'' မုလအိအလင်းကို ကျွန်တော်တို့ရပ်ဆိုင်းတာကြာလှပြီ... ဥပဒေနဲ့ ငြိစွန်းတယ်လို့ သံသယရှိလာတဲ့အခါ ကျွန်တော်တို့ အကုန်လုံးဖြတ်ချလိုက်တယ်''- ပဒိုစောတောနီး

ဓာတ်ပုံ ရင်းမြစ်, KNU
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA ) ထိန်းချုပ်ထားတဲ့ မင်းလက်ပံက ဒေသက အွန်လိုင်ငွေလိမ်ဂိုဏ်း( ကျားဖြန့်) ရုံကနေ ဖမ်းဆီးရမိတဲ့ ရာချီတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းနိုင်ရေး ထိုင်းဘက်က လက်မခံတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ KNU က ထုတ်ပြောလာပါတယ်။
တချိန်တည်းမှာပဲ စစ်ကော်မရှင်က KNU ရဲ့ တပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကျားဖြန့်ဂိုဏ်းရှိတဲ့ ဖလူး၊ မင်းလက်ပံဒေသဟာ KNU နဲ့ ဆက်နွှယ်တဲ့ KK Park ရဲ့ တောင်ဘက် အနီးအနားမှာပဲရှိတဲ့နေရာလို့ ပြောပြီး KNU စီးနင်းခဲ့တဲ့ ကျားဖြန့်ဂိုဏ်းက KNU ကိုယ်တိုင် လှုပ်ရှားလည်ပတ်နေတာလို့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းမှာ စွပ်စွဲထုတ်ပြန်လာပါတယ်။
DKBA ထိန်းချုပ်နယ်မြေက ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး KNU ဘာကြောင့်အခုမှ ဝင်ရောက်ရှင်းလင်းသလဲ၊ KK Park စီမံကိန်းထဲက KNU ရဲ့ မုလအိအလင်းကုမ္ပဏီရဲ့ နောက်ဆက်တွဲ အခြေအနေ အပါအဝင် ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ KK Park ထဲ KNU ပါဝင်ပတ်သက်နေသလားဆိုတာတွေကို KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဘီဘီစီက အွန်လိုင်းကတဆင့် နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, KNU
ဘီဘီစီ- KNU (ကရင်အမျိုးသားအစည်းအရုံး)ရဲ့ တပ်တွေက DKBA ထိန်းချုပ်နယ်မြေထဲက မင်းလက်ပံကျားဖြန့်ရုံကို စီးနင်းခဲ့တဲ့ အခြေအနေက တိုက်ပွဲကနေ သေနတ်ပစ်ဖောက်ရာက ကျားဖြန့်ဆိုက်ကို တွေ့တယ်လို့ သိထားပါတယ်။ DKBA ထိန်းချုပ်နယ်မြေထဲ စစ်တပ်ဝင်မှာစိုးတာကြောင့် KNU က အသာစီးယူဝင်လိုက်တာလို့ ပြောကြပါတယ်။ ဖြစ်စဥ်က ဘယ်လိုဖြစ်ခဲ့တာပါလဲ။
ပဒိုစောတောနီး - အမှန်မှန်ကတော့ နိုဝင်ဘာ ၂၁ ရက်မှာ စစ်တပ်နဲ့ KNLA တပ်တွေတိုက်ပွဲဖြစ်နေတယ်။ ဖြစ်နေတော့ နောက်ကျောကလည်း သေနတ်ပစ်ဖောက်သံတွေကြားနေရတော့ ကျွန်တော်တို့တပ်ဘက်က ရှေ့ရော နောက်ရော ရှင်းလိုက်တဲ့ အခါမှာ မမျှော်လင့်ဘဲ အဲဒီ ကျားဖြန့်ဆိုတဲ့ ငွေလိမ်တဲ့နေရာတစ်ခုကို သွားတိုးတာပါ။
ဆိုတော့ ၂၂ ရက်ရောက်လာတဲ့အခါကျတော့ ကျွန်တော်တို့ပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်တယ်။
ဘာကြောင့်လဲဆိုရင် အဲဒီဟာက လူဦးရေကထောင်နဲ့ချီရှိတယ်။ ဒီလူတွေကို သူတို့ရဲ့ မူရင်းတိုင်းပြည်ကို ပြန်ပို့ဖို့ဆိုတာ တာဝန်ရှိလာတယ်။ ပထမရက်မှာ ထိုင်းနိုင်ငံသား ၂၈ ဦးကိုပို့တယ်။ အများစုကတော့ တရုတ်နိုင်ငံသားတွေဖြစ်တယ်။ လူဦးရေပေါင်းက ၁,၅၀၀ နီးပါးလောက် စာရင်းကောက် မှတ်တမ်းတင်ထားတယ်။
ဒါပေမဲ့ ကျန်တဲ့လူတွေက ဟိုဘက်ကမ်း( ထိုင်းဘက်ခြမ်း) ကို ကူးလို့မရဘူးဖြစ်နေတယ်။ ဟိုဘက်ကမ်းက လက်ခံဖို့ အဆင်သင့်မဖြစ်ဘူး။ ဟိုဘက်ကမ်းကို ပြန်ပို့နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေဆဲပါပဲ။ ထိုင်းနိုင်ငံကို ပို့နိုင်မှသာလျှင် သက်ဆိုင်ရာနိုင်ငံတွေက သူတို့ကို ပြန်ခေါ် ပေးမှာဖြစ်တယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆက်လုပ်စရာကိစ္စတွေက အများကြီးရှိနေပါတယ်။ တခြားကိစ္စတွေဖြစ်တဲ့ ပစ္စည်းပစ္စယတွေသိမ်းဆည်းတာကိုတော့ ကျွန်တော်တို့ သေချာသိမ်းတယ်။ တစ်ခုမှ မဖျက်ဆီးဘူး။ ဒါတွေက သက်သေသာဓကတွေထုတ်ဖော်နိုင်ဖို့ဆို အရမ်းအရေးကြီးတယ်။ ဖုန်းတွေဆို သောင်းနဲ့ချီပြီး ကျွန်တော်တို့ရထားတယ်။ကွန်ပျူတာဆို ရာပေါင်းများစွာ ကျွန်တော်တို့ရထားတယ်။ ကျွန်တော်တို့တစ်ခုမှာမဖျက်ဆီးခဲ့ဘူးဆိုတော့ ကျွမ်းကျင်သူလက်ထဲကိုလွှဲအပ်သွားမှာရှိပါတယ်။
ဘီဘီစီ- ဒါဆိုရင် မင်းလက်ပံကျားဖြန့်ဂိုဏ်းက ဖမ်းမိသူတွေကို လွှဲပြောင်းရေးမှာ ထိုင်းဘက်က KNU နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေ မရှိတာပါလား။
ပဒိုစောတောနီး - ဟုတ်ပါတယ်။ အဲဒီလိုအားနည်းချက်တွေ တွေ့နေရပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ နားလည်တာတော့ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်က သူ့ရဲ့ လုပ်နေကျ ထုံးတမ်းစဥ်လာတွေအတိုင်း အစိုးရချင်းဆက်သွယ်တဲ့ စနစ်ကလည်း အသားကျနေတဲ့ အပေါ်မှာ ကျွန်တော်တို့ လုပ်ရကိုင်ရတာ အရမ်းခက်ခဲတယ်။
ဒါကြောင့် ကျွန်တော်တို့အမြဲတမ်း နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ခဏခဏ ပြောနေရတာ အဲဒီကိစ္စကြောင့်ပါ။ တိုင်းပြည်တစ်ပြည်က အစိုးရတစ်ရပ်လို့သတ်မှတ်မခံရရင် တော်တော်ကို အနှောင့်အသွားမလွတ်ဘူး။
ဒါပေမဲ့ အရေးပေါ်ကာလ အခြေအနေမျိုးကြုံရတဲ့ အခြေအနေမျိုးမှာ ဒီလိုတည်ဆောက်ထားတဲ့ ယန္တရားက အလုပ်မဖြစ်ဘူး။ ဒါပေမဲ့ ရတဲ့နည်းနဲ့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီလူတွေက လူသားတွေပဲဖြစ်တယ်။ လူသားဆန်ဆန်နဲ့ ပြမူဆက်ဆံရမယ့်တာဝန်ရှိနေတဲ့အတွက် အစိုးရချင်းလက်မခံရင်တောင် ကျွန်တော်တို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒီလူတွေ သူ့တိုင်းပြည်ကို ပြန်နိုင်ရေးအတွက် ရှာကြံပြီး ကြိုးစားသွားပါမယ်။
ဘီဘီစီ- KNU က ကျားဖြန့်ရုံကို ဝင်ရောက်စီးနင်းပြီးနောက်မှာ ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားခဲ့တယ်လို့ ပြောထားတော့ ထိုင်းအပြင် ဘယ်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါသလဲ။
ပဒိုစောတောနီး - ပုံမှန်အားဖြင့်တော့ တကမ္ဘာလုံးနဲ့လို့ ပြောလို့ရတာပေါ့။ နိုင်ငံတိုင်းနီးပါးနဲ့ ကျွန်တော်တို့ဆက်ဆံဖူးတယ်။ ဒါပေမဲ့ ပြောရမယ်ဆိုရင် သမားရိုးကျနည်းလမ်းအရဆိုရင်တော့ မပေါ်မထင်ဘဲ ကျွန်တော်တို့ လုပ်နေတဲ့ အပိုင်းရှိပါတယ်။ တရားဝင်အနေအထားက အကန့်အသတ်အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆက်ဆံတာရှိပါတယ်။ အာရှနိုင်ငံအများစုနဲ့ အာဆီယံနိုင်ငံတွေ အများကြီးပါပဲ။ သံခင်းတမန်ခင်းကရှိပါတယ်။ ဒါပေမဲ့ တရားဝင်ပုံစံတော့ မဟုတ်ဘူး။
ဒါပေမဲ့ ဒါမျိုးကျတော့ ပေါ်ပေါ် ထင်ထင်လုပ်ရမယ့်ဟာမှာ အရမ်းကို အကန့်အသတ်ရှိနေတယ်။ ဆိုလိုတာက ကျွန်တော်တို့နဲ့ ပေါ်ပေါ်ထင်ထင် အလုပ်မလုပ်ချင်ဘူးဗျာ။ သူတို့ချင်း မျက်နှာမပျက်ချင်ဘူး။ တချို့နေရာတွေမှာကျတော့ ဒီလိုမျိုး သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံက ကန့်ကွက်မှာစိုးတဲ့ပြဿနာက အမြဲတမ်းကြုံနေရတဲ့ပြဿနာဖြစ်တယ်။ ဒါတွေက ကျွန်တော်တို့ မပြောချင်ဘူး။ ဒါပေမဲ့ သံတမန်ရေးနည်းလမ်းအရ အရမ်းကိုထိန်းသိမ်းရတဲ့နည်းလမ်းတွေရှိတယ်။
အခုက စစ်တပ်က လက်နက်ကြီးနဲ့ တဂျိမ်းဂျိမ်းချနေတဲ့အခါကျတော့ ဒီလူသားတွေအတွက် မစဥ်းစားသင့်ဘူးလားလို့ ကျွန်တော်တို့က ပြောချင်တယ်။ ဒီလိုမျိုး အုပ်ချုပ်ရေးလိုင်းနဲ့ နိုင်ငံရေးလိုင်းက လုပ်ရကိုင်ရခက်နေတဲ့ အနေအထားမှာရှိနေသည်ဖြစ်စေ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ပြန်စဥ်းစားရင် ဒါက လုပ်သင့်တဲ့အလုပ်ဖြစ်တယ်လို့ပဲပြောချင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Naphat Kongchan
ဘီဘီစီ- အဲဒီအဆောက်အဦထဲကို ဝင်ရောက်စစ်ဆေးတဲ့အခါ ဦးဆောင်သူက ဘယ်သူလို့သိရလဲ။ ဘယ်နိုင်ငံသားလဲ။ ပဒိုတို့သိမ်းတဲ့အထဲမှာ DICA( ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှာ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ အထောက်အထားတခု တွေ့တယ်လို့ ဆိုတယ်။ ဆိုတော့ သူတို့ကဘယ်လုပ်ငန်းအတွက် မှတ်ပုံတင်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရလဲ။ သူတို့က အဲဒီမှတ်ပုံတင်နဲ့ လုပ်ငန်းလည်ပတ်နေတာမျိုးလား။
ပဒိုစောတောနီး - အဲဒီအသေးစိတ်အချက်အလက်တွေက ကျွန်တော်တို့ ဘယ်လိုမှဖော်ထုတ်လို့မလွယ်ပါဘူး။ စက်ပစ္စည်းအရရော ကွန်ပျူတာနဲ့နည်းပညာအရရော ကျွန်တော်တို့ လက်လှမ်းမမီပါဘူး။ အဲဒါကြောင့် သူတို့ရဲ့ ဖုန်းပေါင်းသောင်းနဲ့ချီရှိတာရော သူတို့ရဲ့ မီးခံသေတ္တာထဲမှာရော ဘာတွေရှိနေလဲ။ ရှိလို့တွေ့ရင်လည်း ကျွန်တော်တို့မလုပ်တတ်တဲ့ အပိုင်းတွေရှိတယ်။
ဒါကြောင့် သက်ဆိုင်ရာကျွမ်းကျင်တဲ့သူတွေဆီကို အပ်ချင်တယ်။ စစ်ဆေးတဲ့အခါကျတော့ လူဦးရေအရပဲ ပြောရမယ်ထင်တယ်။ ဘာကြောင့်လဲဆို ဘယ်သူက ခေါင်းဆောင်ပြီးတော့ ဒါကြီးကို ကြီးမှူးပြီးကြီးကဲပြီး ဦးဆောင်လဲဆိုတာပြောရတာခက်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်လိုက်တဲ့အခါ တကယ့်ကြီးတဲ့သူက ဒီထဲမှာမရှိဘူး။ မန်နေဂျာအဆင့်တွေ သူဌေးကလေးတွေ အဲဒါတွေတော့ မိပါတယ်။ အဲဒီလူတွေကိုတော့ (ထိုင်း) အာဏာပိုင်တွေကို လွှဲပြောင်းပြီးပါပြီ။
ဘီဘီစီ- KNU အနေနဲ့ ထိုင်းအစိုးရနဲ့ ဆက်သွယ်လုပ်ကိုင်ရတာအခက်အခဲရှိနေတော့ တရုတ်အစိုးရနဲ့ ဒီကိစ္စအတွက် တိုက်ရိုက် ဆက်သွယ်တာမျိုးရော ရှိပါသလား။
ပဒိုစောတောနီး- ကျွန်တော်စောစောက ပြောသလိုပဲ။ အဆက်အသွယ်တွေက မရှိတာမဟုတ်ဘူး။ ပြောမယ်ဆိုရင်တော့ ဒီလူတွေက ဟိုဘက်နိုင်ငံထဲ ( ထိုင်းနိုင်ငံ) ကို ရောက်သွားပြီဆိုရင်တော့ အဲဒီအခါကျတော့မှ သူတို့ ချင်းပြန်ဆက်ဆံမှာပေါ့။
ဆိုတော့ အဲဒီလိုအပိုင်းလေးတွေရှိနေတော့ ကျွန်တော်တို့ ပြောနိုင်တာက သက်ဆိုင်ရာနိုင်ငံချင်း ညှိနှိုင်းလုပ်ဆောင်ကြပါပေ့ါ။ သူတို့ အစိုးရချင်း စစ်တပ်ချင်းညှိနှိုင်းလုပ်ဆောင်ကြမယ်ဆိုရင်တော့ ကျွန်တော့်တို့ဘက်မှာ ဘာမှအခက်အခဲမရှိဘူး။
ဒီလူတွေကို ကျွန်တော်တို့ ကြာကြာမထားချင်ဘူး။ သူတို့အိမ်ကို သူတို့ကိုပြန်ပို့ချင်တယ်ဆိုတာ ကျွန်တော်တို့ ထုတ်ဖော်ပြောထားတယ်။ ပြောထားတဲ့အတိုင်းလုပ်တယ်။ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ကျွန်တော်တို့ အကြောင်းကြားပြီးသားဖြစ်တယ်။
ဘီဘီစီ- ဒါဆိုရင် ထိုင်းအစိုးရဘက်က (နိုဝင်ဘာ ၂၇ ရက်) အထိ KNU ကို ဘယ်လိုတုံ့ပြန်ချက်ရှိပါသလဲ။
ပဒိုစောတောနီး- ကျွှန်တော်တို့ အောက်ခြေပိုင်းနဲ့ ထိတွေ့နေတဲ့အခါမှာတော့ ကျွန်တော်တို့ တောက်လျှောက်ပဲပြောပါတယ်။ သူတို့လည်း ဒီလိုမျိုးအကန့်အသတ်ရှိနေတဲ့အခါ ကျွန်တော်တို့အားပေးနိုင်တာကတော့ ဘယ်လိုပဲအကန့်အသတ်တွေရှိပါစေ။ ကျွန်တော်တို့ နည်းလမ်းတွေရှာဖွေပြီးတော့ ထိုးဖောက်လုပ်ရမယ်ဆိုတာပဲရှိပါတယ်။
အစိုးရချင်း တရားသေဆက်ဆံမှရမယ်ဆိုတဲ့ အနေအထားကတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူးဆိုတာ ထောက်ပြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ က အတင်းအကျပ်လုပ်လို့မရတဲ့ကိစ္စဖြစ်တော့ အကြံပြုရုံပဲပြုနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက ကမ္ဘာကြီးနဲ့ချီလာတဲ့ ကိစ္စမှာ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် အတော်လေးကိုနှေးကွေးတယ်လို့ပြောရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Naphat Kongchan
ဘီဘီစီ- KNU က ဒီဒေသတွေရဲ့ အခြေအနေနဲ့ ဒီကျားဖြန့်လုပ်ငန်းတွေလည်ပတ်နေတယ်ဆိုတာကို အရင်ကတည်းက သိထားနိုင်တယ်။ ဘာကြောင့် အခုမှ DKBA ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဝင်ရောက်စီးနင်းတာလဲ။
ပဒိုစောတောနီး- နိုင်ငံရေးအရ အုပ်ချုပ်ရေးအရ ပြောမယ်ဆို ဒီနယ်မြေတွေက ကျွန်တော်တို့ ဒူးပလာယာခရိုင်ထဲမှာရှိပါတယ်။ ဒါပေမဲ့ အားလုံးလည်း သိပြီးကြတဲ့အတိုင်းပါပဲ။ ၁၉၉၄/ ၉၅ ခုနှစ် ကတည်းက သူတို့က ခွဲထွက်တဲ့အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ ဒါပေမဲ့ သူတို့ တခြားနေရာမှာ လျှောက်မနေဘူး။ နေတဲ့အခါကျတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးနယ်မြေထဲမှာပဲနေတယ်။ နေတဲ့အခါကတော့ သူတို့တပ်နဲ့ သူတို့အုပ်ချုပ်ပြီး သူတို့ဖွဲ့စည်းပုံနဲ့ နေတဲ့အခါကျတော့ ကျွန်တော်တို့ ဝင်ဖို့ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်ဖို့ အရမ်းခက်ခဲပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေစွက်ဖက်ရင်လည်း အချင်းချင်းပြဿနာတက်ပြီး တခါတည်း ပဋိပက္ခတွေ အကုန်လုံးဖြစ်ကုန်တော့မှာပဲ။ ကျွန်တော်တို့ ထိန်းချုပ်ဖို့မလွယ်ဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ နေရာတွေဖြစ်တယ်။
အဲဒါကြောင့် သူတို့လုပ်ချင်တဲ့ အပိုင်းတွေလုပ်နေတာ။ စစချင်းနှစ်တွေမှာတော့ ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ အဲဒီနေရာရော တခြားနေရာတွေမှာ အပျံ့အနှံ့ကိုဖြစ်လာတယ်။ အဲဒါတွေက တော်တော်လေးကို အန္တရာယ်ရှိတဲ့ အနေအထားမှာရောက်လာတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲတဲ့အနေအထားမှာ ရောက်လာတယ်။
ဘီဘီစီ- DKBA ဘက်ကရော ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး KNU နဲ့ ဆွေးနွေးတာ ရှိပါသလား။
ပဒိုစောတောနီး - အဲဒါက ကျွန်တော် သေချာဘာမှမသိရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လုပ်စရာရှိတာက ဒီလူတွေ(ဖမ်းမိသူတွေ)ကို ပြန်ပို့ရေး ရုန်းကန်နေရတော့ မအားလပ်နိုင်ဘူး။ နေ့ရောညရော အဲဒီလူတွေကို ပြန်ပို့ဖို့ နည်းလမ်းတွေကို နိုင်ငံတကာနဲ့ ဘယ်လိုလုပ်နိုင်မလဲဆိုတာနဲ့ပဲ အချိန်ပေးနေရတယ်။ တခြားဟာကို ဘာမှမစဥ်းစားနိုင်သေးဘူး။
ဘီဘီစီ - ကရင်တပ်အချင်းချင်း ကျည်မဖောက်ရဆိုတဲ့ ကတိကဝတ်ရှိတယ်လို့ နားလည်ထားတယ်။ ဒီဖြစ်စဥ်က ကရင်တပ်ချင်းဆက်ဆံရေးကို ဘာဆက်ဖြစ်သွားမလဲ။ KNU က DKBA နဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုဖြစ်လာနိုင်ပါသလား။
ပဒိုစောတောနီး- ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ကျွန်တော်တို့က အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်တယ်။ ဒီလိုမျိုးကျယ်ပြန့်မလာဖို့က အရမ်းအရေးကြီးပါတယ်။ တဖက်မှာလည်း စစ်ကော်မရှင်ကို တောက်လျှောက်ပဲ ရင်ဆိုင်လာရတဲ့အခါကျတော့ အခုဖြစ်လာတဲ့ကိစ္စမှာကျွန်တော်တို့ ရှင်းရှင်းလင်းလင်းနားလည်ရမှာက အဖွဲ့အစည်းတခုလုံးမဟုတ်ဘူးလို့ ကျွန်တော်တို့ပြောရမယ်။
ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုကနေပြီးတော့ သေချာနားမထောင်တာလား။ ဒါလည်း ကျွန်တော်တို့ သေချာပြောလို့မရဘူး။ အဲဒီနေရာမှာကွက်ပြီးဖြစ်နေတာ။ အဲဒါကြောင့် နားလည်မှုမလွဲစေချင်တာက အထူးသဖြင့် ကျားဖြန့်လုပ်နေတဲ့ အစိတ်အပိုင်းအဖွဲ့သက်သက်နဲ့ပဲ ပတ်သက်တာဖြစ်တယ်။ အဖွဲ့အစည်းတခုလုံးကို ကျွန်တော်တို့ ညွှန်းဆိုတာလည်းမဟုတ်ဘူး။ ဒါပေမဲ့ ဒါက ငြိစွန်းမှုတွေရှိလာတဲ့အခါကျတော့ ဆက်လက်ပြီးကိုင်တွယ်ရတာဖြစ်လာတယ်။
ဘီဘီစီ - လက်ရှိအမေရိကန်အစိုးရရဲ့ မူဝါဒတွေက မြန်မာနဲ့ပတ်သက်ရင် လွှတ်တော်နဲ့ တရားရေးဘက်က အမြင်နဲ့ အစိုးရအမြင် ကွဲလွဲတယ်လို့ နားလည်ရတယ်။ ဒီတော့ အမေရိကန်နဲ့ KNU ဆက်ဆံရေး ဘယ်လိုရှိနေလဲ။
ပဒိုစောတောနီး - ပြောဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတွေနဲ့ဆိုရင်တော့ ဘယ်အစိုးရမဆို သူ့ရဲ့ မူဝါဒအတိုင်း လိုက်လျှောက်ရမှာဆိုပေမဲ့ တကယ်တမ်း ဒီအာဏာရလာတဲ့ တာဝန်ရှိသူတစ်ယောက်ချင်းစီရဲ့ အခါအားလျော်စွာ ကွဲပြားခြားနားသွားတာရှိပါတယ်။
အထူးသဖြင့် ၂၀၂၅ ကိုရောက်လာတဲ့အခါမှာ ဒီအမေရိကန်အုပ်ချုပ်ရေးပိုင်းရဲ့ အနေအထားက မတူတော့ဘူး။ ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားမှုတွေဖြတ်တောက်ခံလိုက်ရတာကစလို့ နိုင်ငံရေး ကိစ္စအထိ ကျွန်တော်တို့ ယတိပြတ်ပြောလို့ရတဲ့ အနေအထား တသတ်မတ်တည်းပုံသေတွက်လို့ရတဲ့ အနေအထားမရှိတော့ဘူး။ ကျွန်တော်တို့ကတော့ ဘက်ပေါင်းစုံက ချဥ်းကပ်တယ်။ ကွန်ဂရက်မှာနီးစပ်သူ အစိုးရဘက်နီးစပ်သူ ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ချဥ်းကပ်နေပါတယ်။
ဘီဘီစီ- KK Park စီမံကိန်းမှာ KNU ခေါင်းဆောင်ပိုင်းတချို့ပါဝင်ပတ်သက်တယ်ဆိုတာကို KNU ရဲ့ Mulaei Ahlin Company Limited (မုလအိအလင်းကုမ္ပဏီရဲ့ နှစ် ၃၀ မြေငှားစာချုပ်) ကို ကိုင်ပြီးပြောနေကြတာရှိတယ်။ KNU က KK Park နဲ့ ပတ်သက်နေပါသလား။
ပဒိုစောတောနီး- မြေငှားစာချုပ်အပိုင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ အများကြီးရှိခဲ့ပါတယ်။ မုလအိအလင်းနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြန်ချက်တွေထုတ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ကုမ္ပဏီအပြောင်းအလဲတွေဖြစ်တယ်။ ၂၀၂၂ နောက်ပိုင်းမှာ အဲဒီကုမ္ပဏီကလည်းနာမည်မရှိတော့ဘဲနဲ့ ကုမ္ပဏီအသစ်တခုအနေနဲ့ ဝင်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့က အဲဒါ လုံးဝပြတ်ထွက်သွားပြီ လုံးဝမရှိတော့ဘူး။
နောက်တခုက အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေတင်ပြထားတဲ့အထဲမှာ ငြိစွန်းနေသူရဲ့ အမည်ကိုဖော်ပြထားတာရှိတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြထားတာတွေလည်းရှိတယ်။ အဲဒီအပိုင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ အပိုင်းတွေရှိတယ်။ အဲဒီစုံစမ်းစစ်ဆေးရေးကို အပြီးသတ်နိုင်ဖို့ အလျင်အမြန်လုပ်နေပါတယ်။ ဘာကြောင့်လဲဆို စုံစမ်းစစ်ဆေးရေးက အဆုံးသတ်ထွက်မလာသေးတဲ့အခါကျတော့ လောလောဆယ်ကတော့ ဒီအထိပဲ ပြောလို့ရမယ်။
ဘီဘီစီ- KNU က KK Park စီမံကိန်းက မုလအိအလင်းကုမ္ပဏီကနေ အကျိုးအမြတ်က စာချုပ်ပါအတိုင်းရခဲ့တာရှိလား။ ဆက်ရနေသေးလား။ စာချုပ်ကရော ဆက်ရှိနေသေးလား။
ပဒိုစောတောနီး - မဟုတ်ပါဘူး။ ကျွန်တော်တို့ရပ်ဆိုင်းတာ ကြာလှပြီ။ ကျွန်တော်တို့စလုပ်တုန်းက အကုန်လုံးက တရားဝင်ပဲ လုပ်တာ။ လုပ်ငန်းအမျိုးအစား ၃၀ ၊ ၄၀ ထဲမှာတော့ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ခရီးသွားလုပ်ငန်း အဲဒီလိုဟာမျိုးပဲ ရှိတယ်။ ဒါပေမဲ့ ကုမ္ပဏီ(မုလအိအလင်းကုမ္ပဏီ) ရဲ့ လုပ်ငန်းဆောင်တာတွေက ဥပဒေနဲ့ ငြိစွန်းတယ်လို့ သံသယရှိလာတဲ့အခါ ကျွန်တော်တို့ အကုန်လုံးဖြတ်ချလိုက်တယ်။
ဘီဘီစီ- KK Park ရှိတဲ့ ဒေသတချို့ တပ်မဟာ ၆ အပါ KNU ထိန်းချုပ်နယ်မြေတွေနဲ့ ဆက်စပ်နေတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်တွေ လည်ပတ်ခဲ့တာ KNU က မသိရှိခဲ့ဘူးလား။ ဘာကြောင့် KNU က မရှင်းလင်းနိုင်ခဲ့တာလဲ၊
ပဒိုစောတောနီး- ဒါက KK Park တခုတည်းတင်မဟုတ်ဘူး။တခြားနေရာမှာလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွဲထွက်လာတဲ့အဖွဲ့က DKBA နဲ့ BGF ဆိုတာလူတိုင်းကလည်း သိပြီးသား။ သူတို့ဘာလုပ်နေလဲဆိုတာကို ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်လုပ်လို့မှမရတဲ့ကိစ္စကို နယ်မြေအရ ၁၉၉၄ ခုနှစ်က ကျွန်တော်တို့ လက်အောက်မှာ သေသေချာချာရှိတယ်။ အုပ်ချုပ်ရေးချလို့ရတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း သူတို့ဘာသူတို့ ခွဲထွက်သွားတဲ့နောက်ပိုင်းမှာ ဘာမှလုပ်လို့မရဘူး။ အဲဒီမှာ သက်ဆိုင်ရာ အလိုက် အုပ်ချုပ်နေတဲ့သူ၊ သူတို့ကို ထိန်းချုပ်နေတဲ့သူ အပေါ်မှာ တာဝန်ရှိတယ်လေ။ အကောင်းဆုံးကတော့ အဲဒီလူတွေကို မေးမြန်းရင်အကောင်းဆုံးပဲ။ ကျွန်တော်တို့ကိုလာမေးရင် ဘာမှပြောလို့မရဘူး။
ဘီဘီစီ- တကယ်လို့ အမေရိကန်နိုင်ငံက သူတို့နိုင်ငံသား တွေကို အွန်လိုင်းလိမ်လည်မှုကနေကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ကို KK Park ကို ထိုင်းနဲ့ပူးပေါင်းပြီး လုပ်ဆောင်ချက်တခုခုလုပ်လာတာရှိရင် KNU အတွက်ရော စိုးရိမ်ရလား။
ပဒိုစောတောနီး- အဲဒီလိုဝင်လာဖို့ ဖိတ်ခေါ် တာကြာလှပြီ။ ကျွန်တော်တို့က နိုင်ငံတကာပါဝင်ပတ်သက်မှုကို ခပ်မြန်မြန်လုပ်တာ ကောင်းတယ်။ ဘာလို့ဆို ကျွန်တော်တို့ ထုတ်ဖော်ပြောပြီးသား။ ဒီငွေလိမ်တဲ့ကိစ္စကို နှိမ်နင်းဖို့ က ကျွန်တော်တို့အင်အားနဲ့ အကန့်အသတ်ရှိတယ်။ နည်းပညာပိုင်း၊ရုပ်ဝတ္တုအကန့်အသတ်ရှိတယ်။ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ အဝန်းအဝိုင်းလည်း မဟုတ်ဘူး။ ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာ နိုင်ငံတကာ ဝင်ရောက်ထိန်းသိမ်းနိုင်မှ ဖြစ်မယ်။ ပထမဦးဆုံးအနေနဲ့ ဒီလူတွေပြန်ပို့ရေးတောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိတာ ကျွန်တော်တို့ တော်တော်ဒုက္ခရောက်တယ်။ ပြန်ပို့ချင်တာတောင် လက်ခံမယ့်သူမရှိဘူးဆိုတော့ အဲဒီလောက်အလွယ်ဆုံးကိစ္စတောင် နိုင်ငံတကာက အဲဒီလောက်ထိ နှေးနေမယ်ဆိုရင်တော့ ဒီကိစ္စကိုလုပ်ချင်တယ်ဆို ဒီလောက်အချိန်မဆွဲကြဖို့ပြောချင်တယ်။
ဘီဘီစီ- ကျားဖြန့်ကိစ္စကြောင့် ကရင်တပ်တွေအချင်းချင်းကြားထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာနိုင်မလား။
ပဒိုစောတောနီး - အဲဒီကိစ္စကြောင့်ပဲ ကျွန်တော်တို့ ကရင်လူမျိုးတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးပဋိပက္ခဖြစ်သွားမယ်ဆိုတာ ကျွန်တော်လည်း မယုံကြည်ဘူး။ ကျွန်တော်တို့ ဒီလိုမဖြစ်ဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းထိန်းသိမ်းရတဲ့ နည်းလမ်းတွေ ရှိတယ်။ တခုပဲရှိတယ်ကျွန်တော်ပြောချင်တာ ကရင်လူမျိုးတွေအနေနဲ့ ဒီလိုမျိုးမဟုတ်တမ်းတရားနည်းလမ်းတွေနဲ့ ဖြတ်လမ်းနည်းနဲ့ ကြီးပွားချင်တဲ့ နည်းလမ်းတွေဖြစ်လာတဲ့အခါကျတော့ ကရင်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကိုအရမ်းထိခိုက်တယ်။
ကရင်တမျိုးသားလုံးအနေနဲ့ ဒါကိုမတော်မတရားမှန်းသိပြီးတော့၊ မှားယွင်းကြောင်းသိပြီးတော့ အထူးသဖြင့် တိုက်ဖျက်တဲ့ လုပ်ငန်းကို ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်မယ်ဆိုရင် ဒါကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နိုင်မယ်ဆို ဂုဏ်သိက္ခာအမြန်ပြန်တက်လာမယ်။
ဘီဘီစီ- ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
အသိပေးချက် - DKBAနယ်ထဲကမင်းလက်ပံဒေသက ကျားဖြန့်ဂိုဏ်းကို KNU စီးနင်းခဲ့မှုနဲ့ ပတ်သက်ပြီးဖြစ်စဥ်ဖြစ်တဲ့နောက်ရက် နိုဝင်ဘာ ၂၃ ရက်မှာ ဘီဘီစီက DKBA ကို ဖြစ်စဥ်နဲ့ ပတ်သက်ပြီးဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖြေဆိုဖို့ငြင်းဆိုခဲ့ပါတယ်။








