ပြည်တွင်းစစ်အသွင်ပြောင်းသွားတဲ့ မြန်မာပြည်တွင်းက ပဋိပက္ခများ

လေ့ကျင့်နေကြသော ပည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, စိုး၀င်းသန်း၊ ကိုကိုအောင်၊ နာဆော့ စတိုင်လီယာနို
    • ရာထူးတာဝန်, BBC Burmese နှင့် BBC Data Journalism

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အရပ်သားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပိုတိုးလာနေပြီး အသက်သေဆုံးမှုတွေ ပိုများလာနေတာကို အချက်အလက် အသစ်တွေအရ တွေ့မြင်နေပါတယ်။ စစ်တပ်ကို တိုက်ခိုက်နေကြသူ အတော်များများက လွန်ခဲ့တဲ့ တစ်နှစ်က စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် သူတို့ ဘဝတွေကို စွန့်လွှတ်လိုက်ကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေရဲ့ ပြင်းထန်မှုနဲ့ အတိုင်းအတာ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေသူတွေရဲ့ ချိတ်ဆက် တိုက်ခိုက်နိုင်စွမ်းတွေကို ကြည့်ပြီး ပဋိပက္ခတွေဟာ အုံကြွမှုအဆင့်ကနေ ပြည်တွင်းစစ်ဆီ ပြောင်းလဲလာပြီ ဆိုတာကို ညွှန်ပြနေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ရေးတိုက်ခိုက်မှုတွေ ပျံ့နှံ့လာနေတယ် ဆိုတာ Acled [Armed Conflict Location and Event Data Project] ဆိုတဲ့ ပဋိပက္ခတွေကို စောင့်ကြည့် အချက်အလက်စုဆောင်းထားတဲ့ အဖွဲ့ရဲ့ စာရင်းဇယားတွေ အရ သိရှိရပါတယ်။ မြေပြင်ကနေရရှိတဲ့ အချက်အလက်တွေအရ တိုက်ပွဲတွေက ပိုမို ဟန်ချက်ညီ အားကောင်းလာပြီး စစ်တပ်ကို အရင်တုန်းက လက်နက်ကိုင်ပြီး ခုခံတွန်းလှန်မှု မရှိခဲ့တဲ့ မြို့ပြ နေရာတွေ အထိ ရောက်လာခဲ့တယ် ဆိုတာလည်း သိမြင်ရပါတယ်။

သေဆုံးသူ အရေအတွက် တိတိကျကျ သိနိုင်ဖို့ ခက်ခဲပေမဲ့ ဒေသတွင်း သတင်းမီဒီယာတွေနဲ့ တခြား သတင်း အချက်အလက်တွေပေါ် အခြေခံပြီး Acled အဖွဲ့က စုဆောင်းထားတဲ့ ကိန်းဂဏန်းတွေ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေး ဆိုင်ရာ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၂၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းပါတယ်။ သြဂုတ်လ နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူတွေ တစ်လထက် တစ်လ ပိုတိုးလာခဲ့ပါတယ်။

အာဏာသိမ်းပြီးခါစမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုင်ငံတဝန်း ဆန္ဒပြမှုတွေကို ဖြိုခွင်းခဲ့တဲ့အတွက် အရပ်သားတွေ အများဆုံး သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ အခု သေဆုံးသူ အရေအတွက် တိုးလာနေတာက အရပ်သားတွေက လက်နက်ကိုင်ဆောင်ပြီး ပြန်လည်တိုက်ခိုက်လာကြရာက တိုက်ပွဲတွေအတွင်း သေဆုံးမှုတွေကို တွေ့လာရလို့ ဖြစ်တယ်လို့ Acled ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

သင့်စက်က ယခုဖော်ပြချက်ကို ကြည့်နိုင်မည်မဟုတ်ပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲ ဘက်ချလက်က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခကို ပြည်တွင်းစစ် ဆိုတဲ့ အသုံးအနှုန်း ခေါ်ဝေါ် သင့်ပြီ ဆိုတဲ့ သဘောထားတွေနဲ့ ထပ်တူရှိပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထူထောင်နိုင်ရေး စစ်တပ်ကို ဖိအားပေးနိုင်ဖို့ ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ပြုလုပ်ပါလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းတဲ့အကြောင်း ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာက တုံ့ပြန်ရာမှာ "အရေးတကြီး လုပ်ဆောင်မှုမရှိ" ဖြစ်နေပြီး ကြီးမားတဲ့ အန္တရာယ် ကျရောက်နေတဲ့ အခြေအနေအဖြစ်သာ ဖော်ပြပြော ဆိုကြတယ်၊ အခု ပဋိပက္ခက ဒေသတွင်း လုံခြုံရေးကို အန္တရာယ်ကျစေနိုင်တဲ့ အခြေအနေရှိနေပြီလို့ မီရှဲ ဘက်ချလက်က သတိပေးပါတယ်။

စစ်တပ်ကို တန်ပြန်တိုက်ခိုက်နေတဲ့ အင်အားစုတွေကို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေလို့ လူတွေသိကြပါတယ်။ PDF အဖွဲ့တွေဟာ လူငယ်တွေ အများစု ပါဝင်တဲ့ အရပ်သားလက်နက်ကိုင် အဖွဲ့တွေဖြစ်ကြပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ဆောင်ရွက်မှု တချို့ ရှိကြပါတယ်။

လေ့ကျင့်နေကြတဲ့ PDF တပ်သားများ၊ ကရင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေ့ကျင့်နေကြတဲ့ PDF တပ်သားများ၊ ကရင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁

အသက် ၁၈ နှစ် အရွယ် ဟာရာ (အမည်လွှဲ ) ဆိုတဲ့ မိန်းကလေးက အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် စစ်တပ်အစိုးရကို ဆန့်ကျင်တဲ့ ကန့်ကွက် ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ချိန်က အခြေခံပညာ အထက်တန်းအောင်ပြီးခါစပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက PDF အဖွဲ့တခုရဲ့ တပ်စုမှူးအဖြစ် တာဝန်ယူဖို့ တက္ကသိုလ်တက်မယ့် သူ့အစီအစဉ်တွေကို ဆိုင်းထားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ဆန္ဒပြမှုတွေအတွင်း သေဆုံးမှုတွေထဲမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ကျောင်းသူ မမြသွဲ့သွဲ့ခိုင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရမှုဖြစ်ခဲ့တဲ့ ဖြစ်ရပ်က သူ PDF အဖွဲ့မှာ ပူးပေါင်းပါဝင်လာအောင် လှုံ့ဆော် ပေးခဲ့တယ်လို့ ဟာရာ က ပြောပါတယ်။

သူ တိုက်ခိုက်ရေး သင်တန်း စတက်တော့ သူ့မိဘတွေက အစပိုင်းမှာ စိုးရိမ်ပူပန်ခဲ့ကြပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ သမီးဖြစ်သူက အလေးအနက် ရှိတယ် ဆိုတာ သိလာပြီး လိုက်လျောလိုက်ကြပါတယ်။

သူ့မိဘတွေက "သမီးတကယ်ပဲ စိတ်အားထက်သန်တယ် ဆိုရင် အဆုံးအထိလုပ်ပါ။ လမ်းတဝက်မှာတော့ လက်မလျှော့ပါနဲ့ လို့ ပြောပါတယ်။ ဒါကြောင့် သင်တန်းဆရာနဲ့ စကားပြောခဲ့ပါတယ်၊ သင်တန်း တက်ပြီး ငါးရက် အကြာမှာ ကျွန်မ တော်လှန်ရေးထဲမှာ အပြည့်အဝ ပါဝင်လိုက်ပါတယ်"။ လို့ ဟာရာက ပြောပါတယ်။

အာဏာသိမ်းမှု မဖြစ်ခင်က ဟာရာလို လူငယ်တွေဟာ ဒီမိုကရေစီရဲ့ အရသာကို အတိုင်းအတာတခုအထိ ခံစားခွင့်ရပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာကြတာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းယူလိုက်တာကို လူငယ်တွေက အကြီးအကျယ် မကျေမနပ် ဖြစ်ကြပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ကို ဆန့်ကျင်တော်လှန် တိုက်ခိုက်နေကြတဲ့ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သူတို့ကို ထောက်ပံ့ကူညီပြီး လေ့ကျင့် သင်တန်းတွေလည်း ပေးနေကြပါတယ်။

line

မြန်မာပြည်တွင်းစစ်- အချက်အလက်တွေ ဘယ်လို စုဆောင်းခဲ့လဲ

ကမ္ဘာတဝန်းမှာ ဖြစ်နေတဲ့ နိုင်ငံရေး အကြမ်းဖက်မှု၊ ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေစုဆောင်းရယူထားတဲ့ Acled ခေါ် အကျိုးအမြတ် မယူတဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းက စုဆောင်းထားတဲ့ အချက်အလက်တွေကို ဘီဘီစီက အသုံးပြုပါတယ်။

Acled အဖွဲ့ဟာ သတင်းအစီရင်ခံစာတွေ၊ အရပ်သားအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အပြင် ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေး နောက်ဆုံးအခြေအနေ ဆိုင်ရာ ထုတ်ပြန်ချက်တွေကို အခြေခံပြီး အချက်အလက် ကောက်ယူပါတယ်။

ပဋိပက္ခအဆင့်ဆင့်ပြောင်းလဲလာပုံ

Acled အဖွဲ့က သတင်းထုတ်ပြန်ချက် တစ်ခုချင်းစီကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပေမဲ့ ဖြစ်ရပ်တွေ သေဆုံးမှုတွေနဲ့ပတ်သက်လို့ နောက်ဆုံးရ အချက်အလက်တွေနဲ့ စဉ်ဆက်မပြတ် အသစ်ပြင်ဆင်ဖော်ပြပေးနေပါတယ်လို့ ပြောပါတယ်။ ဒါကလည်း ပဋိပက္ခ ဖြစ်ရာ ဇုန်နယ် ဒေသတစ်ခုမှာ သတင်းတွေက ဘက်လိုက်မှု ဖြစ်တတ်လေ့ရှိတာ ဒါမှ မဟုတ် မပြည့်စုံတာတွေ ဖြစ်နိုင်လို့ ဖြစ်ရပ်တွေအားလုံးကို သိရှိရရှိ နိုင်ဖို့ အခက်အခဲ ရှိတဲ့အပြင် ထွက်လာတဲ့ ထိခိုက်သေဆုံးမှုကို ခန့်မှန်းဖော်ပြချက်တွေထဲမှာ ကိုယ်တိုင်အတည်မပြုနိုင်သေးသမျှ အဲဒီထုတ်ပြန်ချက်တွေအထဲက အနိမ့်ဆုံးကိန်းဂဏန်းကိုပဲ မှတ်တမ်းတင်ထားမယ် ဆိုတဲ့ Acled ရဲ့ မူဝါဒ ကြောင့် လည်းဖြစ်ပါတယ်။

လအလိုက် အသေအပျောက်တွေ ပိုများလာတာကို တွေ့ရ

ဒါပေမဲ့ နှစ်ဖက်စလုံးမှာ ပြင်းထန်တဲ့ဝါဒဖြန့် စစ်ပွဲ ဆင်နွှဲနေကြတာဖြစ်လို့ နှစ်ဘက်စလုံးရဲ့ ပြောဆိုမှုတွေအရ ဖြစ်ရပ်တွေကို တိတိကျကျနဲ့ အပြည့်အဝ သိမြင်နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိပါဘူး။ သတင်းထောက်တွေက မြေပြင်ကနေ သွားရောက်သတင်းရယူရေး တွေမှာလည်း အကန့်အသတ်က ကြီးကြီးမားမား ရှိနေပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ ဇွန်လအတွင်း မြန်မာ စစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ခိုက်မှု တွေကြောင့် သေဆုံးသူများဆိုင်ရာ အချက်အလက်တွေကို ဘီဘီစီ မြန်မာပိုင်းကလည်း ကောက်ယူထားခဲ့ပါတယ်။ အဲဒီ အချက်အလက်တွေက Acled အဖွဲ့ရဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိတာ တွေ့ရပါတယ်။

line

PDF တွေဟာ လယ်သမားတွေ၊ အိမ်ရှင်မတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ စတဲ့ လူထု လူတန်းစား အလွှာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စစ်တပ် အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ သံန္နိဋ္ဌာန်နဲ့ သူတို့ ပေါင်းစည်းထားကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ သူတို့ရဲ့ တပ်ဖွဲ့တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ထူးခြားတာက နိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသတွေနဲ့ မြို့ကြီးတွေက မြန်မာ လူငယ်တွေက ရှေ့တန်းကပါဝင်လာပြီး တခြား တိုင်းရင်းသား လူငယ် အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

အခုတကြိမ်ဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာလူငယ်တွေရဲ့ အကြမ်းနည်းနဲ့ လက်နက်ကိုင် ဆန့်ကျင်မှုကို စစ်တပ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

" အရပ်သားတော်တော်များများက ပြည်သူ့စစ် ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအင်အားစုလို့ ခေါ်တဲ့ အဖွဲ့တွေထဲ ဝင်ကြတယ်" လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး မစ္စဘက်ချလက်က ဘီဘီစီကို ပြောပါတယ်။ "ဒါကြောင့် တစ်ခုခု ပြတ်ပြတ်သားသား မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ဆီးရီးယားလို အခြေအနေ ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ ပြောခဲ့တာ ကြာပါပြီ" လို့ လည်း သူက ပြောပါတယ်။

ထန်တလန်မြို့တွင်း နေအိမ်တွေ မီးလောင်ကျွမ်းနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ စစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ ချင်းပြည်နယ် ထန်တလန်မြို့အတွင်း နေအိမ်တွေ မီးလောင်နေတဲ့ ပုံ၊ အောက်တိုဘာ ၂၀၂၁

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းဒေသမှာ PDF အဖွဲ့ အတော်များများကို ထိန်းချုပ်ထားတဲ့ အရင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်နဂါးက အခုတိုက်ပွဲဟာ တန်းတူရည်တူ တိုက်ခိုက်နေရတာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

PDF တွေ အနေနဲ့ လောက်လေးခွလို အိမ်လုပ်လက်နက်တွေနဲ့ စတိုက်ခဲ့ကြရတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ လုပ်သေနတ်တွေ၊ ဗုံးတွေ ကိုယ်တိုင်ထုတ်လုပ် လာနိုင် ကြတာတွေ တွေ့လာရပါပြီ။

လက်နက်အကြီးအကျယ် တပ်ဆင်ထားတဲ့ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့စွမ်းအင်ရှိပြီး မကြာသေးခင်လပိုင်းအတွင်းကစလို့ လေကြောင်းသုံးပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

သူတို့က စစ်အစိုးရကို ရုရှားနဲ့ တရုတ် အပါအဝင် ပွင့်ပွင့်လင်းလင်း ထောက်ခံမှုပေးနေတဲ့ နိုင်ငံတွေဆီကနေ လက်နက်တွေ ရယူနိုင်ကြတယ်။

Myanmar Witness အဖွဲ့က ပွင့်လင်း မြင်သာစွာရနိုင်တဲ့ အချက်အလက်တွေကို သုံးပြီး စုံစမ်းထောက်လှမ်းမှု တစ်ခုလုပ်ခဲ့တဲ့ အခါ ရုရှားလုပ် သံချပ်ကားတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းတုန်းက ရန်ကုန်မှာ သယ်ချခဲ့တယ် ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ သူတို့က ရရှိတဲ့ အချက်အလက်အထောက်အထားတွေကို ဘီဘီစီကို မျှဝေပေးခဲ့ပါတယ်။

ဒါပေမဲ့ PDF တွေရဲ့ အင်အားကတော့ မြေပြင်မှာ ဒေသခံလူထုရဲ့ ထောက်ခံမှု ရရှိနေတာပဲဖြစ်ပါတယ်။ အောက်ခြေမှာ ခုခံတွန်းလှန်မှုတွေက ပိုမို စုစည်းမှု ရှိလာတယ်၊ ရဲဝံ့စွန့်စားပြီး တိုက်ပွဲအတွေ့အကြုံတွေရှိလာကြ ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက PDF ယူနစ် တချို့ထူထောင်ဖို့ ကူညီပြီး ရန်ပုံငွေလည်း ထောက်ပံ့ပါတယ်။ တခြားအဖွဲ့တွေနဲ့လည်း အလွတ်သဘော ထိတွေ့ ဆက်ဆံတာတွေ အစဉ်မပြတ် လုပ်ပါတယ်။

PDF တွေက ရဲစခန်းတွေ၊ အင်အားနည်းတဲ့ ဂိတ်စခန်းတွေလို ခုခံနိုင်စွမ်း နည်းတဲ့ စစ်ကောင်စီ ပစ်မှတ်တွေကို တိုက်ခိုက်ပါတယ်။ လက်နက်တွေကိုသိမ်းဆည်းပါတယ်။ ဒါ့အပြင် စစ်တပ်ပိုင် စီးပွားရေးဖြစ်တဲ့ မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ ဘဏ်တွေကို ဗုံးခွဲတာတွေ လုပ်ပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ် အတွက် ကိုယ်တိုင် လုပ်ဆောင်ဖို့ကလွဲပြီး PDF တွေမှာ တခြားရွေးစရာလမ်း မရှိဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။

"ဒီနေ့ ကျွန်တော်မြင်တာက အမှန်တရား တစ်ခုအတွက် စားပွဲဝိုင်းမှာ ထိုင်ပြီး ပြဿနာကို ဖြေရှင်းတဲ့နည်းက အခု အလုပ်မဖြစ်တော့ဘူးလို့ ထင်တယ်၊ ကမ္ဘာကြီးက ကျွန်တော်တို့ နိုင်ငံကို ပစ်ပယ်ထားတယ်၊ ဘယ်ကမ္ဘာကိုမှ အားကိုးလို့ မရဘူး၊ ဒီတော့ ကိုယ့်ဟာကိုယ် လက်နက်ရအောင်လုပ်ပြီး တိုက်မယ်" လို့ ဗိုလ်နဂါးက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့များကို လေးခွများဖြင့် ခုခံပစ်ခတ်နေသော အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနီးကပ်လာသော လုံခြုံရေးတပ်ဖွဲ့များကို လေးခွများဖြင့် ခုခံပစ်ခတ်နေသော အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများ၊ မတ်လ ၂၀၂၁၊ ရန်ကုန်။

အစ်မတွေနဲ့အတူ PDF မှာ ပူးပေါင်းပါဝင်လိုက်တဲ့ ဟာရာ (အမည်လွှဲ) က လည်း သူတို့ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေဖို့ ဖြစ်တယ်လို့ပြောပါတယ်။

"စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တယ်၊ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ၊ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတယ်၊ ပြီးတော့ လူတွေကို ထိတ်လန့်ကြောက်ရွံ့အောင်လုပ်တယ်၊ ဒီလိုလုပ်တာတွေကို ဘယ်လိုနည်းနဲ့မှ ကျွန်မ လက်မခံနိုင်ဘူး"။

ဒီပဋိပက္ခထဲမှာပဲ စစ်တပ်က အရပ်သားတွေကို အစုလိုက်သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက အမျိုးသား ၄၀ ယောက်ထက် မနည်း သတ်ဖြတ်ခံရမှု၊ ဒီဇင်ဘာလတုန်းက အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးတွေ အပါအဝင် လူ ၃၅ ယောက်သတ်ဖြတ်ခံခဲ့ရမှုတို့ ပါဝင်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အတော်များများ ရှိခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းမှာပဲ တခြား တိုက်ခိုက်မှု တစ်ခုအတွင်း သေချင်ယောင် ဆောင်နေခဲ့လို့ အသက်မသေဘဲ ကျန်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို ဘီဘီစီက စကားပြောခွင့် ရခဲ့ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်လာချိန်က မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အမျိုးသား ခြောက်ယောက် သတ်ဖြတ်ခံခဲ့ကြရပါတယ်။

အဲဒီထဲက သုံးယောက်က အသက်ကြီးရင့်သူတွေဖြစ်ပြီး ကျန်တဲ့ နှစ် ယောက်က စိတ်ကျန်းမာရေး မကောင်းသူတွေဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေက တိုက်ပွဲ မှာပါဝင်တဲ့ တိုက်ခိုက်ရေးသမားတွေကို လိုက်ရှာတာလို့ အသက်ဘေးက လွတ်ခဲ့တဲ့ အမျိုးသားက ပြန်ပြောပါတယ်။

သေဆုံးသူ အမျိုးသားတစ်ယောက်ရဲ့ ဇနီးကတော့ သူ့ခင်ပွန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ နှိပ်စက် ညှဉ်းပန်း ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။"စကားတောင် ကောင်းကောင်းနားလည်အောင် ရှင်းပြ ပြောနိုင်စွမ်းမရှိတဲ့ အဖိုးအို တစ်ယောက်ကို သူတို့ သတ်ပစ်လိုက်ကြတာပါ။ ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး၊ ဒီအကြောင်း တွေးမိတိုင်း ကျွန်မ ငိုရတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီဘက်က ဘီဘီစီ ကို သီးသန့် မေးမြန်းခွင့်ပေးတာ ရှားပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ဘီဘီစီ သီးသန့် မေးမြန်းခွင့် ရခဲ့တုန်းက စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျိုးကြောင်းဆီလျော်တယ် ဆိုတာဖော်ညွှန်းနိင်ဖို့ PDF တွေဟာ အကြမ်းဖက်သမားတွေလို့ သူက ပြောပါတယ်။

"သူတိုက တိုက်ခိုက်လာရင်တော့ တုံ့ပြန်ဖို့ အမိန့်ပေး ထားပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ လုံခြုံရေးအဆင့် ရောက်ဖို့ သင့်တော်တဲ့ အင်အားသုံး တိုင်းပြည်တွင်းမှာ၊ ဒေသအသီးသီးမှာ တည်ငြိမ်မှုရအောင် ကြိုးစားနေပါတယ်" လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတစ်ခုအတွင်း ဒဏ်ရာရသွားသူတစ်ယောက်ကို သယ်ထုတ်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတစ်ခုအတွင်း ဒဏ်ရာရသွားသူတစ်ယောက်ကို သယ်ထုတ်လာစဉ်၊ မတ် ၂၀၂၁၊ ရန်ကုန်

နှစ်ဖက်စလုံးမှာ တိုက်ခိုက်ရေးတပ်သား အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ ခန့်မှန်းဖို့ ခက်ပါတယ်။ မြန်မာ စစ်တပ်မှာ တရားဝင်စာရင်းတွေအရ တပ်ဖွဲ့ဝင် ၃၇၀,၀၀၀ လောက် ရှိပါတယ်၊ ဒါပေမဲ့ တကယ်အရေအတွက်က ဒီထက်ပိုလျော့နည်းနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ စစ်သားအသစ် စုဆောင်းနိုင်မှု ပိုနည်းပါးခဲ့ပါတယ်။ ဒါ့အပြင် အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်မှာ စစ်တပ်ကို ကျောခိုင်းစွန့်ခွာပြီး ဘက်ပြောင်းသွားကြသူတွေလည်း ရှိနေပါတယ်။ အလားတူပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ တပ်သားအရေအတွက်အတိအကျ သိနိုင်ဖို့လည်း ခက်လှပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ရိုက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေအပြင် နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လေ့ကျင့်သင်ကြားပေးပြီး သူတို့ဆီမှာ ခိုလှုံနေသူတွေ၊ လက်နက်တပ်ဆင်ပေးထားတဲ့ PDF အဖွဲ့ဝင်တွေ လည်းရှိနေပါတယ်။

တချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အရင် အစိုးရတွေနဲ့ လက်မှတ်ရေးထိုး ထားခဲ့ကြပါတယ်။ အခုတော့ ဒီစာချုပ် ပျက်ပြယ်သွားပြီလို့ သူတို့က ပြောကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဟာ မြန်မာ နိုင်ငံကို တစ်စစီ ခွဲထုတ်ဖို့ ကြိုးစားနေကြသူတွေ ဆိုပြီး အရင်တုန်းက စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေကို ယုံကြည်မိခဲ့တဲ့ အတွက် PDF တွေက တိုင်းရင်းသား တွေကို လူသိရှင်ကြား တောင်းပန်ခဲ့ကြပါတယ်။

အခုတော့ PDF တွေက အားလုံး တန်းတူညီမျှ အခွင့်အရေးရရှိမယ့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ဖို့ တညီတညွတ်တည်း တောင်းဆိုနေကြပါတယ်။

အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လတုန်းက ဆန္ဒပြသူတွေကို အကာအကွယ်ပေးဖို့ ရဲတွေရဲ့ ရှေ့မှာ ဒူးထောက် တောင်းပန်ခဲ့တဲ့ သီလရှင် တစ်ပါးက အာဏာသိမ်းမှု နောက်ပိုင်းမှာ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုတွေကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ အကြီးအကျယ် ထိပါး ရိုက်ခတ်ခံခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရဲများရှေ့တွင် ဒူးထောက်တောင်းပန်နေသော စစ္စတာ အဲန်းရို့စ်နူးတောင်၊ မတ် ၂၀၂၁

ဓာတ်ပုံ ရင်းမြစ်, Myitkyinar News Journal via Reuters

ဓာတ်ပုံ ပုံစာ, ရဲများရှေ့တွင် ဒူးထောက်တောင်းပန်နေသော စစ္စတာ အဲန်းရို့စ်နူးတောင်၊ မတ် ၂၀၂၁

"ကလေးတွေ ကျောင်းမတက်နိုင်ဘူး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ အစစအရာရာ နောက်ပြန်လှည့်သွားပြီ" လို့ စစ္စတာ အဲန် ရို့စ် နူးတောင်က ပြောပါတယ်။

"တချို့ဆို စီးပွားရေးမကောင်းတဲ့အတွက် မကျွေးမွေးနိုင်တော့လို့ ကလေးဖျက်ချကြရတယ်၊ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရလို့ မိဘတွေက သားသမီးတွေကို ကောင်းကောင်းမွန်မွန် သွန်သင်မပေးနိုင်တော့ဘူး" လို့ သီလရှင် အဲန်ရို့စ် က ပြောပါတယ်။

ဒါပေမဲ့ တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ လူငယ်တွေကို သူ လေးစားမိတယ်လို့ ဆိုပါတယ်။

"သူတို့ သတ္တိရှိကြတယ်၊ ဒီမိုကရေစီ ရရှိဖို့၊ တိုင်းပြည်ကောင်းဖို့၊ တိုင်းပြည် စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ပြီး အေးချမ်းဖို့ အတွက်ဆို သူတို့ အသက်ကို စတေးဖို့ဝန်မလေးကြဘူး၊ သူတို့အတွက် ကျွန်မ ဆုတောင်းပါတယ်။ သူတို့ကို ဂုဏ်ယူပါတယ်၊ လေးစားမိပါတယ်"။

1px transparent line

ယခုဆောင်းပါးကို ရီဘက်ကာ ဟင်းချကီးနဲ့ဘက်ကီဒေးလ်တို့လည်း ပါဝင်ရေးသားပြီး ဂရပ်ဖစ်ပုံများကို ယာနာတောင်ချင်းစကီးက ရေးဆွဲပေးထားပါတယ်။