တိုက်ပွဲသံတွေပြန်ညံလာတဲ့ စစ်တပ်ထိန်းချုပ် မိုးကုတ်မြို့

မိုးကုတ်မြို့ အဝင် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, မိုးကုတ်မြို့ အဝင် (ပုံဟောင်း)

စစ်တပ်က မိုးကုတ်မြို့ထဲကို အင်အားအလုံးအရင်းနဲ့ ပြန်ဝင်လာပြီး တစ်ရက်အကြာမှာပဲ စစ်တပ်နဲ့ မိုးကုတ်မြို့ တဝိုက်မှာ ခြေကုပ်ယူထားတဲ့ တော်လှန်ရေးတပ်တွေကြားမှာ တိုက်ပွဲတွေပြန်စလာပါတယ်။

စစ်တပ်နဲ့ တအာင်းတပ်(TNLA)တို့ အပစ်ရပ်လက်မှတ်ထိုးပြီး တစ်လအကြာ နိုဝင်ဘာလကုန်ပိုင်းမှာပဲ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်ရာနဲ့ချီဟာ စစ်ယာဉ်တန်းတွေနဲ့ မိုးကုတ်မြို့ထဲ ဝင်ရောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နှောင်းပိုင်းကစလို့ မိုးကုတ်မြို့ပြင်နေရာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေစတင်ခဲ့ပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာနေတယ်လို့ မိုးကုတ်အခြေစိုက် စစ်ရေးရင်းမြစ်က ပြောပါတယ်။

မိုးကုတ်ရဲ့ ဘယ်နေရာတွေမှာ တိုက်ပွဲဖြစ်နေလဲ။ မိုးကုတ်မြို့ထဲ အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်တပ်က မြို့ကို အခိုင်အမာဆက်ထိန်းနိုင်ဖို့ ဘာတွေပြင်ဆင်နေလဲ။

တိုက်ပွဲဖြစ်နေတဲ့ နေရာတွေ

နိုဝင်ဘာ ၃၀ ရက်မှာ စစ်တပ်က မိုးကုတ်အရှေ့ပိုင်း အောင်နန်းဘောလုံးကွင်းမှာ ဟောင်ဝစ်ဇာ အမြောက်တွေ ဆင်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၃၀ ရက်မှာ စစ်တပ်က မိုးကုတ်အရှေ့ပိုင်း အောင်နန်းဘောလုံးကွင်းမှာ ဟောင်ဝစ်ဇာ အမြောက်တွေ ဆင်နေပါတယ်။

မိုးကုတ်မြို့ရဲ့ အပြင်ဘက် အရှေ့ခြမ်းနဲ့ အနောက်မြောက်ခြမ်းတွေမှာ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

"မြို့ထဲကနေ ပစ်ခတ်သံတွေကြားနေရတယ်။ ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) မနက်ပိုင်းက ပစ်ခတ်သံတွေ ပိုစိပ်လာတယ်" လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ မိုးကုတ်အနောက်မြောက်ဘက်ပိုင်းက "ချောင်းကြီး၊ ‌‌ကျောက်ဝါနဲ့ ဘော်ဗဒါန်းရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတာ" လို့ ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရွာတွေဟာ မိုးကုတ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မိုးမိတ်မြို့ ၂ မြို့ ကြားထဲမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ အပစ်ရပ်သဘောတူညီချက်ထဲမှာ တအာင်းတပ်(TNLA)က မိုးမိတ်မြို့ကိုပါ စစ်တပ်လက်ထဲ ပြန်လွှဲခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရှေ့ဘက်ပိုင်းတိုက်ပွဲတွေကတော့ မန္တလေးဘက်ကနေ မိုးကုတ်မြို့ကို မဝင်ခင် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းနေရာတချို့မှာ ပစ်ခတ်နေကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"ရွှေလိပ်ပြာဟိုတယ်အနီးက နေရာတွေမှာဖြစ်နေတာ" လို့ သူက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာတော့ TNLA တပ်အင်အားတော်တော်များများ မိုးကုတ်မြို့ထဲကနေ စွန့်ခွာနေပြီလို့ သိရှိရပါတယ်။

TNLA က စစ်တပ်မိုးကုတ်မြို့ထဲ ပြန်မဝင်ခင် ရက်ပိုင်းတွေမှာ မိုးကုတ်အခြေစိုက်တပ်တချို့နဲ့ တိတ်တဆိတ်တွေ့ဆုံမှုတွေ လုပ်ခဲ့ပြီး စစ်တပ်လက်ထဲ မြို့ပြန်လွှဲချိန်မှာ တိုက်ပွဲတွေမဖော်ကြဖို့ တော်လှန်ရေးတပ်တချို့ကို တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။

အလားတူ စစ်တပ်မိုးကုတ်မြို့ထဲ ပြန်ဝင်လာချိန်မှာလည်း မြို့ပြင်က TNLA တပ်စွဲထားခဲ့တဲ့ နေရာတချို့ကို စစ်တပ်က ဆက်ပြီးတပ်စွဲဖို့ လုပ်ဆောင်စေခဲ့တယ်လို့ တော်လှန်ရေးတပ်တချို့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"TNLA က မြို့ထဲကနေ အပြီးမထွက်ခင် သူထိန်းချုပ်ခဲ့တဲ့ မြို့ပြင်က နေရာတချို့မှာ စစ်တပ် တပ်ဖွဲ့ဝင်တွေရောက်လာတယ်။ အဲဒီနေရာတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်နေတာ"လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာ စစ်တပ်က တိုက်ပွဲဖြစ်နေတဲ့ မိုးကုတ်မြို့ပြင် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေကို အင်အား ရာနဲ့ချီ ဖြန့်ကြက်ထားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

စစ်တပ်က"အနောက်ဘက်ခြမ်းမှာ အင်အား ၄၀၀ လောက်သုံးနေတယ်" လို့ သူက ခန့်မှန်းပြီးပြောပါတယ်။

မိုးကုတ်အခြေပြုတပ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့ နှစ်မြို့အတွက် အင်အား ၁,၂၀၀ ဝန်းကျင်ကို နေရာတွေခွဲပြီး အင်အားဖြန့်ထားတယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။

မိုးကုတ်မြို့အခြေအနေ

ညောင်ပင်ကြီးရပ်ကွက်က နေအိမ်တချို့ ကို စစ်တပ်မီးရှို့တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ညောင်ပင်ကြီးရပ်ကွက်က နေအိမ်တချို့ ကို စစ်တပ်မီးရှို့တယ်လို့ဆို

လက်ရှိမှာ စစ်တပ်က မြို့ထဲမှာလည်း အခိုင်အမာတပ်စွဲထားပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ မြို့ခံတချို့က ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။

မိုးကုတ်မြို့ အ.ထ.က (၁) စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဗိုလ်ပိန်းခြံ စတဲ့နေရာတွေမှာ စစ်တပ်က တပ်စွဲထားတယ်လို့ မိုးကုတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ထဲ ဝင်လာတဲ့ စစ်ကား ဆယ်နဲ့ချီထဲ အများစုကတော့ ဒေသခံတွေကြား ‌ကျောင်းကြီးလို့ခေါ်တဲ့ အ.ထ.က ၁ စာ သင်ကျောင်းအနီးတဝိုက်မှာ ရပ်ထားတယ်လို့ သူက ဆိုပါတယ်။

ဘီဘီစီရဲ့ စစ်‌ရေးသတင်းရင်းမြစ်ကတော့ "မိုးကုတ်မြို့ထဲက အောင်နန်းဘောလုံးကွင်းထဲမှာ စစ်တပ်က ဟောင်ဝစ်ဇာအမြောက်တွေကို တပ်ဆင်နေတယ်"လို့ ဓာတ်ပုံပေးပို့ပြီး အတည်ပြုပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်ညနေပိုင်းမှာပဲ မိုးကုတ်အနောက်ပိုင်း ညောင်ပင်ကြီးရပ်ကွက်က နေအိမ်တချို့ကို စစ်တပ်က မီးရှို့သွားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဒါပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဒေသခံအချို့နဲ့ ထပ်မံဆက်သွယ်မေးမြန်းနေပါတယ်။

"အိမ်သုံးလုံးလောက် ပါသွားတယ်။ အိမ်ပိုင်ရှင်တွေကတော့ စစ်ရှောင်သွားကြပြီ၊ လူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေလူထုကပဲ ဝိုင်းငြှိမ်းလိုက်ရတာ"လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

မိုးကုတ်မြို့ထဲကနေလည်း ပစ်ခတ်သံတွေကို သိသိသာသာကြားလာရပြီး မြို့ပြင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်ထဲမှာပဲ စစ်ရေးသတိနဲ့ နေနေကြရတယ်လို့ မြို့ခံ တစ်ဦးက ဆိုပါတယ်။

မြို့တွင်းသာထိန်းချုပ်နိုင်တဲ့အခြေအနေနဲ့ စစ်တပ်

နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတုန်းက မိုးကုတ်မြို့ထဲ ဝင်လာတဲ့ စစ်တပ်ယာဉ်တန်းတွေ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတုန်းက မိုးကုတ်မြို့ထဲ ဝင်လာတဲ့ စစ်တပ်ယာဉ်တန်းတွေ

မိုးကုတ်မြို့ထဲကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အပြင်မှာတော့ မိုးကုတ်အခြေပြုတပ်တွေအပြင် စစ်ကိုင်းအခြေပြုတပ်ဖွဲ့တချို့ စုစုပေါင်း အဖွဲ့ပေါင်း ၆ ဖွဲ့ထက်မနည်းက တပ်စွဲနေရာယူထားတယ်လို့ စစ်ရေးသတင်းရင်းမြစ် ၂ ဦးထက်မနည်းက အတည်ပြုပြောပါတယ်။

"မိုးကုတ်ဗျူဟာ၊ NUG တပ်ရင်းတွေ၊ မန္တလေး PDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ ဒေသအခြေစိုက်တပ်တွေအစုံ နေရာယူထားတာပါ" လို့ စစ်‌ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မြို့ပြင်မှာလည်း TNLA လက်လွှဲလို့ စစ်တပ်ရထားတဲ့ နေရာတချို့ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်နေပြီး စစ်တပ်ကလည်း မြို့ပြင်က တော်လှန်ရေးတပ်တွေ ထိန်းထားတဲ့ နေရာတွေကို အပြီးရှင်းလင်းဖို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သူက ထပ်ပြောပါတယ်။

ရှမ်းမြောက်စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်တပ်အနေနဲ့ မြို့တွင်းတည်ငြိမ်မှုရဖို့အတွက် မြို့ပြင်ပတ်ပတ်လည်က နေရာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးတွေလုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒါအပြင် မိုးကုတ်မြို့ကနေ တော်လှန်ရေးတပ်တွေ တပ်စွဲထားတယ်လို့ ယူဆတဲ့နေရာတွေကို လက်နက်ကြီး၊ အမြောက်တွေနဲ့ ပစ်ခတ်ပြီး စိုးမိုးနယ်မြေကို တဖြည်းဖြည်းချဲ့လာနိုင်တယ်လို့ ကောက်ချက်ချပါတယ်။

တစ်ဖက်မှာလည်း မိုးကုတ်မြောက်ဘက်ပိုင်းက မိုးမိတ်မြို့ထဲကိုလည်း မိုးကုတ်မြို့ကတဆင့် စစ်ကော်မရှင် တပ်ဖွဲ့တွေ နိုဝင်ဘာလကုန်ပိုင်းမှာပဲ ဝင်ရောက်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

မိုးမိတ်ထဲ စစ်တပ်ဝင်တဲ့နေ့မှာပဲ မိုးကုတ်-မိုးမိတ်လမ်းပိုင်းမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုဖြေကြားထားပါတယ်။

မိုးမိတ်ဒေသမှာ "သူတို့(တော်လှန်ရေးတပ်တွေ) တိုက်ပွဲဖြစ်တဲ့အချိန် ကူညီရမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ကျွန်တော်တို့ဘက်ကို ကူးမသွားအောင်လို့တော့ ကူညီရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်က အကောင်အထည်ဖော်တဲ့ တိုက်ပွဲတွေ ကတော့ မရှိလောက်ဘူး ထင်တယ်။ မိုးမိတ်ဘက်မှာ တော့ ကျွန်တော်တို့ နဲ့ ဆက်စပ်တဲ့မြို့ဆိုတော့ စစ်ရေးအခြေအနေအရ သတိထားဖို့တော့ လိုပါမယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မိုးမိတ်ဒေသထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တပ်ရင်းတွေအပြင် MDY-PDF၊ PLA နဲ့ KIA နဲ့ မဟာမိတ်တပ်တွေ စတဲ့ တပ်ဖွဲ့စုံတွေ ရှိနေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မိုးကုတ်နဲ့ မိုးမိတ်ကြားထဲက လမ်းပိုင်းကို စစ်တပ်က ပြည့်ပြည့်ဝဝထိန်းချုပ်နိုင်ဖို့ စစ်ရေးပြင်ဆင်နေတာကြောင့် မိုးကုတ်-မိုးမိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တချို့က ထောက်ပြနေကြပါတယ်။

မိုးကုတ်နဲ့ သပိတ်ကျင်းမြို့ကြားက စစ်တပ်လက်လွှတ်ထားရတဲ့ ဖော့တော့လမ်းဆုံကို ပြန်ယူဖို့ မိုးကုတ်-မိုးမိတ်လမ်းပိုင်းက အရေးပါတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

"အနောက်စည်းမ‌ပေါက်ဖို့အတွက် မိုးကုတ်-မိုးမိတ်လမ်းက အရေးပါတယ်။ မိုးကုတ်အောက်ဘက်က ဖော့တော့ရရင် သပိတ်ကျင်းမြို့ကို ရထားပြီးသားစစ်တပ်အတွက် သပိတ်ကျင်းနယ်တစ်ခုလုံးထိန်းနိုင်သွားမယ်။ သပိတ်ကျင်းပြီးရင် စဉ့်ကူး-မတ္တရာတကြောအထိ အကုန်ပြန်ရသွားမယ့်သဘောပဲ"လို့ သူက မှတ်ချက်ပြုပါတယ်။