မီးလောင်ခဲ့တဲ့ကင်းမကျေးရွာကဒေသခံတွေအတွက် အလှူရှင်တွေလှူဒါန်းထားတဲ့ပစ္စည်းတွေထပ်မံမီးရှို့ခံရ

စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်းက ကင်းမကျေးရွာကို လှမ်းမြင်ရစဉ်

ဓာတ်ပုံ ရင်းမြစ်, ပေါက်မြို့နယ်ဟစ်တိုင်

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်းက ကင်းမကျေးရွာကို လှမ်းမြင်ရစဉ်

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ရွာလုံးကျွတ်နီးပါးမီးလောင်ဆုံးရှုံးခဲ့ပြီး လူသေဆုံးမှုပါရှိခဲ့ရတဲ့ မကွေးတိုင်း ပေါက်မြို့နယ်၊ ကင်းမရွာမှာ ဒေသခံတွေအတွက်လှူဒါန်းထားတဲ့ အလှူပစ္စည်းအချို့ ဒီကနေ့ စက်တင် ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒေသခံတွေအတွက် အလှူရှင်တွေလှူဒါန်းထားတဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေကို ကင်းမဘုန်းကြီး ကျောင်း မှာ စုထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်လာပြီးတဲ့နောက် ဘုန်းကြီးကျောင်းအတွင်းက စားနပ်ရိက္ခာနဲ့ အလှူပစ္စည်းအချို့ကို မီးရှို့သွားခဲ့တာလို့ ကင်းမအနီးကျေးရွာက ရွာသူတစ်ဦးကပြောပါ တယ်။

'' ဒီမနက်ပိုင်းမှာ ကင်းမဘက်ကမီးရှို့ခံရတာဟုတ်တယ်။ အခုတော့ ကျွန်မတို့ ရွာဘက်ကို လာနေပြီဆိုလို့ အခုကလေးတွေနဲ့တခြားလွတ်ရာကိုထပ်ပြေးနေရတာ။ ဟိုတခါဖြစ်ပြီးထဲက ကင်းမတင်မဟုတ်ဘူး ကျွန်မတို့လည်း ကိုယ့်ရွာထဲကိုယ်မနေရဲလို့ ရွာနားနီးစပ်ရာမှာတဲထိုးနေနေတာ။ အခုကိုယ့်ရွာဘက်လာနေပြီဆိုလို့ အခုကိုပြေးနေရတာ ''လို့ ကင်းမကျေးရွာအနီးက ကင်းဆုတ်ရွာသူတစ်ဦးက စက်တင်ဘာ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာက အရပ်သားနေအိမ် မီးရှို့ခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ပေါက်မြို့နယ်ဟစ်တိုင်

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၃၁ ရက်နေ့ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာက အရပ်သားနေအိမ် မီးရှို့ခံခဲ့ရ

ကင်းမရွာက အလှူရှင်တွေထောက်ပံ့ထားတဲ့အလှူပစ္စည်းတွေ မီးရှို့ခံရတဲ့ ဒီကနေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေ ပါတယ်။

ကင်းမရွာခံအများစုမှာ ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့ရပြီးတာ ၂ လကျော်ရှိလာပြီဖြစ်ပေမယ့် ရွာထဲပြန် မနေရဲကြတဲ့အတွက် တောထဲမှာပဲတိမ်းရှောင်နေကြသူတွေရှိသလို ပေါက်မြို့ပေါ်နဲ့ အခြားရွာတွေကို ပြောင်းရွှေ့နေနေကြရတာလို့ မြို့ပေါ်ကိုပြောင်းရွှေ့နေနေသူတစ်ဦးဖြစ်တဲ့ မချမ်းမြက ဘီဘီစီကိုပြော ပါတယ်။

' ' ဒီမနက် ပစ္စည်းတွေမီးရှို့ခံရတာကြားတယ်။ ဒါပေမယ့် ရွာကလူတွေက တောထဲမှာပဲရှောင်နေကြတာ။ တောထဲမှာက ဖုန်းလိုင်းလည်းမရဘူး။ အခု ဒီမနက်ဆို ကျွန်မကိုယ်တိုင် အဖေနဲ့ အမေကို ဆက်နေတာ ဖုန်းဆက်လို့ကိုမရဘူးဖြစ်နေတာ။ ရွာကတခြားသူတွေကိုလည်း ခေါ်မရဘူးဖြစ်နေတယ်။'' လို့ သူကထပ်မံပြောပြပါတယ်။

ကင်းမကျေးရွာမှာ မီးလောင်မပျက်စီးခင်က အိမ်ခြေ ၂၅၀ နီးပါးနဲ့ လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြ ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲတဲ့ ဇွန်လ ၁၅ ရက်က ရွာလုံးနီးပါးလောင်ကျွမ်းခဲ့ရတဲ့ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးလောင်မှုမှာကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ရွာခံတွေက ယူနီဖောင်းဝတ်စစ်ကောင်စီတပ်သားတွေက နေအိမ်အချို့ကို စတင်မီးရှို့ခဲ့တာလို့ပြောဆိုခဲ့ကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ကင်းမရွာမီးလောင်မှုနဲ့ပတ်သက်ပြီး PDF တွေမီးရှို့ခဲ့တာလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက သက်ကြီးရွယ်အိုအဘိုးအဘွားတွေကိုကယ်ထုတ်ဖို့ ကြိုးစားခဲ့ တယ်လို့ စစ်ကောင်စီလက်အောက် နိုင်ငံပိုင်မီဒီယာအချို့ကနေပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။