PLA ၊ PDF စစ်ရေးမဟာမိတ်တွေရဲ့ တန့်ဆည်မြို့နယ် ဝရငယ်တိုက်ပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြောက်ကျားများ

ဓာတ်ပုံ ရင်းမြစ်, PLA

သြဂုတ်လ ၁၉ ရက် သောကြာမနက်ခင်းမှာ ရေဦးမြို့နယ်ဘက်က စစ်ကောင်စီစစ်ကြောင်းဟာ တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းမှာရှိတဲ့ ဝရငယ်ရွာကိုရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 စစ်တပ်ရောက်လာတော့ရွာသားတွေ ထွက်ပြေးကြပါတယ်။ စစ်တပ်ဖြတ်သန်းလာရာ လမ်းကြောင်းမှာ ရွာသားတွေကို ဖမ်းဆီးတဲ့သတင်းတွေကြားရလို့ ထွက်ပြေးတာလို့ ဒေသခံရွာသူတဦးကဆိုပါတယ်။

ရွာသစ်ရွာအနီးထိတွေ့တိုက်ပွဲ

 စစ်ကောင်စီစစ်ကြောင်းဟာ ကိုးတောင်ပို့ရွာ (ကန့်ဘလူကိုးတောင်ဘို့မဟုတ်) ၊ မှန်ကန်ရွာ၊ မှန်ရင်းရွာတွေဘက်ကို စတင်ရောက်လာပါတယ်။ အဲဒီနောက် ရွာသစ်ရွာအနီးမှာ ဒေသခံပြောက်ကျားတွေထောင်ထားတဲ့ မိုင်းကိုတိုက်မိပြီး စစ်ကောင်စီစစ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ မိုင်းထိပြီးချိန်မှာ ဒေသခံပြောက်ကျားစုပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ မနက် ၈ နာရီပတ်ဝန်းကျင်ဖြစ်ပါတယ်။ စုပေါင်းတိုက်ခိုက်ကြတဲ့ ပြောက်ကျားအဖွဲ့တွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ အခြားပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ TCRF (PLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း ၆၊ ၇၊ ၈ ၊ တန့်ဆည်တိုက်ဂါးအဖွဲ့၊ KPK (ကာပေါင်းကျ) ၊ တန့်ဆည်ပကဖ အဖွဲ့တွေလို့ ဒေသခံတွေက ဆိုပါတယ်။

 PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး PDF တပ်တွေက NUG အမျိုးသားညွန့်ပေါင်းအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က တပ်တွေဖြစ်ကြပေမဲ့ စစ်ကောင်စီကိုတိုက်ခိုက်ရာမှာတော့ မဟာမိတ်ဖွဲ့တိုက်ခိုက်ကြတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဒေသ ၁ တာဝန်ခံ ရဲဘော်တင်နွယ်ဦးက ဘီဘီစီကိုပြောပါတယ်။

 တိုက်ပွဲဖြစ်ချိန် နာရီဝက်လောက်ကြာမြင့်ပါတယ်။ စစ်ကောင်စီဘက်က မိုင်းထိပြီးနောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ဆုတ်ခွာသွားတာဖြစ်တဲ့ အတွက် အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ ထိခိုက်သေဆုံးဒဏ်ရာရမှုမရှိပါဘူး။ မိုင်းထိတဲ့အတွက်သေဆုံးမှုရှိနိုင်ပေမဲ့ အတိအကျ မသိရဘူးလို့ PLA ဒေသ ၁ တာဝန်ခံ ရဲဘော်တင်နွယ်ဦးက ဘီဘီစီကိုပြောပါတယ်။

တန့်ဆည်မြို့နယ် ဝရငယ်တိုက်ပွဲဖြစ်ပွားရာနေရာ

ဝရငယ်တိုက်ပွဲ

 စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာသစ်ရွာထဲကို ပြန်ဝင်အနားယူပြီးနောက် ဝရငယ်ရွာဘက် ဆက်လက်ထွက်ခွာလာကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 “သူတို့ အဲသလို ဝရငယ်ရွာဘက်ကိုလာတာကို ကျွန်တော်တို့က သတင်းရထားတယ်ဗျ။ သူတို့ဝရငယ်ရွာကနေ အနောက်ဖက်ကို ထွက်လာရင် မူးဘောင်ကနေ စောင့်တိုက်ဖို့ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ သူတို့ဝရငယ်ရွာက မထွက်ခင် မူးဘောင်ကနေ ကြိုစောင့်နိုင်အောင် အမြန်ချီတက်ကြပါတယ်။ ဒါပေမဲ့လမ်းမှာ စစ်ကောင်စီတပ်တွေကိုကြောက်လို့ ထွက်ပြေးကြတဲ့ စစ်ဘေးရှောင်ရွာသားတွေနဲ့တိုးနေပါတယ်။ အဲဒါကြောင့်လမ်းခရီးမှာ နှောင့်နှေးကြန့်ကြာပြီး ကျွန်တော်တို့ရောက်ချိန်ဟာ မှန်းထားတာထက် နောက်ကျသွားပါတယ်” လို့ ရဲဘော်တင်နွယ်ဦးကဆိုပါတယ်။

 ရဲဘော်တင်နွယ်ဦးတို့ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဒေသ ၁ က ပြောက်ကျားရဲဘော် ၃၀ လောက် စုစည်းသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့အဖွဲ့က အရေအတွက်အများဆုံးပါ။ ကျန်တဲ့အဖွဲ့တွေအားလုံးရဲ့ စုပေါင်း အရေအတွက်က အယောက် ၃၀ နီးပါးပဲရှိတယ်လို့ဆိုပါတယ်။ ကျန်တဲ့တော်လှန်ရေး အဖွဲ့အားလုံးကမူးဘောင်အနောက်ဘက်မှာ ကြိုတင်ရောက်ရှိစောင့်ဆိုင်းနေကြပြီးဖြစ်ပါတယ်။ အဲဒါကို စစ်ကောင်စီစစ်သားတွေက မသိကြသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီစစ်သားတွေ မူးဘောင်အရှေ့ဘက်စောရောက်နှင့်ပြီး အသင့်စောင့်ဆိုင်းနေတာကိုလည်း ကျန်တဲ့တော်လှန်ရေးပြောက်ကျားတွေက သိကြပေမဲ့ နောက်ဆုံးမှရောက်တဲ့ PLA ဒေသ ၁ ပြောက်ကျားတွေက မသိကြသေးပါဘူး။

 မူးဆိုတာက စစ်ကိုင်းတိုင်းအတွင်းမှာ လယ်ရေသွင်းဖို့ ရေသွယ်ယူတဲ့ မြောင်းတွေဖြစ်ပါတယ်။ မူးတော်တော်များများဟာ ၉ ပေ ၁၀ ပေလောက်သာကျယ်ကြပေမဲ့ အခုဝရငယ်ရွာအနောက်ဖက်ကမူးဟာ ဝါးတပြန်လောက်အထိကျယ်တယ်လို့ ဒေသခံရွာသားတယောက်ကဆိုပါတယ်။ ရဲဘော်တင်နွယ်ဦးတို့ PLA တပ်ဖွဲ့ဟာ မူးဘောင်အတိုင်း ဝရငယ်ရွာနားအထိ အပြင်းချီတက်လာပါတယ်။ အဲသလိုချီတက်လာချိန်မှာ ဆီးကြိုအတိုက်ခိုက်ခံရတာကို ရဲဘော်တင်နွယ်ဦးက အခုလိုပြောပြပါတယ်။

 “ဟိုမှာ ကြိုစောင့်နေတဲ့ရဲဘော်တွေကို လှမ်းမြင်နေရပါပြီ။ လက်တောင်ပြလိုက်ပြီးပါပြီ။ အဲဒီအချိန်မှာ ကျွန်တော်တို့လာနေတာကို စစ်ကောင်စီစစ်သားတွေကလည်းလှမ်းမြင်ပြီး သူတို့ကစပစ်ပါတယ်။ လက်နက်ကြီးအင်အား အစွမ်းကုန်သုံးပြီးတိုက်တာပါ။ ကျွန်တော်တို့ကို အဦးဆုံးအတိုက်အခိုက်ခံလိုက်ရပါတယ်။ အဲဒီမှာကြိုရောက်နေတဲ့ ကျန်အဖွဲ့တွေလည်း ဝိုင်းတိုက်ကြပါတယ်။ ဒါပေမဲ့ လူအင်အားက ကျွန်တော်တို့အားလုံးပေါင်းမှ ၅၀ ကျော်ပဲရှိပါတယ်။ သူတို့အင်အားက ၁၀၀ လောက်ရှိပါတယ်။ သူတို့က စက်ကလေးတွေ၊ ငါးကြင်းမြီးတွေသုံးပြီး ပြင်းပြင်းထန်ထန်တိုက်တော့ လက်နက်အင်အား၊ လူအင်အားမမျှလို့ ကျွန်တော်တို့ ပြန်ဆုတ်ကြရပါတယ်။ တိုက်ပွဲက စုစုပေါင်း ၁ နာရီ ၄၅ မိနစ်လောက်ကြာပါတယ်။”

PLA စခန်းတနေရာမှာ အစည်းအဝေးပြုလုပ်စဉ်

ဓာတ်ပုံ ရင်းမြစ်, CJ

မူးဘောင်ပေါ်ကတံတား

အဲဒီနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က အချက်အလက်တော်တော်များများ အသာစီးရခဲ့ပါတယ်။ တိုက်ခိုက်ရေးသမားအင်အားက ပြောက်ကျားတွေရဲ့ ၂ ဆလောက်ရှိပါတယ်။ လက်နက်အင်အားကလည်း သာလွန်ပါတယ်။ စစ်ကောင်စီဟာ ဝရငယ်ရွာရှိတဲ့ဘက်အခြမ်းမှ ာနေရာယူထားပါတယ်။ ရွာကခုတ်လှဲထားတဲ့ သစ်ပင်တွေကို အကာအကွယ်ယူပြီး ပစ်ခတ်ခွင့်ရခဲ့ပါတယ်။ PLA တပ်ရွေ့လျားလာတာကို အရင်ကြိုမြင်ပြီး လက်ဦးမှုယူတိုက်ခိုက်ခွင့်လည်း ရခဲ့ပါတယ်။

 ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်သားတွေ ကျဆုံးပြီး PLA ၊ PDF နဲ့တခြားမဟာမိတ်တွေဘက်က သေဆုံးဒဏ်ရာရမှုမရှိခဲ့ဘူးလို့ ဒေသခံတွေကရော PLA ၊ PDF ရဲဘော်တွေကဆိုကြပါတယ်။ ဘာ့ကြောင့် အဲသလိုဖြစ်ခဲ့ပါသလဲ။

 “သူတို့က လက်နက်ကြီးအင်အား၊ လက်နက်ငယ်အင်အား၊ စက်လတ်အင်အား အကုန်သာပါတယ်။ လှဲထားတဲ့ သစ်ပင်ပေါ်ကို ငါးကြင်းမြီးတွေတင်ပြီးပစ်ပါတယ်။ တချက်မှ အပစ်ရပ်မသွားပါဘူး။ သူတို့က မူးအရှေ့ဘက်မှာ တစုတည်းမဟုတ်ပါဘူး။ ၃ နေရာခွဲပြီး ကျွန်တော်တို့ကို လှမ်းပစ်ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ တိုက်နေတဲ့အကွာအဝေးက ဝါးတရိုက်လောက်ပဲကွာပါတယ်။ မူးကဝါးတရိုက်လောက်ကျယ်ပါတယ်။ အဲဒီမူးဘောင်ပေါ်ဖြတ်ပြီး အရှေ့ဘက်နဲ့အနောက်ဘက်ကူးတဲ့ မူးဘောင်တံတားရှိတယ်။ သူတို့က နောက်ကနေ လက်နက်ကြီးနဲ့ကာပစ်ပြီး တံတားကနေ အတင်းထိုးတက်လာပါတယ်။”

 စစ်ကောင်စီစစ်သားတွေဟာ ပစ်ကွင်းရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားဖြစ်နေတဲ့တံတားပေါ်ကနေ မိုက်မိုက်ကန်းကန်း ဖြတ်ကူးဖို့ကြိုးစားတဲ့အတွက် အထိနာသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစစ်သားတွေဟာ မူးယစ်ဆေးသုံးစွဲထားပြီး စိတ်ကြွလွန်နေတဲ့အတွက် အဲသလိုအတင်းတိုးတက်လာကြတာ ဖြစ်ပုံရတယ်လို့ PDF ရဲဘော် တဦးကဆိုပါတယ်။ ဒေသတွင်းသတင်းစာမျက်နှာတခုကလည်း PDF အဖွဲ့တွေကို ကိုးကားပြီး “စစ်ကောင်စီစစ်သားတွေဟာ ဆေးကြောင်ပြီး ရှေ့အရမ်းတိုးလာလို့ အကျဆုံးများခဲ့ရတယ်” လို့ဆိုပါတယ်။

 PLA ၊ PDF၊ KPK ၊ တန့်ဆည်တိုက်ဂါးနဲ့ မဟာမိတ်စုပေါင်းအဖွဲ့တွေဟာ မြောက်ဘက်ကကျွန်းတောကုန်းရွာအထိ ဆုတ်ခွာသွားပြီး ခံတိုက်ဖို့ ပြန်စောင့်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီစစ်သားတွေက ဆက်လိုက်မလာပါဘူး။ မူးဘောင်အနီးမှာ PLA တပ်သားတွေ ကျန်ခဲ့တဲ့ မော်တော်ဆိုင်ကယ်တွေကို တချို့မီးရှို့ဖျက်ဆီးပြီး တချို့ရေထဲကန်ချခဲ့တယ်လို့ ဒေသခံရွာသားတယောက်က ဆိုပါတယ်။

 အဲဒီနောက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဝရငယ်ရွာထဲပြန်ဝင်သွားခဲ့ပါတယ်။

တန့်ဆည်မြို့ အတွင်းကျေးရွာတွေ ဇွန်လအတွင်းမီးရှို့ခံရတဲ့ မြင်ကွင်း

စစ်ကောင်စီတပ်ဖွဲ့ပြန်ဆုတ်

ဝရငယ်ရွာက စစ်ကောင်စီတပ်ဖွဲ့တွေဟာ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ရွာကထွက်ခွာသွားပြီး တန့်ဆည်လမ်းဆုံကို စစ်ကြောင်းပြန်ဆုတ်သွားပါတယ်။

 သူတို့ထွက်သွားပြီးတဲ့နောက်ပြောက်ကျားအဖွဲ့တွေဟာ ကျွန်းတောကုန်းရွာကနေ ဝရငယ်ရွာထဲကိုပြန်ဝင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ရွာထဲမှာ မိုင်းတွေထောင်ထားတာရှိမရှိ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ရွာထဲမှာ ဒဏ်ရာရသူတွေကို ပြုစုကုသထားပုံရတဲ့ ဆေးပစ္စည်းတွေ၊ ပတ်တီးတွေ၊ သွေးကွက်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီစစ်သားတယောက်ကို ထင်းချောင်းတွေပုံပြီး မီးသင်္ဂြိုဟ်ထားတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ အကုန်အစင်မလောင်ကျွမ်းသေးတဲ့ စစ်ပစ္စည်းလက်ကျန်တချို့ကိုပါတွေ့ရတယ်လို့လည်း ရဲဘော်တင်နွယ်ဦးက ဆိုပါတယ်။

 ဒေသတွင်းသတင်းစာမျက်နှာတချို့မှာတော့ PDF ရဲဘော်တွေကို ကိုးကားပြီး ကျဆုံးသူစုစုပေါင်း ၁၅ ယောက်လောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ ရဲဘော်တင်နွယ်ဦးကတော့

 “ကျွန်တော်တို့လည်း တိုက်ပွဲကပြင်းထန်တော့ ရန်သူဘယ်လောက်ကျတယ်ဆိုတာ သေသေချာချာမသိလိုက်ကြပါဘူး။ ၁၅ ယောက်လောက်ကျတယ်ဆိုတာ မနက်ပိုင်းမှာ မိုင်းတိုက်လိုက်လို့ ရန်သူကို ထိခိုက်သွားတာတွေ၊ နောက်ကျွန်တော်တို့ ဝရငယ်ရွာထဲပြန်ဝင်တော့ တွေ့ရတဲ့သွေးစသွေးနတွေကိုကြည့်ပြီး ခန့်မှန်းကြတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်သေသေချာချာမြင်ရတာကတော့ မီးသင်္ဂြိုဟ်ထားတဲ့ စစ်သားအလောင်းတလောင်းကိုပါပဲ။ ဒါပေမဲ့ ခိုင်မာတဲ့သတင်းတခုရှိတယ်။ အဲဒါကတော့ သူတို့တန့်ဆည်လမ်းဆုံအထိဆုတ်သွားပြီး အဲဒီအရောက်မှာ ရဟတ်ယာဉ်တစီးရောက်လာတယ်။ ထမ်းစင်နဲ့ ၂ ယောက်ကို ရဟတ်ယာဉ်ပေါ်တင်သွားတာကို ဒေသခံတွေက မြင်လိုက်တယ်ဆိုတာပါပဲ။”

 ဒေသခံတယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့

 “ထမ်းစင်နဲ့ နှစ်ယောက်တင်သွားတာမြင်လိုက်ရတာ ဟုတ်ပါတယ်။ လူနာတော့ ဟုတ်ပုံမရဘူးရှင့်။ အလောင်းပေါ်ကို အလောင်းလို့ထင်တာပေါ့လေ အဝတ်ဖြူအုပ်ထားတယ်။ မျက်နှာကိုပါအဝတ်ဖြူနဲ့အုပ်ထားတော့ အလောင်းလို့ပဲ ထင်ပါတယ်ရှင်။”

စစ်ကောင်စီကသေဆုံးသွားတဲ့ စစ်သားတယောက်ရဲ့အလောင်းကို ရွာထဲမှာ မီးရှို့သင်္ဂြိုဟ်ခဲ့ပြီး တခြား ၂ ယောက်ကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားတဲ့အတွက် အဲဒီ ၂ ယောက်ဟာ ရာထူးကြီးတဲ့သူတွေဖြစ်နိုင်တယ်လို့လည်း ရဲဘော်တင်နွယ်ဦးက ခန့်မှန်းပါတယ်။ ရွာထဲမှာ ငါးကြင်းမြီးကျည်ခွံတွေ တောင်ပုံရာပုံတွေ့ရသလို၊ သွေးထိန်းပတ္တီးတွေတွေ့ရတယ်လို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် PLA ရဲဘော်တွေရဲ့ ဆိုင်ကယ်တွေကို မီးရှို့ထားတာလည်း တွေ့ရတယ်လို့ဆိုပါတယ်။

တိုက်ပွဲနိဂုံးချုပ်ချက်

ရဲဘော်တင်နွယ်ဦးတို့ PLA တပ်ဖွဲ့ဟာ တိုက်ပွဲတပွဲတိုက်ပြီးတိုင်းမှာ သူတို့အခေါ် နိဂုံးချုပ်ချက်လို့ခေါ်တဲ့ သုံးသပ်ချက်ကို ပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ “ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ထောက်လှမ်းရေးသတင်း တိကျမှုအားနည်းသွားတယ်။ စစ်ကောင်စီတပ်ဖွဲ့မူးဘေးရောက်မဲ့ အချိန်က ကျွန်တော်တို့မှန်းတာထက်စောသွားတယ်။ နောက်တချက်က စစ်ဘေးရှောင်ပြည်သူတွေ အများအပြားနဲ့ လမ်းမှာဆုံလိုက်တာက ကျွန်တော်တို့ မျှော်မှန်းမထားတဲ့ အခြေအနေဖြစ်သွားတယ်။ ရန်သူဘက်က အစစအရာရာ အသားစီးအနေအထားဖြစ်ပေမဲ့ ကျွန်တော်တို့ဘက်က တယောက်မှ အထိအခိုက်အကျအဆုံးမရှိဘဲ သူတို့ဘက်က ကျဆုံးအောင်တိုက်လိုက်နိုင်တာကိုတော့ ကျွန်တော်တို့ ရဲဘော်တွေအတွက် ဂုဏ်ယူပါတယ်။ ဒီလိုဖြစ်ရတာကလည်း သူတို့ဘက်က ဆေးကွဲနေသလားတော့ မသိဘူး။ အရင်ကလည်း သူတို့ဆေးသုံးတာတွေ သူတို့အလောင်းတွေထဲမှာ ဆေးထုတ်တွေ တွေ့ဖူးတယ်။ ဘာ့ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ သူတို့မိုက်ရူးရဲ အတင်းတိုးဝင်လာလို့ ကျဆုံးတာပါတယ်လို့လည်း သုံးသပ်ပါတယ်။ နောက်တခုကတော့ အဖွဲ့တွေမတူပေမဲ့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေ စည်းစည်းလုံးလုံးတိုက်လိုက်နိုင်တာဟာ အစဉ်အလာကောင်းပါ။ ကျွန်တော်တို့ဒီလိုတိုက်နေတာ ကြာတော့ကြာပါပြီ။” ရဲဘော်တင်နွယ်ဦးနဲ့ PLA အဖွဲ့ရဲ့ တိုက်ပွဲသုံးသပ်ချက်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ PLA စခန်းတနေရာ

ဓာတ်ပုံ ရင်းမြစ်, PLA

နောက်ဆက်တွဲဖြစ်စဉ်

သြဂုတ်လ ၁၉ ရက်နေ့မှာ ပြင်းပြင်းထန်ထန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကြားထဲ ၃ ရက်မှာ တိုက်ပွဲမဖြစ်ပွားခဲ့ပါဘူး။ သြဂုတ်လ ၂၂ ရက်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုအရိပ်အယောင်ကို တွေ့ရတဲ့ အတွက် ညဘက်ကတည်းက စစ်ကောင်စီတပ်သားတွေ ထွက်လာနိုင်မဲ့လမ်းကို သွားစောင့်ခဲ့ကြပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီစစ်သားတွေနဲ့ PLA ၊ PDF မဟာမိတ်အဖွဲ့တွေ နောက်ထပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 အဲဒီတိုက်ပွဲမှာ ကိုယ်တိုင်လိုက်ပါသွားတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်ဇက်က အခုလိုပြောပြပါတယ်။

 “ညကတည်းက ကျွန်တော်တို့သွားစောင့်နေတာဗျ။ ဒါပေမဲ့ ကျွန်တော်တို့ထင်တဲ့လမ်းက သူတို့ကမလာဘဲ တခြားလမ်းကထွက်လာတော့ သူတို့နောက်ပြန်လိုက်ရပါတယ်။ တန့်ဆည်လမ်းဆုံရဲ့ အရှေ့မြောက်ဘက် ရေဦးကုန်းနဲ့ အောင်ချမ်းသာမှာ သူတို့စစ်ကြောင်းရောက်လာတော့ ကျွန်တော်တို့ PLA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပါတယ်။ တခြား PDF နဲ့မဟာမိတ်တွေလည်း ပါကြပါတယ်။”

 မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာမှာ တိုက်ပွဲအချိန် ၄၅ မိနစ်လောက်ကြာတယ်လို့ ရဲဘော်ဇက်ကဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ခိုက်လိုစိတ်ရှိပုံမရဘဲ ထွက်ခွာလိုစိတ်သာရှိကြပုံရတယ်လို့ ဆိုပါတယ်။

 စစ်ကောင်စီဟာ နယ်မြေထဲကနေ ပြန်လည်ထွက်ခွာဖို့ စစ်သားတွေကို ရဟတ်ယာဉ်နဲ့ ၄ ခေါက်ခွဲပြီး သယ်ဆောင်ခဲ့ပါတယ်။ ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်နေစဉ်မှာ PLA နဲ့ PDF တွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် တခြားရဟတ်ယာဉ်တစီးက ကောင်းကင်ကနေ ဆက်တိုက်ကာပစ်ပေးနေတယ်လို့ ဆိုပါတယ်။ PLA ၊ PDF မဟာမိတ်အဖွဲ့တွေဟာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီခွဲလောက်အထိ အခွင့်အခါကောင်းကို စောင့်ဆိုင်းနေခဲ့ပေမဲ့ မနက်ပိုင်းမှာ ၄၅ မိနစ်လောက်သာတိုက်ခိုက်ပြီး နောက်ထပ်တိုက်ခိုက်ခွင့်မသာခဲ့ဘူးလို့ဆိုပါတယ်။

 ကျွန်းလှဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အထိနာနေတဲ့အတွက် စစ်ကူပေးဖို့ စစ်သားတွေဟာ အလျင်စလို ထွက်ခွာကြရတာလို့ ရဲဘော်ဇက်က သုံးသပ်ပါတယ်။

 စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးနောက် ရေဦး ဒီပဲယင်းကနေ စစ်ကောင်စီဖြတ်လာတဲ့ လမ်းတလျှောက်မှာ ဖမ်းဆီးလာတဲ့ ရွာသား ၄၀ ကျော်ကို ဘုန်းကြီးကျောင်းထဲ ချန်ထားရစ်ခဲ့ပါတယ်။ သူတို့ကို တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခေါ်ယူထိန်းသိမ်းမေးမြန်းပြီး သက်ဆိုင်ရာအရပ်ကိုပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။