"အာဏာသိမ်းစေချင်တဲ့အကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ရဲ့ ဖွင့်ဟဝန်ခံချက်"

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာမသိမ်းခင် သုံးလလောက်အလို ၂၀၂၀ အောက်တိုဘာလထဲမှာ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဦးစိုးသိန်းရေးတဲ့ "ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ" လို့ အမည်ရတဲ့ စာအုပ် တိတ်တဆိတ် ထွက်လာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဝေခဲ့တဲ့ စာမျက်နှာ ၇၀၀ ကျော်တဲ့ စာအုပ်ရဲ့ ဆိုလိုရင်းကို တစ်ကြောင်းထဲရေးပြရရင် "NLD ပါတီ အစိုးရထပ်ဖွဲ့လို့မဖြစ်ဘူး" ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။
တတိယအကြိမ် လွှတ်တော်ခေါ်ပြီး NLD အစိုးရဖွဲ့မယ့်အရေးအပေါ် အိပ်မပျော်အောင်ဖြစ်ခဲ့ရပြီး တပ်ချုပ်က ဘယ်လိုတားဆီးမလဲဆိုတာ စောင့်ကြည့်ခဲ့ရတယ်လို့ ဦးစိုးသိန်းက ဝန်ခံရေးသားပါတယ်။
ပထမတွဲ နဲ့ ဒုတိယတွဲ နှစ်အုပ်ရေးခဲ့တာဖြစ်ပြီး ဒုတိယအုပ်က အာဏာသိမ်းအပြီးမှ ထွက်လာတာပါ။ အခု အာဏာသိမ်းတာ နှစ်ပတ်လည်ခါနီးမှ ဒီစာအုပ်တွေ ထုတ်ခဲ့တဲ့ အကြောင်း အပြင်ကို ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။
စာအုပ်ဒုတိယတွဲမှာတော့ NLD အစိုးရဖွဲ့ပြီးရင် တပ်မတော်ခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံး ICC ကိုအပ်ဖို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်ဗိုလ်ချုပ် ၃၆ ယောက်ကို သေဒဏ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ စကားလုံးတွေအထိ ပါဝင်ခဲ့ပါတယ်။
တိတ်တဆိတ်ထုတ်တဲ့ စာအုပ်

ဦးစိုးသိန်းရဲ့ ပွဲဦးထွက်လက်ရာစာအုပ်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အမွှမ်းတင်ထားတဲ့ ဒီမိုကရေစီနိုင်ငံသစ်နှင့် သမ္မတ ဦးသိန်းစိန် ဆိုတဲ့ စာအုပ် ဖြန့်ချိပွဲကို ၂၀၁၈ တုန်းက ရန်ကုန်မြို့လယ်ခေါင်က ဟိုတယ်ကြီးတစ်ခုမှာ ခမ်းခမ်းနားနား ပြုလုပ်ခဲ့ပါတယ်။
စာအုပ်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာ နဲ့ထုတ်ပြီး ပွဲတက်လာတဲ့သူတွေကို စာအုပ်လက်ဆောင်ပါ ပေးခဲ့သေးတာပါ။
NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထားတဲ့ စာအုပ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။
မြန်မာ့နိုင်ငံရေးသုတေသီတွေအပါအဝင် စာဖတ်သူတွေလက်ထဲကို ဒီစာအုပ်နှစ်အုပ်လုံး မရောက်ခဲ့ဘဲ စစ်တပ်အရာရှိတချို့၊ ကြံ့ခိုင်ရေး နဲ့ သူတို့ရဲ့ မဟာမိတ်ပါတီ ခေါင်းဆောင်ပိုင်းတွေ ဆီကို အဓိက ဖြန့်ဝေခဲ့တဲ့ စာအုပ်လို့ ဒီစာအုပ် ရရှိထားသူ တစ်ယောက်ဆီက သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဝေခဲ့တဲ့ ပထမစာအုပ်ရဲ့ စာမျက်နှာအများစုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ ကို ပြင်းပြင်းထန်ထန် အပုပ်ချထားတာတွေ လွှမ်းမိုးထားပါတယ်။
NLD အာဏာရှိတုန်းထုတ်ဝေခဲ့တဲ့စာအုပ်မို့ စာအုပ်ထဲမှာပါတဲ့ အမုန်းစကား၊ အချက်အလက်အမှား၊ အသရေဖျက်မှုတွေကြောင့် လူသိရှင်ကြားသာထုတ်ဝေခဲ့ရင် တရားစွဲခံရနိုင်တယ် လို့ ဒီစာအုပ်ကို ဖတ်ပြီးသူတစ်ယောက်က ပြောပါတယ်။
ဒါကြောင့်လည်း စာအုပ်ထုတ်ဝေပြီး တစ်နှစ်နီးပါး အကြာ အာဏာသိမ်းထားတဲ့ကာလ ရောက်မှ ပေါက်ကြားလာတာကို ကြည့်ရင် သိနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ဒီစာအုပ်ကို သမိုင်းသုတေသီတွေနဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် ရည်ရွယ်တယ်လို့ ဦးစိုးသိန်းက သူ့အမှာစာထဲ ထည့်ရေးခဲ့ပေမဲ့ ရန်ကုန်မြို့က စာအုပ်အရောင်းဆိုင်တွေမှာ လိုက်ရှာတာ မတွေ့ခဲ့ရဘဲ ဒီစာအုပ်ကိုမသိဘူးဆိုတဲ့အဖြေကို ပေးကြပါတယ်။
စာအုပ်မှာ ပုံနှိပ်မှတ်တမ်းပါတဲ့အတွက် ရန်ကုန်မှာရှိတဲ့ ပုံနှိပ်တိုက်နဲ့ ထုတ်ဝေတဲ့စာပေတိုက်အထိ သွားရောက်ကြည့်တဲ့အခါမှာလည်း သူတို့ဆီမှာ စာအုပ်လက်ကျန်မရှိဘဲ ဦးစိုးသိန်းကပဲ အကုန်သိမ်းယူသွားခဲ့တယ်လို့ ပြောပါတယ်။
ဒီစာအုပ်ထဲမှာ ရွေးကောက်ပွဲမှာ NLD ဆက်နိုင်ပြီး အစိုးရဖွဲ့ခွင့်ရရင် တိုင်းပြည်က ပြည်ပသြဇာခံ ဖြစ်သွားမယ်၊ အချုပ်အခြာအာဏာပျောက်ပြီး အမျိုးဘာသာသာသနာ မှေးမှိန်ပျောက်ကွယ်မယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က စွပ်စွဲချက်တွေကို အများအပြား ကိုးကားထားပါတယ်။
စာအုပ်ပထမတွဲကို အခန်း ၁၀ ခန်းနဲ့ ဖွဲ့စည်းထားပြီး ကဏ္ဍတိုင်းမှာ NLD အစိုးရရဲ့ အားနည်းချက်တွေကိုပဲ ရေးပြထားတာဖြစ်ပါတယ်။
သူ့စာအုပ်ထဲ အစိုးရသစ်ဖွဲ့စည်းမှု ကနေစလို့ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ အဂတိလိုက်စားမှုပပျောက်ရေး ကြိုးပမ်းမှု၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှု၊ လွှတ်တော်တွင်းကြိုးပမ်းမှု၊ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရောက်ရှိမှုနဲ့ အထွေထွေဆိုပြီး ပါပါတယ်။
အာဏာသိမ်းပြီး ခုနစ်လအကြာမှာတော့ (ဒုတိယတွဲ) ထပ်ထုတ်ပြီး တပ်မတော်ရဲ့အာဏာသိမ်းမှုကို အမွှမ်းတင်ရေးသားခဲ့ပါတယ်။
စာအုပ်နှစ်အုပ်လုံးမှာ အများယုံကြည်ကြတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို ကိုးထားထားတဲ့ အချက်အလက်လည်း မတွေ့ရသလောက်ရှားပါးခဲ့ပါတယ်။
စစ်ကောင်စီဝင်တွေရဲ့ အမှာစာ

အာဏာမသိမ်းခင်ကထုတ်တဲ့ စာအုပ်မှာ NLD က ခွဲထွက် ပါတီထောင်တဲ့ ဦးသိန်းညွန့်က အမှာစာရေးပြီး ဒုတိယတွဲမှာတော့ စစ်ကောင်စီဝင် ဖြစ်နေပြီဖြစ်တဲ့ မန်းငြိမ်းမောင်က အမှာစာရေးပါတယ်။ ဦးစိုးသိန်းက စာမူကြမ်းတွေကို သူတို့နှစ်ဦးကို ပေးဖတ်ခဲ့တာပါ။
ဦးသိန်းညွန့်ဟာ ရွေးကောက်ပွဲမတိုင်ခင်က တပ်ချုပ်နဲ့သွားတွေ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဝင် ဖြစ်လာခဲ့သူပါ။
သူ့ရဲ့ အမှာစာထဲ "NLD မှာ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၂၂ နှစ် အတွေ့အကြုံအရ ဒုတိယအစိုးရသစ် လက်ထက်မှာ ပြည်ပစွက်ဖက်မှုအန္တရာယ် လွန်စွာ ကြီးမားလာမယ့် အလားအလာကို ကျွန်တော် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဦးစိုးသိန်းရဲ့ စာမူကြမ်းကို ဖတ်ရတဲ့အခါ ကျွန်တော်ခန့်မှန်းထားတာထက် ဆိုးရွားလှတဲ့ နိုင်ငံတော်အပေါ် သစ္စာပျက်ယွင်းတဲ့ ပြည်တွင်းကြေးစားအင်အားစုတွေရဲ့ ခြေလှမ်းများကို ယုံနိုင်စရာမရှိအောင်တွေ့ရပါတယ်။ သူတို့ရဲ့အန္တရာယ်ဟာ နိုင်ငံအတွက် လွန်စွာကြီးမားနေပါပြီ။"
" ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်သူများကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိတဲ့ တပ်မတော်က ဘယ်လိုကိုင်တွယ်မလဲ။ ရွေ့နေတဲ့ အချိန်အပေါ် မူတည်၍ မြန်မာ့အချုပ်အခြာ ကံကြမ္မာကို အဆုံးအဖြတ်ပေးတော့မယ်" လို့ ထည့်ရေးပါတယ်။
ဒါက ရွေးကောက်ပွဲမတိုင်ခင် ထွက်တဲ့စာအုပ်ထဲက အမှာစာမှာ ရေးတာပါ။ အဲဒီ အချိန်ကတည်းက တပ်မတော်က ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းနဲ့ လမ်းကြောင်းတစ်ခု ချပေးလိုက်တယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။
မန်းငြိမ်းမောင်ရော ဦးသိန်းညွန့်ပါ အမှာစာထဲထည့်ရေးခဲ့ကြတဲ့ အကြောင်းအရာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် ဝါကာအူဒင်ဆီ စာပို့ တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဝါကာအူဒင်ဆီ ပို့တယ်ဆိုတဲ့စာ
NLD ရွေးကောက်ပွဲဝင်ရင် ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ ခေါင်းဆောင် ဝါကာအူဒင် ဆီ စာပို့တဲ့အကြောင်း ဦးစိုးသိန်းက သူ့ရဲ့ပထမစာအုပ်ထဲ ထည့်ရေးပါတယ်။
အဲဒီစာထဲမှာ NLD ရွေးကောက်ပွဲဝင်ပြီးရင် ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံသူတွေကို ပြင်းထန်တဲ့ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူမယ့် ဥပဒေပြဋ္ဌာန်းပေးမယ်ဆိုတဲ့ အချက်လည်း ပါတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဆီကစာဆိုတဲ့ မြန်မာလိုရေးထားတဲ့ စာတစ်စောင်ကို ထည့်သွင်းဖော်ပြထားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ဖူးတဲ့ အဲဒီစာ ထွက်ပေါ်လာခဲ့ချိန်ကလည်း အတုဖြစ်ကြောင်း အွန်လိုင်းမှာ ချေပရေးသားမှုတွေ ရှိခဲ့ပါတယ်။
အခုတော့ ဒီသတင်းအတုသာမက ဒေါ်အောင်ဆန်းစုကြည်ရေးတယ်ဆိုတဲ့ စာအပြည့်အစုံကိုပါ ဦးစိုးသိန်းက စာအုပ်ထဲ ထည့်လာတာပါ။
ဒါကြောင့် ဘီဘီစီက မစ္စတာ ဝါကာအူဒင်ကို ဆက်သွယ်ပြီး ဒီစာအကြောင်းမေးမြန်းကြည့်ခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဆီက ဘာစာတစ်စောင်မှ မရခဲ့ဖူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တင်မဟုတ်ဘူး။ NLD ပါတီနဲ့ NLD အစိုးရ ပိုင်းဆီကလည်း ဘယ်စာတစ်စောင်မှ မရခဲ့ဖူးပါဘူး" လို့ သူက အခိုင်အမာ ငြင်းပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကာလတုန်းက ဒီစာအတုအကြောင်း သတင်းထွက်လာလို့ အချက်အလက်စစ်ဆေးတဲ့ မီဒီယာအဖွဲ့တစ်ဖွဲ့ကတောင် သူ့ကို ဒီစာအကြောင်း မေးမြန်းခဲ့သေးလို့ မဟုတ်ကြောင်း ရှင်းပြခဲ့ရသေးတယ်လို့ ဝါကာအူဒင်က ဘီဘီစီကို အဖြေပြန်ပေးပါတယ်။
"ဒါက ဒေါ်အောင်ဆန်းစုကြည်အပေါ် ညစ်ပတ်တဲ့ နိုင်ငံရေးအောက်လုံးထိုးပြီး ဝါဒဖြန့်တာပဲ" လို့ သူကပြောပါတယ်။
ဗိုလ်ချုပ်ကြီးတွေကို သေဒဏ်ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါးနပ်တဲ့ ဦးစိုးသိန်းဟာ အာဏာသိမ်းဖို့ ဗြောင်ကျကျတိုက်တွန်းတဲ့ စကားလုံးတွေကို သူ့ရေးသားချက်ထဲ မပါအောင် အထူးဂရုစိုက်ခဲ့ပါတယ်။
ဒါပေမဲ့ NLD အစိုးရ ဖွဲ့ခွင့်မရရေး နဲ့ စစ်တပ်က အာဏာမသိမ်းရင် အချုပ်အခြာအာဏာဆုံးရှုံးပြီး အမျိုးဘာသာ၊ သာသနာကွယ်ပျောက်မယ် ဆိုတဲ့ လူမှုကွန်ရက်ပေါ်က အချက်အလက်မပါဘဲ အစွန်းရောက်တဲ့ ထင်မြင်ယူဆချက်ပေါင်းများစွာကို အရင်းအမြစ်အဖြစ် မူရင်းအတိုင်း စာအုပ်ထဲမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်တွေကို စိုးရိမ်တကြီးဖြစ်စေမယ့်၊ တနည်းအားဖြင့် အာဏာမသိမ်းမဖြစ်လို့ သိမ်းရပါတယ်လို့ ဝါဒဖြန့်ထားတဲ့ ကိုးကားချက်တစ်ချို့လည်း အာဏာသိမ်းပြီးမှ ထုတ်တဲ့ ဒုတိယတွဲထဲမှာ ပါဝင်ပါတယ်။
စာအုပ်ဒုတိယတွဲမှာ ဦးစိုးသိန်းထည့်ရေးထားတဲ့ 'ပုဗ္ပရမ္မာ ပုည'ဆိုသူ ရေးသားတဲ့ ICJ နဲ့ ဆက်နွှယ်ထားတဲ့ သုံးသပ်ချက် ကိုကြည့်ကြရအောင်ပါ။
အပြည်ပြည်ဆိုင်ရာခုံရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲချက်ပေးတဲ့အခါ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရခိုင်ပြည်နယ်စစ်ဆင်ရေးမှာ ပါဝင်တဲ့ အရာရှိတွေအပါအဝင် စစ်ဗိုလ်ချုပ် ၂၆ ယောက်မှာ တာဝန်ရှိကြောင်း၊ သူတို့အမိန့်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တပ်မတော်က စနစ်တကျ ကျူးလွန်ခဲ့တယ်" လို့ ဝန်ခံထွက်ဆိုတဲ့အကြောင်း စွပ်စွဲရေးသားထားတာပါ။
ဒီလိုထွက်ဆိုရခြင်းဟာ ရခိုင်ပြည်နယ်ကို လွတ်လပ်တဲ့ အစ္စလာမ္မစ် ပြည်နယ်အဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ ပေါင်းဖို့ ကမ္ဘာက အဆုံးအဖြတ်ပေးဖို့အကြံ ရှိတယ်လို့ 'ပုဗ္ပရမ္မာ ပုည' က စွပ်စွဲရေးသားပါတယ်။
ဒါ့အပြင် ဒီလိုထွက်ဆိုရခြင်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နဝတ/နအဖ တပ်မတော်ထိပ်တန်း အရာရှိဟောင်း ၁၈ ဦး၊ လက်ရှိထိပ်တန်း စစ်ဗိုလ်ချုပ် ၁၈ ဦး စုစုပေါင်း ၃၆ ယောက်ကို သေဒဏ်ပေးဖို့ နဲ့ တခြားအရာရှိတွေကို အမေရိကန်က နိုင်ငံတကာစစ်ရာဇဝတ်အကျဥ်းထောင်မှာ လွတ်ရက်မရှိ တစ်သက်တစ်ကျွန်းချထားဖို့ဆိုပြီးလည်း ရေးခဲ့တာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ICJ လျှောက်လဲချက်ဟာ ရုပ်သံကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး 'ပုဗ္ပရမ္မာ ပုည' သုံးသပ်ထားသလို အချက်တွေ မပါဝင်ခဲ့ပါဘူး။
ဒါ့အပြင် အရင်းအမြစ် မိုးဟိန်း ဆိုတဲ့ ဖော်ပြထားချက်တစ်ခုမှာလည်း NLD အစိုးရဖွဲ့ပြီးတာနဲ့ နိုင်ငံတာကာစစ်ခုံရုံး(ICC) တရားသူကြီး ၃ ဦးက နေပြည်တော်မှာ ရုံးထိုင်ပြီး တပ်မတော်ခေါင်းဆောင်တွေကို ဖမ်းဆီးကာ ၃၆ ယောက်ကိုသေဒဏ်ပေးမယ် လို့ဖော်ပြထားပြန်ပါတယ်။
တပ်ကိုသတင်းပို့ခဲ့

စစ်ဗိုလ်ချုပ်တွေကို ICC အပ်မယ်ဆိုတဲ့စကားကို လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးဆီက ကြားခဲ့ရတဲ့အကြောင်း ဦးစိုးသိန်းက သူ့စာအုပ်ထဲ ထည့်ရေးပါတယ်။
အာဏာမသိမ်းခင် တစ်လ လောက်ဖြစ်တဲ့ ၂၀၂၁ ဇန်နဝါရီလဆန်းမှာ ဦးခင်မောင်စိုးနဲ့ စကားပြောရင်း သူကြားခဲ့ရတဲ့အကြောင်းတွေကို ဦးစိုးသိန်းက အခုလို ပြန်ရေးပြပါတယ်။
"NLD ပါတီခေါင်းဆောင်သည် တတိယအကြိမ်လွှတ်တော်ကို မဖြစ်မနေမရရသည့်နည်းဖြင့်ခေါ်ယူမည်။ နေ့ချင်းအစိုးရအဖွဲ့ဖွဲ့စည်းမည်။ ပထမဆုံးဆောင်ရွက်မည့် ကိစ္စက တပ်မတော်ခေါင်းဆောင်များအား ICC ထံအပ်ရေးပင်။ ထိုအတောအတွင်း ICC အဖွဲ့ဝင်တချို့ မြန်မာပြည်တွင် အသင့်ရှိစေရန် စီစဥ်ထားခဲ့သည်။"
ဦးခင်မောင်စိုးပြောကြားချက်တွေထဲ အရေးကြီးဆုံးတစ်ခုကို မှတ်သားပြီး သက်ဆိုင်ရာကို အမြန်ဆုံး တင်ပြခဲ့တယ် လို့ ဦးစိုးသိန်းက သူ့စာအုပ်ထဲ ထည့်ရေးပါတယ်။
"ဒါကြောင့် တတိယအကြိမ်လွှတ်တော်ကျင်းပခွင့်ပေးရန် လုံးဝမဖြစ်နိုင်ပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မည်သည့်အချိန်၊ မည်သို့တားဆီးမည်နည်း။" လို့ ဦးစိုးသိန်းက ရေးပါတယ်။
NLD လွှတ်တော်ခေါ်ဖို့နီးကပ်လာတဲ့ ဇန်နဝါရီလထဲမှာ အိပ်လို့တောင်မရဘဲ နှလုံးရောဂါရမယ့် နေ့ရက်တွေလို့ ဦးစိုးသိန်းက တင်စားခဲ့ပါတယ်။
ဦးစိုးသိန်းစာအုပ်ထဲမှာ ဖော်ပြချက်အရ အာဏာမသိမ်းခင် တစ်လ ဇန်နဝါရီလမှာ သူက "သက်ဆိုင်ရာကို အမြန်ဆုံးတင်ပြခဲ့တယ်၊ တတိယအကြိမ်လွှတ်တော် ကျင်းပခွင့်ပေးဖို့ လုံးဝ မဖြစ်နိုင်၊ ဒါကို တပ်ချုပ်က ဘယ်လို တားဆီးမလဲ" ဆိုပြီး ရေးသားထားတာတွေကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေအတွက် ရှေ့မှာ ခင်းလာတဲ့ အကြောင်းတရားတွေထဲကတစ်ခု အဖြစ် ရှုမြင်စရာ ဖြစ်လာပါတယ်။
ဒီစာအုပ်ကို ဦးစိုးသိန်းက တပ်မတော်အရာရှိတွေဆီ ပေးပို့ဖြန့်ဝေခဲ့တဲ့အကြောင်း တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီရဲ့ မေးမြန်းမှုကို အတည်ပြုပါတယ်။
စာအုပ်ကို သူလည်းဖတ်ခဲ့ပြီးပြီဖြစ်ပေမယ့် ထင်မြင်ချက်တစ်စုံတစ်ရာ ပေးဖို့ကိုတော့ ငြင်းပါတယ်။
"မီးလောင်ရာလေပင့်သလို"

ဓာတ်ပုံ ရင်းမြစ်, PHYO HEIN KYAW
ဦးစိုးသိန်းရဲ့ စာအုပ်ထဲမှာ NLD အစိုးရစဖွဲ့ကတည်းက တပ်မတော် နဲ့ ထိပ်တိုက်တွေ့မှုတွေကို ပြန်ပြောင်းထည့်သွင်းထားပါတယ်။
တပ်မတော်က ကန့်ကွက်ခဲ့တဲ့ကြားက NLD က မဲခွဲအတည်ပြုခဲ့တဲ့ ဒုသမ္မတဦးဗန်ထီးယူကိုခန့်အပ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်ကို ခန့်အပ်မှုတွေကို ပြန် ဖော်ထုတ်ရေးသားပါတယ်။
အလားတူ တပ်မတော်က ကန့်ကွက်ခဲ့တဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ဖန်တီးမှုဟာ အခြေခံဥပဒေကို ကျော်လွန်မှုအဖြစ် ပြန်ရေးပြပါတယ်။
တပ်မတော်က ကန့်ကွက်ခဲ့တဲ့ကြားက NLD လွှတ်တော်က ဖျက်သိမ်းခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတွေအကြောင်း ပြန်ရေးပြပါတယ်။
တပ်မတော် နဲ့ NLD အကြီးအကျယ်သဘောထားကွဲလွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို မဖြစ်မနေ ထည့်ရေးပြပါတယ်။
NLD လွှမ်းမိုးတဲ့ လွှတ်တော်ထဲက အတိုက်အခံအမတ်လည်းဖြစ်တဲ့ ဦးစိုးသိန်းဟာ သူ့မျက်စိရှေ့မှာဖြစ်ခဲ့တဲ့ လွှတ်တော်ထဲက တပ်မတော်နဲ့ NLD ထိပ်တိုက်တွေ့မှုတွေကို သူ့စာအုပ်ထဲ ထည့်ရေးခဲ့ပြီး တပ်မတော်ကို သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဦးစိုးသိန်းရဲ့ စာအုပ်ဟာ "မီးလောင်ရာ လေပင့်တာ" ဖြစ်ပြီး " မြန်မာနိုင်ငံမှာရှိတဲ့အကွဲအပြဲကို ပိုပြီးကြီးမားအောင် လုပ်လိုက်သလိုဖြစ်သွားတယ်" လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။
ပြည်ပသြဇာခံ ဒေဝေါ
ဦးစိုးသိန်းဟာ သူ့စာအုပ်ထဲ NLD အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ နိုင်ငံခြားသားအကြံပေးတွေအကြောင်း စာမျက်နှာတော်တော်များများများပေးပြီး ဖော်ပြပါတယ်။
NLD အစိုးရ မှာ ဝန်ကြီးဌာနအလိုက် နိုင်ငံခြားသားအကြံပေး ၉၀ ကျော် ရှိပြီး သူတို့အတွက် တစ်လ သိန်းတစ်သောင်းကျော် ကျခံနေရတယ်လို့ ဝန်ကြီးဟောင်း ဦးစိုးသိန်းက ရေးပါတယ်။
"နိုင်ငံအချုပ်အခြာအာဏာကို ဘာကြောင့်ဂရုမစိုက်သလဲဆိုတဲ့ အဖြေကို တွေ့မိကြမယ်ထင်ပါတယ်" လို့ အကြံပေးတွေခန့်အပ်တဲ့ အပေါ် သူက ဝေဖန်ပါတယ်။
ဒါပေမဲ့ သူထောက်ပြတဲ့ နိုင်ငံခြားသားအကြံပေး ၉၀ ကျော်ထဲမှာ တစ်ဝက်က စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်း ဝန်ကြီးဌာနလို စိုက်ပျိုးမွေးမြူရေး ပညာရှင်တွေ လိုအပ်တဲ့ နေရာမျိုးမှာဖြစ်ပြီး ၄၅ ဦး ရှိနေပါတယ်။
ဒါ့အပြင် ဒုတိယအများဆုံးက အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖြစ်ပြီး ၁၈ ဦးဖြစ်ပါတယ်။
NLD အစိုးရရဲ့ ထိပ်တန်းအကြံပေးတွေအဖြစ် နိုင်ငံရေးအကြံပေး မစ္စတာ ဂျိုးဖစ်ရှာ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး မစ္စတာ ကိုဖီအာနန် နဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ် တို့က နိုင်ငံအတွက်အရေးကြီးတဲ့နေရာတွေမှာ အကြံပေးခဲ့တဲ့အကြောင်း သူကရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SEAN TURNELL'S FACEBOOK
ရခိုင်ပြည်နယ်အရေးအတွက် ကိုဖီအာနန်ကို ခေါ်ယူမှုကို သမိုင်းတရားခံလို အရေးအသားမျိုးတွေ စာအုပ်ထဲမှာတွေ့ရပြီး ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းတာဟာ မြန်မာ့အရေးကို ကမ္ဘာ့အရေးဖြစ်အောင် လုပ်လိုက်တာလို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ချေပတာကိုလည်း နိုင်ငံ့အကျိုးစီးပွားထက် သူ့ကိုယ်ကျိုးနဲ့ ပါတီအကျိုးအတွက် သွားတာလို့ ဦးစိုးသိန်းက စွပ်စွဲပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ OIC ကြားမှာ NLD အာဏာရလာရင် ရိုဟင်ဂျာတွေကို တိုင်းရင်းသားဖြစ်လာအောင် လုပ်ပေးပါ့မယ်ဆိုတဲ့ အပေးအယူတွေ ရှိတယ် ဆိုတဲ့အကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိဘဲ ဦးစိုးသိန်းစာအုပ်ထဲမှာထည့်ရေးပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ အမေရိကန်နဲ့ အင်္ဂလန် တို့ကို မြန်မာနိုင်ငံမှာ စစ်အခြေစိုက်စခန်းထားဖို့ ခွင့်ပြုဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အရေးအသားတွေအထိ အထောက်အထား ခိုင်ခိုင်မာမာမရှိတဲ့စကားတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီးရဲ့ စာအုပ်ထဲမှာ တွေ့ရပါတယ်။
ဦးရဲထွဋ်ရဲ့အမြင်
သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဦးစိုးသိန်းနဲ့ လုပ်ဖော်ကိုင်ဘက်ဖြစ်ခဲ့ကြတဲ့ သမ္မတပြောရေးဆိုခွင့် ရှိသူဟောင်း ဦးရဲထွဋ်ဟာ ဦးစိုးသိန်းရဲ့ စာအုပ်လက်ဆောင် ရတဲ့ စာရင်းထဲ မပါခဲ့ပါဘူး။
ဒါပေမဲ့ သူလည်း ဒီစာအုပ်ကိုလိုက်ရှာခဲ့ရပြီး ရှားရှားပါးပါးဖတ်ရသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
ဦးစိုးသိန်းရဲ့ အဲ့ဒီစာအုပ် နှစ်အုပ်လုံးထဲက အကြောင်းအရာတော်တော်များများဟာ လူမှုကွန်ရက်ပေါ်က သူကိုးကားတဲ့ စာတွေရဲ့ အချက်အလက်မခိုင်မာမှု နဲ့ အများပြည်သူ ဖတ်ရှုဖို့မသင့်တဲ့ စကားလုံးအသုံးအနှုန်းတွေကြောင့် အဆင့်အတန်းကျဆင်းသွားရတယ် လို့ ဦးရဲထွဋ်က ဝေဖန်ပါတယ် ။
ဦးစိုးသိန်းလို နိုင်ငံတကာကလည်းသိပြီး အရပ်ဘက်-စစ်ဘက်မှာပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဒီလိုမရေးသင့်ဘူးလို့ သူကပြောပါတယ်။
"ဦးစိုးသိန်းလိုလူမျိုး ရေးတာဆိုတော့ ဟုတ်များဟုတ်လေမလားလို့ ထင်သွားနိုင်တယ်လေဗျာ" လို့ သူကပြောပါတယ်။
စာအုပ်ထဲမှာပါတဲ့ အချက်အလက်မခိုင်မာမှုတွေကို ဦးစိုးသိန်းလို အတွေ့အကြုံများသူတစ်ယောက်အနေနဲ့ မသိစရာအကြောင်းမရှိဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် သူ့ရဲ့ထားရှိတဲ့ သဘောထားက လွှမ်းမိုးလွန်းနေလို့ အဲ့ဒီလိုဆန်းစစ်ဖို့ ပျက်ကွက်ခဲ့သလားဆိုတာ သံသယ ဖြစ်မိပါတယ်" လို့ သူကပြောပါတယ်။
ဒီလိုစာအုပ်မျိုးရေးမိလို့ ဦးစိုးသိန်းတင်မက သူပါဝင်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ပုံရိပ်ကိုပါ ထိခိုက်စေခဲ့တယ်လို့ သူက ပြောပါတယ်။
စာရေးသူ ဦးစိုးသိန်းရဲ့ တုံ့ပြန်ချက်ကို ဘီဘီစီက ဒီဆောင်းပါးမထုတ်ဝေခင် နှစ်ကြိမ်တိုင် တောင်းခဲ့ပေမဲ့ ဦးစိုးသိန်းဘက်က အကြောင်းပြန်ချက် တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။








