ပတ်စ်ပို့တန်းစီရင်း အသက်ဆုံးတဲ့အထိဖြစ်ကြတာဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပတ်စ်ပို့ရုံး) ရှေ့မှာ ထောင်နဲ့ချီတဲ့ လူတန်းရှည်ကြီးဖြစ်နေပါတယ်။ မနက်အရုဏ်တက်ချိန်လောက်ကတည်းက ကြိုတင်တန်းစီသူတွေရှိတဲ့အထိ ပတ်စ်ပို့ရဖို့ ကြိုးစားပမ်းစား စောင့်ဆိုင်းကြတာပါ။
ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့ ပတ်စ်ပို့ရုံး မှာ တိုကင်ရဖို့ တန်းစီနေကြသူတွေထဲ လူအုပ်ပိမှုဖြစ်ခဲ့တာကြောင့် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်က အသက် ၅၂ နှစ်ရှိတဲ့ ဒေါ်ခင်မျိုးအေးနဲ့ အသက် ၃၉ နှစ်ရှိတဲ့ ဒေါ်ခိုင်ဝေတို့ ၂ ဦး အသက်ရှုသေဆုံးခဲ့ပြီး ကျန်တဲ့ ၁ ဦးကတော့ ခြေထောက်ကျိုးဒဏ်ရာရတဲ့အထိဖြစ်ခဲ့ပါတယ်။
လူအုပ်ပိမှုမှာ အသက်ရှုကျပ်ခဲ့တဲ့ အဲဒီအမျိုးသမီး ၃ ဦးကို ကူညီရေးအဖွဲ့တွေက မန္တလေးဆေးရုံကြီးကို ပို့ခဲ့ပါတယ်။
'' အမျိုးသမီး ၁ ဦးက လမ်းမှာ သေဆုံးခဲ့ပြီး၊ ဆေးရုံအရောက်မှာ နောက်ထပ် ၁ ဦးသေဆုံးခဲ့တာပါ။ နောက် ၁ ဦးကတော့ ဆေးကုသမှု ခံယူနေပါတယ်''လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့သူတစ်ဦးကပြောပါတယ်။
‘‘အသက်ရှုကျပ်တာ ၆ ဦးလောက်ရှိခဲ့တယ်။ အများစုက ညလုံးပေါက် လာရောက်တန်းစီနေကြသူတွေ’’ လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
မန္တလေး ပတ်စ်ပို့ရုံးမှာ တစ်ရက်ကို လျှောက်လွှာ (၂၅၀) ခန့်သာ လက်ခံပါတယ်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့နောက်မှာ ပတ်စ်ပို့ရဖို့ လာရောက်တန်းစီသူက လူဦးရေ ၅,၀၀၀ ထက်မနည်း ရှိတယ်လို့ မြို့ခံတချို့ကပြောပါတယ်။
နိုင်ငံကူးလက်မှတ်အတွက် တန်းစီတဲ့သူတွေဟာ မနက် ၉ နာရီ ရုံးဖွင့်ချိန် ဝင်ခွင့်ရဖို့အတွက် နေ့စဥ် ည ၁၂ နာရီလောက်ကတည်းက ကြိုတင်တန်းစီကြတာဖြစ်တယ်လို့ ပက်စ်ပို့အတွက် ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောပါတယ်။
ပတ်စ်ပို့ ထုတ်ပေးရာမှာ ရဟန်းသံဃာ၊ သက်ကြီးရွယ်အိုနဲ့ အထူးဦးစားပေး ဆိုသူတွေအတွက် လျှောက်လွှာ (၁၀၀) သတ်မှတ်ထားပြီး ကျန်တဲ့ (၁၅၀) ခန့်ကိုပဲ တန်းစီသူတွေထဲက ရှေ့ဆုံးက လူတွေကို လျှောက်လွှာလက်ခံပေးတာလို့ မန္တလေးအခြေစိုက်သတင်းတွေကဖော်ပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တန်းစီသူနဲ့ လျှောက်လွှာချပေးတဲ့ ပမာဏမမျှတတဲ့အတွက် အခုလို တိုးကြိတ်ကျပ်ညပ်ပြီး လူသေဆုံးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
သေဆုံးသူ နှစ်ဦးဟာ ကိုယ်တိုင်လာလျှောက်သူနဲ့ နေရာတန်းစီပေးသူ တွေလို့ အတည်ပြုပေမဲ့ ဒီအမျိုးသမီးနှစ်ဦး လူအုပ်ပိသေဆုံးခဲ့ရမှုဟာ နိုင်ငံကူးလက်မှတ် ရဖို့ကြိုးစားသူတွေ ဘယ်လောက်တောင်ရှိနေလဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။
'' လူသေတဲ့အထိဖြစ်ရတာက စနစ်မကောင်းလို့ပဲ။ လူထုကို ရသမျှကန့်သတ်ပိတ်ဆို့ထားတာတွေက မလိုလားအပ်တဲ့ အဖြစ်တွေကိုရောက်လာတယ်။ကန့်သတ်ထားတာမရှိရင် ဒီလိုတန်းစီစရာလည်းမရှိဘူး'' ပတ်စ်ပို့လုပ်ဖို့ကြိုးစားနေသူတစ်ဦးကမှတ်ချက်ပြုပါတယ်။
မန္တလေးပက်စပို့ ရုံးက ရန်ကုန်လို တုံကင်ယူ QRကုဒ်စနစ်နဲ့ ရက်ချိန်း ပေးပြီး ထုတ်ပေးရာကနေ အခုနှစ် ဇန်နဝါရီလကစပြီး ဦးရာယူ စနစ်နဲ့ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
မန္တလေးမှာ ပုံမှန် ၁၀ရက်နဲ့ ကျပ် ၆သောင်းဝန်းကျင်လောက်သာကုန်ကျပေမယ့် တပတ်လောက်ပဲကြာပြီး ပွဲစားနဲ့ အမြန်လုပ်မယ်ဆိုရင် ကျပ် သိန်းနှစ်ဆယ်လောက်အထိ ပေါက်စျေးရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးမှာ ပတ်စ်ပို့ရဖို့ကြိုးစားကြလို့ လူသေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့သလို ရန်ကုန်မှာလည်း နိုင်ငံကူးလက်မှတ်အတွက် ကျပ် ၁၅ သိန်းကနေ ကျပ် ၂၀ ကြားမှာသုံးရဖို့ အထိ တရားမဝင်စျေးကွက်ရှိနေတယ်လို့ ပတ်စ်ပို့လုပ်ဖို့ ကြိုးစားနေသူတချို့ကပြောပါတယ်။
ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာတော့ ပတ်စ်စပို့ အသစ်လုပ်တာနဲ့ သက်တမ်းတိုးတာတွေ အတွက် QR ကုဒ်ရရှိဖို့ အွန်လိုင်းကတင်ရတာဖြစ်ပါတယ်။ အခုဖေဖော်ဝါရီလမှာတင်ရင်တော့ လာမယ့်သြဂုတ်လ အထိ စောင့်ရမှာဖြစ်တယ်လို့ QR ကုဒ်လျှောက်ထားသူတွေက ပြောပါတယ်။
'' လူငယ်တွေက တောင်စဥ်ရေမရ ကစဥ့်ကလျားဖြစ်ကုန်တာ။ သူတို့ဘက်ကစဥ်းစားရင် ပြည်တွင်းစစ် ဖြစ်နေတဲ့တိုင်းပြည်မှာ စစ်မှုထမ်းဖို့ဆိုတာ အချင်းချင်းပြန်ပစ်ရမှာလား၊ သူတို့ကဘာလုပ်ရမှာလဲ။ သူတို့က စစ်သားတွေမဟုတ်ဘူး၊ သူတို့မှာရန်သူဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခံထားရတာမရှိဘူး။ အဲဒီတော့ သူတို့မိဘတွေကလည်း နိုင်ငံထဲက ရသမျှနည်းလမ်းသုံးပြီးထွက်ခိုင်းတယ်၊ သူတို့ကလည်း ထွက်ဖို့ ကြိုးစားကြတယ်'' လို့ ရန်ကုန်မြို့က ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘာကြောင့်ပတ်စ်ပို့တန်းစီကြ
အာဏာသိမ်းမှုကြောင့် အခွင့်အလမ်းပျောက်လာတဲ့ နိုင်ငံတွင်းက လူငယ်တွေဟာ စစ်မှုထမ်းဥပဒေအသက်ဝင်လာတဲ့နောက်မှာ ပိုဆိုးတဲ့အခြေဆိုက်လာပြီး မြန်မာနိုင်ငံအခြေအနေဟာ ၂၀၀၀ ခုနှစ် အရှေ့ပိုင်း ကာလတွေဆီ ပြန်ရောက်သွားတယ်ဆိုတဲ့ ယှဥ်ထိုးဝေဖန်ကြသူတချို့လည်း ရှိပါတယ်။
၁၉၇၀ ကနေ ၁၉၉၀ ဝန်းကျင်များဆီက လူငယ်တွေရဲ့ လူမှုဘဝပုံရိပ်တွေကိုထင်ဟပ်စေခဲ့တဲ့ သီချင်းတချို့ကို ဖန်တီးခဲ့ကြတဲ့အထဲ စစ်အစိုးရအဆက်ဆက်တားမြစ်ပိတ်ပင်ခံခဲ့ရတဲ့ ''လူငယ်ခြေကျ'' သီချင်းက ထင်သာမြင်သာဖြစ်ခဲ့ပါတယ်။ ဒီသီချင်းကို တေးသံရှင် စိုင်းထီးဆိုင်က ဆိုပါတယ်။
အထူးသဖြင့် အဲဒီကာလဖြစ်တဲ့ ဆိုရှယ်လစ်ခေတ် လူငယ်ပညာတတ်တွေရဲ့ ဘဝကို ထင်ဟပ်ခဲ့တာကြောင့် ပြည်တွင်းမှာ နားဆင်ခွင့်မရှိဖြစ်ရတဲ့အထိ အုပ်ချုပ်သူတွေရဲ့ အငြှိုးအတေးကိုခံခဲ့ရတဲ့သီချင်းတစ်ပုဒ်ပါ။
နိုင်ငံရေးစနစ်မှားယွင်းမှုကြောင့် ပညာရေးစနစ်ပျက်ရပုံ အဲဒီကနေ လူငယ်ပညာတတ်တွေအတွက် တိုင်းပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ခေတ်ကို အနုပညာနဲ့ သရော်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
ဒီအကြောင်းကို စာရေးဆရာတင်ညွန့်က ၁၉၇၅ ဝန်းကျင် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝအကြောင်းကို ရေးသားပြချိန်မှာ '' လူငယ်ခြေကျ'' ထဲကစာသားတွေက သူတို့လူငယ် ဘဝကို ထင်ဟပ်ခဲ့တဲ့အကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။
“အတောင်အလက် ပြည့်ပြီးကာမှ ကောင်းကင်လိုင်စင်မရလို့ မပျံနိုင်တဲ့ ငှက်ကလေးလို ... တို့များရဲ့ ဘဝဟာလေ တကယ့် လူနေရာမှန် မရှိတဲ့ခေတ်လူငယ်ခြေကျတွေ” ဆိုတဲ့ ဒီသီချင်းစာသားတွေက အခုခေတ် ဂျန် Z တွေအထိလည်း ပြောကြဆိုကြ နားထောင်နေကြဆဲဖြစ်ပါတယ်။
စာရေးဆရာတင်ညွန့်ရဲ့ စာထဲမှာ ''ထိုခေတ်က ဆိုရှယ်လစ်ခေတ်ဖြစ်ရာ “လူမှန် နေရာမှန်” ဆိုသည့် စကားတွေကို တွင်ကျယ်စွာ သုံးကြသည်။ သို့သော် အမှန်တကယ် လူမှန်နေရာမှန် မရှိ။ လူငယ်ခြေတက်လေးတွေဟု မြှောက်ပင့်ပြောကာ ပေါ်လစီထဲ ရိုက်သွင်းပြီး လမ်းစဉ်၊ ရှေ့ဆောင်၊ တေဇလူငယ်တွေထဲ ရိုက်သွင်းနေချိန်တွင် ဒီသီချင်းစာသားနဲ့ တစ်လုံးတည်း ပစ်သွင်းလိုက်သည်'' လို့ မှတ်ချက်ပြုထားပါတယ်။
အခု ၂၁ ရာစုမှာတော့ ၂၀၂၁ ခုနှစ် တကျော့ပြန်စစ်အာဏာသိမ်းလို့ သိန်းနဲ့ချီတဲ့ ကျောင်းသားတွေ တက္ကသိုလ်နယ်မြေတွေကနေ ပျောက်ခဲ့ကြတာကို စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းတွေကို တွက်ချက်ကြည့်ချက်အရ သိရပါတယ်။
မတည်ငြိမ်တဲ့ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးထဲရောက်သူတွေ၊ တည်ငြိမ်တဲ့မြို့ကြီးတွေမှာ အာဏာရှင်ဆန့်ကျင်လို့ ဖမ်းဆီးထောင်ချခံရသူတွေ၊ ကျောင်းမတက်ဘဲအာဏာဖီဆန်ပြီးနယ်စပ်ဖြတ်ကျော်ပြေးခဲ့တဲ့ လူငယ်တွေ စတဲ့ လူငယ်သိန်းနဲ့ချီဟာ အာဏာသိမ်း ၃ နှစ်အတွင်းမှာ သူတို့ရဲ့ မြန်မာပြည်တွင်းက ပညာရေးအခွင့်အလမ်းကို လက်လွှတ်ခဲ့ကြပါတယ်။
ဒီလို လူငယ်တက္ကသိုလ်ကျောင်းသားတွေ ပျောက်ဆုံးနေချိန်၊ နိုင်ငံတဝန်း စစ်မျက်နှာပြင်များစွာ ဖြစ်နေချိန်မှာပဲ ၂၀၂၄ ခုနှစ် ဖေဖာ်ဝါရီလထဲမှာ စစ်ကောင်စီက နအဖအစိုးရလက်ထက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းလိုက်ပါတယ်။
ဒီဥပဒေကြောင့် နိုင်ငံတဝန်းက စစ်မျက်နှာပြင်မရှိတဲ့ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေက လူငယ်တွေဟာ ပြည်ပကိုထွက်ခွာဖို့ ကြိုးစားလာပါတယ်။
နေ့တွင်းချင်း ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွေမှာ လူတွေတိုးကြိတ်ခဲ့သလို မြန်မာနဲ့အနီးဆုံး ထိုင်းကို ထွက်ပြီးတိမ်းရှောင်ဖို့ ကြိုးစားကြပါတယ်။ ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ရက်ရှည် ဗီဇာရဖို့ တန်းစီကြတာလူအုပ်ကြီးဖြစ်ခဲ့တဲ့အထိပါပဲ။
၈၈ အရေးအခင်းကာလ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဘဝနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို တောက်လျှောက်ပါဝင်လှုပ်ရှားခဲ့သူ၊ လက်နက်ကိုင်လမ်းစဥ်နဲ့ ကျောင်းသားတပ်မတော်မှာ ပါဝင်ခဲ့ပြီး အဲဒီကနေ အခု ထိုင်းနိုင်ငံမှာနေထိုင်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP Myanmar က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ဒီစစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေမှာ အခွင့်အလမ်း ဆုံးရှုံးနစ်နာတာမျိုးဖြစ်ရတယ်လို့ မှတ်ချက်ပြုပါတယ်။
'' အခုခေတ်စစ်မှုထမ်းဥပဒေမျိုးကျတော့ Opportunity cost နဲ့ ပိုဆိုင်မယ်။ တစ်ခုကိုရွေးချယ်လိုက်ရတဲ့အတွက် အချို့ အခွင့်အလမ်းတွေနစ်နာတာမျိုးဖြစ်ကြတယ်''လို့ သုံးသပ်ပါတယ်။
၁၉၇၀ ကျော်ဝန်းကျင်က လူငယ်ခြေကျသီချင်းဟာ အဲဒီကာလတုန်းက လူငယ်တွေအတွက် အခွင့်အလမ်းနည်းလွန်းတာ နဲ့ သင်ကြားခဲ့တာတခြား လုပ်ကိုင်ရတာတခြား အလွဲလွဲချော်ချော်ဖြစ်ရတာကို ဖန်တီးထားတာဆိုပြီး ပုံဖော်ကြသူတွေရှိခဲ့ပါတယ်။
အဲဒီသီချင်းရဲ့ စာသားတွေ အဓိပ္ပါယ်တွေက ဆယ်စုနှစ် ၆ ခုနီးပါး အကြာ ၂၀၂၄ ခုနှစ်လူငယ်တွေရဲ့ ဘဝကို ထင်ဟပ်နေသေးတယ်လို့ စိုင်းထီးဆိုင်ရဲ့ အဲဒီခေတ်အခါက အမာခံပရိသတ်တွေက ပြောကြပါတယ်။
လူငယ်တွေရဲ့ ကယ်ပေါက် ထိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံဟာ ၁၉၇၀ ကျော်ကစလို့ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းတိုင်းကို ခေတ်အဆက်ဆက် တွဲဖက်ကြုံရတဲ့ မြန်မာရဲ့ ဘေးချင်းကပ်နိုင်ငံဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လူငယ်တိုင်းမဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ကြေညာချက်ရဲ့ မရှင်းလင်းမှုတွေနောက်မှာ အခုလည်း လူငယ်တွေကတော့ မြန်မာနဲ့ အနီးစပ်ဆုံးထိုင်းကို အမြန်ဆုံးထွက်ကြဖို့ စဥ်းစားချက်ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိနေတဲ့ ဗီဇာဝန်ဆောင်မှုလုပ်တဲ့ လုပ်ငန်းအနည်းဆုံး ၃ ခုလောက်ရဲ့ အပြောအရ မြန်မာကနေ ထိုင်းကို တရားဝင်လမ်းကနေ လာဖို့ ကြိုးစားနေတဲ့ လူငယ်အရေအတွက်က တစ်ပတ်အတွင်းမှာပဲ ရာနဲ့ချီရှိနေတယ်လို့ သူတို့စာရင်းတွေကိုပြောပြပါတယ်။
စစ်မှုထမ်းရမယ်ဆိုတဲ့ကြေညာချက်နောက်မှာ နိုင်ငံပြင်ပ အထူးသဖြင့် ထိုင်းကိုထွက်လာသူတွေက လူငယ်တွေဖြစ်တယ်လို့ ထိုင်းငံမှာ ဗီဇာဝန်ဆောင်မှုပေးနေတဲ့ Hybird Solutions က ကိုဝေယံမင်းခန့်က ပြောပါတယ်။ ရုတ်တရက်ထိုင်းကိုထွက်လာဖို့ကြိုးစားသူတွေအတွက် ထိုင်းနိုင်ငံမှာ နေလို့ရတဲ့ဗီဇာအမျိုးအစား ၅ မျိုးလောက်ရှိနေပါတယ်။
ထိုင်းမှာ လချီ နှစ်ချီနေထိုင်နိုင်ဖို့အတွက် ဘာသာစကားဗီဇာ ( Language Visa)၊ တက္ကသိုလ်ကျောင်းသားဗီဇာ ( University Visa) အပါအဝင် အသက် ၅၀ နဲ့အထက် သက်ကြီးတွေအတွက် အငြိမ်းစားဗီဇာ (Reteriment Visa) တွေကို လျှောက်ပြီးနေထိုင်လို့ပါတယ်။
''ဘာသာစကားဗီဇာက သတ်မှတ်ကာလကျော်ရင် သက်တမ်းထပ်တိုးလို့မရဘူး။ တက္ကသိုလ်ဗီဇာက နှစ်အလိုက် သက်တမ်းတိုးလို့ရတယ်။ ဗီဇာကြေးလည်းကွာခြားတယ်။ ဘာသာစကားဗီဇာက ၁ နှစ်စာကို ဘတ် ၄ သောင်းလောက်ကုန်တယ်။ တက္ကသိုလ်ဗီဇာက ဘတ် ၅သောင်းခွဲဝန်းကျင် ရှိတယ်။ အငြိမ်းစားဗီဇာကတော့ တစ်နှစ်အတွက် ဘတ် ၄သောင်း ကနေ ၄ သောင်းခွဲဝန်းကျင်ကြားမှာ ရှိတယ်'' လို့ ကိုဝေယံမင်းခန့်က ရှင်းပြပါတယ်။
လက်ရှိမှာ ၁ ဘတ်အတွက် မြန်မာငွေကျပ် ၁၀၀ ဝန်းကျင်စျေးပေါက်နေတဲ့အတွက် ဗီဇာအမျိုးအစားအလိုက် ကျပ်ငွေ သိန်း ၄၀ ကနေ အများဆုံး သိန်း ၅၀ ကြားမှာ ကုန်ကျမှာဖြစ်ပါတယ်။
ဒီလို ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့ကြိုးစားနေသူတွေများနေတာကြောင့် ဗီဇာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေရဲ့ သတိပေးချက်တွေလည်းရှိနေပါတယ်။ ထိုင်းကိုလာမယ့်သူတိုင်းက ထိုင်းဘဏ်အကောင့်တွေဖွင့်ထားဖို့ လိုသလို ဗီဇာလုပ်ငန်းစဥ်တွေ ဆောင်ရွက်တဲ့အခါမှာလည်း ငွေကြေးလွှဲပြောင်းမှုတွေမှာ ယုံကြည်စိတ်ချရတဲ့ တရားဝင်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ လုပ်ကြဖို့ တိုက်တွန်းနေပါတယ်။
လူငယ်တွေအတွက် ခက်ခဲတဲ့လမ်းတွေ
လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက်မှာ ဆင့်ခေါ်ရေးဗဟိုအဖွဲ့ တွေဖွဲ့စည်းလိုက်ပြီး အခြေခံလူဦးရေစာရင်းကောက်ယူတာကနေ တချို့အဆင့်တွေကိုစလုပ်နေပါပြီ။
စစ်ကောင်စီပြောခွင့်ရကတော့ ဧပြီနှစ်သစ်ကူးရုံးပိတ်ရက်တွေပြီးတဲ့အခါ ဒီစစ်မှုထမ်းဥပဒေရဲ့ လိုအပ်တဲ့လုပ်ငန်းစဥ်တွေကို အတိအကျစတင်အကောင်အထည်ဖော်မယ်လို့ထုတ်ပြောထားပါတယ်။
လက်ရှိမှာတော့ ငွေကြေးတတ်နိုင်တဲ့မိသားစုတွေက လူငယ်တွေက နိုင်ငံရပ်ခြားကိုတရားဝင်လမ်းကြောင်းကနေ ပညာရေးလမ်းကြောင်းနဲ့ သွားရောက်ကြသလို၊ ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေက လူငယ်တွေက ထိုင်းနိုင်ငံနဲ့ မလေးရှားဘက်ကို တရားမဝင်လမ်းတွေကတဆင့်ဝင်ရောက် အလုပ်လုပ်ဖို့ကြိုးစားကြပါတယ်။
နောက်ထပ် လူငယ်အမျိုးအစားကတော့ စစ်ကောင်စီမှာ စစ်မှုထမ်းမလား၊ တော်လှန်ရေးအင်အားစုတွေဘက်ကိုသွားမလားဆိုတာကိုရွေးချယ်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်မေးမြန်းတဲ့လူငယ်တွေများနေတယ်လို့လည်း တပ်ရင်းတချို့က ထုတ်ပြောထားသလို တပ်သားသစ်ခေါ်ယူတာတွေလည်း တပြိုင်နက်ရှိလာပါတယ်။
ဒီလိုအခြေအနေတွေကြောင့်ပဲ စစ်ကောင်စီ ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စစ်မှုထမ်းဖို့ ငြင်းဆိုတိမ်းရှောင်တဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းဖို့ ဆိုပြီး လှုံ့ဆော်နေပါတယ်။
'' မြန်မာပြည်မှာ လူငယ်တစ်ယောက်ဖြစ်ရတာခက်ခဲလွန်းတဲ့ မွန်းကျပ်မှုတွေပေါ့။ ကျွန်တော်တို့ လမ်း တစ်လမ်းကို ရွေးဖို့အတွက် အရမ်းခက်ခဲတယ်'' လို့ ရွှေပြည်သာမြို့နယ်က လူငယ်တစ်ဦးက ပြောပါတယ်။
စာရေးဆရာတင်ညွန့်ကတော့ သူတို့ရဲ့ လူငယ်ဘဝ ဖြတ်သန်းခဲ့ရတဲ့ ၂၀ ရာစု ခေတ်မှာ လူငယ်ခြေကျ ဘဝတွေနဲ့ ဖြတ်သန်းခဲ့ရပြီး ၂၁ ရာစုကို ရောက်ချိန်မှာ လူကြီးခြေကျိုးတွေ ဖြစ်နေကြပြီ လို့လူငယ်ခြေကျသီချင်းကို သူတို့လူငယ်ဘဝနဲ့ယှဥ်ပြီး ဖော်ကျူးပြပါတယ်။
''၂၁ ရာစု လူငယ်တွေကတော့ သူတို့ဘဝကို သူတို့ပိုင်တယ်။ လိုင်စင်မရှိလို့ ပျံသန်းခွင့်ကို ထိုင်စောင့်နေကြမယ့် သူတွေမဟုတ်။ Without ( လိုင်စင်မဲ့) ထပျံမယ့်သူတွေ ဖြစ်တယ်။''








