ကလေးမြို့နယ်ထဲက တိုက်ပွဲတွေအပြီး မြို့ပေါ်မှာ ဖမ်းဆီးမှုတွေရှိနေ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသလက်နက်ကိုင်တပ်ဖွဲ့တွေ အကြားတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အခုရက်ပိုင်း ကလေးမြို့ပေါ်မှာ ဖမ်းဆီးမှုတွေရှိနေတယ်လို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

အဖမ်းဆီးခံရသူတွေထဲမှာ ကလေးမြို့လယ်က တီဗီဆိုင်ပိုင်ရှင်၊ မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်၊ မိတ္တူဆိုင်ပိုင်ရှင်တို့ ပါဝင်ပြီး အနည်းဆုံး ၅ ဦးထက်မနည်း အခုရက်ပိုင်းအဖမ်းခံထားရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ကလေးမြို့ပေါ်မှာ အခုလို ဖမ်းဆီးမှုတွေရှိနေတာကြောင့် ကလေးမြို့အတွင်း လူအသွားလာ ပုံမှန်ထက် နည်းပါးနေတယ်လို့လည်း ဆိုပါတယ်။

ဒီဆိုင်တွေကို လာဖမ်းရာမှာ စစ်ကောင်စီတပ်တွေက အလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆိုင်ရှင်တွေ အဖမ်းခံရပေမယ့် ဆိုင်တွေကတော့ ဆက်ဖွင့်ထားတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဆိုင်ရှင်တွေ ဘာကြောင့်အဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်က စစ်ကောင်စီယာဉ်တန်း ( ပုံ အဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်က စစ်ကောင်စီယာဉ်တန်း ( ပုံ အဟောင်း)

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ မြို့နယ်အသီသီးကိုပြေးဆွဲနေတဲ့ ကားဂိတ်တွေမှာလည်း ခရီးသွားလာမှုတွေနည်းပြီး ကုန်စည်စီးဆင်းမှုတွေလည်း ကျဆင်းနေတယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။

ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲတွေကြောင့် အရပ်သားအပါအဝင် နှစ်ဖက်တပ်တွေ‌ သေဆုံးတာရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်၊

ကလေးမြို့နယ်ထဲက ကျေးရွာအချို့မှာ ဩဂုတ် ၂ ရက်ကနေ ဩဂုတ် ၆ ရက်အထိ ငါးရက်တာအတွင်းမှာ အရပ်သား ၈ ယောက် အသတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးခဲ့တယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့၊ သာယာဝတီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဩဂုတ် ၂ ရက်မှာ သာယာကုန်းရွာကို စစ်ကြောင်းထိုးတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ အမျိုးသားတစ်ယောက်နဲ့ နောက်ထပ်မသန်စွမ်းအမျိုးသားတစ်ယောက် အသတ်ခံလိုက်ရသလို ဩဂုတ် ၃ ရက်မှာတော့ အရပ်သား ၆ ယောက် ထပ်ပြီးအသတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ကလေးမြို့ မြောက်ပိုင်းက ရာဇဂြိုဟ်ရွာ

ဓာတ်ပုံ ရင်းမြစ်, Voice Of Kalay

ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ ကလေးမြို့ မြောက်ပိုင်းက ရာဇဂြိုဟ်ရွာ

၅ ရက်အတွင်း တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးသလို မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က အယောက် ၃၀ ခန့် သေဆုံးတယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ဘီဘီစီအနေနဲ့ စစ်ကောင်စီဘက်က သေဆုံးမှု အရေအတွက်ကို သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ဩဂုတ် လ ၄ ရက်တုန်းကလည်း ကလေးမြို့နယ် ရာဇဂြိုဟ်ရွာကို စစ်ကောင်စီတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာအပြင် နေအိမ်တွေက ပစ္စည်းတွေကိုလည်း ၁၂ ဘီးကားနဲ့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" စစ်ကောင်စီတပ်က ညနေပိုင်းက ရွာထဲကို သေနတ်တွေ လက်နက်ကြီးတွေ ပစ်ဖောက်ပြီးဝင်လာကြတယ်။ အဲ့မတိုင်မီ ရွာကို စစ်ကြောင်းထိုးလာတယ်လို့ သတင်းရတဲ့ ရွာခံအချို့က ကြိုတင်ရှောင်တိမ်းကြပေမယ့် တချို့ကတော့ သူတို့ဝင်လာတဲ့အချိန်မှ ထွက်ပြေးကြရတာတွေရှိပါတယ် လက်နက်ကြီးတွေထိလို့ ပျက်စီးတဲ့အိမ်တွေရှိတယ်ဗျ "လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သြဂုတ်လ ၄ ရက်က တမူးလမ်းပေါ်က စစ်ကောင်စီယာဥ်တန်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်တွေက ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်မြို့နယ်ထဲ အင်အားအများအပြားနဲ့ စီးနင်းပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ CDF-တွန်းဇံ အဖွဲ့က ထုတ်ပြန်ပါတယ်။

ရာဇဂြိုဟ်ရွာဟာ ကလေး တမူး ကားလမ်းအနီးမှာရှိ

ဓာတ်ပုံ ရင်းမြစ်, Voice of kalay

ဓာတ်ပုံ ပုံစာ, ရာဇဂြိုဟ်ရွာဟာ ကလေး တမူး ကားလမ်းမကြီး အနီးမှာရှိ

စစ်ကောင်စီတပ်တွေက အခုရာဇဂြိုဟ် တိုက်နယ်ကဆေးရုံမှာ တပ်စွဲထားပြီးတော့ တစ်ရွာလုံးနီးပါး အိမ်တွေကနေ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

"ရွာမှာ က အခု စပါးစိုက်ချိန် အကုန်လုံးကို ထွက်ပြေးနေရတာ ကလေးမြို့ဘက် မိတ်ဆွေရှိသူတွေက ကလေးမြို့ဘက်၊ ကလေးဝဘက် အသိရှိတွေက ကလေးဝဘက်နဲ့ အနီးအနားရွာတွေကို ထွက်ပြေးနေကြရတယ် "လို့လည်း ပြောပါတယ်။

ကလေးမြို့တောင်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် မြို့တွင်း၊ မြို့ပြင်ကနေ ကလေးတောင်ပိုင်းကို မသွားလာကြဖို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မှာလည်း ကလေးမြို့နဲ့ ၆မိုင်လောက် အကွာမှာရှိတဲ့ သာယာကုန်းကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေရှိနေဆဲဖြစ်ပြီးတော့ ကလေးနည်းပညာတက္ကသိုလ်ဘက်ကို ဦးတည်ပြီးသွားနေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလေးနည်းပညာတက္ကသိုလ်အနီးနားမှာလည်း မိုင်းတွေအများအပြားရှိနေပြီး အသွားအလာမရှိကြကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

ကလေးမြို့လယ်မှာ ဖမ်းဆီးမှုတွေရှိနေသလို စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့တာဟန်းရပ်ကွက်ဘက်ကို ဒီကနေ့ အုပ်စုလိုက် ကင်းလှည့်နေပြီးတော့ ကလေးမြို့မှာ အော်ရီဒူး နဲ့ MPT အင်တာနက်လိုင်း အချို့လည်း သြဂုတ်လ ၇ ရက်နေ့ မနက်ကစပြီး လိုင်းပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။