲ ဖြစ်ပါတယ်''လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးက သံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ သြဂုတလ ၂၅ ရက်တုန်းက သံတမန်စာနဲ့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တီမောလက်စ်တေအစိုးရကို သတိပေးပြောဆိုတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့ကြားကနေ NUG နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒါကို ကန့်ကွက်ရှုတ်ချကြောင်းပြောပြီး အခုလို ထွက်ခွာဖို့ ပြောခဲ့တာလို့ သြဂုတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ တီမောသံရုံးက သံတမန်တွေကို စစ်ကောင်စီက နှင်ထုတ်တယ်လို့ ဆိုပေမဲ့ တီမောနဲ့ မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ပြောဆိုချက်အရတော့ သံရုံးယာယီတာဝန်ခံကိုပဲ ထွက်ခွာခိုင်းတာလို့ ဘီဘီစီက နားလည်ရပါတယ်။

တီမောအစိုးရဘက်ကတော့ စစ်ကောင်စီရဲ့ အခုဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်းပြောပြီး မြန်မာ့ ဒီမိုကရေစီအရေးကို ဆက်ပြီး အားပေးထောက်ခံသွားမယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဇူလိုင်လဆန်းမှာ တက်လာတဲ့ တီမောအစိုးရသစ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေပါတယ်။

တီမောဟာ အစိုးရသစ်ကျမ်းကျိန်ပွဲကို NUG ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့သလို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တီမောသမ္မတသစ်တို့လည်း တွေ့ဆုံတာတွေလည်းရှိထားပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးနဲ့ တီမောသမ္မတို့ တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Aung Myo Min

ဓာတ်ပုံ ပုံစာ, NUG လူ့အခွင့်အရေးဝန်ကြီးနဲ့ တီမောသမ္မတို့ တွေ့ဆုံမှု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာပဲ NUG လူ့အခွင့်အရေးဝန်ကြီးလည်း တီမောသမ္မတနဲ့တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ထားပါတယ်။

NUG ဘက်ကတော့ တီမောသမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေမှာ ဘာတွေဆွေးနွေးတယ်ဆိုတာ အသေးစိတ်ထုတ်ပြန်တာမျိုးမရှိပေမဲ့ တီမောဟာ မြန်မာနိုင်ငံလိုပဲ နိုင်ငံရေးဖြတ်သန်းမှု တူညီတာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ထောက်ပံ့မယ်လို့ ကတိကဝတ်ပြုထားတဲ့အကြောင်းကိုသာ ပြောဆိုပါတယ်။

တဖက်မှာလည်း NUG နဲ့ တီမောအစိုးရတို့ အခုလိုတွေ့ဆုံဆွေးနွေးတာကို ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်မှာရှိတဲ့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးအတွင်းဝန်က ရန်ကုန်က တီမောသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး အခုလို တွေ့ဆုံမှုတွေကို ကန့်ကွက်တဲ့အကြောင်း ဇူလိုင်လဆန်းပိုင်းမှာပဲ ပြောထားတာပါ။

အခုတော့ သံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ နှင်ထုတ်တဲ့အထိ ဖြစ်လာပါတယ်။ ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် ၂ နှစ်ကျော်အတွင်း စစ်ကောင်စီက သံတမန်တစ်ဦးကို လူသိရှင်ကြား ပထမဆုံးနှင်ထုတ်မှုလည်း ဖြစ်လာပါတယ်။

''မြန်မာ့ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတောင်မဟုတ်သေးဘဲနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံမှာ မဟုတ်မမှန် သတင်းတင်မကဘူး မြန်မာနိုင်ငံကို အမြဲတမ်း အပုပ်ချတဲ့သတင်း၊ မဟုတ်မမှန်တဲ့သတင်းတွေ ထုတ်လွှင့်နေတယ်။ ဒါကြောင့် နိုင်ငံတကာ သံခင်းတမန်ခင်းလုပ်ထုံးလုပ်နည်းတွေအရ ကျွန်တော်တို့ လုပ်ရတာဖြစ်တယ်'' လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။

တီမောဘက်ကတော့ သူ့ရဲ့သံတမန်ကို နှင်ထုတ်လိုက်ပေမဲ့ မြန်မာ့အရေးမှာ မြန်မာပြည်သူပြည်သားတွေနဲ့အတူ တသားတည်းရှိနေတဲ့အကြောင်းပြောဆိုပါတယ်။

တီ‌မောအစိုးရ ပြောခွင့်ရသူ Agio Pereira ကတော့ ''လူထုဆန္ဒကို လေးစားလိုက်နာတဲ့ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကသာလျင် မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ်လို့ တီမောနိုင်ငံအနေနဲ့ယုံကြည်ပါတယ်။ ဒေသတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြန်လည်ဆောင်ကျဥ်းနိုင်ဖို့ အင်အားဖြည့်ပါဝင်ဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုပါတယ်'' လို့ ပြောပါတယ်။

တဖက်မှာလည်း တီမောနိုင်ငံဟာ မြန်မာနိုင်ငံပါဝင်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)မှာ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ ကြိုးပမ်းနေသလို အာဆီယံအစည်းအဝေးပွဲတွေမှာ ဆွေးနွေးလေ့လာဖက် နိုင်ငံအဖြစ် ပါဝင်နေပါတယ်။

မြန်မာမပါတဲ့အာဆီယံနိုင်ငံခြားရေးအစည်းအဝေးပွဲနဲ့ ဆက်စပ် အစည်းအဝေးပွဲတွေမှာ တီမောနိုင်ငံခြားရေးဝန်ကြီး (ညာဘက်ဒုတိယမြောက်) တက်ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မြန်မာမပါတဲ့အာဆီယံနိုင်ငံခြားရေးအစည်းအဝေးပွဲနဲ့ ဆက်စပ် အစည်းအဝေးပွဲတွေမှာ တီမောနိုင်ငံခြားရေးဝန်ကြီး (ညာဘက်ဒုတိယမြောက်) တက်ရောက်နေ

မြန်မာ့အ‌ရေးဖြေရှင်းဖို့ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်အတိုင်း ဆက်ရှိနေမှာဖြစ်ပေမဲ့ အာဆီယံအနေနဲ့ မြန်မာ့အရေးကို မဖြေရှင်းနိုင်သေးသရွေ့ တင်းပြည့်ကျပ်ပြည့်အာဆီယံအဖွဲ့ဝင်အဖြစ် ကြိုးပမ်းမှာမဟုတ်ဘူး ဆိုပြီး တီမောသမ္မတက အစောပိုင်းမှာပြောထားပါတယ်။

လက်ရှိမှာ အာဆီယံဟာ မြန်မာ့အရေးဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်မှု အထမမြောက်လို့ဆိုပြီး စစ်ကောင်စီမြန်မာစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို အာဆီယံဆွေးထိပ်သီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဆီယံ ပဋိညာဥ်ကို ကိုင်စွဲပြီး အဲဒီဆွေးနွေးပွဲတွေကို တန်းတူရည်တူ တက်ရောက်ခွင့်မရဘူးဆိုရင် ကိုယ်စားလှယ်လည်း မတက်ရောက်နိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒီအတောအတွင်း တီ‌မောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး အားထုတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူပြောတာကတော့ ''မြန်မာမပါဘဲ အစည်းအဝေးပွဲလုပ်ရင် သူ့ကို(တီမော) အဖွဲ့ဝင်ဖြစ်လာဖို့ ဘယ်အဖွဲ့ကမှ အသိအမှတ်ပြုလို့မရဘူး။ အသိအမှတ်ပြုရင်လည်း ပဋိညာဥ်နဲ့ မကိုက်ညီဘူး။ ဒါကိုလည်း သူတို့သိတယ်။ သိရဲ့သားနဲ့ ဘေးကနေ ဖိအားပေးဖို့ လုပ်နေတာဖြစ်တယ်'' လို့ သံအရာရှိကို နှင်ထုတ်မှုနဲ့ဆက်စပ်ပြီး ပြောဆိုထားပါတယ်။