ထိုင်းမှာ နိုင်ငံရေးကြောင့်ခိုလှုံနေသူတွေ အလုပ်လုပ်ခွင့်ရဖို့ တောင်းဆို

ထိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး

မြန်မာအလုပ်သမားတွေကို အကျပ်အတည်းဖြစ်စေတဲ့ အချက်တွေပါတဲ့ ထိုင်းအစိုးရရဲ့ အလုပ်သမားဥပဒေ B.E. 2560 ကို ပြင်ဆင်ပေးဖို့ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောလာပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အပါအဝင် တာ့ခ်ခရိုင် တစ်ခုလုံးက မြန်မာအလုပ်သမားအရေးဆောင်ရွက်တဲ့ အရပ်ဘက်အဖွဲ့(CSO)တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့(NGO)တွေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ဇူလိုင် ၂၃ ရက်က တွေ့ဆုံချိန်မှာ ထိုင်းအာဏာပိုင်တွေဘက်က အခုလိုပြောသွားတာလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။

အလုပ်အကိုင်နေရာချထားရေး ညွှန်ကြားရေးမှူးနဲ့အဖွဲ့က အလုပ်သမားဥပဒေနဲ့ နည်းဥပဒေတွေမှာ ရွှေ့ပြောင်းလုပ်သားတွေအကျိုးစီးပွားကို အကာအကွယ်မပေးနိုင်တဲ့အချက်တွေကို ဖြည့်စွက်ဖို့၊ မလျော်ကန်တာတွေကို ပြင်ဆင်ဖို့ အကြံဉာဏ်တောင်းခံတဲ့အနေနဲ့ အခုလိုတွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

တာ့ခ်ခရိုင်ဟာ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်နဲ့ထိစပ်နေပြီး မြန်မာလုပ်သား သိန်းနဲ့ချီရှိနေသလို စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေ၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ ခိုလှုံနေတဲ့ခရိုင်လည်းဖြစ်ပါတယ်။

တာ့ခ်ခရိုင်ထဲက NGO/CSO တွေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံပွဲ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, တာ့ခ်ခရိုင်ထဲက NGO/CSO တွေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံပွဲ

ထိုင်းအလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာတော့ မြန်မာအကူအညီပေးရေးအဖွဲ့တွေထဲမှာ အဝေးရောက်ဧရာဝတီအသင်း(OIA)လည်း ပါဝင်ပါတယ်။

OIA ကတော့ နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံ လာကြသူတွေကို အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးဖို့ ကို အဓိကထားတင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

''BE ၂၅၆၀၊ ပုဒ်မ ၆၃၊ အပိုဒ် ၂ မှာ အိမ်နီးချင်းနိုင်ငံတွေကနေ နိုင်ငံရေးအရ ခိုလှုံလာတဲ့သူတွေကို အလုပ်ပေးလုပ်ရမယ်ဆိုပြီးတော့ ပါတယ်။ အဲဒီပုဒ်မကို ထိုင်းက အသုံးမပြုဘူးဖြစ်နေတယ်။ ဒီလိုလူတွေ အတွက်က ပုံမှန်အလုပ်သမားတွေ အထောက်အထားလုပ်တာနဲ့မတူဘူး။ ကိုယ့်နိုင်ငံကိုပြန်လို့မရတဲ့သူတွေဖြစ်လို့ စာရွက်စာတမ်း တောင်းတာတွေမှာ အကန့်အသတ်ရှိတယ်။ ဆိုတော့ ကိုယ့်နိုင်ငံဘက်က ထောက်ခံစာတွေ၊ တုံးထုတာတွေ မလိုတဲ့လက်မှတ်မျိုး လုပ်ပေးရမယ်။ အဲဒါကို ဥပဒေမှာရှိနေတာကို ထိုင်းအစိုးရ အသုံးမပြုလို့ OIA က တောင်းဆိုတင်ပြခဲ့တယ်'' လို့ OIA က ကိုဖိုးသင်္ကြန်က ရှင်းပြပါတယ်။

မြန်မာအလုပ်သမားအဖွဲ့တွေကလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေအခက်ကြုံနေရတဲ့ စာရွက်စာတမ်းသက်တမ်းတိုးတာ၊ အထောက်အထားလုပ်တဲ့လုပ်ငန်းစဥ်တွေမှာ ပွဲစားတွေက ငွေကြေးမတန်တဆတောင်းခံတာနဲ့ လိမ်လည်တာတွေ၊ အလုပ်သမားတွေရဲ့ အထောက်အထားစာရွက်တွေကို ထိုင်းသူဌေးတွေက ပုံစံမျိုးစုံနဲ့သိမ်းဆည်းထားပြီး အလုပ်ခိုင်းစေမှုမှာ လက်နက်သဖွယ်အသုံးချနေတာတွေလို ဥပဒေကျော်လွန်လုပ်ဆောင်နေတာတွေကို ထိရောက်စွာဆောင်ရွက်ပေးဖို့ကိုလည်း တင်ပြဆွေးနွေးကြတယ်လို့ သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းအလုပ်သမားအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉ မှာတော့ အလုပ်သမားရဲ့ စာရွက်စာတမ်းတွေကို တစ်ဦးတစ်ယောက်က သိမ်းဆည်းထားရင် ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားတာပါ။

''အလုပ်ရှင်က အလုပ်သမားရဲ့ စာရွက်စာတမ်းတွေအတွက် ငွေကြေးကြိုတင်စိုက်ထုတ်ထားတယ်ဆိုတဲ့အကြောင်းပြချက်၊ ရေစို စုတ်ပြဲ ပျက်စီးသွားရင် ရုံးတွေဘာတွေ သွားလုပ်ရတာ ခက်ခဲအလုပ်ရှုပ်တယ်ဆိုတဲ့အကြောင်းပြချက်တွေပြပြီး အလုပ်သမားတွေရဲ့ အထောက်အထားတွေကို သိမ်းထားတာတွေဟာ ဥပကြောင်းအရ လုပ်လို့မရဘူးဆိုတာ တင်းကျပ်ပေးဖို့၊ အလုပ်သမားအရေးဖြေရှင်းတဲ့အခါ အလုပ်ရှင်ဘက်က ငွေပေးရင် အခွင့်သာတာမျိုးမဖြစ်အောင် ခုံရုံးဖွဲ့ဖြေရှင်းဖို့ ဆွေးနွေးတောင်းဆိုခဲ့တယ်'' လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ သူဌေးတွေက အလုပ်သမား‌ထောက်ခံစာတွေလုပ်ပေးထားတဲ့အချိန်မှာ သူတို့ စိုက်ထုတ်ပေးထားတဲ့ငွေကြေးတွေအတွက် အာမခံချက်အနေနဲ့ အထောက်အထားတွေကိုသိမ်းဆည်းထားတဲ့အတွက် အလုပ်သမားတွေက ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ အခြားရုံးပိုင်းဆိုင်ရာကိစ္စတွေမှာ အခက်အခဲတွေရှိနေတာလို့ အလုပ်သမားအရေးဆောင်ရွက်သူတချို့ကပြောပြပါတယ်။

''ပန်းရောင်းကတ်လိုမျိုး အလုပ်သမားအထောက်အထားတွေကို ထုတ်ပေးတဲ့အခါ အချိန်ကြာမြင့်တာ ‌ပထမလျှောက်ထားတာက ကတ်မရသေးဘူး၊ နောက် ကတ်လျှောက်ရမယ့်အချိန်ရောက်လာတာမျိုးလို ငွေတွေသွင်းထားရပြီး အထောက်အထားလက်ထဲမရောက်တာမျိုးတွေကို တင်ပြကြတယ်။ သူတို့ဒါတွေကို မှတ်သွားတယ်။ ပြင်ဆင် ပယ်ဖျက်တာ၊ ဖြေလျှော့တာတွေလုပ်မယ်ပြောပါတယ်'' လို့ ကိုဖိုးသင်္ကြန်က ဆက်ပြောပြပါတယ်။

နွန်ထဘူရီ အလုပ်သမားအထောက်အထား ထုတ်ပေးရေးရုံး

ဓာတ်ပုံ ရင်းမြစ်, Moe Khaing

ဓာတ်ပုံ ပုံစာ, နွန်ထဘူရီ အလုပ်သမားအထောက်အထား ထုတ်ပေးရေးရုံး

တဖက်မှာလည်း လက်ရှိ ထိုင်းအိမ်စောင့်အစိုးရဟာ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို တရားဝင် အထောက်အထားလက်မှတ်ထုတ်ပေးဖို့ ပြင်ဆင်နေပါ တယ်။

အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ခရိုင်အသီးသီးက အလုပ်သမားရှာဖွေရေးရုံးတွေမှာ နာမည်စာရင်းတင်သွင်းဖို့ စာရွက်စာတမ်းတွေစုပြီး အခုလ ၃၁ ရက်မတိုင်ခင် သွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

ဒီလိုထုတ်ပေးဖို့ လက်ရှိထိုင်းအိမ်စောင့်အစိုရဝန်ကြီးအဖွဲ့က အခုလအစောပိုင်းမှာပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းရှိပြီး အလုပ်လုပ်ကိုင်ခွင့်သက်တမ်းမတိုးရသေးသူတွေ၊ နှစ်နိုင်ငံလုပ်သားသဘောတူညီချက်(MOU)နဲ့လာရောက်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းကုန်သူတွေ၊ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်မလျှောက်ထားသူတွေ အကျုံးဝင်တယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားထုဟာ ကပ်ဘေးအလွန် ထိုင်းလုပ်သားကဏ္ဍအတွက် အရေးပါတဲ့အင်အားစုဖြစ်တာကြောင့် အခုအစီအစဥ်ကို ထပ်မံပြုလုပ်တာလို့ဆိုပါတယ်။

တဖက်မှာလည်း ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန အရာရှိတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေး အကူအညီပေးသူတွေဟာ ပြီးခဲ့တဲ့ ၅ လပိုင်းတုန်းကလည်း လှေလုပ်သားတွေအရေးအတွက် သီးသန့် တွေ့ဆုံထားပါတယ်။

အခုတစ်ကြိမ် တွေ့ဆုံမှုကတော့ ရွှေ့ပြောင်းလုပ်သားအလွှာပေါင်းစုံအရေး အကူအညီပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ၁ နှစ်အတွင်း အကောင်အထည်ဖော်ဖို့ ဦးတည်ချက်ထားတယ်လို့ ထိုင်းအလုပ်သမား အာဏာပိုင်တွေက ပြောထားပါတယ်။