အပစ်ရပ်ကြေညာထားချိန် လေကြောင်းတိုက်တာတွေ စစ်ကောင်စီ ပိုပြုလုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်အတွက် အင်မတန် ထိတ်လန့် တုန်လှုပ်ရပြီး၊ ကျူးလွန် သူတွေကို အပြစ်ပေး အရေးယူနိုင်တဲ့ အထိ ပြုလုပ်ဖို့ လိုတယ်လို့ ဥရောပ သမဂ္ဂက ထုတ်ပြန်ပါတယ်။
အီးယူရဲ့ နိုင်ငံခြားရေး ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အနီတာ ဟစ်ပါက "စစ်ကိုင်းထဲက စာသင်ကျောင်းမှာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံခဲ့ရတဲ့ သတင်းအပေါ် တုန်လှုပ်ခြောက်ခြားရတယ်" ဆိုပြီး အိတ်ဇ် လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
"သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်" လို့လည်း ထည့်သွင်းရေးထားပါတယ်။
မေလ ၁၄ ရက်နေ့ကအထိ အတည်ပြုထားနိုင်သမျှ သေဆုံးစာရင်းထဲ ၂၄ ယောက် အထိ ရှိလာနေပြီး၊ အဲဒီထဲ ဆရာမ နှစ်ယောက် က လွဲပြီး ကျန်တဲ့သူတွေဟာ ကလေးသူငယ် ကျောင်းသား ကျောင်းသူတွေ ဖြစ်ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် ကလည်း "စာသင်ကျောင်းတွေ ဆိုတာ ဗုံးကြဲရမယ့် နေရာ မဟုတ်ဘူး၊ ကလေးသူငယ်တွေ အန္တရာယ်ကင်းကင်းနဲ့ ပညာသင်ကြားနိုင်စေဖို့ရာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ကြားကပဲ ကာကွယ် စောင့်ရှောက်ပေးရမယ့် နေရာ ဖြစ်တယ်" လို့ ဆိုတဲ့အကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက အခင်းဖြစ်တဲ့ နေ့မှာပဲ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
တခါ၊ ဗြိတိန်ရဲ့ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး ကက်သရင်းဝက်စ်ကလည်း ဒီဖြစ်စဥ်ကို ကြားရတဲ့အတွက် အလွန် တုန်လှုပ်မိကြောင်းနဲ့ စာသင်ကျောင်းတွေဟာ ဘေးကင်း လုံခြုံမှုနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးရာ ရပ်ဝန်းသာ ဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားပြည်သူ အများ လုံခြုံမှုရှိစေဖို့နဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို ထပ်မံ တိုက်တွန်းတယ် ဆိုပြီး ပြောထားပါတယ်။
မြန်မာ အာဏာသိမ်း စစ်တပ်ကတော့ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု မလုပ်ခဲ့ဘူး ဆိုပြီး ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု လေကြောင်း တိုက်ခိုက်မှုဟာ စစ်တပ်က ကြေညာထားတဲ့ အရာမထင်တဲ့ အပစ်ရပ်ကာလမှာပဲ ပေါ်ပေါက်နေခဲ့တဲ့ နိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက် တာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငလျင်ဘေး ကူညီ ကယ်ဆယ်နိုင်ရေး အတွက် ဆိုပြီး စစ်ကောင်စီက အကြိမ်ကြိမ် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်းမှာပဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေခဲ့ပါတယ်။
ဘီဘီစီက လက်လှမ်းမီသလောက် စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ အပစ်ရပ်ကာလ ထပ်မံ သက်တမ်းတိုးခဲ့တဲ့ အခုလ မေ ၆ ရက်ကနေ ဒီနေ့ မေ ၁၄ ရက်နေ့အတွင်း ငလျင်ဒဏ်သင့်ဒေသတွေ အပါအဝင် နိုင်ငံတဝန်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ကျော်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကြောင့် လူ အယောက် ၉၀နီးပါး သေဆုံးခဲ့ရပြီး၊ အယောက် ၂၀၀ ဝန်းကျင် ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတွေနဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တွေ ထဲက နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ဘက်ယိမ်းတဲ့ အမြင်ရှိသူတချို့ကတော့ တစ်ဘက်က စစ်ရေး အသွင် ဆောင်တဲ့ လှုပ်ရှားမှုမျိုး ရှိလာရင် တိုက်ခိုက်မယ့် အကြောင်း စစ်တပ်ဘက်က အပစ်ရပ် ကြေညာချက်ထဲမှာ ထည့်သွင်း ပြောထားပြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့်လည်း အိုးတိန်တွင်းရွာ စာသင်ကျောင်း အဖြစ်အပျက်မှာ ဆိုရင် ရွာနဲ့ အနီးနားမှာ စစ်ရေးတင်းမာတာ၊ တိုက်ပွဲဖြစ်နေတာမျိုး မရှိဘဲ၊ အကြောင်းမဲ့ ဗုံးကြဲခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက ပြောကြပါတယ်။
တိုက်ခိုက် ခံခဲ့ရတဲ့ စာသင်ကျောင်းဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ကြားကာလ ပညာရေး အဖြစ် ဖွင့်ထားတဲ့ စာသင်ကျောင်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူတွေ ဒါဇင်နဲ့ချီပြီး အစုလိုက် အပြုံလိုက် သေဆုံးရတိုင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက် ဆန့်ကျင်ကြောင်း ထုတ်ပြန်ကြပါတယ်။
ဒါပေမဲ့လည်း အခု လေးနှစ်ကျော်အတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက် မှုတွေဟာ ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။ လေယာဥ်ဆီဖြတ်တောက်ရေးနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်း ပိတ်ဆို့ရေး လိုမျိုး လှုပ်ရှားမှုတွေ ရှိပေမဲ့လည်း လက်တွေ့ မှာတော့ စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်တာတွေကို ပိုပြီး တိုးလို့တောင် လုပ်ဆောင် နိုင်နေတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အတွက် လိုအပ်တဲ့ ရင်းမြစ်တွေကို စစ်ကောင်စီ ဆက်လက်ရရှိနေတာ ပေါ်လွင်နေတယ်လို့ အကဲခတ်တွေက ထောက်ပြပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ နောက်မှာ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေလည်း ဖြစ်၊ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ အဖြစ်လည်း သတ်မှတ် ခံရတဲ့ ရုရှားနဲ့ တရုတ်တို့ အခိုင်အမာ ရှိနေတယ်လို့လည်း အကဲခတ်တွေက ဆိုပါတယ်။
လတ်တလောမှာကို အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရှရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ မော်စကိုမြို့တော်မှာ သီးသန့် တွေ့ဆုံခွင့်တွေ ရခဲ့ပါတယ်။
အခုလို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေကို အရင်ကထက်တောင် ပိုတိုး လုပ်လာတာဟာ တရုတ်နဲ့ရုရှားတို့ရဲ့ ကျောထောက် နောက်ခံပေးမှုကို ပိုပြီးတော့ ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရရှိလာတာက အကြောင်းအရင်း တစ်ခု ဖြစ်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
တရုတ်နဲ့ ရုရှားတို့ရဲ့ ခိုင်မာတဲ့ မိတ်ဖက် အသွင် မြင်လာရတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်တာတွေကို ဘယ်လို ရပ်နိုင်မလဲ ဆိုတာဟာ အခုထိ ဒီမိုကရေစီ အင်အားစုတွေ အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။
အနောက် အုပ်စု နိုင်ငံတွေ အနေနဲ့ လေယာဉ် မပျံရ ဇုန်နယ်မြေတွေ မြန်မာနိုင်ငံထဲက ပဋိပက္ခ ဒေသတွေထဲ ဖော်ဆောင်ပေးဖို့ အထိ ရည်မှန်းတဲ့ အရိပ်အယောင်မျိုး မတွေ့ရသလို၊ လေကြောင်းရန်ကာ လက်နက် ပစ္စည်းတွေ ထောက်ပံ့တဲ့ အထိ ပါဝင် ပတ်သက်လာဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပဲ ဆိုပြီး အကဲခတ် အများစုက မှတ်ချက် ပြုကြပါတယ်။








