အိန္ဒိယ-မဏိပူရမှာ ပြည်တွင်းစစ်ဖြစ်မှာကို စိုးရိမ်မှုတွေ မြင့်တက်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယစစ်တပ်က အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးက သူရဲ့ မွေးရပ် မဏိပူရ ပြည်နယ်မှာ အကြမ်းဖက်မှုတွေ မတည်ငြိမ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြီးခဲ့တဲ့တပတ်က ပြောဆို လိုက်ပါတယ်။

“လက်ရှိအခြေအနေက အထိန်းအကွပ်မဲ့ အုပ်ချုပ်သူမရှိ ဖြစ်နေပါတယ်” လို့ နစ်ရှီကန်တာ ဆင်း က လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးပါတယ်။

“လစ်ဗျား၊ လက်ဘနွန်၊ နိုင်ဂျီးရီးယား၊ ဆီးရီးယား စတဲ့ နိုင်ငံတွေလို ပိုင်ဆိုင်တဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်တွေက အချိန်မရွေး ပျက်စီးသွားနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

တိုင်းရင်းသား မျိုးနွယ်စုတွေ အကြား ခြောက်ခြား ထိတ်လန့်စရာ အကြမ်းဖက်မှုတွေ နှစ်လ နီးပါးဖြစ်နေတဲ့ ဒီမဏိပူရပြည်နယ်မှာ ပြည်တွင်းစစ် ဖြစ်မယ့် အခြေအနေလို့ အများစုက ထင်မှတ်ထားပါတယ်။

လူများစု မိုင်သည်း ခေါ် ကသည်းတွေနဲ့ ကူကီး တိုင်းရင်းသား မျိုးနွယ်စုတွေအကြား အဓိကရုဏ်းကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူ ၆၀ ၀၀၀ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရပြီး စခန်း ၃၅၀ မှာ ခိုလှုံနေရပါတယ်။

စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် အပါအဝင် လုံခြုံရေးအရာရှိ ၄၀,၀၀၀ ကျော်ကလည်း ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် မလွယ်လှပါဘူး။

အကြမ်းဖက်မှုစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူအုပ်စုတွေက ရဲတပ်ဖွဲ့တွေဆီကနေ လက်နက် ၄,၀၀၀ ကျော် လုယက်ခဲ့ပါတယ်။ ဒီလို လုယက်ခံရတဲ့ အထဲက လက်နက် လေးပုံတစ်ပုံပဲ မိမိဆန္ဒ အလျောက် တာဝန်ရှိသူတွေဆီကို ပြန်အပ်ပါသေးတယ်။

အဓိကရုဏ်းဖြစ်နေတဲ့ လူအဖွဲ့အစည်း နှစ်ခု အကြား မယုံကြည်မှုတွေ တိုးပွားနေပြီး လုံခြုံရေး တပ်ဖွဲ့တွေက ဘက်လိုက်တယ်လို့ နှစ်ဘက် စလုံးက စွပ်စွဲနေကြပါတယ်။

လူအုပ်ကြောင့် ခရစ်ယာန် ဘုရားကျောင်း ၂၀၀ နဲ့ ဘုရားကျောင်း ၁၇ ကျောင်း ပျက်စီးသွားပါတယ်။ သက်ဆိုင်ရာ ဒေသခံ ဝန်ကြီးတွေ၊ ဥပဒေပြု အမတ်တွေရဲ့ နေအိမ်တွေ တိုက်ခိုက် မီးရှို့ခံရပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခရိုင် ၁၆ ခုမှာ ရှိတဲ့ လူတွေရဲ့ နေ့စဥ်ဘဝက အရင်လို မဟုတ်တော့ဘဲ အကန့်အသတ်တွေနဲ့ ဖြစ်ကုန်ပါတယ်။ ကျောင်းတွေ ပိတ်ထားပြီး အင်တာနက်ကို ဆိုင်းငံ့ထားပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးနေတဲ့ အဓိက အဝေးပြးလမ်းမတွေကိုလည်း ဆန္ဒပြတဲ့သူတွေက ပိတ်ဆို့ထားပါတယ်။

မီးရှို့တိုက်ခိုက် သတ်ဖြတ်မှုတွေလည်း ဟိုနေရာတချို့ ဒီနေရာတချို့ မှာ ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး အဖွဲ့ဖွဲ့ပြီး ဖက်ဒရယ်အစိုးရက ကြားဝင် အဆိုပြု လုပ်ဆောင်နေပေမဲ့ ဒီအပေါ် တုံ့ပြန်မှုက အားရစရာ မရှိပါဘူး။

‘’အခုချိန်က မဏိပူရ သမိုင်းမှာ အမှောင်မိုက်ဆုံး အခိုက်အတန့်ပါ” လို့ အရှေ့မြောက်ပိုင်း ငြိမ်းချမ်းရေး ဦးဆောင် အိန္ဒိယ အမျိုးသမီးအဖွဲ့ (Northeast India Women Initiative for Peace)က ဘိုင်နာလက်ချ်မီး နီပရန် (Binalakshmi Nepram) ပြောပါတယ်။

“ ပဋိပက္ခတွေ စဖြစ်တဲ့ နှစ်ရက်အတွင်းမှာ အိမ်တွေ မီးလောင်ပြီး လူတွေလည်း မီးရှို့နှိပ်စက်ခံခဲ့ရပါတယ်။ ခေတ်သစ် သမိုင်းမှာ ဒီလို အကြမ်းဖက်မှုမျိုးကို မဏိပူရမှာ မမြင်ခဲ့ဖူးပါဘူး”လို့ ပြောပါတယ်။

အိန္ဒိယက ပြည်နယ် ၈ ခုနဲ့ ဝေးလံတဲ့ အရှေ့ မြောက်ပိုင်း ဒေသတွေဟာ လူ့အဖွဲ့အစည်း ၄၀၀ ကျော်နဲ့ လူဦးရေ ၄၅ သန်းရှိတဲ့ နေရာဖြစ်ပါတယ်။

ဒီဒေသအတွင်းမှာရှိတဲ့ အုပ်စုတွေအကြား ဆယ်ချီမက လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးပွဲတွေက နှစ်နဲ့ချီကြာလာပြီ ဖြစ်ပါတယ်။

မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူရပြည်နယ်က တိုင်းရင်းသားမျိုးနွယ်စု အကြမ်းဖက်မှုတွေနဲ့ စိမ်းနေတဲ့ ပြည်နယ်တော့ မဟုတ်ပါဘူး။

ဒီပြည်နယ်မှာ တိုင်းရင်းသား မျိုးနွယ်စု ၃၃ ခု ရှိပြီး မတူကွဲပြားမှုတွေများတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့ ၄၀ အထိ ရှိတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

မိုင်သည်း၊ နာဂနဲ့ ကူကီး သူပုန်တွေက လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲနေတာ ကာလ အတော် ကြာရှည်နေပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ပစ်မှတ်က အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

လက်နက်ကိုင်တာကို ဆန့်ကျင်တဲ့ အငြင်းပွားဖွယ် လက်နက်ကိုင် တပ်ဖွဲ့ဆိုင်ရာ အထူးအခွင့်အာဏာ ဥပဒေ (Armed Forces Special Powers Act (AFSPA))ကို သူတို့က ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒီဥပဒေအရ လုံခြုံရေး တပ်ဖွဲ့တွေက လိုအပ်ရင် ရှာဖွေ သိမ်းဆည်းတာတွေ လုပ်ဆောင်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မိုင်သည်း၊ နာဂနဲ့ ကူကီး မျိုးနွယ်စု လက်နက်ကိုင်တွေကလည်း ကိုယ်ပိုင်နယ်မြေ ရရှိရေးအတွက် တောင်းဆိုရင်း အပြန်အလှန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, ANI

မဏိပူရမှာ ခန့်မှန်းခြေ လူဦးရေ ၃.၃ သန်းရှိပြီး ဒီအထဲက ထက်ဝက်ကျော်က မိုင်သည်းလို့ ခေါ်တဲ့ ကသည်း လူမျိုးတွေဖြစ်ပါတယ်။ သူတို့က ဒီပြည်နယ်မှာ လူများစုလည်း ဖြစ်ပါတယ်။

လူဦးရေ ၄၃ ရာခိုင်နှုန်းက ကူကီးနဲ့ နာဂ လူမျိုးတွေ ဖြစ်ပြီး တောင်ပေါ်မှာ နေထိုင်တဲ့ ထင်ရှားတဲ့ မျိုးနွယ်စုတွေ ဖြစ်ပါတယ်။

ကသည်းအများစုက ဟိန္ဒူ ဘာသာဝင်ဖြစ်ပြီး ကူကီးတွေက ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပါတယ်။

မဏိပူရပြည်နယ်မှာ အရင်က ဘာသာရေးနဲ့ မျိုးနွယ်စု ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ရာနဲ့ချီ အသက်ဆုံးရှုံး ခဲ့ဖူးပါတယ်။

အခုက ပဋိပက္ခက တိုင်းရင်းသား မျိုးနွယ်စုအပေါ် အခြေခံပြီး ဖြစ်တာပါ။ ဘာသာရေး ပဋိပက္ခမဟုတ်ပါဘူး” လို့ နယ်ခြားမဏိပူရ သတင်းအယ်ဒီတာ ဒီရင်း အေ ဆာဒိုဖန် (Dhiren A Sadokpam)က ပြောပါတယ်။

မေလက ဖြစ်ခဲ့တဲ့ အကြီးဆုံး အကြမ်းဖက်မှုက အငြင်းပွားဖွယ် အတည်ပြုချက် တခုကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ မိုင်သည်းတွေက မျိုးနွယ်စုအဖြစ် တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့တဲ့ အပေါ် ကူကီးတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအချက်က မဏိပူရ ပြည်နယ်မှာ ဖြစ်နေတဲ့ မျိုးနွယ်စု အကြမ်းဖက်မှုကို ရှင်းပြဖို့ လုံလောက်တဲ့ အကြောင်း ပြချက်တခု မဟုတ်ပါဘူး။

ဒီဒေသထဲမှာ ဖြစ်နေတဲ့ တင်းမာမှုတွေက အမျိုးမျိုးသော အချက်အလက်တွေအပေါ်မှာ အခြေခံတာ လည်း ဖြစ်ပါတယ်။ ဒီအထဲမှာ ကာလရှည်ကြာ လက်နက်ကိုင်ပုန်ကန်မှု၊ အငြင်းပွားစရာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးစစ်ပွဲ၊ ကူးချည်သန်းချည် သွားလို့ရတဲ့ နယ်စပ်တွေကနေ မြန်မာဘက်က တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု၊ မြေယာ ပိုင်ဆိုင်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့် လူငယ်တွေကို လက်နက်ကိုင်အဖွဲ့တွေထဲ သွတ်သွင်းမှု စတာတွေ ပါဝင်ပါတယ်။

ဒီလို ထိခိုက်မခံတဲ့ အခြေအနေမှာ ဆယ်စုနှစ်များစွာ ဖြစ်နေတဲ့ မူးယစ် ကုန်သွယ်မှုမှာ နိုင်ငံရေး သမားတွေရဲ့ ပူးပေါင်း ပါဝင်မှု၊ နိုင်ငံရေးသမားတွေရဲ့ နိုင်လိုမင်းထက်လုပ်ဆောင်မှုတွေနဲ့ ဆက်စပ်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

မိုင်သည်းလူမျိုး ပြည်နယ် ဝန်ကြီးချုပ် အန် ဘီရန်ဆင်းရဲ့ မဏိပူ အစိုးရကို ဦးဆောင်တဲ့ ဗာဟာရာတီရ ဂျန်နတာ ပါတီက အငြင်းပွားဖွယ်ရာ မူးယစ်ဆေးဝါး စစ်ပွဲကို ဆင်နွှဲခဲ့ပြီး ဘိန်းစိုက်ပျိုးတဲ့သူတွေကို ပစ်မှတ်ထားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုး ဧက ၁၈,၀၀၀ ကျော်ကို ဖျက်စီးခဲ့တယ်လို့ အစိုးရက ပြောဆိုခဲ့ပါတယ်။ ဖျက်ဆီးတဲ့ ဘိန်းခင်း အများစုက ကူကီးတွေ နေထိုင်တဲ့နေရာတွေမှာ ဖြစ်ပါတယ်။

မဏိပူက မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ပြဿနာကို တိုက်ဖျက်နေပြီး ဒါတွေက မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်ထဲက ၄ ခုမှာ ဖြစ်ပါတယ်။ ဒီပြည်နယ်တွေက ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ ပြည်နယ်တွေလည်း ဖြစ်ပါတယ်။

မစ္စတာ ဆင်းရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး လှုပ်ရှားမှုက ကူကီးနဲ့ အစိုးရကြားမှာ ကြီးမားတဲ့ သဘောထားကွဲပြားမှုလည်း ဖြစ်ပါတယ်။

ကူကီးတွေရဲ့ ဇာတိရွာတွေမှာ ဘိန်း စိုက်ပျိုးတာကို ဟန့်တားခဲ့ပြီး ဒီရွာတွေကို အသိအမှတ်မပြုဘဲ ရရှိနေတဲ့ လူမှုရေး အကျိုးအမြတ်တွေကို ဖယ်ရှားမယ်လို့လည်း သူက သတိပေးထားပါတယ်။

ကာကွယ် ထိန်းသိမ်းထားတဲ့ တောအုပ်တွေမှာ ကျူးကျော်ပြီး ဘိန်းစိုက်တာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စီးပွားရေးတွေကို လုပ်ဆောင်နေတဲ့ ကူကီးလူမျိုးတချို့ကို သူ့အစိုးရက အတတ်နိုင်ဆုံး တားဆီးနှိမ်နှင်းသွားမယ်လို့ မတ်လမှာ မစ္စတာ ဆင်းက သတင်းဌာနတခုကို ပြောပါတယ်။

ဒီလထဲမှာပဲ တောတောင်ထူထပ်တဲ့ ခရိုင်တွေမှာ နေထိုင်တဲ့ ကူကီးတွေက အကြီးအကျယ် ဆန္ဒပြခဲ့ပြီး BJP အစိုးရက သူတို့ လူ့အဖွဲ့အစည်းကို ပစ်မှတ်ထား လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကူကီး လက်နက်ကိုင်အဖွဲ့တွေက သူတို့ လူမျိုးတွေကို လှုံဆော်နေတယ်လို့ မစ္စတာ ဆင်း အစိုးရက စွပ်စွဲခဲ့ပါတယ်။

မဏိပူရပြည်နယ်မှာ မြေယာနဲ့ ပတ်သက်ပြီး ဖိအားတွေ ရှိနေပါတယ်။ လူဦးရေ ၆၀ ရာခိုင်နှုန်းက အင်ပေါ တောင်ကြားက မြေယာ ၁၀ ရာခိုင်နှုန်း ပေါ်မှာပဲ နေထိုင်နေရတာ ဖြစ်ပါတယ်။

သူတို့နဲ့ တခြားမျိုးနွယ်စုတွေက တောင်တန်းက ခရိုင်တွေမှာ အခြေချဖို့နဲ့ မြေယာတွေဝယ်ဖို့ ခွင့်မပြုဆိုတဲ့ အချက်အပေါ် မိုင်သည်းလူမျိုးတွေက မကျေမနပ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တွေကနေ စပြီး အိမ်နီးချင်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကနေ တိုးပွားလာတဲ့ အခြေချ နေထိုင်မှုတွေ အတားအဆီးမဲ့ ဝင်ရောက်နေတာကို မိုင်သည်းတွေက တားမြစ်ဖို့ ဆန္ဒလည်း ရှိနေပါတယ်။

ဒီပိုင်နက်တွေမှာ ပြောင်းရွှေ့အခြေချနေထိုင်တာက ကူကီးတွေရဲ့ ရိုးရာ ဖြစ်ပြီး မြေယာ ပိုင်ဆိုင်မှုကို လည်း ရွာသူကြီးရဲ့ အကြီးဆုံးသားကနေတဆင့် လက်လွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေက မိသားစုမှာ ရှိတဲ့ အမျိုးသားတွေကို ရွာသစ်တွေ တည်ထောင်နိုင်တဲ့ အခွင့်အရေး ပေးထားပြီး မြေယာ ပိုင်ဆိုင်မှုအပေါ် ဖိအားတွေ ဖြစ်စေပါတယ်။

“ဒီလို လူတွေကြား မယုံကြည်မှုတွေက တဖက်နဲ့ တဖက် တိုက်ခိုက်ဖို့ ဖြစ်လာစေတာပါ” လို့ နီပရန်က ပြောပါတယ်။

“ပဋိပက္ခမဖြစ်အောင် ဖြေရှင်းရမယ့်အစား လက်နက်ကိုင်တွေ၊ လူကုန်ကူးတဲ့သူတွေနဲ့ မူးယစ်မှောင်ခိုသမားတွေကို တိုက်ခိုက်ဖို့ ဆယ်စုနှစ်များစွာ ဒေလီက လူနည်းစု တိုင်းရင်းသား တွေကို လက်နက်တပ်ဆင် လေ့ကျင်ပေးခဲ့တာပါ”လို့ သူက ပြောပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒါတင်မကသေးပါဘူး။ ပြည်နယ်ထဲက တောင်ကုန်း နှစ်ခုကိုလည်း မိုင်သည်းနဲ့ ကူကီး မျိုးနွယ်စုတွေက သူပိုင် ကိုယ်ပိုင် ငြင်းခုန်နေကြပါတယ်။ မိုင်သည်းတွေက ဒီတောင်ကုန်းဟာ အထွတ်အမြတ်ထားစရာ နေရာ အဖြစ် သတ်မှတ်ထားကြပါတယ်။ ကူကီးတွေက ဒီတောင်ကုန်းက မြေတွေဟာ သူတို့ ဘိုးဘွားအစဥ်အဆက်က ပိုင်ဆိုင်လာတဲ့ နယ်မြေတွေ ဖြစ်ပြီး ကျူးကျော်ခံနေရတယ်လို့ ဆိုပါတယ်။

“ဒီလူ့အဖွဲ့အစည်းနှစ်ခုအကြားမှာ ရိုးရာယုံကြည်မှု အလေ့အထနဲ့ တခြား နယ်မြေ ကျူးကျော်မှုတွေ ကြောင့် မလိုမုန်းထားမှုတွေနဲ့ အငြိုးအာဃာတတွေ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကြီးထွားလာပါတယ်” လို့ ဂျဝါဟာလာ နေရူး တက္ကသိုလ်က ဘာဂတ် အွိုင်နမ်က ပြောပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိလို့ ဆိုပြီး ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဝေဖန်ခံနေရပါတယ်။

ဒီအခြေနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နည်းဗျူဟာတွေ ချမှတ်ဖို့ BJP ပါတီက ဝန်ကြီးတွေ ဥပဒေပြုအမတ်အများစုက ဒေလီ မြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ကူကီးလူမျိုးတွေက ဒေလီကနေ တိုက်ရိုက် အုပ်ချုပ်ဖို့ တောင်းဆိုပြီး သူတို့ အသိုင်းအဝိုင်းအတွက် သီးခြား အုပ်ချုပ်ရေးကို ကြိုးပမ်းနေပါတယ်။ အလားတူ တောင်းဆိုထားတဲ့ နာဂတွေက ကူကီးတွေရဲ့ အခုလို တောင်းဆိုချက်ကို သဘောကျပုံမယ့်ပုံ မရပါဘူး။

“ကျွန်တော်တို့ရဲ့ မြေပေါ်မှာ ကျွန်တော်တို့ လူတွေနဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်း နေကြပါစို့။ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ကြပါစို့။ အခုလို ဖြစ်ပြီးတဲ့နောက် ဒါက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး အဓိပ္ပာယ်ဖွင့်ဆိုချက် တရပ်ပါ” လို့ ဌာနေတိုင်းရင်းသားခေါင်းဆောင်များ ဖိုရမ်နဲ့ ကူကီးတဦး ဖြစ်တဲ့ မေရီဟောကစ်က ပြောပါတယ်။

မဏိပူရ ပြည်နယ်လွှတ်တော်မှာ အရွေးခံထားရတဲ့ အမတ် ၆၀ အနက် ၁၀ ဦးက ကူကီးတွေ ဖြစ်ပါတယ်။ မစ္စတာ ဆင်းရဲ့ အစိုးရအဖွဲ့ဝင် ၁၀ ဦးထဲမှာ ကူကီး ဝန်ကြီး ၃ ဦး ပါဝင်ပါတယ်။

“ဒီအသိုင်းအဝိုင်း နှစ်ခုကြားမှာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အရ ဆက်နွှယ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ အသိုင်းအဝန်းကြားက ကြီးထွားလာတဲ့ ကွဲပြားမှုတွေကြောင့် ပိုပြီး ဝေးကွာသွားစေမယ်” လို့

ကူကီး သတင်းထောက် ကေဘီချောင်လွိုင် (Kaybie Chongloi)က ပြောပါတယ်။

ယုံကြည်မှုမရှိတာကြောင့် ကွဲလွဲမှုတွေ သိသိသာသာ ဖြစ်နေပြီး အုပ်ချုပ်နေတဲ့ ပါတီက လွှတ်တော် အမတ်တွေ ဝန်ကြီးတွေနဲ့ နှစ်ဖက် အသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ သူတွေကလည်း ဘုံသဘောတူညီချက်ကို မရှာနိုင်သေးပါဘူး။

“ဒါက ပြည်တွင်း စစ်တင်မဟုတ်ပါဘူး အစိုးရကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်” လို့ အကြမ်းဖက်မှုကြောင့် သူ့ရဲ့ အစ်ကို သေဆုံးသွားတဲ့ ကူကီး ရွာသား အဲလက်စ် ဂျန်ခိုသန် က ဘီဘီစီ ဟင်ဒီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီတိုင်းရင်းသားမျိုးနွယ်စုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာက ပဋိပက္ခကို လျော့ကျစေမယ်လို့ အိန္ဒိယ အရှေ့ပိုင်း လက်နက်ကိုင်ကြားက မြေစာပင် ဆိုတဲ့ စာအုပ်ကို ရေးတဲ့ စာရေးဆရာ ဆာဘာ ဘောလ်မစ်က ပြောပါတယ်။

လူဦးရေ ၃ ပုံ ၁ ပုံသာ ရှိပေမယ့် တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အရှေ့မြောက်ပိုင်း ထရီပူရ ပြည်နယ်ကို ဥပမာပေးပြီး သူက ပြောပါတယ်။ ဒီပြည်နယ်ရဲ့ မြေယာ ၃ ပုံ ၂ ပုံကိုလည်း စုစုစည်းစည်း နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ကောင်စီက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

နီပရန်တို့လို လူတွေက အမှန်တရားနဲ့ ပြန်လည်ပေါင်းစည်းရေးကို ရှာဖွေ့ဖို့နဲ့ ပဋိပက္ခကြောင့် အိမ်တွေ မီးလောင်၊ လူအသက်တွေ ဆုံးရှုံးခဲ့တာတွေအတွက် ပြန်လည် ပေါင်းစည်း ညီညွတ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသားအချင်းချင်းနဲ့ ဘာသာရေး ယုံကြည်မှုတွေအတွက် အပြန်အလှန် ဆွေးနွေးမှုတွေကို လေးလေးနက်နက် မစတင်နိုင်သေးသရွေ့ မဏိပူရပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်မှာကို တချို့က စိုးရိမ်နေပါတယ်။

“ဒီလိုပုံစံမျိုး ဘယ်သူမှ မကြိုးစားဖူးဘူး” လို့ မစ္စတာ ဘောလ်မစ်က ပြောပါတယ်။

မဏိပူရမှာ ငြိမ်းချမ်းရေးက မရေရာတဲ့ အခြေအနေမှာ ရှိနေတာက ရှင်းပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက ငြိမ်းချမ်းရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်ဘူးလို့ မစ္စတာ ဆာဒိုဖန်က ပြောပါတယ်။

“စစ်ဝါဒ သွတ်သွင်းထားတဲ့ ဇုန်မှာ အတင်းလုပ်ထားတဲ့ ငြိမ်းချမ်းရေး လို့ပဲ ကျွန်တော်တို့ ခေါ်လို့ ရပါတယ်” လို့ သူက ပြောပါတယ်။

ကာလကြာရှည် ထိပ်တိုက်ဖြစ်နေတဲ့ နှစ်ဖက်စလုံးအတွက် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငြိမ်းချမ်းရေး အရိပ်အယောင်ကို လက်ရှိအချိန် မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလက နာဂနဲ့ ကူကီး လူမျိုးတွေကြားက တနှစ်နီးပါးကြာတဲ့ အဓိကရုဏ်းကို လူတွေက မှတ်မိနေဆဲ ဖြစ်ပါတယ်။

“ဒါကမကြာခင်မှာ ပြီးသွားမယ်လို့ ကျွန်တော်မထင်ပါဘူး၊ တဖက်ဖက်က အသာရတာ ဒါမှမဟုတ် တဖက်ဖက်က အားနည်းသွားတဲ့ အထိ ဖြစ်နေမှာပါ” လို့ အင်ပေါမြို့ (Impal) မှာရှိတဲ့ အမည်မဖော်လိုတဲ့ အစိုးရ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒါကို ပြန်လည် ကုစားဖို့က အတော်ကြာပါအုံးမယ်” လို့ သူက ပြောပါတယ်။