စဉ့်ကူးကို ထိန်းရေးနဲ့ လက်မလွှတ်ရရေး MDY-PDF နဲ့ စစ်တပ် အားပြိုင်နေ

MDY-PDF တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, MDY-PDF

ဓာတ်ပုံ ပုံစာ, MDY-PDF တပ်ဖွဲ့ဝင်များ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက လူသိများထင်ရှားတဲ့ လက်ပံလှရွာအနီး၊ ရွေပြည်ကျေးရွာအထိ စစ်တပ်စစ်ကြောင်းတွေ ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။

ရွှေလုပ်ကွက်တွေ အများစုရှိတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ဟာ ၁၀၂၇ ဒုတိယပိုင်းက ရှမ်း-မန်းစစ်ဆင်ရေးအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

လက်ပံလှရွာဟာ ရွာကြီးအဆင့်ရှိပြီး စစ်ရေးနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့နေရာလည်းဖြစ်လို့ နှစ်ဖက်တပ်တွေအတွက် အရေးကြီးတဲ့ ဗျူဟာမြောက်ဒေသဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေက လက်ပံလှကို စစ်တပ်က ပြန်သိမ်းနိုင်ပြီလို့ ပြောနေကြပေမဲ့ တော်လှန်ရေးတပ်တွေဘက်ကတော့ တိုက်ပွဲ ဖြစ်နေဆဲလို့ ပြောပါတယ်။

စဥ့်ကူးကို စစ်တပ်ပြန်ရသွားရင် စဥ့်ကူးနဲ့ဆက်နေတဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေအတွက် ဘယ်လိုအခက်ကြုံလာမလဲ။ စဉ့်ကူးကို လက်မလွှတ်ရရေး MDY-PDF အတွက်ဘယ်လောက်အရေးကြီးလဲ။

MDY-PDF တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, MDY-PDF

ဓာတ်ပုံ ပုံစာ, စဥ့်ကူးကို သိမ်းပိုက်ထားတဲ့ MDY-PDF တပ်ဖွဲ့ဝင်များ

စဉ့်ကူးမြို့နယ်ထဲက လက်ပံလှရွာဟာ နိုင်ငံရဲ့ အလယ်ပိုင်းကနေ အထက်ပိုင်းကို သွားနိုင်တဲ့အထိ လမ်းပန်းဆက်သွယ်ရေးနဲ့ မဟာဗျူဟာကျတဲ့နေရာဖြစ်ပါတယ်။

မတ္တရာ တမြို့လုံးကို ပြန်သိမ်းယူထားတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ မန္တလေး PDF တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်ကိုပါ ပြန်ရဖို့ ဆက်တိုက်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

တယ်လီဂရမ်က စစ်တပ်ထောက်ခံသူတွေကတော့ စဉ့်ကူးမြို့နယ်ရဲ့ အဓိက အချက်အချာကျတဲ့ လက်ပံလှရွာကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တချို့ကတော့ လက်ပံလှရွာမရောက်ခင် ၅ မိုင်အကွာက တရော်ပင်ရွာနဲ့ ရွှေပြည်ကျေးရွာ အစပ်မှာသာ စစ်တပ်ရှိနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

'' လေကြောင်းကတော့ အမြဲမပြတ် တရပ်စပ်လာနေတာပဲ။ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း အဲဒါနဲ့ သူတို့(စစ်တပ်) က အလုပ်လုပ်နေတာ။ လက်ပံလှရွာ ရောက်ဖို့ လိုသေးတယ်။ လုံးဝ မရသေးပါဘူး။ စဉ့်ကူးမြို့နယ် အစပ်မှာပဲရှိတာပါ။'' လို့ မြေပြင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

မန္တလေးမြို့နဲ့ မိုင် ၅၀ အကွာမှာရှိတဲ့ လက်ပံလှရွာဟာ အိမ်ခြေ ထောင်ချီ ရှိပြီး မန္တလေး-မိုးကုတ် လမ်းမကြီးပေါ်မှာ ရှိပါတယ်။

လက်ပံလှရွာရဲ့ မြောက်ဘက်ခြမ်းမှာတော့ သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တွေအများဆုံးရှိတဲ့ ကျည်တောက်ပေါက်၊ ချောင်းကြီး၊ ဇရပ်ကွင်း စတဲ့ ကျေးရွာတွေရှိပါတယ်။

လက်ပံလှရွာနဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေမှာ ရွှေသတ္တုတူးဖော်မှုတွေ အများဆုံးရှိိနေတာကြောင့် စစ်ရေး၊ စီးပွားရေးအရနှစ်ဖက်လုံးအတွက် အရေးပါနေတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

ဒါကြောင့် စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်ထားတဲ့ မန္တလေး PDF နဲ့ မဟာမိတ်အဖွဲ့တွေဟာ လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ စစ်ရေးရင်းမြစ်က သုံးသပ်ပါတယ်။

'' လက်ပံလှကနေ မန္တလေး-မိုးကုတ်သွား ညာဘက် အထက်တက်ရင် သပိတ်ကျင်း၊ မိုးကုတ်အထိ တောင်ကြောက ရွှေတွင်းတွေပဲ။ အဲဒါတွေ သူတို့လွယ်လွယ်တိုက်မရဘူး။ တောတွေအများကြီး။ အောက်က တွင်းတွေကလဲ အလှူမဏ္ဍပ်လိုပဲ။ တွင်းပေါင်း အများကြီး။ အရှေ့ဘက်က နောင်ချိုနယ်စပ်ရှိတယ်။ စစ်တပ်က ကပ်လာလည်း လက်ပံလှအထိရောက်ဖို့ခက်ပါတယ်။ သူတို့ထိန်းနိုင်ရင် မြို့ပဲ။ တောထဲ အထိ မဝင်နိုင်ဘူး။ တအားနယ်မြေကျယ်ပြန့်တာ'' လို့ မြေပြင်ရင်းမြစ်တစ်ဦးကပြောပါတယ်။

ဘီဘီစီက စဥ့်ကူးက စစ်ရေးအခြေအနေကို သိရဖို့ MDY-PDF ပြန်ကြားရေး တာဝန်ခံကို ဆက်သွယ် မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်ဟာ မန္တလေး-မိုးကုတ် ကားလမ်းမပေါ် မတ္တရာမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ ဆည်တော်ကြီးအခြေ ကတက်ချဉ်ရွာကနေ တစ်ကြောင်း၊ ဧရာဝတီမြစ်ကမ်းဘေး စကျင်ကျေးရွာကနေတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းသုံးကြောင်းနဲ့ စဉ့်ကူးနယ်ကို ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စဥ့်ကူးမြို့ကို ၂၀၂၄ ဇူလိုင်လမှာ ထိန်းချုပ်ခဲ့ပြီး သပိတ်ကျင်းမြို့ကိုတော့ ၂၀၂၄ ဩဂုတ်လမှာ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

မတ္တရာမြို့နယ်ထဲက နေရာတချို့ကိုလည်း ၂၀၂၄ ခုနှစ်ထဲမှာပဲ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေက မတ္တရာတကြောက သိမ်းထားတဲ့နေရာတွေကို ပြန်ပြီးလက်လွှတ်လိုက်ရပါတယ်။

၂၀၂၅ နှစ်ဝက်တုန်းကလည်း သပိတ်ကျင်းမြို့ပေါ်ကို စစ်တပ်က ပြန်ရခဲ့ပေမယ့် မြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေနဲ့ လမ်းကြောတဆက်တည်းရှိနေတဲ့ မြို့တွေဖြစ်ပါတယ်။

မိုးကုတ်နဲ့ သပိတ်ကျင်းမြို့ကြားက ဖော့တော့လမ်းဆုံကိုလည်း စစ်တပ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပြန်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဖော့တော့လမ်းဆုံပြန်ရလိုက်တဲ့ စစ်တပ်ဟာ မိုးကုတ်နဲ့ မိုးမိတ်ကြားထဲက လမ်းပိုင်းကို ပြည့်ပြည့်ဝဝထိန်းချုပ်နိုင်ဖို့ စစ်ရေးပြင်ဆင်နေတာကြောင့် မိုးကုတ်-မိုးမိတ်လမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

မိုးကုတ်-မိုးမိတ်လမ်းပိုင်းကလည်း အရေးပါတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

"အနောက်စည်း မ‌ပေါက်ဖို့အတွက် မိုးကုတ်-မိုးမိတ်လမ်းက အရေးပါတယ်။ မိုးကုတ်အောက်ဘက်က ဖော့တော့ရရင် သပိတ်ကျင်းမြို့ကို ရထားပြီးသား စစ်တပ်အတွက် သပိတ်ကျင်းနယ်တစ်ခုလုံး ထိန်းနိုင်သွားမယ်။ သပိတ်ကျင်းပြီးရင် စဉ့်ကူးတကြောအထိ အကုန်ပြန်ရသွားမယ့်သဘောပဲ"လို့ သူက မှတ်ချက်ပြုပါတယ်။

ဖော့တော့လမ်းဆုံအပါအဝင် အဲဒီအနီးတဝိုက်က ၇ မိုင်၊ ၆ မိုင်၊ ၅ မိုင်နဲ့ ၄ မိုင်ကျေးရွာလမ်းတလျှောက်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဖော့တော့လမ်းဆုံဟာ သပိတ်ကျင်းမြို့နဲ့ ၁၀ မိုင်ကျော်ကွာဝေးပြီး မိုးကုတ်မြို့နဲ့ ၄၉ မိုင်အကွာမှာ ရှိပါတယ်။

ဖော့တော့လမ်းဆုံကလည်း မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-သပိတ်ကျင်းလမ်းခွဲတို့ ဆုံရာမှာရှိတာကြောင့် စစ်တပ်နဲ့ တော်လှန်ရေး ၂ ဖက်လုံးအတွက် စစ်ရေးအရ အချက်အချာကျတဲ့ လမ်းဆုံတစ်ခုဖြစ်ပါတယ်။

သပိတ်ကျင်းမြို့

ဓာတ်ပုံ ရင်းမြစ်, MDY-PDF

ဓာတ်ပုံ ပုံစာ, သပိတ်ကျင်းမြို့

MDY-PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးနေတာ လချီကြာနေပါပြီ။ စဥ့်ကူးကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ) တံတားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဖျက်ဆီးခံထားရပါတယ်။

အဲဒီတံတားဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ကျောက်မြောင်းမြို့နဲ့ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နယ်တို့ကို ချိတ်ဆက်ထားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စဉ့်ကူးမြို့နယ်ထဲ စစ်တပ်ရဲ့ စစ်ကြောင်းတွေ မဝင်လာခင်ကတည်းက စစ်တပ်က လေကြောင်းစစ်ဆင်ရေးတွေနဲ့ ဖိအားပေးခဲ့တယ်လို့ စဉ့်ကူးစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"တိုက်လေယာဉ်၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ်ပြီး ဖိအားပေးထိုးစစ်ဆင်နေတယ်"လို့ သူကဆိုပါတယ်။

မိတ္ထီလာ၊ ရှမ်းတဲနဲ့ တံတားဦးလေတပ်စခန်းတွေက တက်လာတဲ့ တိုက်လေယာဉ်တွေက စဉ့်ကူးမှာရှိတဲ့ တော်လှန်ရေးတပ်တွေကို စောင့်ကြည့်ပြီး တိုက်ခိုက်မှုတွေလုပ်နေတာလို့ စစ်တပ်ရဲ့ လေယာဉ်ပျံသန်းမှုတွေကို စောင့်ကြည့်နေတဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ရေးအကဲခတ်တချို့ကတော့ ရှမ်းမြောက်မှာ စစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား အပစ်ရပ်လိုက်တာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရေးခွင်တွေကို စစ်တပ်က စစ်ရေးဖိအား ပိုပေးလာတယ်လို့ ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း TNLA ရဲ့ အပစ်ရပ်သဘောတူညီလိုက်တဲ့နောက် မြေပြန့်ဒေသဖြစ်တဲ့ မန္တလေးတိုင်းနဲ့ အညာဒေသက တော်လှန်ရေးတပ်တွေအတွက် လက်နက်ခဲယမ်းသယ်ယူတဲ့ ထောက်ပို့လမ်းကြောင်းတွေ အကျပ်ရိုက်လာနိုင်တယ်လို့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ တိုက်ပွဲဖော်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်တပ်ရဲ့ စစ်ရေးဘောင် ပိုကျယ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

လက်နက်လမ်းကြောင်းခက်သွားရင် တော်လှန်ရေး စစ်ရေးဗျူဟာတွေချတဲ့အခါမှာလည်း အောင်မြင်ဖို့ အခွင့်အရေးနည်းသွားနိုင်တယ် ဆိုတဲ့ ပြောဆိုချက်တွေရှိပါတယ်။