ဖေဖော်ဝါရီ ၂၁ ရက် ထိပ်တန်းသတင်းများ - စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသူတွေကို ကူညီပေးဖို့ ထိုင်းအတိုက်ခံ တိုက်တွန်း

ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကနဝီဆစ်ဘ်ဆန် (အလယ်လူ)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကနဝီဆစ်ဘ်ဆန် (အလယ်လူ)

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားပြီး ကူညီပေးဖို့ ထိုင်းနိုင်ငံရဲ့ အတိုက်အခံလွှတ်တော်အမတ်ကနဝီဆစ်ဘ်ဆန်ကတိုက်တွန်းလိုက်ပါတယ်။

ထိုင်း FAIR ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ကနဝီဆစ်ဘ်ဆန်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာနိုင်ငံသားတွေဘက်ကတောက်လျှောက်ရပ်တည် ပြီး ထိုင်းအစိုးရကို မေးခွန်းထုတ်လေ့ရှိသူလည်းဖြစ်ပါတယ်။

အခုဆိုရင် မြန်မာအလုပ်သမား ၇၀၀၊၈၀၀ ဝန်းကျင် ထိုင်းကိုနေ့စဥ် ပို့နေတဲ့လုပ်ငန်းစဥ်ကို ရပ်တန့်လိုက်တာကိုလည်း FAIRပါတီရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ကနဝီက ထောက်ပြပါတယ်။

ကနဝီက သူ့အနေနဲ့ မြန်မာပြည်တွင်း မငြိမ်မသက်မှုတွေက ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ဆက်စပ်မှုရှိမရှိ မသေချာပေမယ့် ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက်တော့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ထိုင်းဘက်ကိုမြန်မာနိုင်ငံသားအများကြီးထွက်ပြေးတိမ်းရှောင်လာနေကြတယ်။ သူတို့က တရားမဝင်ခိုးကြောင်ခိုးဝှက်ဝင်လာကြတာမဟုတ်ပါဘူး။ သူတို့ဟာ အသက်ဘေးကပြေးလာကြတာ။ စစ်မြေပြင်မှာ အသေခံခိုင်းဖို့လုပ်နေတာကို ရှောင်လာကြတာ။ စစ်မှုထမ်းတာကနေလွတ်မြောက်အောင် ရှောင်လာကြတာ။’’ လို့ ကနဝီကပြောပါတယ်။

ဒီကြီးထွားလာနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျပ်အတည်းကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းအစိုးရက ခြောက်လကြာ အရေးပေါ် အစီအစဉ်တစ်ခု လုပ်ပေးဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

တရားဝင်စာချုပ်လုပ်သား MoUs အလုပ်သမား ပို့ဆောင်တာ ရပ်ထားလို့ ဖြစ်ပေါ်လာတဲ့ အလုပ်သမားလိုအပ်ချက် ကွက်လပ်နေရာမှာ ထိုင်းနိုင်ငံမှာခိုလှုံဖို့ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကို ယာယီခန့်ထားပေးဖို့ကိုလည်း အဆိုပြုခဲ့ပါတယ်။

ကနေဒါနိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာနွယ်ဖွားတွေကို ကနေဒါ ဘာပြောလဲ

ရန်ကုန်လေဆိပ်အတွင်း နိုင်ငံတကာခရီးသည်ဆိုက်ရောက်နေရာမြင်ကွင်း( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ်အတွင်း နိုင်ငံတကာခရီးသည်ဆိုက်ရောက်နေရာမြင်ကွင်း( ပုံဟောင်း)

မြန်မာမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးတဲ့နောက် ကနေဒါ နိုင်ငံသား နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ကိုင်ဆောင်ထားတဲ့ မြန်မာနွယ်ဖွား‌တွေအနေနဲ့ မြန်မာကိုခရီးသွားတာတွေ သတိထားဖို့ ကနေဒါနိုင်ငံဘက်ကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ကနေဒါမှာ ရောက်ရှိနေပြီး နိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားပေမယ့် စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီဘက်က မြန်မာနိုင်ငံသားတစ်ဦးဖြစ်တယ်လို့ ယူဆပြီး စစ်မှုထမ်းခိုင်းတာတွေ ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလိုအမိန့်ကြောင့် ကနေဒါ နိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာတွေကို စစ်ကောင်စီရဲ့ ဥပဒေကနေ အကာအကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် မှာ အသက်ဝင်စေခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလက‌နေ စတင်ကျင့်သုံးမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ ဒီလိုကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဆီကို ထွက်ခွာဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာရှိရင် တရားဥပဒေအရ အရေးယူသွားမယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ‌ထိုင်းဝန်ကြီးချုပ်ကပြောထားပါတယ်။

အမျိုးသမီး‌‌တွေစစ်မှုထမ်းဖို့ ချက်ချင်းမခေါ်ဘူးလို့ စစ်ကောင်စီပြော

တပ်မတော်နေ့ အခမ်းအနားမှာမြင်ရတဲ့ စစ်သမီးတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်နေ့ အခမ်းအနားမှာမြင်ရတဲ့ စစ်သမီးတွေ (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလော ခေါ်ယူဖို့ အစီအစဉ်မရှိတဲ့အကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က စစ်ကောင်စီသတင်းထုတ်ပြန်မှုမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်တဲ့နေရာမှာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အကျုံးဝင်တဲ့ လူဦးရေ ၁၃ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသားလူဦးရေ ၆ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအမျိုးသား လူဦးရေထဲက ၁ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၆ သောင်းနီးပါးကိုပဲ စစ်မှုထမ်းဖို့ အလှည်ကျဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အပတ်စဥ် တစ်ခုအတွက် လူဦးရေ ၅,၀၀၀ ခေါ်သွားမယ်လို့ဆို ကာ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ တွက်ချက်ချင့်ချိန်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် သတ်မှတ်အပိုင်းအခြား အတွင်းမှာ သင့်တင့်လျှောက်ပတ်တဲ့ အင်အားသာတာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်မယ်လို့ လည်း စစ်ကောင်စီကပြောထားပါတယ်။

အစောပိုင်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေထဲမှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေတွေအတွက် အမျိုးသမီးတွေကို အပတ်စဥ် ၅ လောက်မှခေါ်မယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲ စီးပွားရေးကိစ္စတွေထည့်ပြောထားပြီး နိုင်ငံရဲ့ စီးပွားရေးအင်အားတောင့်တင်းဖို့ ကုန်ထုတ်စွမ်းအားစုတွေ စနစ်ကျလိုတယ်လို့ဆိုကာ ဒီလိုဆောင်ရွက်နိုင်ဖို့ လူအရင်းအမြစ်လုပ်အားတွေ လိုအပ်လို့ အလေးထားလုပ်မယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချို့ကတော့ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းမလား၊ တော်လှန်ရေးတပ်ထဲ စစ်မှုထမ်းမလားဆိုတဲ့ ရွေးချယ်ရမယ့်အချိန်ကို ရောက်ရှိလာပြီလို့ ညွှန်းဆိုနေကြပြီး တပ်သားသစ်အဖြစ်ဝင်‌ရောက်ဖို့ ဖိတ်ခေါ်တာတွေရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုရှောင်လွှဲဖို့ ဆန်းသစ်တဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေကို အသုံးချပြီး စစ်ကောင်စီ လုပ်ဆောင်နေတာတွေကို ဆန့်ကျင်ဖို့ပြောထားပြီး KNU ဘက်ကလည်း တတ်စွမ်းသမျှ ကူညီပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကလည်း စစ်မှုထမ်းဖို့ ငြင်းဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

တန့်ဆည်၊ ကံထူးမနယ်မြေရဲစခန်း သိမ်းပိုက်ခံရ

တန့်ဆည်မြို့

ဓာတ်ပုံ ရင်းမြစ်,  CJ

ဓာတ်ပုံ ပုံစာ, တန့်ဆည်မြို့

စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်နေတယ်လို့ ‌ဆို

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကံထူးမနယ်မြေရဲစခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ အဲဒီနောက်မှာတော့ ဒီကနေ့ မနက်ပိုင်း ၈နာရီခန့် အထိစစ်တပ်ဘက်က ကံထူးမရွာနဲ့ တဝိုက်ကို လေကြောင်းသုံးတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ‌မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

“ ညကတည်းက ဂျက်ဖိုက်တာလေယာဉ်နဲ့ ပစ်နေတဲ့အသံတွေကြားရတယ်။ မနက်အထိပစ်နေတာပါ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တွေက ကံထူးမနယ်မြေရဲစခန်းကို ဒီနေ့ မနက် ၂ နာရီဝန်းကျင်လောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီ ကျော်လောက်မှာ စခန်းသိမ်းခဲ့တာလို့ဆိုပါတယ်။

တစ်ဖက်မှာလည်း တန့်ဆည်မြို့တောင်ဘက်က ကျေးရွာတွေနဲ့ တန့်ဆည်နဲ့ ရေဦးကြားရွာတွေကို အင်အားရာနဲ့ချီပါဝင်တဲ့ စစ်ကောင်စီတပ်(ဒေသအခေါ် ဘီလူးစစ်ကြောင်း) စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံ ၅,၀၀၀ ထက်မနည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

တန့်ဆည်မြို့ပေါ်ကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားနိုင်တုန်းပဲလို့ ဒေသခံတွေရဲ့ အပြောအရသိရပါတယ်။

စစ်ကောင်စီဘက်ကတော့ တန့်ဆည်မြို့ရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော်ထိန်းချုပ်မြို့တွေမှာ စစ်ရှောင်တွေ ခိုလှုံဖို့ အေအေတိုက်တွန်း

ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ထုတ်ပြန်လာတဲ့ အေအေရဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ထုတ်ပြန်လာတဲ့ အေအေရဲ့ ဓာတ်ပုံ

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲနဲ့ ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ‌ဒေသခံအရပ်သားတွေအနေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်အပါအဝင် အခြားမြို့တွေကို တိမ်းရှောင်မယ့်အစား ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ခိုလှုံနေထိုင်ဖို့ အေအေက ထုတ်ပြန်ပြောဆိုလာပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့နေရာတွေဟာ နဂိုတည်းက လုံခြုံရေး စားဝတ်နေရေး တရားဥပဒေစိုးမိုးရေအခြေအနေတွေယုတ်လျော့နေပြီ အခုအချိန်မှာ ပိုပြီးဆိုးရွားနေတာကြောင့် တိမ်းရှောင်တာတွေ မလုပ်သင့်ဘူးဆိုပြီး ပြောဆိုထားပါတယ်။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ လူမျိုးရေးအမုန်းတရားတွေကို မီးထိုးပြီ ရခိုင်လူမျိုးတွေကိုဖိနှိပ်ခံရအောင်လုပ်နေသလို ဥပဒေမဲ့ဖမ်းဆီးတာ ခြိမ်းခြောက်ငွေညှစ်တာ၊ စစ်သားစုဆောင်းတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ နေ့စဉ်ကျူးလွန်နေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ပြည်သူ့စစ် အင်အားစုဆောင်း

ဒါကြောင့် ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့နယ်မြေတွေက အလုံခြုံဆုံးနေရာဖြစ်တယ်လို့ဆိုထားပြီး လက်ရှိမှာ ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ပေါက်တာ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ မြေပုံတို့ကို ချင်းပြည်နယ်ဘက်က ပလက်ဝမြို့ ကိုသိမ်းပိုက်ထားတာပါ။

အေအေအနေနဲ့ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေကို နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်သူလူထုတွေကို သတ်ဖြတ်ဖို့အမိန့်ပေးတာနဲ့ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့စစ်သုံ့ပန်းတွေကိုတော့ စစ်ခုံရုံးတင်ပြီး ဥပဒေနဲ့အညီအပြစ်ပေးသွားမယ်လို့ လည်းပြောထားပါတယ်။

စစ်ကောင်စီဘက်က ပြည်သူလူထုအပေါ်ကျူးလွန်နေတာတွေမရပ်တန့်ရင်တော့ ပြင်းထန်ပြတ်သားတဲ့တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ လည်း ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။