မြောက်ပိုင်းမှာစစ်ရှိန်လျော့ရေး စစ်ကောင်စီအဖွဲ့ တရုတ်ရောက်နေ

နမ့်ခမ်းမြို့ က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ် TNLA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေသတင်းဌာန

ဓာတ်ပုံ ပုံစာ, နမ့်ခမ်းမြို့ က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ် TNLA သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း က ၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးအရှိန်ကို လျှော့နိုင်ရေး ထပ်ဆွေးနွေးဖို့ အတွက် ဒီဇင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီအဖွဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဒုတိယအကြိမ်ရောက်နေပြီလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီတစ်ခေါက်မှာလည်း စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တာလို့ဆိုပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် - MNDAA ၊ တအာင်းတပ် - TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ နဲ့ တွေ့ဆုံမလား၊ ဒီလဆန်းက ပထမအကြိမ်တွေ့ဆုံစဉ်မှာ ပြောထားခဲ့သလို လကုန်မှာ ဆွေးနွေးပွဲဖြစ်ဖို့ တရုတ်ဘက်ကို သွားညှိနှိုင်းတာလားဆိုတာကိုတော့ တိတိကျကျ သိရတာမရှိသေးပါဘူး။

''စစ်ကောင်စီအဖွဲ့တွေ ကူမင်းသွားတာဟုတ်တယ်။ ဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တာလည်းဟုတ်တယ်'' လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်ကလည်း ဆွေးနွေးပွဲရှိတာကိုအတည်ပြုပြီး ကိုးကန့်ဘက်မှာတိုက်ပွဲတွေပြန်ဖြစ်နေတာနဲ့ မူဆယ်မြို့ကို TNLA - တအာင်းတပ်တွေ ကပ်လာချိန်မှာ တရုတ်အစိုးရဘက်က စိုးရိမ်မှုရှိလာတာကြောင့်လို့ ဆိုပါတယ်။

''TNLA က မူဆယ်ဘက်ကိုကပ်လာပြီး တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်းတွေအရမ်းသုံးနေတယ်ဆိုတော့ တရုတ်က မူဆယ်နဲ့ ကပ်လာချိန်မှာ တော်တော်ကိုစိုးရိမ်လာတယ်’’ လို့ ဆွေးနွေးပွဲအခြေအနေကိုသိရှိတဲ့သတင်းရင်းမြစ်ကပြောပါတယ်။

တရုတ်ကြားဝင်တဲ့ ပထမအကြိမ်ဆွေးနွေးပွဲ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဘင်းဘင်း

ဓာတ်ပုံ ရင်းမြစ်, CMFA

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဘင်းဘင်း

တရုတ်ကမကထလုပ်ပြီး ကြားဝင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ ဒီဇင်ဘာ ပထမပတ်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာတွေ့ဆုံခဲ့တယ်လို့ တရုတ်နဲ့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒီဆွေးနွေးပွဲသတင်းကို တရုတ်ဘက်က ကျယ်ကျယ်လောင်လောင် ပြောခဲ့သလို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက အဖွဲ့တချို့ကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တရုတ်အစိုးရနဲ့ နီးစပ်သူတွေအပြောအရ အဲဒီပထမအကြိမ် ယာယီအပစ်ရပ် သဘောတူညီချက်ဟာ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ တစ်ပတ်တာအတွက်ကိုပဲ အတည်ပြုခဲ့တာလို့ နောက်ပိုင်းသတင်းတွေအရ ထပ်ပြီးသိရပါတယ်။

‘’တရုတ်ဘက်ကသိရတာက ပထမဆွေးနွေးပွဲက တစ်ပတ်ပဲ အပစ်ရပ်တာ၊ ကိုးကန့်က အဲဒီရက်တွေမှာစစ်ရှိန်လျှော့ပေးပြီးငြိမ်သွားတယ်။ အုပ်ချုပ်ရေးထူထောင်ဖို့ စကြိုးစားတယ်။ နောက် တစ်ပတ်ပြည့်တော့ ၁၈ ရက်ကစလို့ တိုက်ပွဲပြန်ဖြစ်တယ်။ အခု ဒုတိယဆွေးနွေးပွဲကိုကြည့်ရမယ်’’ လို့ တရုတ် - မြန်မာ ဆက်ဆံရေးအကဲခတ်သူလည်းဖြစ် လက်ရှိဆွေးနွေးပွဲတွေရဲ့ နောက်ကွယ်ကအခြေအနေကိုသိရှိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒုတိယဆွေးနွေးပွဲနဲ့ တရုတ်စိုးရိမ်ချက်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပထမအကြိမ်ဆွေးနွေးပွဲနောက်မှာ ကိုးကန့်ဘက်မှာ စစ်ရှိန်လျှော့ခဲ့ပေမဲ့ တအာင်းတပ် - TNLA ကတော့ စစ်ရေးအရှိန်မြှင့်ခဲ့ပြီး နမ့်ခမ်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်ခဲ့ပါတယ်။

ပလောင်ဒေသ နမ့်ဆန်ကိုလည်း အလုံးစုံထိန်းချုပ်ခဲ့တာကြောင့် TNLA က မြို့ ၂ မြို့ နဲ့ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အကြီးဆုံးကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

မူဆယ် ၁၀၅ မိုင်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တစ်ခုလုံးရဲ့ စားသောက်ကုန်စည်အတွက် မြန်မာဘက်က ပို့ကုန်တွေအဓိကသွားတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်ပါတယ်။ ဒါအပြင် တရုတ်ဘက်ခြမ်းနဲ့ ကပ်နေတဲ့ ဒီဇုန်တဝိုက်မှာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေဖြစ်နေတာက တရုတ်နယ်စပ်က ပြည်သူတွေနဲ့ တရုတ်စီမံကိန်းတွေအတွက် စိုးရိမ်စရာအဖြစ် တရုတ်အစိုးက ရှုမြင်လာတယ်လို့ အကဲခတ်တွေကဆိုပါတယ်။

‘’မူဆယ်ထဲကလူတွေ တရုတ်ဘက်ကိုပြေးနေကြတာရော၊ ရွှေလီ- ကြယ်ဂေါင်နဲ့ ကပ်နေတာရော ကုန်သွယ်ရေးဇုန်တစ်ခုလုံး အလုပ်မဖြစ်တာရောက တရုတ်အတွက် တော်တော်ကို ခေါင်းကိုက်တဲ့သဘောရှိနေတယ်’’ လို့ တရုတ်သံရုံးနဲ့နီးစပ်တဲ့အကဲခတ်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း တရုတ်အစိုးရရဲ့ မြန်မာမြောက်ပိုင်းက စစ်ရေးအရှိန်အပေါ် ရှုမြင်ချက်ကလည်း ဆွေးနွေးပွဲတွေထပ်ဖြစ်ရေးနဲ့ ရထားတဲ့ အပစ်ရပ်သဘောတူညီချက်ကို ဘက်ပေါင်းစုံကလိုက်နာဖို့ကို ထပ်တလဲလဲ တိုက်တွန်းနေပါတယ်။

ဒီဇင်ဘာ ၁၉၊ ၂၀၊ ၂၁ ရက် က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ၃ ရက် ဆက်တိုက် မြန်မာအရေးထည့်ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်း က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေကြားမှာ တိုက်ပွဲတွေရပ်တန့်ရေးနဲ့ ဆွေးနွေးပွဲတွေထပ်ဖြစ်လာဖို့ တရုတ်က ကူညီနေတယ်လို့ ပြောပါတယ်။

‘’မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအစုအဖွဲ့အားလုံးက တရုတ်-မြန်မာ နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်’’လို့ ထည့်ပြောထားပါတယ်။

ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးနိုင်ခြေရှိလဲ

နမ့်ခမ်းမြို့ကို TNLA သိမ်းပိုက်ပြီးနောက် နမ့်ခမ်းစျေးပြန်လည်ပတ်

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေသတင်းဌာန

ဓာတ်ပုံ ပုံစာ, နမ့်ခမ်းမြို့ကို TNLA သိမ်းပိုက်ပြီးနောက် နမ့်ခမ်းစျေးပြန်လည်ပတ်

ဆွေးနွေးပွဲအကြောင်းသိထားတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ စစ်ရှိန်လျော့ကျရေးနဲ့ အတူ နယ်မြေပိုင်းဖြတ်မှုတွေနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ကြား ညှိနှိုင်းကြဖို့ရှိတယ်လို့ ကနဦးသူသိထားတဲ့ သတင်းကိုပြောပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်ဆွေးနွေးပွဲမှာ ကိုးကန့်နဲ့ တအာင်းတပ်ဘက်က အဓိကညှိနှိုင်းဖို့ပဲရှိပြီး ရက္ခိုင့်တပ်တော် အေအေ ရဲ့ အခန်းကဏ္ဍကိုတော့ သဲသဲကွဲကွဲသိထားတာမရှိဘူးလို့ ဆိုပါတယ်။

‘’စစ်တပ်ဘက်က ကိုးကန့်နယ်မြေကိုပြန်ပေးမယ်။ သံလွင်မြစ်အရှေ့ခြမ်းကိုယူ ဆိုတာမျိုးပေါ့။ ဒါကြောင့် ကွမ်းလုံ၊ ကြူကုတ်- ပန်ဆိုင်းနဲ့ သိန္နီကို မယူဖို့ ညှိမှာ၊ ကိုးကန့်ကလည်း သူလက်ထဲရောက်ပြီးသားကို ပြန်မပေးချင်ဘူး’’ လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒါအပြင် တအာင်းတပ် - TNLA ဘက်က သိမ်းပိုက်ထားတဲ့နယ်မြေတချို့ကိစ္စကိုလည်း ဆွေးနွေးဖို့ရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

‘’စစ်တပ်ဘက်ကလည်း နမ့်ခမ်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြန်လိုချင်တယ်။ ဆို‌တော့ တပ်ဘက်ကပေးချင်တာက ပလောင်ဒေသ နမ့်ဆန်၊ မန်တုံအပါ ၄ မြို့လောက်ပဲ ညှိချင်တယ်လို့ ကြားထားတယ်’’ လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒါအပြင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နဲ့ နီးစပ်သူတစ်ဦးကတော့ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ တရုတ်က ညီနောင်မဟာမိတ်တွေ အပစ်ရပ်ရေးကိုပဲ ဖိအားပေးနိုင်တယ်လို့ ‌သူတို့သိထားတဲ့သတင်းကိုပြောပြပါတယ်။

လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးတပ်- KIA နဲ့ ရှမ်းတပ်တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) RCSS/SSA နဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA) တို့ကတော့ ၁၀၂၇ စစ်ဆင်ရေးအပေါ် တရားဝင်တစ်စုံတစ်ရာမှတ်ချက်ပြုပြောတာ မတွေ့ရသေးပါဘူး။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်နောက်ပိုင်းမှာပဲ နယ်မြေအငြင်းပွားမှုနဲ့ တခြားသဘောကွဲလွဲမှုတွေကြောင့် စစ်ရေးတင်းမာနေတဲ့ SSPP/SSA နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ကြား အပစ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

‘’၂၀၁၅ ကတည်းက လုံးဝညှိလို့မရတဲ့ ရှမ်း ၂ ဖွဲ့ လည်း ၁၀၂၇ စစ်ဆင်ရေးပေါ်လာမှ ညှိနိုင်ခဲ့ကြတယ်။ အဲဒီသဘောကတော့ ရှင်းပါတယ်။ တောင်ပိုင်းတပ်နဲ့မြောက်ပိုင်းတပ်လို့သိထားကြတဲ့ သူတို့ရှမ်း ၂ ဖွဲ့ ကျောချင်းကပ်မှ ရမယ်။ သူတို့နယ်မြေတွေကိုကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့သဘောပဲ’’ လို့ မြေပြင်စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။

ဒါပေမဲ့ တအာင်းတပ် - TNLA တိုက်ပွဲဝင်နေတဲ့ အချို့နေရာတွေမှာ ကချင်နဲ့ ရှမ်းနယ်မြေတွေလည်း ရောယှက်နေတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြပြီး ဒီအတွက် TNLA ဘက်ကညှိနှိုင်းဖို့ လိုတယ်ဆိုတဲ့ ပြောဆိုချက်တွေရှိပါတယ်။

‘’အခု တအာင်းတပ်- TNLA ဝင်တိုက်နေတဲ့အထဲမှာ KIA ရဲ့ တပ်မဟာ ၄ ခွင်ထဲရောက်နေပြီ။ သူတို့ချင်းလည်း ဒါကိုမကျေလည်ဘူးကြားနေရတယ်’’ လို့ မြေပြင်စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။

ဒါပေမဲ့ တအာင်းတပ် - TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကတော့ ဒီလိုနယ်မြေပိုင်းခြားမှုအပေါ် ပြောဆိုချက်တွေက တဖက်သတ် စိုးရိမ်ချက်တွေလို့ဆိုပြီး ရှမ်းခေါင်းဆောင်တွေနဲ့ မူဝါဒပိုင်းဆိုင်ရာညှိနှိုင်းဖို့လုပ်နေတယ်လို့ ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်း မှာဖြေကြားထားပါတယ်။

‘’ရှမ်းတင်မကပါဘူး။ ကချင်ကိုလည်း ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ တအာင်း သဘောထားကိုနားလည်အောင် ရှင်းလင်းပြပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ တအာင်းပြည်နယ်က ဘယ်လိုပုံစံဖြစ်တယ်ဆိုတာကို ဆွေးနွေးညှိနှိုင်းနေပါတယ်။ တိုက်ပွဲတွေဖော်နေတယ်ဆိုတာ နယ်မြေချဲ့ထွင်ဖို့မဟုတ်ပါဘူး။ အခုတပ်နေရာချထားရေး လုပ်နေတဲ့နယ်မြေတွေက တအာင်းပလောင်အများစုနေတဲ့ နယ်မြေတွေဖြစ်ပါတယ်’’ လို့ တားဘုန်းကျော်က တုံ့ပြန်ပါတယ်။