အာဏာသိမ်းမှုကြောင့် အကျည်းတန်ခဲ့ရတဲ့ စစ်ကိုင်းမြေကဖြစ်ရပ်များ

စစ်ကိုင်းမြို့မှာ ဖြိုခွဲနှိမ်နင်းတဲ့အကြားက အကြိမ်ကြိမ်ဆက်လက်ဆန္ဒပြခဲ့
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့မှာ ဖြိုခွဲနှိမ်နင်းတဲ့အကြားက အကြိမ်ကြိမ်ဆက်လက်ဆန္ဒပြခဲ့

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်မီးတောက်လောင်ပြီး ပဋိပက္ခဒေသအဖြစ် ကျရောက်သွားတဲ့နေရာတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးက အထင်အရှားဆုံးထဲက တစ်ခုပါ။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဒေသအထိ ကျယ်ဝန်းပြီး အလယ်ပိုင်းဒေသအထိဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းဟာ တိုင်းဒေသကြီးတွေထဲမှာ အကြီးမားဆုံး တိုင်းကြီးတစ်ခု ဖြစ်ပါတယ်။ လူဦးရေအားဖြင့်လည်း ၅သန်းကျော် အထိရှိတဲ့ တိုင်းတစ်ခုဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းမီအစောပိုင်းကာလတွေမှာ စစ်ကိုင်းတိုင်းဟာ ငြိမ်းချမ်းတဲ့ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲ၊ စစ်ပွဲဆိုတာ စစ်ကိုင်းမြေပြင်မှာ မကြားဖူးခဲ့ဘူးလို့ ဆိုသူတွေတောင် ရှိပါတယ်။

ဗမာလူမျိုးအများစုရှိကြပြီး၊ ရှမ်း၊ ကချင်၊ နာဂ၊ ချင်းအပါအဝင် တခြားတိုင်းရင်းသားမျိုးနွယ်စုတွေ စုပေါင်းနေထိုင်ကြတဲ့နေရာဖြစ်ပါတယ်။

ခရစ်စမတ်အချိန်အခါသာမက၊ နှစ်သစ်ကူးအချိန်အခါ၊ နောက် မြန်မာ့ ထုံးထမ်းစဉ်လာတွေအရ ကျင်းပတဲ့ ပွဲတော်တွေ အချိန်အခါမရွေးရှိနေတဲ့ နေရာလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ အဲဒီအရာတွေအားလုံးက ပျက်သုဉ်းသွားခဲ့ပြီး စစ်တလင်းမြေစစ်ကိုင်းအဖြစ် ကိုပြောင်းလဲသွားခဲ့ပါတယ်။

"လူငယ်တွေ သေနတ်ကိုင်ရမယ့်အရွယ်မဟုတ်ပေမယ့် သူတို့ခံစားချက်၊ ရည်မှန်းချက်တွေအတွက် အားလုံးက သေနတ်ကိုင်နေကြရပြီ" လို့ စစ်ကိုင်းတိုင်း ကနီဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တစ်ဦးက ရင်ဖွင့်ပါတယ်။

စစ်မြေပြင်စစ်ကိုင်း

နတ်ချောင်း ပစ်ခတ်မှု သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်နဲ့ မြို့ပေါင်း ၅၀ ကျော်ရှိပြီး အဲဒီထဲက ဒေသအများစုမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းကစလို့ အောက်ပိုင်းအထိ နေရာတိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ထွက်ပြေးတိမ်းရှောင်ရမှုတွေက အာဏာသိမ်းပြီး နှစ်လ အကြာကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းမှုကို နိုင်ငံတဝန်း တခဲနက် ဆန့်ကျင်ဆန္ဒပြတဲ့အချိန် စစ်ကိုင်းတိုင်းက ပြည်သူတွေကလည်း နေ့စဉ်နဲ့အမျှ ပါဝင်ခဲ့ကြပါတယ်။

စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ဆားလင်းကြီး၊ မြောင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ကလေး၊ ရေဦး တို့အပါအဝင် မြို့နယ်စုံက ဒေသခံတွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နေ့သပိတ်တွေရော၊ ညသပိတ်တွေပါ နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် လူအသေအပျောက်ရှိလာချိန်မှာတော့ စစ်ကိုင်းတိုင်းဘက်မှာ ဒေသခံတွေ အမဲလိုက်ရာမှာ သုံးနေကျ တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံခဲ့ကြရာကနေ ဒီကနေ့အထိ နေရာအများစုမှာ တိုက်ပွဲပုံစံတွေ နေ့စဉ်ဆိုသလို ရှိလာခဲ့ပါတယ်။

"စစ်ကိုင်းတိုင်းက အခုဆိုရင် ဘယ်အချိန်မှ မလုံခြုံတော့ဘူး။ ဘယ်တော့စစ်တပ်ဝင်လာမလဲ။ လာပစ်မလဲဆိုတာ လုံးဝမပြောနိုင်တော့ဘူး" လို့ မင်းဘူးမြို့နယ်က ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

တူမီးမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များဆီသို့

ကလေး ပီဒီအက်ဖ်

ဓာတ်ပုံ ရင်းမြစ်, Social Media

စစ်ကိုင်းတိုင်းထဲမှာ အာဏာသိမ်းပြီးလပိုင်းအကြာ မတ်လကုန်၊ ဧပြီလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေကို တူမီးတွေနဲ့ ပြန်လည်ခုခံတဲ့ ရွာတချို့ ရှိလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့၊ ပစ်ခတ်ဖြိုခွင်းမှုတွေကို ခုခံလိုကြတဲ့ ဒေသခံ လူငယ်၊ လူလတ်၊ လူရွယ်အားလုံးနီးပါးက တူမီးလက်နက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းတွေကို ပြန်တိုက်ခိုက်တာ၊ စစ်ကောင်စီရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကို ပြန်ခုခံကြတာတွေကို ဆက်တိုက်ဆိုသလို လုပ်လာခဲ့ကြပါတယ်။

ကိုယ့်ကျေးရွာကိုယ် လုံခြုံရေးရယူပြီး နေထိုင်ခဲ့ကြတဲ့ပုံစံမျိုးကို ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသတော်တော်များများက ပြုလုပ်ခဲ့ကြပေမဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာအများအပြားကတော့ အဲဒီလို လုံခြုံရေးယူရာမှာ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံတဲ့ပုံစံကို စတင် ကျင့်သုံးလာ ကြပါတယ်။ အဲဒီကစလို ဒေသခံ၊ ကျေးရွာလုံခြုံရေးအဖွဲ့၊ ကာကွယ်ရေးအဖွဲ့ စသဖြင့် တွင်တွင်ကျယ်ကျယ် ရှိလာခဲ့ပါတယ်။

အခုဆိုရင် စစ်ကိုင်တိုင်းထဲက မြို့နယ်တွေအားလုံးမှာ အများသိကြတဲ့ PDF လို့ခေါ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ ကိုယ်စီ ရှိနေကြပါတယ်။ နိုဝင်ဘာလကုန်အထိ ပြုစုထားတဲ့ ဘီဘီစီရဲ့သုတေသနအချက်အလက်တွေအရဆိုရင် စစ်ကိုင်းတိုင်းတစ်ခုတည်းမှာပဲ PDF အပါအဝင် တခြားဒေသကာကွယ်ရေးအဖွဲ့ စုစုပေါင်း ၆၀ ကျော် ရှိတယ်လို့ သိရပါ တယ်။

မူလတန်းကျောင်းအုပ်ကနေ တပ်မှူးတစ်ယောက်ဖြစ်လာတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ "ကျွန်တော်တို့ကို လက်နက်ကိုင်အောင် သူတို့ပဲလုပ်လိုက်တာ။ လက်နက်ရှိရင်မလုပ်ရဲဘူးဆိုတဲ့အသိကို လူငယ်တွေထဲကို ရိုက်သွင်းလိုက်တာလည်း သူတို့ပဲ။ တကယ်တမ်းကျတော့ သူတို့မှာပဲ အပြစ်ရှိတယ်" လို့ ဆိုပါတယ်။

အဲဒီလို ဒေသကာကွယ်ရေးအဖွဲ့တွေဟာ တစ်နိုင်ငံလုံးမှာဆိုရင် အဖွဲ့ပေါင်း ၃၈၀ ကျော်နဲ့ အထက်အထိ ရှိနေတယ်လို့ လေ့လာသုတေသနပြုထားသူတွေက ဆိုပါတယ်။

နိုင်ငံအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ချိတ်ဆက်ထားနိုင်ပြီလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုဝင်ဘာလထဲမှာ ပြောထားပါသေးတယ်။

၂၀၂၁ ခုနှစ်မေကနေ နိုဝင်ဘာလကုန်အထိကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတို့အကြား ဖြစ်ခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲက ၇ လအတွင်းမှာပဲ ၂၇၇ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၁၇၀၀ ကျော်နဲ့ PDF အဖွဲ့တွေဘက် က ၇၅ ဦးကျော်သေဆုံးခဲ့တယ်လို့လည်း တိုက်ပွဲနဲ့ ထိခိုက်သေဆုံးမှုတွေကို အခြေပြုဖော်ပြတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီအရေအတွက်နဲ့စာရင် စစ်ကောင်စီဘက်က နောက်ဆုံးထုတ်ပြောထားတဲ့ သေဆုံးသူ တပ်ဖွဲ့ဝင်၂၀၀ နီးပါး ရှိတယ်ဆိုတဲ့ အရေအတွက်နဲ့တော့ သိသိသာသာ ကွာခြားပါတယ်။

နှစ်ဘက်စလုံးရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ သေဆုံး ဒဏ်ရာရသူ အရေအတွက်ကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

အစောဆုံးလက်နက်ကိုင်ခုခံမှုများ

အညာဒေသမှာတောဆိုပေမဲ့ သစ်ပင်ကြီးကြီးမားမား ထူထူထပ်ထပ်ရှိတာမဟုတ်

တူမီးနဲ့ စတင်ခုခံရင်း တိုက်ပွဲပုံစံဖြစ်ခဲ့တဲ့ နေရာတွေက စစ်ကိုင်းတိုင်းထဲမှာ အစောဆုံးဖြစ်သလို ကျန်ပြည်နယ်နဲ့ တိုင်းတွေထဲက စစ်အာဏာသိမ်းမှုကို တူမီးနဲ့စတင်ဆန့်ကျင် ခုခံကြတဲ့ဖြစ်စဉ်တွေမှာလည်း စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတချို့ကို အစောဆုံးဖြစ်ရပ်တွေလို့ မှတ်တမ်းတင်ထားနိုင်ပါတယ်။

ရန်ကုန်အပါအဝင် မြို့ကြီးတွေတိုင်းမှာ မတ်လအကုန်နဲ့ ဧပြီလဆန်းတွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေချိန်မှာပဲ စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ်က သပြေအေးဆိုတဲ့ ရွာလေးမှာတော့ စစ်တပ်ကို တူမီးလက်နက်နဲ့ ပစ်ခတ်ကာပြန်လည်ခုခံတဲ့တိုက်ပွဲပုံစံမျိုး ဖြစ်ခဲ့ပါတယ်။

"ဧပြီ ၂ရက်နေ့က ကနီနဲ့ ယင်းမာပင်၂ခုလုံးက အကုန်လုံး သပြေအေးတိုက်ပွဲကို သွားပြီး တိုက်ခဲ့ကြတယ်။ စစ်တပ်က ပြေးရပါလေရော" လို့ သပြေအေးတိုက်ပွဲမှာ ပါဝင်ခဲ့သူ ကနီဒေသကာကွယ်ရေး အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ကနီနဲ့ ယင်းမာပင်နယ်စပ်က သပြေအေးရွာတိုက်ပွဲက အစောဆုံးဖြစ်ခဲ့ပြီး ကနီ၊ ယင်းမာပင်အပြင် မင်းကင်းက ဒေသခံတွေက ရရာတူမီးကိုင်ပြီး စစ်တပ်ကို တိုက်ပွဲပုံစံ စတင်တိုက်ခိုက်တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီကနေ တစ်ပြိုင်နက်၊ ကနီ- ယင်းမာပင်နယ်စပ်ကပဲ ဆယ်ရွာချောင်တိုက်ပွဲ၊ ယမ်းတွေတင်လာတဲ့ စစ်ရေယာဉ်တွေကို တိုက်ခိုက်တဲ့ ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲ၊ မင်းကင်း- ကနီလမ်းမပေါ်က မြိုင်းဇရပ်မှာ ဖြစ်တဲ့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေထဲက သပြေအေးတိုက်ပွဲမှာဆိုရင် ဒေသခံတွေဘက်က ၉ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကနီဘက်က ၂ ဦးနဲ့ ကျန်တဲ့ ယင်းမာပင်မြို့နယ် ဘက်က ဒေသခံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တခြား တိုက်ပွဲတွေမှာ သေဆုံးသူတွေရှိခဲ့သလို၊ ထိခိုက်ဒဏ်ရာရသူတွေသာရှိတဲ့ တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။

နယ်မြေစိုးမိုးရေး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်မှုတွေစတော့မယ်လို့ အောက်တို့ဘာလ ၅ ရက်နေ့က ကြေညာခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်မှုတွေစတော့မယ်လို့ အောက်တို့ဘာလ ၅ ရက်နေ့က ကြေညာခဲ့

အာဏာသိမ်းခဲ့တာ ၁၁ လကြာ ရှိလာခဲ့ပေမယ့် အဲဒီအပေါ် ဆန့်ကျင်တော်လှန်မှုတွေက ဒီကနေ့အထိ ရှိနေဆဲပါ။ ဧပြီလကတည်းက စလာခဲ့တဲ့ လက်နက်ကိုင်ခုခံမှုတွေက စစ်ကိုင်းတိုင်းထဲက ရွာစဉ်အများအပြားမှာ ဒီကနေ့အထိ ရှိနေဆဲပါ။

လက်လုပ်မိုင်းတွေနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်တာ၊ လက်လုပ်သေနတ်၊ လက်လုပ်လောင်ချာ စသဖြင့် တီထွင်ကြံဆပြီးကိုယ်ပိုင်လက်နက်တွေလုပ်လာကြသလို လှူဒါန်းမှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထောက်ပံ့မှုကရရှိတဲ့ လက်နက်တွေနဲ့ စစ်ကောင်စီတပ်တွေကို နေ့စဉ်ဆိုသလို ဆန့်ကျင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

"စစ်တပ်က သူလာတဲ့အချိန်ပဲ၊ လာတဲ့နေရာမှာပဲ နေရဲတာ၊ အပြင်တောင် မထွက်ရဲဘူး။ အပြင်မထွက်တောင် သူတို့ရှိနေတဲ့နေရာကို သွားပစ်တာတွေလည်း သူတို့ခံရတယ်။ စစ်ကြောင်းမလာတဲ့အချိန်က ဒေသခံကာကွယ်ရေးအဖွဲ့တွေပဲ အုပ်ချုပ်ကြတာ" လို့ မြောင်ဒေသခံတစ်ဦးက မြောင်မြို့နယ်က အခြေအနေတွေကို ပြောပြပါတယ်။

မြောင်ဒေသက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအဆက်မှာရှိနေတဲ့ ရေလမ်း၊ ကုန်းလမ်းနှစ်သွယ်ရှိတဲ့ မြို့နယ်တစ်ခု လည်းဖြစ်ပါတယ်။ နိုဝင်ဘာလကစလို့ မြောင်တစ်မြို့နယ်လုံးက အဓိကကျတဲ့နေရာ လေးခုကို မြောင်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးအတွက် ကင်းချထားတဲ့အထိလုပ်ဆောင်နိုင်တာမျိုးရှိတယ်လို့ သိရပါတယ်။

ဗီဒီယို ပုံစာ, စစ်ကောင်စီခန့် စစ်ကိုင်း ဝန်ကြီးချုပ် ယာဥ်တန်း မိုင်းဆွဲခံရ

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ်တချို့မှာလည်း စစ်ကြောင်းတွေလှည့်ပတ်လာရင်ကို တိုက်ခိုက် ခံနေရတဲ့အခြေအနေမျိုးတွေရှိပြီး၊ မြို့ပေါ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေဆိုရင် မကြာခဏ တိုက်ခိုက်ခံရတဲ့အခြေအနေမျိုးတွေရှိကာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့ နေရာတွေ ဖြစ်လာနေပါ တယ်။

"ကျွန်တော်တို့က အချိန်တစ်ခုအတိုင်းအတာကိုစောင့်နေတာ … ကျွန်တော်တို့မြို့ကတော့ ရယ်ဒီဖြစ်နေပါပြီဗျ" လို့ စစ်ကိုင်းအထက်ပိုင်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မူလရပ်တည်ခဲ့တဲ့ ကျောင်းဆရာ၊ အစိုးရဝန်ထမ်း၊ ဆရာဝန်၊ သူနာပြု၊ စာရေးဆရာ စတဲ့ဘဝတွေကနေ လက်နက်ကိုင်တော်လှန်သူတွေဖြစ်လာတဲ့ စစ်ကိုင်းတိုင်းထဲက လူငယ်တွေနဲ့ ဖွဲ့စည်းထားကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့အချို့က လက်နက်၊ လူအင်အားနဲ့ ရိက္ခာပြည့်စုံတဲ့အဖွဲ့တွေ ရှိသလို၊ အခုချိန်ထိ တူမီးသေနတ်ပဲ ကိုင်နိုင်သေးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။

ဒီပဲယင်း၊ မြောင်၊ ကနီ၊ မင်းကင်း၊ ရေဦး၊ တန့်ဆည် အပါအဝင် မြို့နယ်တချို့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မှာတော့ အဖွဲ့ဝင်အင်အား အများအပြားရှိနေပေမယ့် လက်နက်မတပ်ဆင်ပေးနိုင်တာကြောင့် အခုချိန်ထိ တူမီး သေနတ်၊ လက်လုပ်မိုင်းတွေနဲ့သာ စစ်ကြောင်းတွေကို ဟန့်တားနိုင်တဲ့အနေအထားသာရှိတဲ့ နေရာတွေလည်း အများအပြားပါ။

လေကြောင်းကို အားထားလာတဲ့ စစ်ကောင်စီတပ်တွေ

ဗီဒီယို ပုံစာ, စစ်ကိုင်းဒေသခံကာကွယ်ရေးတပ်တွေကို စစ်ကောင်စီ ရဟတ်ယာဥ်သုံးရှင်းလင်း

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေကို လက်လုပ်မိုင်းတွေ၊ လက်လုပ်သေနတ်အပါအဝင် လက်နက်မျိုးစုံနဲ့ တိုက်ခိုက်တာတွေ၊ နယ်မြေကျွမ်းကျင်သူတွေရဲ့ တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကြောင်းတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရတာ၊ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေ အမြဲဖြစ် ခဲ့ပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက တပ်တွေကို ခြေလျင်၊ ကုန်းလမ်းသုံးနေတာထက် ရဟတ်ယာဉ်တွေသုံးပြီး ပြောင်းရွှေ့ပေးတာမျိုး လုပ်ဆောင် လာရပါတယ်။

အောက်တိုဘာအကုန်ကစလို့ စစ်ကိုင်းတိုင်းထဲက တပ်အရွှေ့အပြောင်းလုပ်တဲ့ ဖြစ်စဉ်အများစုကို ရဟတ်ယာဉ် သုံးပြီးတော့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုတွေမှာလည်း PDF လို့သံသယရှိတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို အခုနောက်ပိုင်းမှာ လုပ်ခဲ့တာပါ။

နိုဝင်ဘာလအတွင်းကဆိုရင် ဒီပဲယင်းအရှေ့ခြမ်းက ညောင်လှရွာကို ရဟတ်ယာဉ်တွေနဲ့ ဝိုင်းပစ်ခတ်ခဲ့သလို ဒီပဲယင်းအနောက်ခြမ်းကရွာတွေမှာလည်း တပ်အပြောင်းအရွှေ့ကို ရဟတ်ယာဉ်သုံးခဲ့ပြီး ပစ်ခတ်တာတွေလည်း ဆက်တိုက်လုပ်ခဲ့ပါတယ်။

အဲဒါအပြင် ရေဦးမြို့နယ်က ရေမြက်ရွာ၊ တန့်ဆည်က လိပ်ခြံ၊ ကလေးမြို့နယ်က နတ်ချောင်းရွာ၊ ယင်းမာပင်မြို့နယ်က ရွာတချို့စတဲ့နေရာတွေမှာ နိုဝင်ဘာလကစပြီး ဒီဇင်ဘာလအထိ ဆက်တိုက်ရဟတ်ယာဉ်သုံး ပစ် ခတ်တဲ့ပုံစံတွေ ဖြစ်လာပါတယ်။

ရေဦးမြို့နယ် ရေမြက်ကျေးရွာအုပ်စု ရေမြက်ရွာ တိုက်ခိုက်ခံရပြီးနောက် တွေ့မြင်ရစဥ်

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်

ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ် ရေမြက်ကျေးရွာအုပ်စု ရေမြက်ရွာ တိုက်ခိုက်ခံရပြီးနောက် တွေ့မြင်ရစဥ်

စစ်ဘေးရှောင်ဆဲ ဒေသံများ

မြေပြင်ကတိုက်ပွဲတွေအပြင် ရဟတ်ယာဉ်နဲ့ပစ်ခတ်တာတွေပါ ရှိလာတာကြောင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာ အများအပြားက ဒေသခံတွေကတော့ စစ်ဘေးတိမ်းရှောင်ရတာ မကြာခဏဆိုသလို ရှိလာပါတယ်။

တိုက်ပွဲပေါင်း ၃၀၀နီးပါးလောက် ဖြစ်ခဲ့ပြီး ဖြစ်နေဆဲ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းထဲက လူအများအပြားက တိုက်ပွဲတွေ၊ စစ်ပွဲတွေလွတ်ရာကို တိမ်းရှောင်ကြပါတယ်။

ခေတ္တခဏ တိမ်းရှောင်ရသူတွေရှိသလို၊ ကာလရှည်တိမ်းရှောင်ရသူတွေလည်း ရှိပါတယ်။ စစ်ကြောင်းဝင်လာတာ နဲ့ ဒေသခံတွေက နီးစပ်ရာ၊ လယ်တောတွေ၊ တောတွေထဲမှာ ရရာအမိုးအကာတွေနဲ့ တိမ်းရှောင်နေကြရပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာပဲ စစ်ဘေးရှောင်သူပေါင်း တစ်သိန်းနီးပါးအထိ ရှိလာပါတယ်။ ဒါက အာဏာသိမ်းပြီးကတည်းကစလို့ ၁၀လကျော်ကြာလာချိန် အထိ စုပေါင်းတွက်ချက်ထားတဲ့ ပမာဏ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းက စစ်ရှောင်ပြည်သူတွေ

တစ်နိုင်ငံလုံးမှာဆိုရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေကြောင့်တိမ်းရှောင်ရသူ သုံးသိန်းရှစ်သောင်း ကျော်အထိရှိလာပြီး အာဏာမသိမ်းမီ တိုင်းရင်းသားဒေသတွေက စစ်ပွဲကြောင့်တိမ်းရှောင်ရသူတွေနဲ့ ပေါင်းရင် စစ်ဘေးရှောင်သူ ရှစ်သိန်းရှစ်သောင်းကျော်အထိ ရှိတယ်လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲကရွာတွေမှာဆိုရင် ရွာစဉ်လိုက်ထွက်ပြေးကြရတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွာတွေကိုလည်း ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို စစ်တပ်ဘက်က ပိတ်ဆို့တာမျိုးတွေပြုလုပ်တာကြောင့် စစ်ရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ဆေးဝါးလိုအပ်ချက်နဲ့ ဆောင်းရာသီ အမိုးအကာနဲ့ အနွေးထည်လို လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

"ကနီမှာ ပါရာစီတမောတောင် ဝယ်လို့မရဘူး။ လမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်ထားတယ်။ အခု အရမ်းအေးနေပေမယ့် စောင်နဲ့ အနွေးထည်တောင် လုံလုံလောက်လောက် မရှိကြဘူး" လို့ ထွက်ပြေးတိမ်းရှောင် သူ ရာကျော်ကို ကူညီပေးထားရတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ

ဒုံးတောရွာက ၁၀ ဦး သတ်ဖြတ်မီးရှို့ခံရမှုမှာ သေဆုံးသူ အများစုက လူငယ်တွေဖြစ်
ဓာတ်ပုံ ပုံစာ, ဒုံးတောရွာက ၁၀ ဦး သတ်ဖြတ်မီးရှို့ခံရမှုမှာ သေဆုံးသူ အများစုက လူငယ်တွေဖြစ်

စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေမှာလည်း စစ်ပွဲတွေအတွင်းမှာ ပစ်ခတ်ခံရလို့သေဆုံးကြသူ ဒေသခံတွေ ရှိသလို၊ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသူတွေ၊ အစုလိုက် အများအပြား သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွေလည်း စစ်ကိုင်းတိုင်းအတွင်းမှာ ရှိခဲ့ပါတယ်။

မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်က စပြီး အင်အားသုံးဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကနီဒေသမှာရှိတဲ့ ရွာ ၄ ရွာကို စစ်တပ်က ပစ်မှတ်ထား နှိမ်နှင်းမှုတွေလုပ်ခဲ့တဲ့အတွက် လူအမြောက်အများ သေဆုံးခဲ့ရပါတယ်။ စစ်တပ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အခြေ အနေတွေကိုလည်း ဘီဘီစီကမ္ဘာတစ်လွှားအစီအစဉ်က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်က ကနီမြို့နယ်ထဲက ယင်းရွာ၊ ရှစ်ခိုးတပ်တော၊ တောင်ပေါက်ရွာနဲ့ ဇီးပင်တွင်းရွာထဲကို စစ်ကောင်စီ တပ်ဖွဲ့တွေဝင်တဲ့အချိန်မှာပဲ အဲဒီရွာထဲက ကျေးရွာသား ၁၂ ဦးကို သတ်ဖြတ်ပြီး မြေမြုပ်ခဲ့တဲ့ ဖြစ်စဉ်ပါ။

ဗီဒီယို ပုံစာ, စစ်ကိုင်း ပီဒီအက်ဖ် စခန်းတချို့ကို စစ်ကောင်စီ ဝင်စီး

လောလောလတ်လတ် ဒီဇင်ဘာလ ၇ ရက် ကပဲ ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာမှာလည်း လူ ၁၀ ဦးကို ပစ်သတ်ပြီး မီးရှို့ခဲ့တာလည်းရှိပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာဆိုရင် သေဆုံးသူတွေဟာ လူငယ်အရွယ်တွေအများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ရေဦးမြို့နယ် ရေမျက်ရွာမှာဆိုရင်လည်း တစ်နေ့တည်းဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေအတွင်း အမျိုးသမီးတွေအပါအဝင် လူ ၁၀ ဦးအထိ သေဆုံးခဲ့ကြပါတယ်။

ကလေးမြို့နယ်အတွင်းက နတ်ချောင်းရွာမှာဆိုရင်လည်း စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့တာအပြင် မြေပြင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်မှုကြောင့် ရွာအတွင်းမှာ သေဆုံးသူတွေ အနည်းဆုံး ၉ ဦးအထိရှိတဲ့ဖြစ်စဉ်ကလည်း ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ခဲ့တာပါ။

ဒါကြောင့် စစ်အာဏာမသိမ်းခင်က နယ်မြေအေးချမ်းတည်ငြိမ်ပြီး၊ ဖွံဖြိုးမှုတွေ လက်တကမ်းမှာ ရောက်နေခဲ့တဲ့ စစ်ကိုင်းတိုင်းမှာတော့ လူငယ်များစွာ အသက်ဆုံးရှုံး နေရတာ၊ နေရာတိုင်းလိုလို စစ်တလင်းမြေအဖြစ် ပြောင်းလဲသွားတာ၊ စစ်ဘေးရှောင်သူ သိန်းချီရှိလာတာနဲ့ အနာဂတ်ပျောက်နေတဲ့ လူငယ်တွေ မိသားစုတွေ၊ ပြိုကွဲသွားတဲ့ မိသားစုတွေ၊ လူမစုံတော့တဲ့ မိသားစုများစွာဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ နောက်ပိုင်းကစလို့ ဖြစ်ပေါ်လာနေပါတယ်။