မြင်းမူ လက်ပံကျင်းရွာ တိုက်ပွဲ ၅ ဦး သေဆုံးပြီး ရွာက လူ ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်း

စစ်ကောင်စီ ရဟတ်ယာဉ်များ ( ပုံ အဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ရဟတ်ယာဉ်များ ( ပုံ အဟောင်း)

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် လက်ပံကျင်း ကျေးရွာမှာ သြဂုတ်လ ၁ ရက်၊ မနက်ပိုင်းက စစ်ကောင်စီကနေရဟတ်ယာဉ်လေးစီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ရွာက လူ ၁၀၀ ကျော်ကိုဖမ်းထားတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေချပေးခဲ့ပြီး လက်ပံကျင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ပဒတ္ထိုင်းရွာမြောက်ခြမ်းကိုလည်း နည်းနည်းပစ်သေးတယ်၊ အဓိကကတော့ လက်ပံကျင်းရွာကို ပစ်တာ။ အဲ့ရွာတွေက ကွမ်းစိုက်ပျိုးပြီး အေးအေးချမ်းချမ်းနေတဲ့ ရွာတွေဗျ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာအပစ်ခံရတာ၊ မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာရတယ်လို့ကြားရပေမဲ့ အသေးစိတ် ဘာမှမသိရဘူး" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီလိုပစ်ခတ်မှုဖြစ်ပွားတာကြောင့် မြင်းမူနဲ့အရာတော်မြို့နယ်အစပ်မှာရှိတဲ့ လက်ပံကျင်းရွာအပါအဝင် အနီးနားက သူ‌ဋ္ဌေးကုန်း၊ ဝါကျ၊ ပဒတ္ထိုင်းရွာတွေက ဒေသခံတွေပါ စစ်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ် လက်ပံကျင်းမှာ အစည်းအဝေးပြုလုပ်နေတဲ့ PDF တွေကို စစ်ကောင်စီဘက်က ဝင်ရောက်ဖမ်းဆီး၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အလောင်း (၅) လောင်းနဲ့ လက်နက်ခဲယမ်းတစ်ချို သိမ်းဆည်းရမိတယ်လို့ သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြင်းမူ PDF တပ်ဖွဲ့များ

ဓာတ်ပုံ ရင်းမြစ်, People Defence Force Myinmu

ဓာတ်ပုံ ပုံစာ, မြင်းမူ PDF တပ်ဖွဲ့များ

ဒေသခံတွေ သတင်းပေးချက်အရ အခုလိုသွားရောက်စစ်ဆေးစဥ်မှာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး PDF တွေအခြေချနေထိုင်ခဲ့တဲ့ စခန်းတစ်ခုကိုလည်း ရွာရဲ့ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှာ တွေ့ရှိခဲတယ်လို့ စစ်ကောင်စီသတင်းက ဆိုပါတယ်။

၎င်းကျေးရွာအတွင်းက အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇၃ ဦးတိုအား တွေ့ရှိ ထိန်းသိမ်းခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ကျေးရွာမှာနေထိုင်လျက်ရှိကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု မရှိသူတွေကို ပြန်လွှတ်ပေးသွားမယ်၊ PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

လက်ပံကျင်းရွာနဲ့ နယ်နိမိတ်နီးစပ်တဲ့ အရာတော်မြို့နယ်ကိုလည်း စစ်ကောင်စီဘက် ည ၈နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ထားပြီး အရာတော်မြို့အဝင်အထွက်ကို ဩဂုတ် (၂)ရက်နေ့ကစပြီး စစ်ကောင်စီအဖွဲ့တွေက အစစ်အဆေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုရက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့တွေက အရာတော်မြို့အတွင်း စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး ဆိုင်ကယ်တစ်စီး ၂ယောက် စီးသူတွေကို ဖမ်းဆီးတာ၊ ဆိုင်ကယ် သိမ်းဆည်းသွားတာတွေကိုပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းမူမြို့နယ်ထဲက ပဒတ္ထိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မီးရှို့ခံထားရတဲ့ ရုပ်အလောင်းများ

ဓာတ်ပုံ ရင်းမြစ်, PVTV

ဓာတ်ပုံ ပုံစာ, မြင်းမူမြို့နယ်ထဲက ပဒတ္ထိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတစ်လောင်း

သြဂုတ်လ ၂ ရက်နေ့ ဒေသခံ PDF တွေဆီက သိရတဲ့ သတင်းအရ လက်ပံကျင်းရွာထဲကို ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာကပြန်ထွက်သွားပြီဖြစ်ပြီးတော့ ပိတ်မိနေတဲ့ ရွာသား ၁၀၀နီးပါး အပါအဝင် ရွာစာသင်ကျောင်းမှာ စာသင်နေတဲ့ မူလတန်းကျောင်းသား ၆၀ ပါ ပိတ်မိနေခဲ့ရာက ဩဂုတ် ၂ရက် ညနေမှာတော့ ပြန်လည် လွတ်မြောက်လာကြပြီလို့ သိရပါတယ်။

လူ ၁၂ ဦး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားခဲ့ပြီး အလောင်း ၃ လောင်း လတ်တလော တွေ့ထားတယ်လို့လည်း မြင်းမူပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မူလတန်းကျောင်းသားတွေကို စစ်ကောင်စီတပ်တွေဘက်က ဖမ်းတယ်လို့ ပြောကြသလို ဒေသခံ PDF တွေက ဖမ်းဆီးထားတာဖြစ်တယ်လို့ အပြန်အလှန် စွပ်စွဲမှုတွေရှိပါတယ်။

လက်ပံကျင်းရွာက နေအိမ်အချို့မီးရှို့ခံခဲ့ရပြီး ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ဒေသခံအများအပြား တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မြင်းမူမြို့နယ်ထဲက ပဒတ္ထိုင်းကျေးရွာမှာ စစ်ကြောင်းထိုးခံရပြီးနောက်ပိုင်း ရွာသားတချို့ ရွာကိုပြန်လာချိန်မှာတော့ ချုံတွေကြားမှာ အသတ်ခံထားရတဲ့ လူငယ်တွေ၊ မီးရှို့သတ်ခံထားရတာတွေ၊ ရွာလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ‌အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၃ ယောက်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အသတ်ခံထားရတယ်လို့ ယူဆရတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းတွေအပါအဝင် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်လောက် တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပန်းကျင်းနဲ့ ပဒတ္တိုင်းကျေးရွာတွေဟာ မြင်းမူမြို့နယ်အနောက်မြောက်ဘက်မှာ နီးကပ်စွာတည်ရှိပြီး အဲ့ဒီရွာတွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အရာတော်မြို့ပေါ်မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့ထားတာတွေ့ရတယ်လို့ ဒေသခံတွေဆိုပါတယ်။