စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်

ကလေးဝမြို့ အနီး မဟာမြိုင်လမ်းမှာ ပိတ်မိနေသော ကားများ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ကလေးဝမြို့ အနီး မဟာမြိုင်လမ်းမှာ ပိတ်မိနေသော ကားများ ( ပုံဟောင်း)

စစ်ကိုင်းတိုင်း အတွင်း ရွှေဘို ဒီပဲယင်း တန့်ဆည် မင်းကင်း ကနီ မြို့နယ်တွေတောက်လျှောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဥ် အများအပြား မုံရွာ ကလေးဝ မဟာမြိုင်လမ်းမှာ ပိတ်မိနေကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်တွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက ဘီဘီစီကိုပြောပါတယ်။

မန္တလေးကနေ ရေဦး ကလေးဝဘက် ကို ဆင်းလာတဲ့ကားတွေဟာလည်း တန့်ဆည်နယ် ချောင်းရိုးရွာအနီးမှာ ပိတ်မိနေပြီး ဒီကနေ့ အထိ မန္တလေးကနေဆင်းလာပြီးပိတ်မိနေခဲ့တာ ၂ ည အိပ်ရှိလာပြီလို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အလားတူ မင်းကင်းနယ် မဟာမြိုင်တောထဲက ပျဉ်ကိုင်းကျေးရွာမှာလည်း ကလေး တမူး ကနေ မုံရွာ မန္တလေးဘက် ဆင်းတဲ့ ကားတွေကို ပိတ်မိနေကြကြောင်း ကလေးမြို့ ခရီးသည်တင်ယာဉ်လိုင်းတွေထံက သိရပါတယ်။

ကားတွေ ပိတ်မိနေတဲ့နေရာတွေဟာ မုံရွာ ရေဦး ကလေးဝလမ်းပေါ်မှာ အနည်းဆုံး ၂ နေရာထက် မနည်းရှိနေတယ်လို့ ကလေးမြို့က ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် မူးကမ်း-ဆူးတပ် ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ညီနောင်များ

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ် မူးကမ်း-ဆူးတပ် ကျေးရွာ ဩဂုတ် ၉ ရက် မီးရှို့ဖျက်ဆီးခံရမှု မြင်ကွင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်တွေက ဩဂုတ် ၈ ရက် မနေ့က စစ်ကြောင်း သုံးကြောင်းနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မနေ့ကတစ်ကြိမ်၊ ဒီနေ့မှာတစ်ကြိမ် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေ ညနေ ၃ နာရီကျော်မှာ စရှို့လိုက်တဲ့ မီးတောက်တွေကို ည ၁၁ နာရီလောက်အထိ ဒီပဲယင်း ဒေသခံတွေက မြင်တွေ့ခဲ့ကြပါတယ်လို့ ဆိုပါတယ်။

ဒီကနေ နေ့လယ် ၁၁ နာရီ လောက်ကနေ ညနေပိုင်း ၄ နာရီအထိ မီးဆက်ရှို့ခံနေရပြီး မီး‌တောက်တွေကိုမြင်နေရတယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မနေ့က မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေက ၄၅ လုံးလောက် ရှိနိုင်ပြီး ဒီ‌နေ့မှာတော့ ညနေပိုင်းအထိ မီးဆက်လောင်နေသေးလို့ ပျက်စီးရှုံးတဲ့အရေအတွက်တွေကို မသိရသေးပါဘူးလို့ပြောပါတယ်။

ဒီပဲယင်း စစ်ရှောင်များ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ညီနောင်များ

ဓာတ်ပုံ ပုံစာ, ဒီပဲယင်း စစ်ရှောင်များ

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်တုန်းက ဒီပဲယင်းမြို့နယ်ကပ်လျက် အရာတော်မြို့နယ်၊ မင်းရွာကို လေကြောင်းနဲ့ပစ်ခတ်ပြီး အင်အားချထားခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။

အလားတူ တန့်ဆည်မြို့အနီး ချောင်းရိုးရွာမှာ ပိတ်မိနေတဲ့ ကားတန်းကနေ သေနတ်ပစ်သံတွေ ကြားနေရတယ်လို့ ကားပိတ်မိနေသူတွေက ဆိုပါတယ်။

မင်းကင်းနယ်ထဲ မဟာမြိုင်တောထဲက ပိတ်မိနေတဲ့ ကားတန်းကတော့ ပျဉ်းကိုင်းရွာမှာပိတ်မိနေတာဖြစ်ပြီး မန္တလေး အတက်ရော မန္တလေးဘက် အဆင်းကားတွေပါ ပိတ်မိနေတယ်လို့လည်း ဆိုပါတယ်။

ပိတ်မိနေတဲ့ ကားသမားတွေကို ဒေသလက်နက်ကိုင်တပ်ဖွဲ့တွေက ကျွေးမွေးကြပြီး ဒေသခံတွေကလည်း ထမင်းထုပ်တွေ ပို့ပေးကြတယ်လို့ ကားသမားတွေက ပြောပါတယ်။

တစ်ခါ စစ်ကိုင်းတိုင်း မုံရွာကနေ ကလေးဝမြို့နယ်ဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘာတစ်စီးနဲ့ ရိက္ခာတင်ရေယာဉ် သုံးစီးကို ဩဂုတ် ၇ ရက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ကနီမြို့နယ်မှာ တိုက်ခိုက်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၂၀ လောက်သေဆုံး တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဧပြီလအတွင်းကတွေ့ရတဲ့ တန့်ဆည်မြို့

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ဧပြီလအတွင်းကတွေ့ရတဲ့ တန့်ဆည်မြို့

အလားတူ ချင်းတွင်းမြစ်အတွင်း ဆင်တော်ဝဲ၊ မြွေပိုင်းတောင်၊ ကင်းရွာ၊ ကင်းနဲ့ အထက်ကင်းအကြား မြင်းစီးချောင်းပွိုင့်၊ အထက်ကင်း နဲ့ မိချောင်းတွင်းအကြား၊ မိချောင်းတွင်းအောက်မြီးဆွဲ ၊ မိချောင်းတွင်းအထက်နယ်ခြားဘုရားစတဲ့ နေရာများမှာ ဒေသကာကွယ်ရေးအဖွဲ့ပေါင်းစုံနဲ့ တိုက်ပွဲပြင်းထန်နေကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ပွိုင့်ကုန်းတွေကို လက်နက်ကြီးငယ်တွေ ပစ်ခတ် ဆန်တက်နေတယ်လို့ သိရပါတယ်။

လက်ရှိအနေအထားအရ စစ်ကိုင်းတိုင်း အထက်ချင်းတွင်းနဲ့ တစ်လျှောက်နဲ့ မုံရွာ ဒီပဲယင်း ရေဦး တန့်ဆည် မင်းကင်း ကလေး တို့အကြား ကုန်လမ်းရေလမ်း အဆက်အသွယ်ပြတ်နေကြပြီး ကလေး ဂန့်ဂေါ်နယ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားလို့ ကလေးဂန့်ဂေါ် ပုလဲ ယင်းမာပင် လမ်းတွေလည်း ကားတွေသွားလာရခက်ခဲကြောင်း ဒေသခံတွေကပြောပါတယ်။

ကလေးမြို့အထွက် ဂန့်ဂေါ်လမ်းပေါ်က သာယာကုန်း ရွာတစ်ဝိုက်မှာလည်း အခုရက်ပိုင်းတိုက်ပွဲတွေဖြစ်ပွားနေပြီး ကလေး တမူးလမ်းပေါ်က ရာဇဂြိုဟ် ခုံသာ အနီးမှာလည်း စစ်ကြောင်းထိုးတာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိလို့ ကားလမ်းသွားလာမှုတွေ နည်းနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ မြို့နယ်အသီသီးကိုပြေးဆွဲနေတဲ့ ကားဂိတ်တွေမှာလည်း ခရီးသွားလာမှုတွေနည်းပြီး ကုန်စည်စီးဆင်းမှုတွေလည်း ကျဆင်းနေတယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။

ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲတွေကြောင့် အရပ်သားအပါအဝင် နှစ်ဖက်တပ်တွေ‌ သေဆုံးတာရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်၊

ကလေးမြို့နယ်ထဲက ကျေးရွာအချို့မှာ ဩဂုတ် ၂ ရက်ကနေ ဩဂုတ် ၆ ရက်အထိ ငါးရက်တာအတွင်းမှာ အရပ်သား ၈ ယောက် အသတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးခဲ့တယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။