ဒုန်းတော မီးလောင်ရုပ်အလောင်းများနဲ့ မျက်မြင်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ဟာ မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာအတွက် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ ဖြစ်ပါတယ်။
"ကျွန်မက ကြောက်လွန်းလို့ အဲဒီကွင်းထဲမှာ ဝပ်နေရင်း တုန်ယင်နေခဲ့တယ်။ ဘုရားစာတွေလည်းရွတ်ပေါ့။ အဲဒီအချိန်မှာ စစ်သားတွေက သေနတ်တွေပစ်နေတယ်။ ဆဲဆိုပြီး မင်းတို့လားကွ နိုင်ငံတော်ကို တော်လှန်နေတာ ဆိုပြီး ဖမ်းထားတဲ့ ကလေးတွေကို တအား ကန်ကျောက်နေတာကိုလည်း ကြားနေရတယ်။"
အဲဒီ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကြမ္မာဆိုးနဲ့ ကြုံကြရတော့မယ့် ဒုန်းတောရွာက လူငယ်၁၀ ယောက်ရဲ့ နောက်ဆုံးအချိန်ကို လယ်ကွင်းတစ်ခုပဲ ခြားတဲ့နေရာကနေ ပုန်းနေရင်း ဒေါ်ဝင်းနွယ်* (အမည်လွှဲ)က တွေ့မြင်လိုက်ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်ဆန့်ကျင်ရေးကို အစောဆုံးစခဲ့တဲ့ဒေသထဲ ပါဝင်ပါတယ်။ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းလာလို့ စစ်ကောင်စီက စစ်ဆင်ရေးအမည်တွေတပ်ပြီး စစ်အင်အား အလုံးအရင်းအပြင် လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေပါ လုပ်နေတာပါ။
ဒါ့ကြောင့်လည်း ကနီဒေသအပါအဝင် စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ လူသိထင်ရှားဖြစ်ရပ်တွေအဖြစ် ထွက်ပေါ်လာပါတယ်။
ဒီသတင်းဆောင်းပါးမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်းကို ရေးသားဖော်ပြထားရတာမို့ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာတွေ ပါ၀င်တယ်ဆိုတာကို သတိပေးပါရစေ။

ဓာတ်ပုံ ရင်းမြစ်, CJ
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေရှိခဲ့တဲ့ ကနီဒေသ ပြီးရင်တော့ ၂၀၂၁ ဒီဇင်ဘာ ၇ ရက်မှာ ဆားလင်းကြီးနယ်ထဲက ဒုန်းတောရွာဟာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း(၁၀)ကြောင့် ကြေကွဲဖွယ်ရာဖြစ်ရပ်နဲ့ ကမ္ဘာကျော်သွားတဲ့ရွာ ဖြစ်ခဲ့ပါတယ်။
လူဦးရေ ၇၀၀ နီးပါးနေထိုင်တဲ့ အဲဒီရွာလေးဟာ ဆားလင်းကြီးမြို့နဲ့ ၁၀မိုင်ခန့် ဝေးပါတယ်။ ဒုန်းတောရွာဟာ ယမားချောင်းဘေးမှာရှိပြီး တောင်ယမားဘက်မှာလို့ ပြောကြပါတယ်။
ဒုန်းတောရွာဟာ မုံရွာတစ်ဖက်ကမ်းက ပုသိမ်- မုံရွာလမ်းမကြီးဘေးက ကျေးရွာဖြစ်ပြီးတော့ တရုတ်စီမံကိန်းကြောင့် ကမ္ဘာသိထင်ရှားတဲ့ စံပယ်တောင် ကြေးနီစီမံကိန်းရှေ့က ရွာလည်း ဖြစ်ပါတယ်။ ဒုန်းတောရွာ အနီးမှာ ရဲတပ်ရင်းတစ်ခု ရှိသလို စစ်ကောင်စီတပ်တွေ စခန်းအထိုင်ချတဲ့ ပုသိမ်-မုံရွာလမ်းဆုံနဲ့ မလှမ်းမကမ်းမှာလည်း ရှိပါတယ်။
အဲဒီနေ့က ချင်းတွင်းမြစ်အနောက်ဘက် ရွှေတောင်ဦးကုန်းပေါ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒုန်းတောရွာထဲကို သေနတ်တွေ လက်နက်ကြီးတွေ ပစ်ဖောက်ပြီး ဝင်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာတဲ့ဘက်ဟာ ရွာရဲ့ အရှေ့ဘက်ကနေဖြစ်ပါတယ်။ သေနတ်သံတွေ အဆက်မပြတ်ကြားနေလို့ ရွာအရှေ့ဘက်မှာရှိနေတဲ့ ကွမ်းခြံ၊ ပဲခင်းနဲ့ ကြက်သွန်ခင်းတွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံ အမျိုးသားတွေ အပါအဝင် အမျိုးသမီးတွေလည်း ထွက်ပြေးကြရပါတယ်။
တချို့က မပြေးနိုင်လို့ နီးစပ်ရာ ဝင်ပုန်းနေကြသလို တချို့ကလည်း စစ်တပ် အရင်ကလည်း ဒီလို ၂ကြိမ်လောက် ရွာထဲဝင်ဖူးလို့ ဘာမှမလုပ်တန်ဘူးအထင်နဲ့ ဆက်မပြေးသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဒုန်းတောရွာကိုဝင်ကြတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မျိုးစုံသောပြောဆိုမှုတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီကမေးမြန်းလို့ရတဲ့ လူ(၁၀)ဦး ခန့်ထဲမှာ တူညီမှုအများဆုံးအချက်ကတော့ ရွာထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ဝင်ရောက်လာတာလို့ ပြောကြပါတယ်။
ဒါပေမဲ့ ဘီဘီစီကမေးမြန်းခွင့်ရတဲ့ ဒုန်းတောဒေသခံ ၇ ဦးလောက်ကတော့ သူတို့ရွာမှာ ဒေသမတည်ငြိမ်မှုကြောင့် ညကင်းပုံစံထားတဲ့ လက်နက်မဲ့ ပရဟိတရပ်ရွာလုံခြုံရေးအဖွဲ့ပဲ ရှိတယ်လို့ တုံ့ပြန်ပါတယ်။
ကိုရီးယားသွားမယ့် ကိုထက်ကိုဝင်း ရဲ့ လူ့ဘ၀၂၂နှစ်တာ
ဘွဲ့ရရင် ကိုရီးယားကိုသွားပြီး ပိုက်ဆံရှာမယ့်ဆိုတဲ့ ညီအငယ်ဆုံးကို သေနတ်ဒဏ်ရာတွေ၊ မီးလောင်ကျွမ်းနေတဲ့ အခြေအနေနဲ့ မြင်တွေ့လိုက်ရတဲ့အချိန်မှာ ရင်ဘတ်ထဲ မီးစနဲ့ ထိုးသလို ပူလာပြီး ဆို့တက်လာတယ်လို့ ဒုန်းတောဖြစ်စဉ်မှာ သေဆုံးခဲ့ရသူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုထက်ကိုဝင်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ကိုထက်ကိုဝင်းဟာ အသတ်ခံရပြီး မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်း ၁၀လောင်းထဲက တစ်ဦးပါ။

ဒီဇင်ဘာ ၇ရက် မနက်အစောပိုင်းမှာ ယမားချောင်းမြောက်ဘက်ကနေ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီလို့ သတိပေးသံကြားတာနဲ့ ကိုထက်ကိုဝင်းတို့ တစ်မိသားစုလုံး အပါအဝင် ဒုန်းတောတစ်ရွာလုံး ခြေဦးတည့်ရာ ပြေးခဲ့ကြပါတယ်။
ဆက်သွယ်လို့မရ
အိမ်မှာမရှိတဲ့ ကိုထက်ကိုဝင်းကတော့ မိသားစုတွေနဲ့အတူ ပြေးတဲ့အထဲ မပါခဲ့ပါဘူး။ မိသားစုတွေကလည်း အိမ်မှာ မရှိဘဲ ရွာအရှေ့ဘက်ကို ထွက်သွားတဲ့ ညီအငယ်ဆုံးလည်း လွတ်ရာပြေးနေမယ်လို့ ထင်ခဲ့ကြပါတယ်။ ဘေးလွတ်ရာရောက်လို့ ညီလေးရဲ့ ဖုန်းကို မိသားစုဝင်တွေက ဆက်တိုက်ခေါ်ခဲ့ပေမဲ့ စက်ပိတ်ထားတယ်လို့ပဲ ပြန်ဖြေနေလို့ မိသားစုတွေ စိတ်ပူခဲ့ကြပါသေးတယ်။
နေ့လယ် ၁၂နာရီကျော်လောက်မှာတော့ ဘေးရွာကနေ ဒုန်းတောဘက်မှာ မီးလောင်နေတာတွေ့တယ်လို့ ဖုန်းဆက်လာတဲ့အထိ အိမ်ဝိုင်းတွေ မီးရှို့ခံရတာပဲလို့ တွေးနေမိခဲ့ကြတယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ ရွာထဲအခြေအနေကို လူစုပြီးသွားကြည့်ကြတဲ့ သူတွေပြန်လာချိန်မှာတော့ သေနတ်ဒဏ်ရာတွေနဲ့ မီးရှို့ခံထားရတဲ့ လူသေရုပ်အလောင်းတွေ တွေ့ရတယ်လို့ ပြောချိန်မှာ မိသားစုတွေအားလုံး စိတ်ပူပြီး ညီလေးဆီကို ဖုန်းထပ်ခေါ်ခဲ့ပေမယ့် စက်ပိတ်ထားတယ်ပဲ ပြန်ဖြေနေပါတယ်။
နောက်နေ့မနက် ဒီဇင်ဘာ ၈ရက်မှာတော့ ကိုထက်ကိုဝင်းရဲ့ မိသားစုဝင်တစ်ဦးက ရွာအရှေ့မြောက်ဘက် က မီးရှို့ခံထားရတဲ့နေရာကို သွားကြည့်ခဲ့ချိန်မှာတော့ ရုပ်အလောင်းတွေကြားထဲ ညာဘက်နားမှာ ပန်ထားတဲ့နားကပ်၊ မီးမလောင်ဘဲ ကျန်နေသေးတဲ့ အင်္ကျီစအစိတ်အပိုင်းတွေကြောင့် သူတို့အိမ်က ညီအငယ်ဆုံး ကိုထက်ကိုဝင်းဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

''သူ့နားကပ်ကိုမြင်ပြီး ကျွန်တော်တို့သိလိုက်တယ်။ ကျွန်တော့် ညီလေးဆိုတာ သိသွားတဲ့အချိန်မှာ ရင်ဘတ်ထဲဆို့နေတာပဲ သိတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒေါသတွေရော ဝမ်းနည်းတာရော အစုံပဲဖြစ်နေတာ။ ကျွန်တော်တို့ အမေနဲ့အဖေကို ညီလေးဆုံးတဲ့အကြောင်း ကိုယ်တိုင်ပြောမထွက်ခဲ့ဘူး ''
အသက်၂၂နှစ်အရွယ် ကိုထက်ကိုဝင်းဟာ မုံရွာတက္ကသိုလ်မှာ ဘူမိဗေဒဘာသာရပ်သင်ယူနေတဲ့ တတိယနှစ်ကျောင်းသားတစ်ဦးပါ။
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြား ကျောင်းတွေမတက်ရလို့ ရွာပြန်နေခဲ့ချိန်မှာ အခုလို အသက်သေဆုံးရတဲ့အထိ ဖြစ်ခဲ့ရတာပါ။
ဘဝမှာ ပူပန်စရာတွေ သိပ်မတွေးတတ်ပဲ ခြင်းခတ်တာနဲ့ ဘောလုံးကန်တာကို ဝါသနာပါတဲ့ ကိုထက်ကိုဝင်းဟာ ပျော်ပျော်နေတတ်သလို အငယ်ဆုံးသားဖြစ်လို့ မိဘတွေ မောင်နှမတွေရဲ့ အချစ်ဆုံးသားတစ်ယောက်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ အသက် ၂၀နှစ်အောက် လူငယ်တွေအများဆုံးပါဝင်ပြီး အသက် ၁၇နှစ် ၄ဦး၊ ၁၄နှစ်အရွယ် ၁ဦး၊ ၁၉ နှစ်နဲ့၂၂နှစ်ကြား၄ဦးနဲ့ အသက် ၃၀ အရွယ် တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒုန်းတောဒေသခံတွေက ဒီဇင်ဘာ ၁၅ရက်မှာတော့ သေသူတွေနဲ့ပျောက်နေသူတွေကြား မီးလောင်ကျွမ်းခဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါပြီ။

မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေတွေ့တဲ့နေ့
ဒီဇင်ဘာ ၇ရက် မနက်မှာ တစ်ရွာလုံး ဘေးလွတ်ရာပြေးကြရတဲ့ ဒုန်းတောဒေသခံတွေဟာ ညနေ ၃နာရီလောက်မှာတော့ ရွာဘက်မှာ မီးလောင်တယ်ဆိုတဲ့ သတင်းကြောင့် ရွာထဲပြန်ဝင်ကြည့်ဖို့ ကြိုးစားကြပါတယ်။
"ရွာထဲဝင်ကြဖို့ကို ဘေးရွာကိုဖုန်းဆက်ရတယ်။ လမ်းတစ်ဝက်လောက် အရဲစွန့်သွားကြရတယ်။ ဆိုင်ကယ်နဲ့ ခြေလျင်နဲ့ အဲဒီလို လမ်းကြောင်းရှင်းမရှင်း သွားကြည့်ပြီးမှ ရွာထဲ လူစုပြီးဝင်ခဲ့ကြတာ။ အဲဒီမှာ ရွာရှေ့မြောက်ဘက် ကျွန်တော်တို့အခေါ် ကန်ပြင်ပေါ့။ အဲဒီနားက လယ်စောင့်တဲကိုဖျက်ပြီး မီးရှို့ထားတာတွေ့ရတာပဲ" လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။
အဲဒီနေရာမှာပဲ မီးရှို့ခံထားရတဲ့ရုပ်အလောင်း ၁၀လောင်းကို ရွာသားတွေ တွေ့ခဲ့ကြပြီး ဘယ်သူဘယ်ဝါ အတည်ပြုဖို့ မီးမလောင်ဘဲ ကျန်တဲ့ အဝတ်အစားနဲ့ ကိုယ်တွင်း ဝတ်ဆင်ထားတဲ့ ပစ္စည်းတချို့နဲ့ အတည်ပြုကြရပါတယ်။ အဲဒီရုပ်အလောင်းတွေကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့အထဲ ကိုမောင်ကြီးက တစ်ဦးအပါအဝင်ပါ။
ရုပ်အလောင်းတွေကို တွေ့ရပြီးချိန်မှာ မီးရှို့သတ်တာလား၊ သေနတ်နဲ့ပစ်ပြီးသေသူတွေကိုမီးရှို့ သတ်တာလား၊ မသေမရှင် ဖြစ်နေချိန် မီးရှို့သတ်တာလားဆိုတဲ့ ဝိဝါဒကွဲတဲ့ စကားတွေကိုတော့ ဒုန်းတောရွာသားတွေက အငြင်းမပွားလိုကြပါဘူး။
ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက်သေနတ်တွေနဲ့ပစ်၊ မီးရှို့သတ်ခဲ့တာကတော့ ငြင်းလို့မရတဲ့ အမှန်တရားလို့ ကိုမောင်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။
''အလောင်းတွေရဲ့နားမှာ ကျည်ခွံတွေ့တယ်။ ကျည်အ (ကျည်မထွက်)တဲ့ ကျည်တွေ တွေ့တယ်။ သေနတ်ဒဏ်ရာတွေ တွေ့တယ်။ သေချာတာကတော့ သေနတ်နဲ့ပစ်ပြီး မီးရှို့တာကတော့ ငြင်းလို့မရဘူး။ သူတို့ မီးရှို့တဲ့အချိန်မှာ မသေမရှင်ဖြစ်နေတာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောနိုင်တာက နှိပ်စက်ပြီး သတ်တယ်။မီးရှို့တယ်ဆိုတာ ငြင်းမရဘူး''လို့ ကိုမောင်ကြီးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မျက်မြင်တွေရှိပေမဲ့ စစ်တပ်က ငြင်းဆို
အဲဒီနေ့က ခြုံပုတ်တွေကိုကွယ်ပြီး တောတွင်းတစ်နေရာမှာ နာရီနဲ့ချီပြီး ပုဆစ်တုပ်ထိုင် ဘုရားစာရွတ်ရင်း ဖြတ်ကျော်ခဲ့ရတဲ့ ဒုန်းတောရွာသူ အသက် ၄၂နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူတစ်ဦးပါ။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာလို့ ပြေးရလွှားရပုန်းရတဲ့အထဲက သူလည်းတစ်ယောက်ပါ။ ပြေးရင်းလွှားရင်း ရွာအရှေ့ဘက်ကိုရောက်သွားတဲ့ သူဟာ လူအစုလိုက်အပြုံလိုက် အသတ်ခံရတာကိုမြင်ဖို့ ကြုံခဲ့ပါတော့တယ်။
ကြောက်စိတ်ရော စိုးရိမ်စိတ်တွေရောကြောင့် ဒေါ်ဝင်းနွယ် (နာမည်လွှဲ) တစ်ယောက် ခပ်ဝေးဝေးကိုမပြေးနိုင်ခဲ့ပါဘူး။ သူပုန်းနေတဲ့နေရာနဲ့ လယ်ကွက်တစ်ကွက်ကျော် အကွာအဝေးဟာ လူတွေရဲ့လှုပ်ရှားမှုကိုမြင်ရတဲ့ အခြေအနေရှိခဲ့ပါတယ်။
ဒေါ်ဝင်းနွယ်တစ်ယောက် သူပုန်းတဲ့နေရာ ကိုရောက်ပြီး သိပ်မကြာခင်မှာ မီးရှို့ခံရမှုဖြစ်လာမယ့်နေရာကို စစ်သားတွေနဲ့ သူတို့ ဖမ်းခေါ်လာတဲ့ ရွာသားတွေ ရောက်လာတာကို သူမြင်ခဲ့ပါတယ်။
စစ်သားတွေက လူငယ်တွေကို ကန်ကျောက်နေပြီးအော်နေ၊ ဆဲနေသလို သေနတ်တွေ အဆက်မပြတ် ပစ်ဖောက်နေတာကို မြင်ရတယ်လို့ ပြောပြပါတယ်။
ပြောက်ကျားစစ်ဝတ်စုံနဲ့ စစ်စိမ်းရောင် ခမောက်ဆောင်းထားတဲ့ စစ်သားတွေရဲ့ အသံကပဲ အဲဒီပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းနေတယ်လို့ဆိုပါတယ်။ လူငယ်တွေကိုကြည့်ပြီး မင်းတို့ နိုင်ငံတော်ကိုတော်လှန်နေတာလား။ ပုန်ကန်နေတာလားဆိုတဲ့ မေးခွန်းတွေကို ထပ်ခါတလဲလဲပြောပြီး အော်ဟစ်နေကြတယ်လို့ ဆိုပါတယ်။
''ကျွန်မပုန်းနေတဲ့နေရာက ဝပ်နေရတာ။ ထကြည့်မှ မြင်ရတာလေ။ အမြဲလည်းထမကြည့်ရဲဘူး။ သူတို့က ဘေးပတ်လည်ကို ကင်းချထားသလို လုပ်ထားတာ။ ကျွန်မထကြည့်တဲ့အချိန်မှာတော့ ကလေးတစ်ယောက်ကို ဘေးက ထန်းလက်တဲက ထန်းလက်တွေကို ဖြုတ်ခိုင်းတယ်။ လူတချို့ကို လက်ပြန်ကြိုးတုပ်ထားတယ်'' လို့ သူမြင်ရတာကို ဒေါ်ဝင်းနွယ်ကပြောပါတယ်။
အဲဒီနောက် သူလည်းဆက်ပြီး ဝပ်ပုန်းနေရသလို သူ့အတွက်လည်း သူစိုးရိမ်သလို၊ တကွဲတပြားဖြစ်နေတဲ့ မိသားစုအတွက်လည်း စိုးရိမ်တယ်လို့ သူကပြန်ပြောပြပါတယ်။ သူလှမ်းမြင်နေရတဲ့ လူငယ်တွေဟာ သူ့သားအရွယ်ဖြစ်နေလို့ သူရဲ့စိုးရိမ်စိတ်ကပိုခဲ့သလို ပုန်းနေရတဲ့ရွှံ့တောထဲမှာ လူက တကိုယ်လုံး တုန်နေခဲ့တယ်လို့ သူကြောက်ခဲ့ရတဲ့စိတ်ကို ပြန်ပြောပြပါတယ်။ သူကြားနေရတဲ့ စစ်သားတွေရဲ့ အသံတွေကြောင့်လည်း လူတွေသေနေတာကို ခန့်မှန်းမိခဲ့တယ်လို့ ဆိုပါတယ်။
'' ဘယ်သူ့ကိုပြောနေတာလဲဆိုတာ မသိဘူး။ ကျွန်မကြားနေရတာက ဒီမှာကြည့်ကြ၊ ကြည့်ကြ။ မင်းတို့ ယောကျ်ား ဆိုရင်ကြည့် ဆိုပြီး သေနတ်သံတွေကြားရတယ်။ ကျွန်မလှမ်းမြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိတဲ့ ဆိုင်ကယ်တစ်စီးထဲက ဆီကို ထုတ်နေတယ်။ အဲဒါကို သိလိုက်တယ်။ ဆီထုတ်ပြီး ဘာလုပ်လဲမသိပေမဲ့ အလောင်းတွေ တွေ့တဲ့အချိန်မှာ မီးရှို့ဖို့ လာယူတယ်ဆိုတာကို ကျွန်မသဘောပေါက်လိုက်တယ်'' လို့ ဒေါ်ဝင်းနွယ်က သူကြားခဲ့ရတဲ့ စကားလုံးတွေနဲ့ မြင်တွေ့ခဲ့ရသမျှထဲတချို့ကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီကတော့ ဒီဇင်ဘာ ၈ရက်မှာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ကလုပ်တာ မဟုတ်ကြောင်းနဲ့ အဲဒီဒေသမှာ တိုက်ခိုက်မှုဖြစ်စဉ်တွေမရှိဘူးလို့ ငြင်းဆို ထုတ်ပြန်ခဲ့ပါတယ်။ နောက်ရက် ဒီဇင်ဘာ ၉ ရက်မှာလည်း ဆိုရှယ်မီဒီယာပေါ်က သတင်းမှားတွေဆိုပြီး အဲဒီဖြစ်စဉ်ကို ထည့်သွင်း ထပ်မံထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒေါ်ဝင်းနွယ်လို မျက်မြင်တွေ့ခဲ့ရသူတွေ ဒုန်းတောမှာ နောက်ထပ်ရှိနေသေးတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
မီးလောင်နေတဲ့ရုပ်အလောင်း ၁၀လောင်းအပြင် နောက်နေ့ ဒီဇင်ဘာ ၈ရက်မှာ အဲဒီနေရာနဲ့ မဝေးတဲ့ ကွမ်းခြံထဲမှာ ဒေါ်ဝင်းရီဆိုတဲ့ ၆၁နှစ်အရွယ်အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို ထပ်တွေ့ခဲ့ပါတယ်။ သူ့လည်ပင်းမှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာလို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မီးလောင်ထားတဲ့ ရုပ်အလောင်းတွေကို ထပ်သင်္ဂြိုဟ်ခဲ့ကြရ
ဒီဇင်ဘာ ၇ရက်ဟာ ဒုန်းတောရွာအတွက်တော့ ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ဖြစ်သလို ဒေါသတွေ နာကျည်းမှုတွေနဲ့ပြည့်နေတဲ့နေ့ပဲလို့ ဒုံးတောရွာသားတစ်ဦးဖြစ်တဲ့ ကိုကောင်းက ကြေကြေကွဲကွဲပြောပါတယ်။ တယ်လီဖုန်းနဲ့ပြောနေရင်း ရပ်သွားတဲ့ သူ့အသံကြောင့် အင်တာဗျုးမေးမြန်းမှုကိုတောင် ခဏရပ်လိုက်ရပါတယ်။ ကျွန်တော်ဆက်ပြောဖို့ အဆင်မပြေတော့ဘူးဗျာ။ ခဏနေ ပြန်ပြောပါမယ်လို့ သူက ဆို့ဆို့နင့်နင့်ဆိုပါတယ်။
ကိုကောင်းဟာ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ဒုန်းတောရွာ အပြင်ဘက် (ရွာနဲ့မလှမ်းမကမ်း) အရှေ့မြောက် စူးစူးနေရာမှာ တွေ့ခဲ့ကြရတဲ့ မီးလောင်ကျွမ်းထားတဲ့ နေရာကို လူစုသွားကြည့်ကြတဲ့အထဲက တစ်ယောက်ဖြစ်လို့ ရုပ်အလောင်း ၁၀ လောင်းကို ပထမဆုံး ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်ပါတယ်။
မှောက်ခုံအနေအထားနဲ့ ကုန်းထ ဖို့ကြိုးစားနေတယ်လို့ယူဆရတဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းအပြင် နှစ်ယောက်က ကြိုးချည်ခံထားရတဲ့ ( သံကြိုးအမျိုးအစား) အနေအထား၊ နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်က ဖက်ထားတဲ့ ပုံစံနဲ့တွေ့ရသလို၊ အခြားသူတွေကလည်း တစ်ဦးစီလောင်ကျွမ်းသေဆုံးနေကြတယ်လို့ ဘီဘီစီကို သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို ကိုယ်တိုင်တွေ့ခဲ့သလို အဲဒီအလောင်းတွေကို သင်္ဂြိုဟ်ပေးခဲ့တဲ့ ကိုကောင်းဟာ ကိုယ့်ရွာသားတွေ မသေခင်ခံစားရမယ့် ဝေဒနာတွေကို တွေးမိရင် ဒေါသဖြစ်ရတယ်လို့ ပြောပါတယ်။
''ရုပ်အလောင်းတွေတွေ့တော့ ပထမတစ်ရက်တော့ ထားခဲ့တယ်။ မိသားစုတွေလာကြည့်ရင်လည်း ကြည့်လို့ရအောင်ပေါ့၊ နောက်နေ့မနက်မှာတော့ အဲဒီနေရာမှာပဲ ဒီအတိုင်းတော့ မထားခဲ့နိုင်ဘူးဆိုပြီး တဲဟောင်းတွေရှာဖျက်ပြီး လောင်စာလုပ်ထပ်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်'' လို့ပြောပြပါတယ်။
မချိမဆန့် မီးလောင်ထားတဲ့ ရုပ်အလောင်းတွေကို ထပ်ပြီးမီးသင်္ဂြိုဟ်ရတဲ့အချိန် ယောက်ကျားရင့်မာကြီးတွေတောင် မျက်ရည်ကျကြတယ်လို့ မီးသင်္ဂြိုဟ်ပေးတဲ့ အထဲပါတဲ့ ဒေသခံတစ်ဦးကပြောပြပါတယ်။
'' ကျွန်တော်တို့ ဒေသခံတွေဒီလို လူမြင်မကောင်းအောင်သေကြရတယ်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်တယ်။ ဒေါသဖြစ်တယ်။ ဒါပေမဲ့ ဒါကပဲ စစ်တပ်ဟာ ဒီလိုအမှုတွေကို ပြည်သူတွေအပေါ် ကျူးလွန်နေတယ်ဆိုတာ ကမ္ဘာကြီးက ပိုသိသွားတယ်။ ဒါကျွန်တော်တို့ ဒုန်းတောကနေထပ်ပြောပေးလိုက်တဲ့ အမှန်တရားပဲ'' လို့ ကိုကောင်းကပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်မွှေနှောက်ပစ်ခတ်မှုတွေကြောင့် ဆားလင်းကြီးနဲ့ယင်းမာပင်နယ်တစ်ကြော ဒုန်းတောကျေးရွာ၊ ဂုဏ်တောကျေးရွာ၊ ကံကုန်းကျေးရွာ၊ ကျေးစာကျကျေးရွာတို့ အပါအဝင်က ဒေသခံထောင်ချီဟာ သူတို့ရွာတွေမှာ မနေရဲကြလို့ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေကပြောပါတယ်။
လက်ရှိအချိန်အထိ ဒုန်းတောရွာထဲကို စစ်ကောင်စီတပ်တွေဝင်နေသေးသလို ဘေးရွာတွေကိုလည်း ဝင်ရောက်တာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
လူတွေသေရတဲ့အထိဖြစ်ရတဲ့ ဒီလိုအခြေအနေတွေ ထပ်ဖြစ်ကြမှာကို စိုးရိမ်လို့ ဒေသခံတွေဟာ ရွာနဲ့ဝေးတဲ့တောတိုက် (တောတွင်းနေရာ)တွေမှာ တိမ်းရှောင် နေကြရပါတယ်။ အညာဒေသကပီပီ စစ်နဲ့စစ်ကြောင့်ဖြစ်ရတဲ့ဒုက္ခကိုမခံစားဖူးသလို စစ်တပ်ရဲ့လုပ်ဆောင်မှုကိုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒုန်းတောဒေသခံ ဒေါ်ဝင်းနွယ်ကတော့..
'' ကျွန်မ တို့တစ်သက်လုံး ကိုယ့်ရွာသားတွေ ဒီလိုအသတ်ခံကြရတာကို မြင်ရတာ ပထမဆုံးပဲ။ သူတို့သတ်တာကို ကိုယ်တိုင်မြင်ခဲ့ရတော့ ဒေါသလည်းဖြစ်တယ်။မခံချင်စိတ်တွေရော။ သူတို့ကို ပြန်ခံလုပ်နေတာလည်းမဟုတ်ဘူး။ ကြောက်လို့မှ ပြေးတဲ့ကလေးတွေကို ဒီလောက်ကြီး လုပ်တာတော့ ရက်စက်လွန်းအားကြီးတယ် ''








