ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး ဘယ်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ချင်တွင်းမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဝင်စီးပြီးနေရာယူထားစဉ်က ကြုံခဲ့ရတဲ့ အဖြစ်တွေကို ဒေသခံရွာသားတွေက ဘီဘီစီကို ပြောပြကြပါတယ်။
"လူတွေကို သေနတ်တွေနဲ့ လည်ပင်းကိုထောက်၊ ပါသမျှရွှေငွေပစ္စည်းအကုန်ယူ၊ တရွာလုံးက ယောက်ျားသားတွေဆိုရင်ကြီးကြီးငယ်ငယ် အကုန်ဖမ်း၊ လက်ပြန်ကြိုးနဲ့တုပ်၊ နှိပ်စက် ရိုက်နှက်ပြီး နဂါး ဘယ်မှာတုန်းချည်းပဲ မေးတာ" လို့ ဒေသခံတယောက်က ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ လေကြောင်းကကော၊ မြေပြင် တပ်ကော သုံးပြီး ဦးနှောက်ရွာကို စီးနင်းခဲ့ကြတာပါ။
ရဟတ်ယာဉ် ၄ စင်းနဲ့ လေကြောင်းက ပစ်ခတ်ကာရွာနားကို ရောက်လာပြီး စစ်သား တွေကို ချတယ်၊ နောက်ပြီး ရွာထဲကို လက်နက်ကြီး တွေနဲ့ ပစ်ပြီးဝင်လာကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဦးနှောက်ရွာနဲ့ သိပ်မဝေးတဲ့ စခန်းတခုကနေလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဗိုလ်နဂါးနဲ့ တခြားဒေသခံ PDF ခေါင်းဆောင်တွေ ရွာမှာအစည်းအဝေး လုပ်နေတယ် ဆိုတဲ့ ယူဆချက်နဲ့လာပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲဒီရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာသားတွေအပေါ် နှိပ်စက်ကြပုံ တွေကို မျက်မြင်ဒေသခံတယောက်က ပြောပြရာမှာ "လူငယ်လေးတွေဆိုရင် ဓားတွေနဲ့ လှီး၊ ကတ်ကျေးနဲ့ထိုး၊ နောက်ပြီး ရိုက်နှက်၊ အဲ့လို ရက်ရက်စက်စက် လုပ်တာ" လို့ ဆိုပါတယ်။
အဲဒီလို ဇန်နဝါရီလ ၁၀ ရက်နေ့က ဦးနှောက်ရွာဝင်စီးခံရပြီးတဲ့ နောက်တရက်မှာပဲ ဒေသ အတွင်းမှာ PDF ခေါင်းဆောင်အဖြစ် နာမည်ကျော်နေတဲ့ ဗိုလ်နဂါး ကိုယ်တိုင် ပြောထားတဲ့ ဗီဒီယို ဖိုင်တခု အွန်လိုင်းမှာပျံ့ခဲ့ပါတယ်။ အဲဒီထဲမှာ သူက သူအဲဒီရွာ တွေ ဘက်မှာမရှိဘဲ "ဘေးလွတ်ရာမှာ ရှိနေပြီ"လို့ သတင်းပါးထားပါတယ်။
ရုတ်တရက် ရဟတ်ယာဉ်သံတွေ၊ လေကြောင်းက ပစ်ခတ်တာတွေ၊ လက်နက်ကြီး သံတွေ၊ သေနတ်သံတွေနဲ့ အတူရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ရွာသူရွာသား တွေက ကြောက်လန့်တကြားနဲ့ ရွာထဲကနေထွက်ပြေးလိုကြပေမယ့် ရွာထဲမှာပဲ အများစုက ပိတ်မိ သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲကနေ မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထွက်သွားကြပြီ ဖြစ်ပေမယ့် အခုအချိန်မှာ ရွာလုံးကျွတ်တိမ်းရှောင်နေကြတဲ့ ရွာသူရွာသားတွေဟာ သူတို့ရွာ၊ သူတို့အိမ်တွေကို မပြန်ရဲကြသေးပါဘူး။ ရွာနားက သူတို့အခေါ် ကန်ဒေါင် ဘက်က စခန်းကနေ စစ်ကောင်စီ တပ်တွေ ပြန်လာမှာကို စိုးရိမ်ကြဆဲပါ။
စစ်ကိုင်းတိုင်းထဲကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အင်အားအများအပြားသုံးကာ စစ်ဆင်ရေးလုပ်နေပေမယ့် ဒေသခံတွေရဲ့ လက်နက် ကိုင် ခုခံတော်လှန်မှုတွေကို ငြိမ်သက်သွားအောင် မလုပ်နိုင်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီဘက်ကတော့ ပုလဲ PDF တပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အကြောင်း ဗိုလ်နဂါးကို လိုက်လံရှာဖွေတဲ့ အကြောင်းကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီဒေသဘက်ကို ဦးစီး စစ်ဆင်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းမှူး အပြောင်းအလဲတောင် စစ်ကောင်စီဘက်က လုပ်ထားနေရတဲ့ အခြေအနေပါ။
ဒါပေမဲ့ လေကြောင်းကနေပါ တိုက်ခိုက်စစ်ဆင်နေတဲ့အပြင် ဒေသခံ ရွာသူ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေက ဆက်ဖြစ်နေဆဲပါ။
"ရွာနားမှာ မိုင်းကွဲရင် နင်တို့ရွာ တရွာလုံး မီးနဲ့တိုက်ပစ်မယ်"လို့ လည်း ဦးနှောက်ရွာ မှာ ခြိမ်းခြာက်သွားတဲ့အကြောင်း ဒေသခံက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်ကာလက တောင်သူလုပ်၊ တချို့ကလည်း ဖားကန့်ဘက်သွားပြီး ကျောက်ရှာ ၊ ဒီလို ရိုးရိုးတန်းတန်း ဘဝတွေနဲ့ နေတတ်ကြတဲ့ ရွာသူရွာသားတွေဟာ စစ်ကောင်စီရဲ့ အခုလို ရက်စက်ဖိနှိပ်တဲ့ လုပ်ဆောင်ချက်တွေကို လောလော လတ်လတ် ကိုယ်တိုင်ကြုံနေကြရတဲ့နောက် စစ်တပ်အပေါ် "စိတ်နာတယ်"လို့ ဆိုကြပါတယ်။
ဦးနှောက်ရွာမှာ စစ်ကောင်စီတပ်တွေက ရွာသားတွေကို သတ်ဖြတ်တာတွေလည်း ရှိခဲ့ပြီး "အလောင်းတွေကို မီးရှို့ထားခဲ့တယ်" ဆိုတဲ့ သတင်းတွေကို ဒေသခံတွေက ရထားကြပေမယ့် သူတို့ကိုယ်တိုင် ရွာထဲကို မပြန်နိုင်သေးတဲ့ အခြေအနေကြောင့် အသေအချာ မသိရသေး သလို၊ ကွဲနေကြတဲ့ မိသားစုတွေ ပြန်မဆုံနိုင်ကြသေး တာကြောင့် သူတို့ မိသားစုဝင်တွေ ဘယ်လိုအခြေအနေနဲ့ ကြုံခဲ့ရလဲဆိုတာတွေကို လည်း ရေရေရာရာ မသိနိုင်ကြသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်း၊ ဦးနှောက်ရွာ စီးနင်း နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြန်တာမရှိသေးသလို၊ အရင်တုန်းက အခြားဒေသမှာ ဖြစ်ခဲ့တဲ့ အလားတူဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီးလည်း ဝန်ခံပြောကြားတာမျိုး တခါမျှ မရှိခဲ့ပါဘူး။








