စစ်ကိုင်းတိုင်းအတွင်းရွာတချို့မှာစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီး

ဓာတ်ပုံ ရင်းမြစ်, Comrade Pay
စစ်ကိုင်းတိုင်းမှာရှိတဲ့ ပုလဲမြို့နယ်အတွင်းကျေးရွာတွေနဲ့ ဒီပဲယင်းမြို့နယ်အတွင်းကျေးရွာတွေမှာ စစ်ကောင်စီစစ်သားတွေက မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ မြို့နယ်နှစ်ခုက တဆက်တည်းမဟုတ်သလို မီးရှို့သူစစ်သားတွေကလည်း တဖွဲ့တည်းမဟုတ်ပေမဲ့ ဖြစ်စဉ်တွေကတော့ ရှေ့ဆင့်နောက်ဆင့်ဖြစ်ပျက်သွားခဲ့ပါတယ်။
ပုလဲမြို့နယ်အတွင်းနယ်မြေရှင်းလင်းမှု
ပုလဲမြို့နယ် အနောက်တောင်ဘက် ၅ မိုင်အကွာလောက်မှာရှိတဲ့ မွေ့တုံရွာကို စစ်ကောင်စီစစ်တပ်ရဲ့ စစ်သား ၁၀၀ ကျော်လောက်က မီးရှို့ဖျက်ဆီးသွားတဲ့အတွက် ကျေးရွာလူနေအိမ်ခြေ ၂၃၀ လောက် မီးလောင် ပျက်စီးသွားခဲ့ပါတယ်။ မွေ့တုံရွာရဲ့အနောက်ဘက် ၁ မိုင်ကျော်ကျော်လောက် အကွာမှာရှိတဲ့ ပန်းရွာမှာလည်း စစ်တပ်ကမီးရှို့လို့ ရပ်ကွက် ၂ ခုမီးလောင်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မြိုင်မြို့ကလာတဲ့စစ်ကြောင်း
ဇန်နဝါရီလ ၃၁ ရက် မနက် ၇ နာရီလောက်မှာ မကွေးတိုင်းမြိုင်မြို့နယ် ညောင်သာကျေးရွာက စစ်သားအယောက် ၁၀၀ လောက်ဟာ ပုလဲမြို့နယ်ဘက်ထွက်ခွာသွားပါတယ်။ လမ်းခရီးဘယ်ရွာမှာမှ မနားဘဲ တောက်လျှောက်ချီတက်သွားပြီး မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ပုလဲမြို့နယ် မွေ့တုံရွာရဲ့ အနောက်ဘက်နားကို ရောက်လာပါတယ်။ မွေ့တုံရွာဟာ ပုလဲမြို့ရဲအနောက်တောင်ဘက် ၅ မိုင်အကွာမှာရှိပါတယ်။ စစ်သားတွေရဲ့လမ်းကြောင်းဟာ မွေ့တုံရွာဆီဦးတိုက်လာတာမဟုတ်ဘဲ ရွာအနောက်ဘက်ကို ရောက်သွားကြတဲ့အတွက် မွေ့တုံရွာဘက်ကို မလာလောက်တော့ဘူးလို့ ရွာသားတွေက ထင်မှတ်ထားပေမဲ့ စစ်သား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ရုတ်တရက်လမ်းကြောင်းပြောင်းပြီး မွေ့တုံရွာဘက်ကို ကွေ့ဝင်လာပါတယ်။ စစ်သားတွေ ကွေ့ဝင်လာပြီဆိုတာကိုသိတော့မှ ကမန်းကတန်းထွက်ပြေးကြရတဲ့အတွက် ရွာသားတချို့ဟာ အဖိုးတန်ပစ္စည်းကိုတောင် ယူချိန်မရဘဲ လူချည်းသက်သက် ကိုယ်လွတ်ရုန်းခဲ့ကြရတယ်လို့ အခုအခါ ထွက်ပြေးတိမ်းရှောင်နေရသူ ရွာသားတဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Comrade Pay
ရွာကိုမီးရှို့
စစ်သားတွေဟာ စာသင်ကျောင်းမှာ စခန်းချပြီး တအိမ်တက်ဆင်းမွှေနှောက်ရှာဖွေခဲ့တယ်လို့လည်း ဆိုပါတယ်။ ရွာသားတွေဟာ ပစ္စည်းသိမ်းဆည်းဖို့ အချိန်မရခဲ့တဲ့အတွက် ကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို စစ်တပ်ကရှာဖွေသိမ်းဆည်းသွားတယ်လို့လည်း တခြားရွာသားတဦးကဆိုပါတယ်။
တနေကုန် စိတ်ကြိုက်ရှာဖွေပြီး ည ၇ နာရီခွဲအချိန်လောက်မှာ ရွာထဲကအိမ်တွေကို ဓာတ်ဆီလောင်းမီးရှို့သွားခဲ့တယ်လို့ဆိုပါတယ်။ ရွာထဲမှာ ဆိုင်ကယ်တွေအတွက် ဓာတ်ဆီရောင်းတဲ့ဆိုင်က ဓာတ်ဆီကိုယူပြီး မီးရှို့သွားတာလို့ အနီးနားရွာသားတဦးကဆိုပါတယ်။ ရွာကို ကြက်ခြေခတ်သဏ္ဌာန် ဓာတ်ဆီလောင်းမီးရှို့သွားတဲ့အတွက် အဲဒါဟာ ရွာလုံးကျွတ်လောင်အောင် မီးရှို့တဲ့စနစ်ဖြစ်ပုံရတယ်လို့လည်း အဲဒီရွာသားကဆိုပါတယ်။ ည ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ လောင်စရာကုန်သွားတော့မှ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
“ရွာကိုမီးရှို့နေတာကို ရွာသားတွေမြင်နေရပေမဲ့ ကြည့်နေရတာပါပဲဗျာ။ ကိုယ့်အိမ်မီးလောင်လို့လည်း ပြန်သွားပြီး မငြှိမ်းရဲကြပါဘူး။ မနက်လင်းလို့ သွားကြည့်တော့ ရွာမှာရှိတဲ့ အိမ်ခြေ ၂၃၀ လောက်မီးလောင်သွားတာပါပဲ။ တရွာလုံးနည်းပါးပါပဲ။ ဘုန်းကြီးကျောင်းနဲ့ အနီးအနားက အိမ် ၅ လုံး ၆ လုံးမီးမလောင်ဘဲကျန်ခဲ့တယ်။ ရွာအနောက်တောင်ဘက်မှာရှိတဲ့ အိမ် ၃ လုံးလည်း မီးမလောင်ဘဲ ကျန်ခဲ့တယ်။ အဲဒါပဲကျန်တယ်ဗျ။ နွားတွေ၊ ဝက်တွေလည်း ခေါ်သွားချိန်မရတော့ ရွာထဲကျန်ခဲ့ပြီး မီးလောင်သေကုန်ကြတာပါပဲ။ ကျွန်တော်တို့နယ်က ကျွဲတော့မမွေးကြဘူးဗျ။ နွားတွေသေကုန်တယ်။ နွားတွေဆို တန်ကြေးက နည်းတာမဟုတ်ဘူးဗျ။ တော်တော်ဆိုးပါတယ်ဗျာ။”

ဓာတ်ပုံ ရင်းမြစ်, ရဲဘော်ပေ
မနက်ခင်းမှာ ရွာထဲကိုသွားကြည့်ခဲ့တဲ့ ဒေသခံပြောက်ကျားတဦးဖြစ်တဲ့ ရဲဘော်ပေ (ရဲဘော်ကိုပေ)ပြောပြတာဖြစ်ပါတယ်။ အချိန်မီမပြေးလွှားနိုင်လို့ ရွာထဲမှာ ကျန်ခဲ့တဲ့သူတွေက အဖြစ်အပျက်အလုံးစုံကို အသေးစိတ်သိမြင်ပြီးပြန်ပြောပြပါတယ်။ မပြေးနိုင်လို့ ရွာထဲမှာ ကျန်ခဲ့သူတွေထဲမှာ အသက်အရွယ်အတော်ကြီးရင့်နေတဲ့အဖွားအိုတယောက်လည်း ပါပါတယ်။ မနက်ခင်းမှာ ရွာကို သွားကြည့်တဲ့ ရဲဘော်ပေ ကို အဖွားအိုတယောက်က သူ့အဖြစ်အပျက်ပြန်ပြောပြပါတယ်။
“အဖွားကြီးကပြန်ပြောပြတာဗျ။ ကျွန်တော်တို့ ဆယ်ယောက်လောက်ဝိုင်းနားထောင်ရင်း ကြားခဲ့ကြရတာ။ အဖွားကြီးက စစ်သားတယောက်နဲ့တွေ့တယ်တဲ့။ စစ်သားက အဖွားဘာလို့မပြေးတာလဲလို့မေးတော့ အဖွားမပြေးနိုင်လို့ပါလို့ ပြန်ဖြေတယ်တဲ့ဗျ။ အဲဒါနဲ့ အဲဒီစစ်သားက အဖွားကြီးကို ကုန်းပိုးပြီး ကျောင်းပို့သွားတယ်။ ကုန်းပိုးပြီးထမ်းလာရင်းပြောတယ်တဲ့။ အဖွားကံကောင်းလို့ကျုပ်နဲ့တွေ့တာ၊ ကျုပ်နဲ့သာမတွေ့ရင် ခင်ဗျားကို အသေသတ်မှာလို့ပြောတယ်တဲ့။ ကျုပ်တို့လည်း အထက်ကအမိန့်ပေးလို့ ဒီရွာကို မီးရှို့ဆိုလို့ လာရှို့ရတာလို့ ပြောတယ်တဲ့ဗျ။”
မွေ့တုံရွာဟာ မြိုင်နဲ့ပုလဲမြို့နယ်နှစ်ခုကြားဖြတ်စီးနေတဲ့ နာမည်ကျော်ယမားချောင်းကြီးရဲ့မြောက်ဘက်ကမ်းပေါ်က လှပတဲ့ရွာကလေးဖြစ်ပါတယ်။ အခုတော့လှပတယ်ဆိုတဲ့ရွာကလေးဟာ ပြာပုံနဲ့မီးသွေးတို့စုဝေးရာ စစ်ဘေးသင့်မီးလောင်ရွာဖြစ်သွားခဲ့ပါပြီ။
မွေ့တုံရွာကို ဘာ့ကြောင့်မီးရှို့သလဲဆိုတာ ရွာသားတွေလည်း သေသေချာချာမသိပါဘူး။ ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းခွဲတာလည်းမရှိပါဘဲလျက် စစ်တပ်သွားနေတဲ့လမ်းကြောင်းပေါ်က ဖဲ့ထွက်ပြီး မီးလာရှို့သွားတာလို့ဆိုပါတယ်။
မွေ့တုံရွာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တက်ကြွတဲ့ကျေးရွာလို့ ဒေသတွင်းမှာ လူသိများပါတယ်။ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှာ လုပ်တဲ့ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးသူတွေကို မွေ့တုံရွာက ရွာထဲအဝင်မခံခဲ့ပါဘူး။ အဲဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ရွာသားတချို့ကို ကြံ့ခိုင်ရေးပါတီက တရားစွဲဆိုခဲ့ဖူးပါတယ်။ အဲသလိုတက်ကြွတဲ့ရွာဖြစ်တဲ့အတွက် အငြိုးထားမီးရှို့တာ ဖြစ်ချင်ဖြစ်နိုင်တယ်လို့ ရွာသားတဦးကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရဲဘော်ပေ
ပန်းရွာကိုလည်းမီးရှို့
စစ်ကောင်စီစစ်သားတွေဟာ မွေ့တုံရွာကို မီးရှို့ပြီးအနောက်ဘက် ၁ မိုင်ကျော်လောက်မှာရှိတဲ့ ပန်းရွာဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ အင်မထီးနဲ့တောရွာကြားမှာ ရဟတ်ယာဉ်နဲ့လာချသွားတဲ့ စစ်သားတချို့ဟာ မွေ့တုံရွာမီးရှို့ပြီးထွက်ခွာလာတဲ့ စစ်သားတွေနဲ့သွားရောက်ပူးပေါင်းလိုက်ကြတယ်လို့ နယ်မြေအတွင်းမှာရှိတဲ့ ဒေသခံလက်နက်ကိုင်ပြောက်ကျားအဖွဲ့တဖွဲ့ကပြောပါတယ်။
ပန်းရွာကို ဆက်လက်မီးရှို့တယ်လို့ ပန်းရွာအနီးနားရွာသားတယောက်က အခုလိုပြန်ပြောပြပါတယ်။
“ပန်းရွာကိုတော့ ကိုယ်တိုင်သွားမကြည့်နိုင်လို့ အိမ်ဘယ်နှလုံးမီးလောင်တယ်ဆိုတာ သေသေချာချာ မပြောတတ်ဘူး။ မွေ့တုံလောက်တော့ မများဘူးလို့ ပန်းရွာကသူငယ်ချင်းကပြောတာပဲ။ ပန်းရွာကရွာကြီးဗျ။ ပန်းရွာမှာ အောက်ကျင်း၊ ကုန်းပေါ်၊ ပျော်ဘွယ်၊ ညောင်ပင်တို ရပ်ကွက်တွေလို့ ခေါ်ကြတဲ့အထဲမှာ အောက်ကျင်းနဲ့ ကုန်းပေါ်ရပ်ကွက်မီးလောင်သွားတယ်လို့လည်း ပြောကြတယ်။ ည ၁ နာရီထိုးလောက်မှာမီးရှို့တာ။ မီးရှို့ပြီး တော်တော်ကြာတော့ စစ်သားတွေပြန်သွားပြီထင်လို့ မီးငြှိမ်းဖို့သွားတဲ့ရွာသားတွေကိုလည်း သေနတ်နဲ့လိုက်ပစ်လို့ ထွက်ပြေးကြရသေးတယ်ပြောတယ်။ လူသေတာတော့ မကြားမိဘူး။”
အဲဒီနောက် စစ်တပ်ဟာ တနယ်ကျေးရွာကို ဆက်သွားပြီး အဲဒီရွာမှာ ညအိပ်စခန်းချတယ်လို့ဆိုပါတယ်။
ပုလဲမြို့နယ် အနောက်ခြမ်းမွှေနှောက်မီးရှို့မှုကြောင့် မွေ့တုံ၊ ပန်းရွာ၊ မင်းရွာ၊ ကန်ပေါက်၊ တနယ်ကျေးရွာဆိုတဲ့ အနည်းဆုံးရွာပေါင်း ၅ ရွာကရွာသားတွေ စစ်တပ်ဘေးတိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ အခုအခါ ပန်းရွာသားတချို့ ကိုယ့်အိမ်ကိုယ်ပြန်လာကြပေမဲ့ မွေ့တုံရွာသားတွေကတော့ ပြန်စရာအိမ်မရှိတော့လို့ ရွာနီးချုပ်စပ်မှာ တဲထိုးနေကြရတယ်လို့ဆိုပါတယ်။
မွေ့တုံရွာအပါအဝင် ပုလဲမြို့နယ်ထဲက အခြားရွာတွေမီးရှို့ခံရတာကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမတွေ့ရပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ပုလဲမြို့နယ် အင်မထီး ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို PDF တွေချဥ်းကပ်လာခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကာ ရွာကို PDF တွေမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ မီးလောင်မှုကြောင့် နေအိမ် အလုံး ၂၀၀ ခန့် မီးလောင်ခဲ့ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ဝန်ကြီးချုပ်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်မှူးတို့ ရွာကိုရောက်လာပြီး လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီပဲယင်းအနောက်ခြမ်းနယ်မြေရှင်းလင်းစစ်ဆင်ရေး
ရေဦးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ကြောင်းဟာ လွန်ခဲ့တဲ့ ၄ ရက်က ဒီပဲယင်းမြို့နယ်ထဲ ရောက်လာခဲ့ပါတယ်။ ပထမဆုံးရောက်လာတဲ့ညက ဒီပဲယင်းမြို့ပေါ်မှာ စခန်းချညအိပ်ပါတယ်။ နောက်တနေ့မနက်မှာ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီစစ်သားတွေ စတင်ထွက်ခွာလာပါတယ်။ ဒီပဲယင်းအနောက်ဘက်ခြမ်းမှာရှိတဲ့ မဲသည်၊ အင်းတန်း၊ သပြေသာ၊ ဝပါရွာတွေဘက်ကို ဦးတည်ထွက်ခွာလာတာပါ။
သပြေသာ၊ ဝပါရွာတွေကို မီးရှို့
သပြေသာ၊ဝပါရွာတွေကို မရောက်ခင်မှာ စစ်ကောင်စီစစ်သားတွေ မိုင်းဆွဲတိုက်ခိုက်တာခံရပါတယ်။ ထိခိုက်ဒဏ်ရာရမှုရှိကြောင်းသိရပေမဲ့ သေဆုံးမှုရှိမရှိမသိရဘူးလို့ ဒေသခံရွာသားတွေကဆိုပါတယ်။ ဝပါရွာကို ရောက်တော့ စစ်တပ်က အိမ် ၇ လုံးကိုမီးရှို့ဖျက်ဆီးပါတယ်။
ရွာသားတွေက စစ်တပ်ရောက်မလာခင်ကတည်းက ရွာကိုစွန့်ခွာထွက်ပြေးကြပါတယ်။ ဝပါရွာမှာ အိမ် ၇ လုံးကိုမီးရှို့ဖျက်ဆီးပြီး အဲဒီရွာမှာပဲ စစ်တပ်က ညအိပ်တယ်လို့ ဒေသခံရွာသားတယောက်ကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ငဝဲတောရွာကိုဆက်လက်မီးရှို့
ဝပါရွာမှာညအိပ်ပြီး နောက်တနေ့မနက်ခင်းမှာ မှန်သာရွာကိုရောက်ပါတယ်။ မှန်သာရွာကိုမီးမရှို့ဘဲ ဆက်လက်ထွက်ခွာလာရာမှာ လမ်းမှာ မိုင်းဆွဲခံရပါတယ်။ စစ်ကောင်စီစစ်သားတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံပြောက်ကျားတော်လှန်ရေးသမားတဦးကဆိုပါတယ်။ ဒါပေမဲ့ငဝဲတောရွာကိုဝင်ရောက်ပြီး စပါးကျီတွေ အပါအဝင်အိမ် ၅ လုံးကိုစစ်တပ်က မီးရှို့သွားခဲ့ပါတယ်။
ငဝဲတောကနေ အိုင်ပေါက်တောရွာ၊ အုန်းခြံသာအေးရွာတွေကို ဖြတ်လာရာမှာ ရွာကို ဘာမှဒုက္ခမပေးဘဲ အေးအေးဆေးဆေး ဖြတ်ကျော်သွားခဲ့ပါတယ်။ စစ်တပ်ဖြတ်သွားရာလမ်းကြောင်းတလျှောက်မှာ ရွာသားတွေကတော့ ရွာကို အခွံချည်းသက်သက်ထားပြီး တိမ်းရှောင်ထွက်ပြေးကြတာချည်းဖြစ်ပါတယ်။ အုန်းခြံသာအေးရွာက ထွက်ခွာလာပြီးနောက် အင်ဘုတ်ရွာမှာ ၂ နာရီ ၃ နာရီကြာအောင် ရပ်နားစခန်းချသွားခဲ့ပါတယ်။ အင်ဘုတ်ရွာကို စစ်တပ်က ရဟတ်ယာဉ်နဲ့ စစ်သားတွေချပြီး တိုက်ခိုက်ခဲ့ဖူးတာ နှစ်ကြိမ်ရှိပါပြီ။ အကြိမ်ကြိမ်ဝင်ရောက်နှောက်ယှက်ခဲ့ဖူးတဲ့ရွာဖြစ်လို့ မီးရှို့လိမ့်မယ်ထင်ပေမဲ့ ရှို့မသွားဘူးလို့ ဒေသခံပြောက်ကျားတော်လှန်ရေးသမားကဆိုပါတယ်။
အင်ဘုတ်ရွာက ထွက်ခွာပြီးနောက် စစ်တပ်ကို အကူအညီပေးနေကျ အင်ဘုတ်တောရဘုန်းကြီးကျောင်းမှာ ဝင်ရောက်ရပ်နားပါတယ်။ အဲဒီနောက် ဒီပဲယင်းအနောက်ခြမ်းကငူကိုဖြတ်ပြီး စစ်ဘေးဒုက္ခသည်တွေခိုအောင်းနေကျ ဖြစ်တဲ့တောအုပ်ထဲကို ဝင်ရောက်ပါတယ်။
“အဲဒီနောက်တောအုပ်ကထွက်ပြီး အိုးထမင်းရွာရဲ့အနောက်ဘက် တမိုင်ကျော်ကျော်လောက်မှာ သူတို့ညအိပ်ပါတယ်။ အဲဒီကတဲထဲမှာ သူတို့ညအိပ်တာပါ။ အဲဒီမှာညအိပ်တယ်လို့ သတင်းရတဲ့အတွက် ကျွန်တော်တို့က ရှော့တိုက်ဒုံးနဲ့ ၃ ချက်ပစ်ပါသေးတယ်။ သူတို့ကပြန်မပစ်ပါဘူး။ မတုံ့ပြန်ဘဲအသာငြိမ်နေပါတယ်။ အဲဒီတော့ သူတို့မရှိဘူးထင်လို့ ဆက်မတိုက်တော့ပါဘူး။ တကယ်တန်းကသူတို့အဲဒီမှာရှိပါတယ်။ နောက်နေ့ မနက် ၈ နာရီလောက်ကျ အဲဒီတဲထဲကနေပဲ သူတို့ထွက်လာတာတွေ့ရပါတယ်။”လို့ဒေသခံပြောက်ကျားတော်လှန်ရေးသမားကဆိုပါတယ်။ မနက် ၈ နာရီမှာ စစ်ကောင်စီတပ်သားတွေထွက်ခွာလာပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တနေ့လုံးမရပ်မနားဘဲ ဘုတလင်မြို့နယ်ထဲအထိ ဆက်လက်ထွက်ခွာသွားပါတယ်။
ဒီပဲယင်းအနောက်ခြမ်းဖြစ်စဉ်တွေမှာတော့ စစ်တပ်ဟာ သူတို့ကိုမိုင်းဆွဲခံရရင် အနီးအနားကျေးရွာတွေကို မီးရှို့တတ်ကြောင်းတွေ့ရပါတယ်။ အဲဒီရွာမှာ ဒေသခံပြောက်ကျားတွေရှိကြောင်း သတင်းရလို့မဟုတ်ဘဲ ကျေးရွာတွေကို ဖိအားပေးတဲ့သဘောဖြစ်မယ်ထင်တယ်လို့ ဒေသခံပြောက်ကျားတော်လှန်ရေးသမားကဆိုပါတယ်။
အင်ဘုတ်ရွာအတွင်းမှာတော့ စစ်ကောင်စီစစ်သားတွေက စာတစောင်ရေးသားချန်ရစ်ခဲ့ပါတယ်။ အဲဒီစာထဲမှာ သူတို့ကို ဆက်သွယ်ရန်ဖုန်းနံပါတ်ပေးထားပြီး နောက်တခါသူတို့လာရင်ထွက်မပြေးကြဘဲ ရွာမှာပဲနေကြပါလို့ ရေးသားထားကြောင်း ရွာသားတဦးကပြောပါတယ်။ သူတို့စာရေးသားထားသလို ရွာမှာပဲ ထွက်မပြေးဘဲနေထိုင်ကြမလားလို့မေးတဲ့အခါ အဲဒီရွာသားက အခုလိုဖြေပါတယ်။
“ပြေးတော့ဘယ်ပြေးချင်ပါ့မလဲဗျာ။ ပြေးရရှောင်ရတာလည်းလွယ်တာမှတ်လို့။ ဒါပေမဲ့ သူတို့ပြောတာကိုယုံပြီး ဘယ်သူကနေရဲမှာတဲ့လဲ။ အရင်ကလည်း သူတို့ဘယ်လိုလုပ်တယ်ဆိုတာ အားလုံးကသိနေကြတာပဲဗျာ။”








