တန့်ဆည်က အရွယ်စုံအမျိုးသား ၁၁ ဦးသတ်ဖြတ်ခံခဲ့ရတဲ့ ၁၁ ရက်တာ ငရဲလမ်း

ဓာတ်ပုံ ရင်းမြစ်, Infinity Group
ရေဦးမြို့နယ်က စစ်ကောင်စီတပ် ခမရ ၇၀၈ ၊ ခမရ ၁၁ နဲ့ ကန့်ဘလူမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် ပျူစောထီး ပြည်သူ့စစ်တွေပါဝင်တဲ့ ပူးပေါင်း အင်အား ၂၀၀ ဝန်းကျင် လောက်က တန့်ဆည်မြို့နယ်အနောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ ၁၁ ရက်ဟာ ငရဲသဖွယ် ရင်ဆိုင်ကြုံတွေခဲ့ရ တဲ့နေ့ရက်တွေလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကြောင်းတစ်လျှောက် ဝင်ရောက်စီးနင်းခဲ့တဲ့ ရွာတွေက အရပ်သား ၁၁ ယောက် အသတ်ခံရတာက သူတို့ ပြောဆိုချက်အတွက် သက်သေပဲလို့ ဆိုကြပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပျူစောထီး စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာထဲက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်အပြီးမှာ ရောက်လာခဲ့တာပါ။ အဲ့ဒီစစ်ကြောင်း စရောက်လာတဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ သူတို့ပြန်ထွက်သွားတဲ့ မတ် ၂ အထိ ၁၁ ရက်တာကြာခဲ့ပါတယ်။
ကံထူးမကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်ကစပြီး ဒေသခံတွေနဲ့ အနီးဝန်းကျင်က ကျေးရွာဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတာပါ။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီနဲ့ပျူစောထီးပြည်သူ့စစ် ပူးပေါင်းတပ်တွေ ထပ်ရောက်လာတဲ့အခါမှာလည်း ထပ်ပြီး တိမ်းရှောင်ကြရပါတယ်။
“အသတ်ခံရတဲ့သူတွေက စစ်ကြောင်းသံကြားလို့ စစ်ဘေးရှောင်တဲ့သူတွေပဲ။ အဲ့မှာ တချို့က ရွာပြန်ပြီး ပစ္စည်းတစ်ခုခု သွားယူတာ၊ တချို့က တိရစ္ဆာန်တွေ အစာပြန်ကျွေးတာကနေ အဖမ်းခံရပြီး အသတ်ခံရတာ၊ အဲ့မှာ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)၊ ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့ ပါတယ်ဆိုတာတော့ မဟုတ်ဘူး၊ သူတို့က ကျေးရွာလုံခြုံရေးမှာ ပါကြရုံပဲ၊ ကြီးကြီးမားမား အဖွဲ့အစည်းကြီးထဲက မဟုတ်ဘူး” လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ငရဲရက်တွင်း ကျရောက်ခြင်း ၁၁ ရက်

ဓာတ်ပုံ ရင်းမြစ်, Infinity Group
ဘီဘီစီက ရရှိထားတဲ့ဓာတ်ပုံတွေအရ စာဖတ်သူတွေ ကြည့်ရှုဖို့ ဆိုးရွားတဲ့အထိ အသတ်ခံထားရတာတွေ တွေ့ရတာကြောင့် ဒီသတင်းမှာ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ နောက် အလောင်းတွေတွေ့ရှိတဲ့အခြေအနေ ပြောပြချက်မှာလည်း ဖတ်ရှုဖို့ စိတ်အနှောက်အယှက်ဖြစ်နိုင်စရာ စကားလုံးတွေပါဝင်တယ်ဆိုတာ ကြိုတင်အသိပေးအပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, infinity group
ဖမ်းဆီးခံထားရသူတွေထဲက ခေါင်းဖြတ်အသတ်ခံထားရသူတွေ၊ လည်ပင်း လှီးခံထားရသူ၊ ခေါင်း၊ခြေ၊လက် တွေဖြတ်တောက်ပြီး ခြေထောက်နှစ်ချောင်းကို မြေမှာစိုက်ပြီး မိုးပေါ် ထောင်ထားတဲ့ပုံတွေ၊ ဖြတ်ထားတဲ့ခေါင်းကို နေကာမျက်မှာတပ်ပြီး ဆေးလိပ်ကိုပါးစပ်မှာ တပ်ထားတဲ့ပုံ၊ လက်ပြတ်နေတဲ့ပုံ၊ ခန္ဓာကိုယ်ထဲက အတွင်းကလီစာတွေကို ဆွဲထုတ်ထားပြီး ဗိုက်ပေါ် တင်ထားတာအပြင် ခေါင်းပါဖြတ်ထားတဲ့ပုံတွေကို တွေ့ရပါတယ်။
“ခေါင်းတခြား ကိုယ်တခြားဖြစ်နေတာတွေ၊ လူကို ဝက်အကောင်လှီးထားသလို ဖြတ်တောက်ထားတာတွေဆို ပြန်ပြီးလူတစ်ယောက်လိုဖြစ်အောင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြန်ဆက်ဖို့တောင် မလွယ်တဲ့အနေထားတွေဖြစ်အောင် ရက်ရက်စက်စက်လုပ်ခဲ့ကြတာ၊ ဒါတွေကိုလည်း လူအများမြင်ဖို့ မသင့်တော်တော့ ရက်ချင်း သင်္ဂြိုဟ်ပေးရတယ်”လို့ မြေပြင်အခြေအနေသိတဲ့ တန့်ဆည်ဒေသခံတစ်ယောက်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တချို့အလောင်းတွေဆိုရင် လက်နောက်ပြန်ကြိုးတုတ်ထားပြီး ရုန်းလို့မရတဲ့အခြေအနေမှာ သတ်ဖြတ်သွားတဲ့ပုံစံတွေ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံတွေနဲ့အတူ ပေးပို့လာတဲ့ အချက်လက်တွေအရ အသတ်ခံရသူတွေထဲမှာ ဝရငယ်ကျေးရွာက အသက် ၇၀ ကျော်အရွယ် ဦးဝေက ခေါင်းမှာ ပစ်သတ်ခံရတဲ့ ဒဏ်ရာနဲ့ အနားမှာ ကျည်ခွံ ၆ တောင့်တွေ့ရပြီး ရွာသစ်ကုန်းရွာက ကိုဆန်းပိုကလည်း ပစ်သတ်ခံရတာဖြစ်ပါတယ်။ အသတ်ခံရသူတွေထဲမှာ ကံကြီးကုန်းရွာက ဦးဖိုးကို၊ ခံတောရွာသစ်က ရပ်ရွာ လုံခြုံရေးခေါင်းဆောင် ကိုဝင်းနိုင်နဲ့ ဦးရှမ်း၊ ဦးမင်းဟန်၊ ကိုဆွေလင်းတို့ပါတယ်လို့ ဒေသခံတွေ ကောက်ယူထားတဲ့ အချက်လက်တွေအရ သိရပါတယ်။
“အင်ရေအိုးကျေးရွာက နှစ်ယောက်ကိုလည်း ဝါးရငယ်ရွာ အနောက်ဘက်က မူးကူးတံတားနားက မိုင်းကွင်းကို ရှေ့ကနေ ဖြတ်ခိုင်းတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပကဖတွေနဲ့ တိုက်ပွဲဖြစ်ပြီး သူတို့ထွက်ပြေးလာ ကြတယ်။ မျက်နှာတွေ၊ လက်တွေမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပဲ၊ သူတို့ကို စစ်ကောင်စီတပ်တွေက PDF တွေဘယ်မှာ ရှိလဲဆိုပြီး စစ်မေးတယ်၊ ခေါင်းဖြတ်ပြီး ပါးစပ်မှာ ဆေးလိပ်တပ်ထားတဲ့ဓာတ်ပုံကိုပြပြီး ဒီလိုဖြစ်သွားချင်လားဆိုပြီးပြောတယ်တဲ့၊ အခု သူတို့နှစ်ယောက်လည်း အရမ်းကြောက်နေကြတယ်”လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်နဲ့ ဆက်စပ်တဲ့သတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရမ်တွေမှာတော့ တန့်ဆည်မြို့နယ်၊ အနောက်ဘက်ခြမ်းက ပန်တိမ်ကုန်း၊ အင်ပင်အိုင်၊ ကျီးကန်ဘက်တစ်လျှောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဖမ်းဆီးရမိတာနဲ့ အသေသုတ်သင်ရှင်းလင်းထားတဲ့အကြောင်း၊ တန့်ဆည်တောင်ကျောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း ထားရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အမျိုးသား ၁၁ ဦးသတ်ဖြတ်ခံရမှုကို စစ်ကောင်စီဘက်က တစုံတရာသတင်းမထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ ကံထူးမရွာ နယ်မြေရဲစခန်းကို PDF တွေက ဖေဖော်ဝါရီလ ၂၁ ရက်မှာ လာရောက်တိုက်ခိုက်တာကြောင့် ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့သလို အဲဒီကျေးရွာ အနီးတဝိုက်မှာ လုံခြုံရေးဆောင်ရွက်နေခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကြောင်းရဲ့ပရိယာယ်

ဓာတ်ပုံ ရင်းမြစ်, 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚
ဒေသခံ ၁၁ ယောက်ကို သတ်ခဲ့တဲ့ အခု စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး တစ်စုတည်းနေတာမဟုတ်ဘဲ ရွာ သုံးရွာလောက်မှာ တပ်ဖြန့်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ အချင်းချင်း ချိတ်ဆက်မှုအားနည်းတာကလည်း အဲ့ဒီစစ်ကြောင်းရဲ့ အားသာချက်ဖြစ်သွားတယ်လို့လည်း သူက ပြောပါတယ်။
“အဲ့စစ်ကြောင်းက တခြားစစ်ကြောင်းနဲ့ မတူဘူး၊ ပရိယာယ်များတယ်။ တခြား စစ်ကြောင်းတွေက ကျေးရွာတစ်ခုကို ဝင်စီးတော့မယ်ဆိုရင် သေနတ်ပစ်ဖောက်တယ်၊ လက်နက်ကြီးနဲ့ပစ်တယ်။ သူတို့ကျတော့ အဲ့လိုမဟုတ်ဘူး အသံတိတ်တိတ်နဲ့လာတယ်၊ ရုတ်တရက်ဆိုတော့ လူတွေက မပြေးနိုင်ဘဲ အဖမ်းခံလိုက်ရတာတွေရှိတယ်။ ပြီးတော့ နေ့ဘက်တင်မကဘူး ညဘက် လူတွေ မထင်မှတ်တဲ့အချိန်မှာ ဝင်တာ၊ ဝင်တာ ထွက်တာ အသံတိတ်တိတ်နဲ့ သွားတာ”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကြောင်းကို မနက်ပိုင်းမှာ ဘယ်မှာရှိတယ်ဆိုတာကို သတင်းရယူဖို့ ကြိုးစားနေတုန်း နေ့လယ်ပိုင်းမှာ အဲ့ဒီစစ်ကြောင်းက ဘယ်နားရောက်သွားမှန်း မသိလိုက်တာတွေကလည်း ကာကွယ်ရေးအဖွဲ့တွေကြားမှာ ချိတ်ဆက်မှု အားနည်းတာတွေကြောင့်လည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
“အဲ့ဒီစစ်ကြောင်းက သပြေရင်းရွာကို မီးရှို့ပြီး ထွက်သွားတယ်အထင်နဲ့ ကျနော်တို့က မီးဝင်ငြှိမ်းတယ်၊ အဲ့ဒီအချိန်မှာ ဘေးနားက ငနုချောင်းရွာသစ်ကနေ မီးခိုးတွေထွက်လာမှ သူတို့နဲ့ နီးနီးကပ်ကပ်ရှိနေတာကို သိလိုက်ရတယ်၊ ကျနော်တို့လည်း လက်နက်အင်အား မမျှတော့ ရှောင်လာခဲ့ရတယ်”လို့ သူကြုံခဲ့ရတာကို ပြောပြပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Taze People's Defence Force -25
ကံထူးမနဲ့ ခရမ်းခြံရွာကြားက အင်တောရိုး ကျေးရွာထဲကို ဖေဖော်ဝါရီလ ၂၅ ရက်မှာ ရှင်းလင်းရေးဝင်ချိန် ကင်းပုန်းဝပ်နေတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရွှေဘိုခရိုင် အမှတ် ၂၅ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ထောက် တာဝန်ခံ ကျော်မင်းထွန်းနဲ့ ဆေးတပ်တာဝန်ခံ ဖြိုးဇော်ဟိန်းတို့ ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ဘက်က ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုးဆုံးတွေ ကြုံခဲ့ရလို့ အကောင်းတွေဖြစ်လာဖို့ မျှော်လင့်နေကြ

ဓာတ်ပုံ ရင်းမြစ်, Htoo Khant Zaw
တန့်ဆည်မြို့နယ် ပြည်သူတွေဟာ ဒီ ၁၁ ရက်တာကာလအတွင်းမှာ စိုးရိမ် ထိတ်လန့်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။
ကံထူးမကျေးရွာ ရဲစခန်း သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကြောင်းသွားခဲ့တဲ့ တန့်ဆည်အနောက်ဘက်က ကံထူးမ၊ သပြေရင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ကနောရွာသစ် စတဲ့ ကျေးရွာတွေလည်း မီးရှို့ခံထားခဲ့ရပါတယ်။
ကံထူးမကျေးရွာဟာလည်း အခုဆိုရင် မီးလောင်လက်စ အိမ်တွေနဲ့ လက်နက်ကြီးတွေပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြိုလဲ ပျက်စီးနေတဲ့ နေအိမ်တွေလည်း ၅၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ကံထူးမကျေးရွာကို ရောက်နေတဲ့ ဒေသခံက ပြောပါတယ်။
အဲဒီကျေးရွာဟာ ရေဦး- တန့်ဆည်- ကလေးဝဘက်ကိုသွားတဲ့ လမ်းမကြီးဘေးမှာရှိတာကြောင့် ဆက်သွယ်သွားလာရေး ကောင်းမွန်ပြီး အများကြီးစည်ကားခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။ အဲဒီကျေးရွာက ရဲစခန်း အတိုက်ခိုက်ခံရတာက စစ်ကောင်စီအတွက် အထိနာစေတာကြောင့် အခုလို ရက်ရက်စက်စက် လုပ်ပြသွားတာလို့လည်း ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။
“အိမ်တွေ မီးတွေအရှို့ခံရတယ်၊ လူတွေကို အရက်စက်ဆုံးနည်း အားလုံးသုံးပြီး သတ်သွားတယ်။ ဒီထက် ရက်စက်ခံရဖို့လည်း မရှိတော့ဘူး။ ဒီလိုအဆိုးဆုံးခံရပြီးပြီဆိုတော့ ဒီထက်ပိုကောင်းလာမယ့် အခြေအနေတွေ ဖြစ်လာပါစေလို့ပဲ မျှော်လင့်မိတယ်”လို့ ဒေသခံတစ်ယောက်က သူရဲ့မျှော်လင့်ချက်ကို ပြောပြပါတယ်။









