လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ - စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်ကြား အပစ်ရပ်သလား

ဓာတ်ပုံ ရင်းမြစ်, AA Info
အသိပေးချက် - အခုဆောင်းပါးမှာ မတ်လ ၄ ရက်ညပိုင်းရရှိတဲ့အချက်အလက်သစ်တွေကိုထပ်ပြီးဖြည့်စွက်ထားပါတယ်။
လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲအပြီးမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)ကြား အပစ်ရပ်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပေမဲ့ အေအေရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကတော့ ဒီကနေ့ မတ် ၄ ရက်မှာပြုလုပ်တဲ့ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်မှာ အပစ်ရပ်တာမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
‘‘အဓိကကတော့ ရှမ်းမြောက်ကိစ္စကိုပဲ ဆွေးနွေးတာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ ဇန်နဝါရီ ၁၁ ရက်နောက်ပိုင်း အတိုင်းအတာတစ်ခုအထိ အပစ်အခတ်ရပ်စဲသွားပြီဆိုတော့ လောလောဆယ်ကတော့ ဟိုင်ဂင်သဘောတူညီချက်ဟာ ရှမ်းမြောက်ကိစ္စလို့ပဲ ပြောလို့ရပါတယ်။ (ရခိုင်အပစ်ရပ်အတွက်) လောလောဆယ်တော့ မရှိသေးပါဘူး’’ လို့ ဒေါက်တာ ညိုထွန်းအောင်ကပြောပါတယ်။
လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဟိုင်ဂင်ဧည့်ဂေဟာမှာ မတ်လ ၁ ရက်ကနေ ၃ ရက်နေ့အထိလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NMSC)က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တာလို့ဆိုပြီး ဒေါက်တာ ညိုထွန်းအောင်ကလည်း အေအေအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးသူလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SG
MNDAA နဲ့ စစ်တပ်ဘယ်လိုသဘောတူခဲ့လဲ
ဒါပေမဲ့ ဆွေးနွေးပွဲအကြောင်းသိတဲ့ သတင်းရင်းမြစ်ကတော့ အေအေနဲ့ စစ်တပ်ကြား အပစ်ရပ်သဘောတူတယ်လို့ ပြောကြားပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကို ကိုးကန့်ဒေသအုပ်ချုပ်ရေးအစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ သတင်းတွေက မှားယွင်းတယ်လို့ တုံ့ပြန်ပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ စစ်ကောင်စီရဲ့ မတ်လ ၄ ရက်ညပိုင်း တရားဝင်သတင်းထုတ်ပြန်ချက်မှာတော့ အချက် ၇ ချက်ကို အဓိကထားပြောထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံရဲ့ ပိုင်နက်မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကိုထိခိုက်အောင်လုပ်တာကိုလက်မခံကြောင်း၊ တရုတ် - မြန်မာ ၂ နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားကိုမြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်နေသလို ဆက်လက်ဆောင်ရွက်မယ်လို့ပြောထားပါတယ်။
နယ်စပ်ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ဆိုက်ဘာမှုခင်းတွေကို နှစ်နိုင်ငံအစိုးရပူးပေါင်းဖြေရှင်းနှိမ်နင်းမယ်လို့လည်းဖော်ပြပါတယ်။ ဒါအပြင် စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုကြားဝင်စေ့စပ်ပေးတဲ့တရုတ်ကိုကျေးဇူးတင်တယ်လို့ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲအကြောင်းသိရှိတဲ့သတင်းရင်းမြစ်တချို့က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား အပစ်ရပ်သဘောတူခဲ့တယ်လို့အတည်ပြုပြောပေမယ့် ရက္ခိုင့်တပ်တော်ဘက်ကငြင်းဆိုသလို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း စစ်တပ်နဲ့ရက္ခိုင့်တပ်တော်ကြား အပစ်ရပ်တယ်လို့ဖော်ပြတာမရှိပါဘူး။
ဒါအပြင် လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲက ဆွေးနွေးချက်တွေကို ထုတ်ဖော်မပြောဖို့သဘောတူထားတယ်လို့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်လုံးက ပြောပါတယ်။
‘‘ကိုးကန့်ဒေသကို အထူးဒေသ ၁ အဖြစ် လက်ခံတယ်ပဲပြောတာ။ နယ်မြေသတ်မှတ်ဖို့ MNDAA ယူထားတဲ့ တချို့နယ်မြေမှာ တပ်တွေ ပြန်ဆုတ်ပေးပြီးမှ ဆွေးနွေးမယ်လို့ တပ်က ပြောတယ်။ MNDAA ကို ဒေသအစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး သဘောတူညီချက်ထဲမှာမပါဘူး။ နယ်မြေ၊ အစိုးရ၊ တပ်နေရာချထားရေးကို နောက်မှထပ်ဆွေးနွေးမယ်။ တပ်တွေရောက်တဲ့နေရာရပ်ထား၊ အပစ်ရပ်ထား၊ တပ်လှုပ်ရှားမှု မလုပ်ပါနဲ့ဆိုတာတွေပဲ ဆွေးနွေးတာ'' လို့ ဆွေးနွေးပွဲအကြောင်းသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang
ဒါကြောင့် နယ်မြေပိုင်းဖြတ်မှုကိစ္စမှာ အထူးဒေသ ၁ ကို အသိအမှတ်ပြုတယ်လို့ဆိုပေမဲ့ တပ်အလိုက်နယ်မြေပိုင်ဆိုင်မှုအနေနဲ့ ကိုးကန့်တပ် (MNDAA)နဲ့ တအာင်းတပ်(TNLA)တွေကို အသိအမှတ်ပြုပေးတယ်ဆိုတာမျိုးအထိ ဆွေးနွေးနိုင်တာမရှိဘူးလို့ လည်းဆိုပါတယ်။
‘‘MNDAA ကို ဒေသရဲ့ အစိုးရအဖြစ်လက်ခံဖို့က ၂၀၀၈ အခြေခံဥပဒေနဲ့သွားရမှာ အဲဒါကို MNDAA ကရော ၂၀၀၈ ကို ဘယ်လောက်လက်ခံလဲ။ စစ်တပ်ကရော တပ်နေရာချထားရေး ဘယ်လိုလုပ်မှာလဲ။ ပြီးရင် အထူးဒေသ ၁ ဆိုပြီး MNDAA သိမ်းထားတဲ့နေရာတွေနဲ့ ၂၀၀၈ အခြေခံဥပဒေ ကသတ်မှတ်တဲ့နေရာတွေကွဲပြားတယ်။ ဒါကြောင့် အထူးဒေသ ၁ ကို လက်ခံတယ်ဆိုပေမဲ့ ဒါက ချက်ချင်းသဘောတူကြဖို့ ခက်မယ့်အနေအထားပဲ'' လို့ အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TNLA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြား လေးကြိမ်မြောက်ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ စီးပွား/ကူးသန်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ တခြားဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ပါ ညှိနှိုင်းဆွေးနွေးမှုတွေရှိပေမဲ့ အဖြေမရခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
‘‘တရုတ်ဘက်က မြောက်ပိုင်း ၃ ဖွဲ့ရဲ့ နယ်မြေတွေကို အသိအမှတ်ပြုဖို့ တိုက်ရိုက် မပြောပေမဲ့သူတို့က နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ချင်တယ်။ ပူးပေါင်းလုပ်စေချင်တဲ့ဆန္ဒရှိတယ်။ စစ်တပ်ဘက်ကပြောတာက နယ်စပ်ကုန်သွယ်ရေးဆိုတာ နှစ်နိုင်ငံ G to G ပဲလုပ်လို့ရတာမျိုးတုံ့ပြန်တဲ့အတွက် သဘောတူညီမှုမရခဲ့ဘူး ’’ လို့ သတင်းရင်းမြစ်ကသူသိတဲ့အချက်အလက်ကိုပြောပါတယ်။
‘‘တရုတ်ဘက်ကတော့ ဒီ ၃ ဖွဲ့ရဲ့ နယ်မြေပိုင်းခြားမှုကို သဘောတူပေးစေချင်တယ်။ စစ်တပ်ဘက်က သဘောမတူဘူး။ နှစ်အချက်က ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်ပေး စေချင်တယ်။ ဖွင့်ပြီးတော့ စစ်တပ်နဲ့ EAO တွေနဲ့ တွဲလုပ်စေချင်တယ်။ စစ်တပ်က သဘောမတူဘူး။ သုံးအချက်က ဆက်ဆံရေး ရုံးတွေကို အပြန်အလှန် ဟိုဘက်ဒီဘက် ထားစေ ချင်တယ်။ စစ်တပ်က သဘောမတူဘူး ’’ လို့ သတင်းရင်းမြစ်ကဆက်ပြောပါတယ်။
လက်ရှိမှာ အေအေ က ရခိုင်ပြည်နယ်တွင်း မြို့နယ် ၅ ခုထက်မနည်းနဲ့ ချင်းပြည်နယ် ပလက်ဝတို့ကိုသိမ်းပိုက်ထားတာကြောင့် အေအေနဲ့ စစ်တပ်တို့ကြားတိုက်ပွဲတွေဆက်ပြီးရှိနေပါတယ်။
ဇန်နဝါရီနဲ့ဖေဖော်ဝါရီ ၂ လမှာ ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်တပ်ကြားရခိုင်ပြည်နယ် တောင်ပိုင်းရော မြောက်ပိုင်းမှာပါ တိုက်ပွဲပြင်းထန်နေပြီး မြို့တော်စစ်တွေအထိ စစ်ရေးတင်းမာမှုတွေရှိလာပါတယ်။
တဖက်မှာတော့ ဇန်နဝါရီ ၁၁ ရက်က ရှမ်းမြောက်ဒေသထဲ အပစ်ရပ်ဖို့သဘောတူညီခဲ့တဲ့ တတိယအကြိမ် ဟိုင်ဂင်ဆွေးနွေးပွဲနောက်မှာ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်(MNDA) နဲ့ တအာင်းတပ်(TNLA) တို့ရဲ့နယ်မြေတွေမှာ တိုက်ပွဲမရှိတော့တာဖြစ်ပါတယ်။ MNDAA နဲ့ TNLA တို့ကလည်း သူတို့ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်ဖို့ကြိုးပမ်းနေကြတာတွေ့ရပါတယ်။














