ကနီမြို့၊ ယင်းရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

သူတို့ဟာ ရွာမှာ မနေရဲလို့ တောထဲကိုထွက်ပြေးပုန်းရှောင်ခဲ့ကြတယ်။ တောထဲအထိ စစ်တပ်က လိုက်ရှာပြီး ပစ်ခတ်တဲ့အခါ သူတို့မှာ ဆက်ပြေးစရာမြေမရှိကြတော့။ ခါးလယ်လောက်သာရှိတဲ့ အင်ပင်၊ အင်ကြင်းပင်၊ သစ်ရာပင်တွေသာ သူတို့အတွက် ကာကွယ်စရာဖြစ်ခဲ့ကြ၊ ကုန်းနဲ့ချိုင့်ဝှမ်းကသာ သူတို့အတွက် ပုန်းစရာနေရာဖြစ်ခဲ့ကြ၊ အပုန်းကောင်းသူ ကံကောင်းသူ ရှင်၊ အပုန်းမကောင်းသူ ကံမကောင်းသူ သေခဲ့ကြတယ်။
သူတို့ဆိုတာ ကနီမြို့နယ်၊ ယင်းရွာက ရွာသူရွာသားတွေ ဖြစ်ကြပါတယ်။
“ကျွန်မတို့အတွက်တော့ ဘီလူးသရဲ အစီးခံလိုက်ရသလိုပါပဲရှင်။ ဒါမျိုး တစ်ခါမှလည်း မကြုံဖူးပါဘူး။ သူတို့ ရှာလို့တွေ့သွားတဲ့သူတွေ ဒုက္ခရောက်ကြရတာပါပဲ။”
ယင်းရွာသူ မယင်း (နာမည်လွှဲ) က ဘီဘီစီကို ပြောပါတယ်။

မြေပြန့်ဒေသကစစ်ပြေးဒုက္ခသည်များ
တစ်ချိန်က နယ်စွန်နယ်ဖျား၊ တောင်ပေါ်ဒေသမှာ ခေတ်စားခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်ဆိုတာကို အခုတော့ မြေပြန့်ဒေသကလူတွေ ကြုံတွေ့နေကြရပါပြီ။
စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ရိုးက ရွာပေါင်း ၂၀ နီးပါးကို စစ်တပ်က တစ်ရွာပြီး တစ်ရွာ ဝင်ရောက်ရှာဖွေ မွှေနှောက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ကိုကျော်စွာဦး (နာမည်ပြောင်းထား) ကဆိုပါတယ်။
ချင်းတွင်းမြစ်က ကနီမြို့နယ်ကို နှစ်ခြမ်းခွဲပြီး ဖြတ်စီးနေပါတယ်။ ယင်းရွာရဲ့ တခြားတစ်ဖက် မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ရွာသုံးရွာမှာဆိုရင် စစ်တပ်က အကြိမ်ကြိမ် ဝင်ရောက်ခဲ့တယ်လို့ ကိုလင်းမောင်မောင် (နာမည်လွှဲ) ကဆိုပါတယ်။
“ရွာရဲ့ အနောက်ဘက်ကမ်းက ကင်းတို့၊ မိကျောင်းတွင်းတို့၊ အထက်ကင်းတို့မှာဆိုရင် ပစ္စည်းပစ္စယတွေ၊ ဆန်တွေဆီတွေကို စျေးဆိုင်တွေမှာ အဓိကထားဝင်စီးပြီး ကားကြီးတွေနဲ့ အကုန်တန်းစီ တင်သွားကြပါတယ်။ အဲဒီရွာတွေမှာ အဲသလိုလုပ်တော့ ကျွန်တော်တို့ ရွာသားတွေလည်း အကုန်ထိတ်လန့်ကုန်ပြီး အကုန်ထွက်ပြေးကြပါတယ်။ တခြားရွာတွေလည်း ကျွန်တော်တို့လိုပါပဲ။ ရွာထဲမှာ လူတစ်ယောက်မှမကျန်ဘူး။ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုကအစ၊ တချို့ကို ဆိုင်ကယ်နဲ့ တချို့ကိုကျောပိုးပြီး လမ်းလျှောက်သယ်လာကြပါတယ်။ အားလုံး တောထဲရှောင်နေကြပါတယ်။”
ကိုကျော်စွာဦးကလည်း “အနောက်ဘက်ကမ်း မိကျောင်းတွင်းရွာမှာ ၂ ညအိပ် ၃ ရက်တပ်စွဲပြီး အိမ်ခြေ ၅၀ လောက်ကိုဝင်မွှေသွားတယ်ဗျ။ မိကျောင်းတွင်းရွာဆိုရင် စစ်တပ်ကလာမွှေတာကို ၆ ကြိမ်တိတိခံခဲ့ရပြီးပြီ။ အဲဒါကြောင့် တောထဲထွက်ပြေးကြတာ။” လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တောထဲဆိုပေမဲ့ အညာဒေသကတောဆိုတာ ရိုးမတွေပေါ်ကတောလို တောနက်ကြီးတွေ မဟုတ်ပါဘူး။ မိုးကောင်းတဲ့ အောက်ပြည်အောက်ရွာလိုလည်း သစ်ကြီးဝါးကြီးတွေ ထူထူထပ်ထပ် ပေါက်နေတာမျိုး မဟုတ်ပါဘူး။
တချို့က ပေါင်းမိုးတပ်လှည်းပေါ်မှာ ဆန်၊ ဆီ၊ ဆားနဲ့တကွ ဒန်အိုးဒန်ခွက်ပါတင်ပြီး ရွှေ့ပြောင်းလာကြပါတယ်။ တောထဲမှာ ရွက်ဖျင်တဲထိုးသူထိုးကြသလို၊ တချို့က တောင်ယာလုပ်ငန်းအတွက် ဆောက်လုပ်ထားတဲ့ တောင်ယာတဲတွေမှာ နေကြပါတယ်။ ကိုလင်းမောင်မောင်တို့ ပုန်းအောင်းတိမ်းရှောင်နေတဲ့ နေရာဟာ ယင်းရွာရဲ့ အရှေ့တောင်ဘက် ဖြစ်ပါတယ်။
ယင်းရွာဟာ ကနီမြို့နယ်ထဲမှာပါဝင်ပြီးတော့ ကနီအထက် ချင်းတွင်းမြစ်အထက်ပိုင်းမှာ တည်ရှိပါတယ်။ မေလတုန်းက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကင်းရွာနဲ့လည်းနီးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်တပ်လာပြီ
ဇူလိုင်လ ၈ ရက်နေ့မှာ စစ်တပ်က အုန်းမရွာကနေ တောင်သုံးလုံးကို ကူးလာပါတယ်။ ၈ ရက်နေ့ညမှာတော့ ယင်းရွာအနီးက တောထဲမှာ တပ်စွဲပြီး ညအိပ်ပါတယ်။ တောင်ယာလုပ်တဲ့ တဲတချို့မှာ ညအိပ်သွားတဲ့ စစ်တပ်ဟာ အရေအတွက်အားဖြင့် ၁၃၀ ကျော်ရှိတယ်လို့ ကိုလင်းမောင်မောင်နဲ့ မယင်းကပြောပါတယ်။ ကိုကျော်စွာဦးကတော့ ၁၅၀ လောက်ရှိတယ်လို့ဆိုပါတယ်။
နောက်တစ်နေ့ ၉ ရက်နေ့မနက် ၈ နာရီလောက်မှာ စစ်တပ်က တပ်ဖြန့်ပြီး တောနင်းရှာဖွေမှုတွေ စလုပ်ပါတယ်။ တောထဲမှာ အရပ်မျက်နှာအသီးသီးကို လူစုခွဲပြီး ဖြန့်ကြက်ရှာဖွေရာမှာ ပထမဆုံးလူ ၁ ယောက်ကို ဖမ်းမိပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကိုလင်းမောင်မောင်က ပြောပါတယ်။ နောက်ထပ် သိပ်မဝေးတဲ့နေရာမှာ နောက်တစ်ယောက်ကို မိပြီး ညှဉ်းပန်းသတ်ဖြတ်ထားတယ်လို့လည်း ကိုလင်းမောင်မောင်က ဆိုပါတယ်။ ဒါတွေကို သူ့မျက်စိနဲ့မြင်တာတော့ မဟုတ်ပါဘူး။ သူကြားခဲ့ရတဲ့ သေနတ်သံနဲ့ နောင်မှာ သူရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေ၊ ရုပ်အလောင်းပေါ်က နှိပ်စက်ညှဉ်းပန်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဆက်စပ်ပြီး သူကပြောတာပါ။
နောင်မှာ အဲဒီရုပ်အလောင်းနှစ်လောင်းကိုတွေ့တော့ မျက်နှာကို ဓားနဲ့မွှန်းထားတာတွေ့ရပြီး ခြေလက်တွေကိုချိုးထားတာလည်း တွေ့ရတယ်လို့ ကိုကျော်စွာဦးက ပြန်ပြောပြပါတယ်။
စစ်ကောင်စီဘက်ကတော့ ကနီက အစုလိုက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
“အဲသလို လူနှစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်အပြီးမှာ ပေါက်ကွဲသံကြီးတစ်ချက်ကို ကြားရတယ်ဗျ။ အဲဒီနောက် အထက်ဘက် ခင်ရိုးအတိုင်း သူတို့တက်ရှာတယ်။ ကျွန်တော့်ညီတွေနေတဲ့ ခင်ရိုးအတိုင်း သူတို့ လိုက်သွားကြတယ်။”
ကိုလင်းမောင်မောင်က သူ့မိဘ သူ့မိသားစုတွေနဲ့ အတူတူရှိနေပါတယ်။ မိသားစု ၅ စုကို နှစ်အုပ်စုခွဲနေထိုင်ရာမှာ သူက သူ့မိဘတွေနဲ့အတူ အုပ်စုတစ်စုဖြစ်ပြီး သူ့ညီက တခြားညီအစ်ကို ဝမ်းကွဲတွေ၊ ဝမ်းကွဲမိသားစုတွေနဲ့ အတူ ခပ်လှမ်းလှမ်း တစ်နေရာမှာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မနက် ၉ နာရီခွဲ ၁၀ နာရီလောက်မှာ စစ်သားအဖွဲ့တစ်ဖွဲ့ သူတို့ဘက် ရောက်လာပါတယ်။ ချောက် တိမ်တိမ်လေး တစ်ခု (ကိုလင်းမောင်မောင့်အသုံးအနှုန်းနဲ့ဆို ချိုက်ကလေးတစ်ခု) ထဲမှာ သူတို့မိသားစု ပုန်းနေကြပါတယ်။ သူတို့ရှေ့မှာ ခါးလောက်သာရှိတဲ့ အင်၊ အင်ကြင်း၊ သစ်ရာ အပင်ပျိုလေးတွေသာ အကွယ်အကာရှိပါတယ်။
“ကျွန်တော်တို့က ချိုက်ထဲမှာ။ ဒူးကျော်ကျော် ခါးလောက်ရှိတဲ့ သစ်ပင်လေးတွေ နောက်မှာပုန်းရတယ်ဗျ။ ကျွန်တော့်နေရာကနေ မြောက်ဘက်ကို လှမ်းကြည့်လိုက်တာမှာ သူတို့ကို ရိပ်ရိပ် ရိပ်ရိပ်နဲ့ ချိုက်ကြားထဲက လှမ်းမြင်လိုက်တော့ မိသားစုကို ခဲလေးနဲ့လှမ်းပေါက်ပြီး မလှုပ်ကြနဲ့ သူတို့လာပြီလို့ အရိပ်အကဲနဲ့ လှမ်းပြောပြရတယ်။ တစ်မိသားစုလုံး မလှုပ်မယှက်နဲ့ နေရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အရမ်း ကြောက်တာပေါ့ဗျာ။ ကျွန်တော်တို့အထဲမှာ တစ်လမပြည့်တပြည့်ကလေးနဲ့ မိခင်တစ်ယောက်ပါတယ်ဗျ။ ၃ နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါတယ်။ ကလေးတစ်ယောက်ယောက်ဆီကနေ အသံလေးနည်းနည်း ထွက်သွားမှာကို ကျွန်တော်တို့ တုန်နေအောင် ကြောက်ရတယ်ဗျ။ ကလေးတစ်ယောက်ယောက်များ လန့်ပြီးအော်လိုက်ရင် တစ်မိသားစုလုံး ဒုက္ခရောက်ပါပြီဆိုတဲ့ အတွေးမျိုးနဲ့ ကြောက်ရွံပြီးတော့မှကို နေရတယ်ဗျ။”
ကိုလင်းမောင်မောင်တို့မိသားစုဟာ နှစ်နာရီနည်းပါး တစ်ချက်ကလေးမှ မလှုပ်ရဲခဲ့ပါဘူး။ အဲဒီနေ့က ကောင်းကင်မှာ တိမ်တွေအုပ်ဆိုင်းပြီး မိုးအုံ့နေခဲ့ပေမဲ့ သူတို့မှာကြောက်စိတ်နဲ့ ချွေးပြန်နေခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
“သစ်ပင်က သိပ်မထူထပ်ပါဘူး။ စေ့စေ့ကြည့်မယ်၊ သေသေချာချာကြည့်မယ်ဆိုရင် မြင်ရနိုင်တဲ့အနေအထားပါ။ ကျွန်တော်တို့ နည်းနည်းလောက်လှုပ်လိုက်ရင်တောင် သူတို့ သတိထားမိသွားနိုင်ပါတယ်။”
နှစ်နာရီလောက်အကြာ စစ်တပ်နဲ့ လောလောဆယ်ဝေးသွားပြီလို့ ယူဆပြီး မတ်တပ်ရပ်လိုက်တဲ့အချိန်မှာတောင် ခြေထောက်တွေ ထုံကျဉ်နေပြီး ရုတ်တရက် ထမရပ်နိုင်ခဲ့ကြပါဘူး။ ခြင်ကိုက်တာတောင် မလှုပ်ရဲလောက်အောင် သူတို့ကြောက်လန့်ငြိမ်သက်နေစဉ်မှာ သူ့ညီနဲ့ဆွေမျိုးတွေ ပုန်းအောင်းနေတဲ့ အရပ်ဆီက သေနတ်သံတွေ ကြားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီသေနတ်သံတွေရဲ့ အဓိပ္ပာယ်ကို ကိုလင်းမောင်မောင် မသိခဲ့ပါဘူး။ အဲဒီ သေနတ်သံတွေကြားရပြီးနောက်ပိုင်းမှာ သူ့ညီအရင်းနဲ့ ညီအစ်ကိုဝမ်းကွဲတွေကို နောင်ဘယ်တော့မှ စကားပြောခွင့်မရနိုင်တော့ဘူးဆိုတာကို မရိပ်မိခဲ့ပါဘူး။
“ကျွန်တော့်ညီရှိတဲ့ဘက်မှာ ပထမတော့ ယောက်ျားလေး ၅ ယောက်ကို မိပါတယ်။ ကုန်းထိပ်မှာမိတာ။ သူတို့ကို စစ်ဆေးပါတယ်။ မင်းတို့ မိုင်းထောင်တတ်လား။ မိုင်းလုပ်တတ်လား။ သေနတ်ပစ်တတ်လားလို့ မေးတယ်လို့ ပြောပါတယ်။ သူတို့က ကျွန်တော်တို့ ဘာမှမလုပ်တတ်ပါဘူး။ ကျွန်တော်တို့ နွားကျောင်းနေတာပါဗျာ။ ကြောက်လို့ ကုန်းပေါ်တက်ပုန်းနေတာပါလို့ပြောတော့ သူတို့ဖုန်းတွေကို တောင်းစစ်ပါတယ်။ ဆင်းမ်ကတ်တွေကို ဖြုတ်ယူပြီး ဖုန်းတွေကိုပြန်ပေးပါတယ်။ ဝမ်းလျားမှောက်ခိုင်းပြီး အပေါ်ကိုမော့မကြည့်နဲ့လို့ ပြောပါတယ်။ အဲဒါ တစ်ယောက်က နည်းနည်းခေါင်းထောင်မိလို့ ပါးချိတ်ကို အခတ်ခံလိုက်ရတာ ပါးချိတ်ပေါက်သွားတယ်ဗျ။ မင်းတို့ကောင်တွေ ငါတို့အားလုံး ထွက်မသွားမချင်း ခေါင်းထောင်မကြည့်နဲ့လို့ ပြောပါတယ်။”
သူတို့က ကံကောင်းထောက်မပြီး အသက်ဘေးကလွတ်မြောက်ခဲ့ကြလို့ အဖြစ်အပျက်အသေးစိတ်ကို ပြန်ပြောပြနိုင်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
“၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ ကျွန်တော့်ညီတွေရှိတဲ့ဘက်က သေနတ်သံတွေ ကြားရပါတယ်။ တချို့ မိန်းမတွေ ငိုငိုရီရီအသံတွေကိုလည်း ကြားရပါတယ်။ အဲဒီမှာ လှည်းပေါ်ကပစ္စည်းတွေကို မွှေနှောက်ရှာဖွေကြတယ်လို့ ပြောပါတယ်။ အဲဒီမှာက မိန်းမသားတွေရော မနည်းဘူး။ မိသားစုလှည်း ၅ စီး ၆ စီးရှိတယ်။ ငွေတွေ ရွှေတွေ တော်တော်ပါသွားတယ်။ ရွာကထွက်ပြေးတော့ ရှိသမျှ အဖိုးတန်ပစ္စည်း ကိုယ်နဲ့မကွာယူလာကြတာ။ တိမ်းပါးသွားသူတွေရဲ့ ဇနီးတွေထဲက တော်တော်ပါသွားတယ်။ တစ်ယောက်ကဆိုရင် ငွေသိန်း ၁၀၀ လောက်ကို ပါသွားတယ်ဗျ။ ဖုန်းတွေကိုကျ တချို့ ဖုန်းတွေ ထုပြီး ခွဲထားခဲ့တယ်။ အဝတ်အစားတွေ ဆွဲဖြဲလွှင့်ပစ်ပြီး ထားခဲ့တယ်။ ရွှေက တစ်ဦးက ၅ ကျပ်သား တစ်ဦးက တော်တော်များတယ်လို့ ပြောတယ်။ အိတ်ထဲထည့်ထားတဲ့ဟာ အကုန်ယူသွားတယ်။ အိမ်ထောင်စုဇယားတို့ ဘာတို့ပဲ ချန်ထားခဲ့တယ်။”
စစ်ကောင်စီ ဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ အိမ်ဖောက်ထွင်းပြီး ပစ္စည်းတွေငွေတွေ ယူတာမရှိကြောင်း မည်သည့်ဖြစ်စဥ်ရှိရှိ သက်သေနဲ့တကွ တိုင်ကြားနိုင်ပါတယ်လို့ ဒီဖြစ်ရပ်မတိုင်မီ ဘီဘီစီကို ဇွန်လ ၂၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။
အမျိုးသမီး ၁၆ ယောက် ၁၇ ယောက်လောက်ကိုတော့ စစ်သားတွေက လွှတ်ပေးခဲ့တယ်လို့ ကိုလင်းမောင်မောင်က ဆက်ပြောပြပါတယ်။
“တချို့မိန်းမတွေ အော်ငိုကြပါတယ်။ တချို့မိန်းမတွေကိုပြန်လွှတ်ပေးပါတယ်။ မိန်းမတွေကို မင်းတို့ ၅ မိနစ်အတွင်း လွတ်အောင်ပြေးကြ။ ၅ မိနစ်အတွင်း လွတ်အောင်ပြေးနိုင်ရင် မင်းတို့ကို မသတ်ဘူးလို့ပြောပြီး လွတ်သွားရင် ၃ ရက်အတွင်း ဒီနေရာကို ပြန်မလာကြနဲ့လို့လည်း ပြောပါတယ်။ မိန်းမတွေထွက်ပြေးကြတော့ သေနတ်တွေဖောက်ပြီး ခြောက်လှန့်လွှတ်ကြတယ်လို့ ပြောပါတယ်။”
သူ့ညီအပါအဝင် ၁၅ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

“အဲဒီ ၁၅ ယောက်ကို ဖမ်းသွားတာကတော့ သူတို့အတွက် လူသားဒိုင်းသဘောမျိုး အကာအကွယ်ယူဖို့ ဖမ်းသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ စစ်ဆေးချင်တာဆိုရင် ပထမနှစ်ယောက်လိုပဲ နေရာမှာ ညှဉ်းပန်းနှိပ်စက် စစ်ဆေးပြီး သတ်ပစ်မယ်ထင်ပါတယ်။” လို့ကိုကျော်စွာဦးကဆိုပါတယ်။
နောင်မှာ ဖမ်းဆီးသွားတဲ့အထဲက အမျိုးသမီး ၄ ယောက်ကို တစ်နေရာမှာ ပြန်လွှတ်လိုက်ပြီး ကျန်တဲ့ ယောက်ကျား ၁၁ ယောက်ကို သတ်လိုက်ပါတယ်။ အသတ်ခံရတဲ့ ၁၁ ယောက်ထဲမှာ ကိုလင်းမောင်မောင်ရဲ့ ညီအရင်း တစ် ယောက်နဲ့ ဝမ်းကွဲညီအစ်ကို ၆ ယောက်ပါဝင်ပါတယ်။
စစ်တပ်က သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ရင်း ရွေ့လျားသွားလာနေတဲ့အတွက် ဘယ်သေနတ်သံဟာ သူ့ညီအစ်ကိုတွေကို ပစ်သတ်တဲ့ သေနတ်သံလဲဆိုတာ ကိုလင်းမောင်မောင်မခန့်မှန်းနိုင်ပါဘူး။ တစ်နေရာမှာ ပုန်းအောင်းနေတဲ့ ကိုအောင်စိုး (နာမည်လွှဲ) ကတော့ သူပုန်းနေတဲ့နားမှာ အလောင်းတစ်လောင်းချောက်ထဲပစ်ချလိုက်တဲ့အသံကို ကြားခဲ့ရပါတယ်။ သူကိုယ်တိုင်ကတော့ တုတ်တုတ်မျှ မလှုပ်ရဲခဲ့ပါဘူး။
အစာငတ်ရေငတ်နဲ့တစ်နေကုန်ပုန်းခဲ့ရ
နှစ်နာရီနည်းပါးကြာအောင် မလှုပ်မယှက်နေခဲ့ပြီးနောက် စစ်တပ်နဲ့ နည်းနည်းအလှမ်းဝေးသွားပြီလို့ ယူဆမိတဲ့ ကိုလင်းမောင်မောင်တို့ဟာ သူတို့ပုန်းအောင်းနေတဲ့ မလုံမခြုံနေရာကနေ သစ်ပင်နည်းနည်း ပိုထူထပ်တဲ့နေရာကို ရွှေ့ပြောင်း ပုန်းအောင်းကြပါတယ်။
အဲဒီအချိန်မှာ စစ်သားတချို့ဟာ ပုန်းအောင်းရွာသားတွေ ယူဆောင်လာတဲ့ ဆိုင်ကယ်တွေကိုစီးပြီး သေနတ်နဲ့ လိုက်ပစ်နေပါတယ်။ ကုန်းသာ၊ အုန်းမကားလမ်းမကြီးဘက်အထိ သွားပြီး လမ်းပေါ်ဘယ်ညာကို ဆိုင်ကယ်စီးရင်း သေနတ်နဲ့ တထိန်းထိန်းပစ်ခတ်တယ်လို့ ရွာသားတွေကဆိုပါတယ်။ သူတို့စီးပြီးနောက် ဆိုင်ကယ်တွေကို မီးရှို့ပစ်ကြပါတယ်။ အနည်းဆုံးဆိုင်ကယ် ၁၅ စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မယင်းက ဘီဘီစီကိုပြောပါတယ်။
သေနတ်သံတွေကိုကြားနေရသေးတဲ့အတွက် စစ်သားတွေဟာ အချိန်မရွေး ပြန်ရောက်လာနိုင်တယ် ဆိုတဲ့အတွေးနဲ့ ကိုလင်းမောင်မောင်တို့ ရင်တထိတ်ထိတ်ဖြစ်နေခဲ့ကြပါတယ်။ ခါးသာသာလောက်ရှိတဲ့ သစ်ပင်တွေကြားထဲမှာ အားလုံးဟာ ဝမ်းလျားမှောက်ပြီး ပုန်းအောင်းနေခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အားလုံးဟာ အစာမစားရ ရေမသောက်ရဘဲ တစ်နေကုန် မလှုပ်မယှက် ပုန်းအောင်းနေခဲ့ကြရပါတယ်။ လသားအရွယ် ကလေးငယ်နဲ့ ၃ နှစ်အရွယ်ကလေးငယ်ဟာလည်း ဒုက္ခကို သူတို့နဲ့ဆတူ ခါးစည်းခံကြရပါတယ်။ ပုန်းအောင်းနေစဥ်မှာ မိုးက တဖြောက်ဖြောက်ကျလာသေးပေမဲ့ ရေသောက်လောက်အောင် မရွာခဲ့ဘူးလို့ ဆိုပါတယ်။ မိုးရွာတာကိုလည်း သူတို့မလှုပ်ရှားရဲ၊ မှက်ကိုက်တာ၊ ခြင်ကိုက်တာကိုလည်း သူတို့မလှုပ်ရှားရဲခဲ့ကြဘူး။ ညနေပိုင်းရောက်တဲ့အခါ မကြားရ၊ မမြင်ရတော့သည့်တိုင် မနီးမဝေးမှာ စစ်သားတွေရှိနေသေးတယ်လို့ပဲ သူတို့ထင်နေမိကြပါတယ်။ ဘယ်သူမှလည်း ကံသေကံမ ပြောနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။
ညနေမိုးချုပ်တော့မှ ပုန်းအောင်းရာက ထွက်ခွာလာပြီး သူတို့တဲတိုက်ကို ပြန်လာပါတယ်။ တဲတိုက်ကိုရောက်မှ ရေသောက်သူသောက် အစာစားနိုင်သူ စားကြရပါတယ်။ ကွဲကွာနေတဲ့ သူ့ညီနဲ့ဆွေမျိုးတွေကိုလည်း သူတို့ လိုက်မရှာရဲပါဘူး။ တကယ်တော့ အဲဒီအချိန်မှာ သူ့ညီနဲ့ညီအစ်ကို ဝမ်းကွဲတွေဟာ သေဆုံးပြီးဖြစ်နေလောက်ပါပြီ။ ဒါကိုလည်း သူတို့မသိခဲ့ပါဘူး။
တချို့က ရွက်ဖျင်တဲတွေထဲမှာ ဖျာခင်းအိပ်သူအိပ်၊ မိုးကာခင်းပြီး အိပ်သူအိပ်၊ မြေကြီးကိုပဲ မွေ့ရာသဘောထားအိပ်သူ အိပ်ခဲ့ကြရပါတယ်။ ကိုလင်းမောင်မောင်နဲ့ တခြားယောက်ျားတစ်ဦးကတော့ တစ်ယောက်ယောက် လာဝှက်ထားတဲ့ ထွန်စက်ကားတစ်စီးကိုတွေ့ရပြီး အဲဒီအောက်မှာဝင်အိပ်ခဲ့ကြပါတယ်။
ကံဆိုးမသွားရာမိုးလိုက်လို့ရွာ
တစ်နေ့ကုန်ပင်ပန်းထားလို့ အိပ်ပျော်သူလည်းရှိ၊ စိုးရိမ်သောကနဲ့ အိပ်မပျော်သူလည်း ရှိကြပါလိမ့်မယ်။ မနက် ၂ နာရီထိုးမှာတော့ မိုးကသဲကြီးမဲကြီးရွာပါတယ်။
“ကျွန်တော်တို့အားလုံးအိပ်လို့မရတော့ ငုတ်တုတ်ကလေးတွေ ထထိုင်နေကြရပါတယ်။ နောက်တော့ ဒီလောက်မိုးသံတွေလေသံတွေ ပြင်းထန်နေရင် စစ်သားတွေ မကြားရလောက်ဘူးဆိုပြီး လှည်းထကောက်ကြပါတယ်။ ပိုပြီးစိတ်ချရလောက်တဲ့နေရာကို ကျွန်တော်တို့လှည်းမောင်းပြေးကြပါတယ်။ ကျွန်တော်တို့ တောင်ဘက်နားက ချောင်းမကြီး တောင်ဘက်ကမ်းအထိ ပြေးကြတာပါ။ တချို့လှည်းက ပေါင်းမိုးပါပါတယ်။ ကလေးငယ်တွေနဲ့ လူကြီးတွေက ပေါင်းမိုးအောက်က လိုက်ကြတာပေါ့။ တော်တော်များများက လှည်းပေါ်မှာ မိုးကာလေးတွေခြုံပြီး လိုက်ကြရပါတယ်။ ကြောက်ကလည်း ကြောက်၊ ဒုက္ခလည်းရောက်ပါတယ်။ ဒီကောင်တွေ အပြစ်မဲ့ပြည်သူတွေကို တော်တော်ဒုက္ခပေးပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ မကျေဘူးဗျ။”

ဓာတ်ပုံ ရင်းမြစ်, CJ
သူ့ခေတ်တွေကျမှ ဥပစ္ဆေဒကတွေများလိုက်တာ
စစ်တပ်က နောက်တစ်နေ့မှာ ကျောက်လှေကားရွာအနီး တောထဲ ရှောင်ပုန်းနေကြသူတွေကို ဆက်လက် ဝင်ရောက်မွှေနှောက်သွားပြန်ပါတယ်။ ယင်းရွာနဲ့ ကျောက်လှေကားရွာမှာ တောထဲနေသူတွေအထိ သွားရောက်မွှေနှောက်ပြီး ကျန်ရွာတွေတော့ ရွာထဲမှာပဲ ဝင်ရောက်မွှေနှောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ယင်းရွာသားတွေဟာ နောက်ထပ် ၂ ရက်ကြာတဲ့အထိ လူပျောက်တွေ မရှာဖွေရဲကြပါဘူး။ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရွာသားတွေ သွားရောက်ရှာဖွေကြရာမှာ ချောင်းလေးတစ်ချောင်းထဲမှာ အလောင်းတစ်လောင်း၊ ကျေးရွာသုံး သောက်ရေကန်ဘေးမှာ အလောင်းတစ်လောင်း တွေ့ပြီး သင်္ဂြိုဟ်ခဲ့ကြပါတယ်။ သောက်ရေကန်နားက အလောင်းကို ခပ်လှမ်းလှမ်းကနေ ထင်းနဲ့လောင်စာလှမ်းပစ်ပြီး အလောင်းကို မီးရှို့သင်္ဂြိုဟ်ရာမှာ အလောင်းအောက်ကနေ သုံးချက် ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ အလောင်းအောက်မှာ ထောင်ချောက်ဆင်ထားတယ်လို့ ရွာသားတွေက ယူဆကြပါတယ်။ အဲဒီနေ့မှာပဲ ကုန်းသာဘက်မှာ အလောင်းတစ်လောင်းတွေ့ခဲ့ပြီး သင်္ဂြိုဟ်ခဲ့ကြပါတယ်။
ကုန်းသာရွာကလူဟာ သူ့မိဘကိုလိုက်ရှာချိန်မှာ စစ်တပ်ကမြင်သွားပြီး လှမ်းပစ်လိုက်တာလို့ မယင်းက ဆိုပါတယ်။
“သူကပြေးရင်းလွှားရင်းနဲ့ သူ့အမေနဲ့ကွဲသွားလို့ လိုက်ရှာတာမှာ စစ်တပ်ရှိတဲ့အနားရောက်သွားတယ်။ စစ်တပ်က သူ့ကိုမြင်လို့ သေနတ်နဲ့လှမ်းပစ်တာ။ အဲဒီတုန်းကမသေဘူးနဲ့တူတယ်။ သူ့ကိုကြိုးနဲ့တုတ်ထားခဲ့တာ။ ဒါပေမဲ့ သူသေသွားတယ်။”

ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ ကိုလင်းမောင်မောင်တို့ဟာ ချောက်ထဲ အလောင်းပစ်ချတယ်လို့ ကိုအောင်စိုးကြားခဲ့တဲ့နေရာမှာ သွားရှာကြပါတယ်။ ချောက်ထဲမှာ အလောင်း ၄ လောင်းကို သူတို့မြင်ခဲ့ပေမဲ့ စစ်တပ်အန္တရာယ်ကိုလည်း စိတ်မချရသေး၊ မှောင်လည်းမှောင်လာပြီမို့ မသင်္ဂြိုဟ်နိုင်ဘဲ လှည့်ပြန်ခဲ့ကြရပါတယ်။
“စစ်တပ်ကရှိနေသေးသလား၊ ထွက်သွားပြီလားဆိုတာကိုလည်း ကျွန်တော်တို့ သေသေချာချာမသိသေးဘူး။ မှောင်လည်းမှောင်လာပြီဆိုတော့ ကျွန်တော်တို့ ဆက်မရှာဘဲ ပြန်လှည့်ခဲ့ကြရပါတယ်။”
နောက်တစ်နေ့မှာ သူတို့ဆက်ရှာကြတော့မှ ကျန်တဲ့ အလောင်းတွေကို ထပ်တွေ့ရပါတယ်။ အရင်နေ့ကတွေ့ခဲ့တဲ့ အလောင်း ၄ လောင်းအပါအဝင် စုစုပေါင်း ၁၁ လောင်းကို အရင်တွေ့ပါတယ်။
“ကျွန်တော့်ညီလေးရဲ့ အလောင်းကို တစ်ယောက်တည်း သတ်သတ်တွေ့ရပါတယ်။” လို့ ကိုလင်းမောင်မောင်က ပြောပါတယ်။ “အဖြစ်ဆိုးလိုက်တာဗျာ။ လက်ကိုကြိုးနဲ့တုပ်ထားပြီး အင်္ကျီကိုခေါင်းပေါ်လှန် အုပ်ထားတယ်။”
ကိုလင်းမောင်မောင်ရဲ့ အသံဟာ အက်ကွဲနေပါတယ်။ အမျိုးသမီးတစ်ယောက်လို ပေါက်ကွဲငိုကြွေတာမျိုးမလုပ်ပေမဲ့ သူ့အသံဟာ ငိုနေတာထက် နင့်နင့်သီးသီးရှိနေပါတယ်။
“နောက်ထပ်အလောင်း ၄ လောင်းကို လျှိုတစ်ခုနားမှာ တွေ့ခဲ့ရပါတယ်။ ၂ လောင်းက တစ်တွဲတည်း တစ်နေရာမှာ။ ၁ လောင်းက ချိုက်ခလယ်ခေါင်တည့်တည့်မှာ။ နောက် ၁ လောင်းက ချိုက်ထိပ်မှာ။”
အလောင်းတွေမှာ နှိပ်စက်ညှဉ်းပန်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အလောင်းတစ်လောင်းမှာ လက်ချောင်းလေး ၄ ချောင်းပဲကျန်တော့တယ်၊ တစ်ချောင်းအဖြတ်ခံထားရတယ်လို့ ရွာသားတစ်ယောက်ကပြောပါတယ်။ သေသူတွေကို အမည်ဖော်ဖို့ကြိုးစားကြတာ တွေ့ရပါတယ်။ သေဆုံးသူတချို့ရဲ့ အမည်တွေကို ဘီဘီစီက သိရှိထားပေမဲ့ စစ်တပ်က ဆက်စပ်ရန်ရှာမှာစိုးတာကြောင့် မထုတ်ဖော်ဘဲ ထားပေးပါလို့ ရွာသားတွေက တောင်းဆိုတဲ့အတွက် ချန်လှပ်ထားလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မလှမ်းမကမ်းတစ်နေရာမှာ နောက်ထပ် ၆ လောင်းတွေ့ရတယ်လို့ ကိုလင်းမောင်မောင်ကဆိုပါတယ်။ ကျေးရွာမိဘလူကြီးတွေနဲ့တိုင်ပင်ပြီး အလောင်း ၁၁ လောင်းကို သူတို့သင်္ဂြိုဟ်ခဲ့ကြပါတယ်။ အလောင်း ၁၁ လောင်းကို သင်္ဂြိုဟ်ပြီးအပြန် အင်တိုင်းတောစပ်က မြေပဲခင်းတစ်ခင်းထဲမှာ နောက်တစ်လောင်းထပ်တွေ့လို့ သင်္ဂြိုဟ်ခဲ့ရသေးတယ်လို့ မယင်းကပြောပါတယ်။
“ဒီခေတ်ကျမှ ဥပစ္ဆေဒကကံနဲ့ သေဆုံးရတဲ့သူတွေ များလိုက်တာရှင်။ ကျွန်မတို့ရွာသားတွေ အဖြစ်ဆိုးလိုက်တာ။ ဒါမျိုးကြုံလည်း မကြုံဖူးပါဘူး။ နောင်လည်း မကြုံချင်တော့ပါဘူး။”
စစ်တပ်လက်ချက်နဲ့သေဆုံးသူ စုစုပေါင်းအခုထိသိရှိရသမျှ ၁၆ ဦးရှိတယ်လို့ ရွာသားတွေကဆိုပါတယ်။ ပထမနေ့က တွေ့ရှိ သင်္ဂြိုဟ်ခဲ့တာက ကုန်းသာရွာဘက်က တစ်ယောက်အပါအဝင် ၃ လောင်း၊ ဒုတိယနေ့တွေ့တာက ၁၂ လောင်း အပြင် ကျန်တစ်ယောက်ကတော့ ထောက်ကြံ့ကုန်းကဖြစ်ပါတယ်။
အသက် ၈၃ နှစ်အရွယ် ဦးကျော်ရှင်းကတော့ ရှောင်တိမ်းထွက်ပြေးရင်း ဆိုင်ကယ်နောက်က ပြုတ်ကျအမောဆို့ပြီး သေဆုံးခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ ၁၇ ဦးဖြစ်ပါတယ်။ သေဆုံးသူအားလုံး အမျိုးသားတွေ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးက ၂၁ နှစ်ဖြစ်ပြီး ရေဦးမြို့နယ် ပလူဇ၀ရွာက ဖြစ်ပါတယ်။ သေဆုံးသူ ၁၆ ယောက်ထဲမှာ အသက် ၂၀ ကျော်က ၄ ယောက်၊ အသက် ၃၀ ကျော်က ၅ ယောက်၊ အသက် ၄၀ ကျော်က ၄ ယောက်၊ အသက် ၅၀ ကျော်က ၁ ယောက်၊ အသက် ၆၀ ကျော်က ၂ ယောက်လို့ ကိုကျော်စွာဦးကဆိုပါတယ်။
ပျောက်ဆုံးနေသူက ၁၂ ယောက်ရှိပါတယ်။ စစ်တပ်စစ်ကြောင်းက မင်းကင်းကို ဆက်လက်ထွက်ခွာသွားစဥ်မှာ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်လိမ့်မယ်လို့ ရွာသားတွေက မျှော်လင့်နေကြပါတယ်။ ပျောက်ဆုံးနေသူ ၁၂ ယောက်ထဲကနေ အလောင်းအဖြစ်နဲ့ ထပ်တွေ့ရမှာကို ရွာသားတွေက ရင်တမမနဲ့ စိုးရိမ်နေကြဆဲပါ။ ယင်းရွာသားတွေရဲ့ စိုးရိမ်ပူပန်မှုဟာ ခုထိ မပြီးဆုံးသေးပါဘူး။








