အစိုးရတွေကိုဖြုတ်ချနေတဲ့ Gen Z တွေ - လူမှုကွန်ရက်ပေါ်ကဆန္ဒပြပွဲနဲ့ အပြောင်းအလဲ

ဓာတ်ပုံ ရင်းမြစ်, Donwilson Odhiambo / Getty Images
- ရေးသားသူ, လူဝီ ဘာရာချိုနဲ့ တက်ဆာဝေါင်း
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ်ရှိတဲ့ လူငယ်မျိုးဆက် ဂျန်ဇီ (Gen Z)တွေဟာ အစိုးရတွေ အပေါ် စိတ်ပျက်အားမလိုအားမရဖြစ်တာနဲ့ အပြောင်းအလဲလိုလားချက်တွေ ဖြစ်နေပါတယ်။
မော်ရိုကိုကနေ မက်ဒက်ဂက်စကာ၊ ပါရာဂွေးကနေ ပီရူးတို့အထိ ဆန္ဒပြမှုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကျယ်ပြန့်လာနေတာပါ။
အဲဒီလူငယ်လှုပ်ရှားမှုတွေရဲ့ပျံ့နှံ့မှုကို ဆိုရှယ်မီဒီယာက မီးထိုးပေးနေပေမယ့် ကျွမ်းကျင်သူတွေကတော့ ဖျက်ဆီးခြင်းရဲ့ အစပျိုးမှုတွေလည်း ပါဝင်နိုင်တယ်လို့ သတိပေးကြပါတယ်။
မက်ဒက်ဂက်စကာမှာတော့ ရေနဲ့ စွမ်းအင်ပြတ်တောက်မှုဆန္ဒပြရာကနေ အစိုးရပြုတ်ကျခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ရာပတ်သက်ကြောင်းကောင်းစားရေး လုပ်ဆောင်ချက်တွေကို ဆန္ဒပြကြရာကနေ နီပေါဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရတယ်။

ဓာတ်ပုံ ရင်းမြစ်, Klebher Vasquez / Anadolu via Getty Images
ပီရူးနိုင်ငံမှာ မလုံခြုံမှုတွေများလာတာနဲ့ အကျင့်ပျက်ခြစားမှုမကောင်းသတင်းတွေကို စိတ်ဆိုးဒေါသထွက်နေတဲ့ လူငယ်တွေက ကွန်ဂရက်လွှတ်တော်ကို ချီတက်ခဲ့ပါတယ်။
သူတို့နဲ့အတူ ဘတ်စ်ကားနဲ့ အငှားကားမောင်းသူတွေ ပါဝင်ခဲ့ပါတယ်။
အင်ဒိုနီးရှားမှာတော့ သာမန် အလုပ်သမားတွေဟာ လူမှုဖူလုံရေးဖြတ်တောက်မှုကို ဆန့်ကျင်ကာ ဆန္ဒပြကြပါတယ်။
မော်ရိုကိုမှာလည်း ဒီနှစ်တွေအတွင်း အစိုးရကိုမလိုလားတဲ့ အုပ်စုလိုက်စုဝေးဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေ ပိုကောင်းလာဖို့ ဆန္ဒပြခဲ့ကြပြီး ကမ္ဘာ့ဖလားအတွက် ဘောလုံးကွင်းတွေကို ဘီလျံချီအကုန်အကျခံ ဆောက်လုပ်မှုတွေကိုပါ ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Abu Adem Muhammed / Anadolu via Getty Images
အဲဒီလိုဆန္ဒပြလှုပ်ရှားမှုတွေအားလုံးမှာ ဖြစ်ကြောင်းကုန်စင် အားလုံးသိအောင်လုပ်ဖို့၊ တသားတည်းရှိကြောင်းပြဖို့၊ ဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အခြားနိုင်ငံတွေကအခြေအနေတွေကို လေ့လာဖို့ လူမှုကွန်ရက်က အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။
ဒါပေမယ့်လည်း ဒီဆန္ဒပြပွဲတွေဟာ "ဒီဂျစ်တဲ ချိတ်ဆက်မှုကြောင့် ပုံပေါ်လာတဲ့ လူငယ်ဦးဆောင် ဆန္ဒပြပွဲတွေရဲ့ ၁၅ နှစ်တာ လှိုင်းလုံး" ရဲ့ နောက်ဆုံးအရွေ့တစ်ခုလို့ ကမ္ဘာတစ်လွှားနဲ့ နယ်မြေဒေသလေ့လာမှုဆိုင်ရာ ဂျာမနီအင်စတီကျူက ဂျန်ဂျီရာ ဆွမ်ဘတ်ပွန်သျှီ က ပြောပါတယ်။
အဲဒီလှိုင်းလုံးတွေထဲမှာ ၂၀၁၀-၁၁ အာရပ်နွေဦး၊ ၂၀၁၁ က ဝေါစရိသိမ်းပိုက်ရေး လှုပ်ရှားမှု၊ ၂၀၁၁-၂၀၁၂ စပိန်က စီးပွားရေးအကျပ်အတည်းနဲ့ အစိုးရချွေတာမှု မူဝါဒတွေ အပေါ် မကျေနပ်တဲ့ လှုပ်ရှားမှုနဲ့ ထိုင်းက ဒီမိုကရေစီအရေးထောက်ခံဆန္ဒပြမှုတွေ (၂၀၂၀-၂၁)၊ ၂၀၂၂ ခုနှစ် သီရိလင်္ကာနဲ့ ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Akila Jayawardana / NurPhoto via Getty Images
အဂတိ ခြစားမှု အခြေခိုင်သွားတဲ့အခါ
နိုင်ငံတကာငြိမ်းချမ်းရေးအားပေးမှုဆိုင်ရာ ကာနေဂီ တတ်သိပညာရှင်အဖွဲ့က အကြီးတန်းအဖွဲ့ဝင် စတိဗင် ဖဲလ်ဒ်စတိမ်းကတော့ ဒီလိုဖြစ်စဉ်တွေ နောက်ပိုင်းခပ်ကျကျအထိ ကြည့်ခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ၂၀၀၁ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ SMS ဖုန်းစာတိုပို့တဲ့ဖြစ်ရပ်ကနေ ဒုတိယမြောက်ပြ ည်သူ့အင်အားတော်လှန်ရေးဖြစ်လာမှုကို ထောက်ပြပါတယ်။
"နည်းပညာအသုံးချပြီး လူငယ်တွေက လူထုလှုပ်ရှားမှု ကြီးကြီးမားမားပေါ်အောင်လုပ်တာ အသစ်အဆန်းတော့ မဟုတ်တော့ဘူး" လို့ သူက ပြောပါတယ်။
ဒါပေမယ့် အရင်နဲ့မတူတော့တာက ဖုန်းအသုံးပြုမှုတွေ များပြားလာတာ၊ ဆိုရှယ်မီဒီယာ၊ စာတိုပို့တဲ့အက်ပလီကေးရှင်းတွေနဲ့ လတ်တလောဆိုရင် ဉာဏ်ရည်တု နည်းပညာပါ ပါဝင်လာတာဖြစ်ပြီး နည်းပညာ ဆန်းပြားမှုတွေပါ ပါဝင်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, Prabin Ranabhat / AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အဲဒီလိုပုံစံမျိုးနဲ့ Gen Z မျိုးဆက်တွေက ကြီးပြင်းလာကြတာ။ အဲဒီလိုမျိုးအချင်းချင်း ချိတ်ဆက်ဆက်သွယ်ကြတာမျိုးပေါ့" လို့ မစ္စတာ ဖဲလ်ဒ်စတိမ်းက ပြောပါတယ်။
"အဲဒီလိုမျိုးဆက်က သူတို့ကို ထင်ဟပ်ပြတဲ့လှုပ်ရှားမှုနဲ့ပဲ ရှေ့ဆက်တာ"
ဓာတ်ပုံတွေ၊ ပို့စ်တွေက အရင်တုန်းကထက်ကို အရမ်းကို မြန်မြန်ကြီးကို နေရာစုံကို ပျံ့တာကြောင့် လူငယ်တွေရဲ့ ဒေါသနဲ့ တသားတည်းဖြစ်မှုကိုလည်း မီီးထိုးပေးရာရောက်ပါတယ်။
"ဆိုရှယ်မီဒီယာက လူမှုဘဝနေထိုင်မှုပုံစံ ပိုစ့် တစ်ခုကနေ နိုင်ငံရေးဆက်နွှယ်တဲ့အထောက်အထား ဖြစ်သွားနိုင်ပြီး တချို့ဖြစ်ရပ်တွေမှာ လူထုအုံကြွမှုဖြစ်စေတဲ့အကြောင်းရင်းတောင်ဖြစ်နိုင်တယ်" လို့သြစတြေးလျအမျိုးသားတက္ကသိုလ်က လူမှုဗေဒပညာရှင် အသီနာ ချာရမ်း ပရက်စတိုက ပြောပါတယ်။
"အကျင့်ပျက်ခြစားမှုအကြောင်းကို သတင်းတွေနဲ့ တရားခွင်တွေမှာ ပြောကြဆိုကြတဲ့အခါ ကိုယ်နဲ့အလှမ်းဝေးသလို ခံစားရလိမ့်မယ်။ ဒါပေမဲ့ ဒီအကြောင်းကို ကိုယ့်ဖုန်းမှာ မြင်တွေ့ရမျိုးဖြစ်လာတဲ့အခါမှာ အဂတိလိုက်စားမှုကိစ္စကို မြင်တဲ့အမြင်လည်း ပိုမြဲသွားစေတယ်''
"အခုဆို စံအိမ်ကြီးတွေ၊ ပြိုင်ကားတွေ၊ စျေးကြီးတဲ့နာမည်ကြီးတံဆိပ် လက်ဆွဲအိတ်တွေ ဟာ အခွင့်ထူးခံ လူ့မလိုင်တွေနဲ့ နေ့စဥ်ခက်ခက်ခဲခဲ ရုန်းကန်နေရသူတွေကြားမှာ အလှမ်းကွာသွားပြီး လူတွေဟာ သူတို့ကို စော်ကားမှုလို့ မြင်လာကြတယ်။ အဲဒီအခါမှာ အဂတိလိုက်စားမှုဆိုတဲ့ သဘောတရားနဲ့ အဂတိလိုက်စားမှု မြောက် မြောက်ဆိုတာဟာ တစ်ပိုင်း တစ်ပိုင်းစီ ပြိုဆင်းကုန်တယ်"

ဓာတ်ပုံ ရင်းမြစ်, Instagram / sgtthb
စက်တင်ဘာလအတွင်း နီပေါမှာ ဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ သားဖြစ်သူက နာမည်ကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့လုပ်ထားတဲ့ ခရစ္စမတ် သစ်ပင်ဘေး ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် တင်ရာကနေ စတင်ပါတယ်။ အလားတူ ဖြစ်ရပ် ဖိလစ်ပိုင် နိုင််ငံမှာလည်း ဖြစ်ပါတယ်။
"နီပေါလိုပါပဲ။ ဖိလစ်ပိုင်မှာလည်း နိုင်ငံရေးက လူတန်းစားတစ်ရပ်ဟာ ပိုတာထက်ပိုတဲ့ အလျံအပယ်ဘဝမျိုးကို ပိုင်ဆိုင်တယ်ဆိုတာမျိုးကို မြင်လိုက်ရတဲ့အခါ လူငယ်တွေရဲ့ ဒေါသက ရင်ဘတ်ချင်း နီးကပ်စေခဲ့တာ'' လို့ မစ္စ ပရက်စ်တိုက ပြောပါတယ်။
"ဖိလစ်ဖိုင်ကဆန္ဒပြမှုတွေမှာတော့ ဒီလိုလိုတာထက်ပိုကြွယ်ဝနေကြတာဟာ နိုင်ငံရေးသမားတွေက ရေကြီးမှုထိန်းချုပ်ရေးစီမံကိန်းတွေမှာသုံးရမယ့်ငွေတွေကို ကိုယ်ကျိုးသုံးနေကြတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ မြင်ကြတာ''

ဓာတ်ပုံ ရင်းမြစ်, Delphia Ip / NurPhoto via Getty Images
နိုင်ငံတွေအကြား ဆန္ဒပြတဲ့နည်းဗျူဟာတွေ ဖလှယ်မှုမှာ ဆိုရှယ်မီဒီယာတွေကလည်း အထောက်အကူဖြစ်ခဲ့ပါတယ်။
အာရှတလွှား နာမည်ကြီးခဲ့တဲ့ #The MilkTeaAlliance လှုပ်ရှားမှု ဒီမိုကရေစီထောက်ခံရေးကွန်ယက်တို့ဟာ ၂၀၁၉ ခုနှစ်ဟောင်ကောင် ဆန္ဒပြမှုတွေကနေပေါက်ပွားလာပြီး မြန်မာ၊ ထိုင်းတို့အပြင် နိုင်ငံအများအပြားက တက်ကြွလှုပ်ရှားသူတွေအတွက် ဗဟိုချက်တစ်ခုလိုဖြစ်လာပါတယ်။
ထိုင်းဆန္ဒပြသူတွေဟာ ဟောင်ကောင်က "ရေလိုကျင့်" ဆိုတဲ့ ဗျူဟာကို ကျင့်သုံးကာ လူအုပ်စုလိုက် နေရာပြောင်းဆန္ဒပြဖို့ တယ်လီဂရမ်ကတဆင့် ချိတ်ဆက်ပြီးလုပ် ရဲတွေရဲ့ပိတ်ဆို့တားဆီးမှုတွေကို ရှောင်ရှားခဲ့ကြပါတယ်။
"အဲဒီနည်းဗျူဟာက နိုင်ငံသားတွေ ကြံကြံခံနိုင်ပြီး ဖမ်းဆီးခံရမှုကနေ ရှောင်ရှားနိုင်ဖို့ အထောက်အကူဖြစ်ခဲ့တယ်" လို့ မစ္စ ဆွမ်ဘတ်ပွန်သျှီ ကပြောပါတယ်။
အသွား နှစ်ဖက်နဲ့ ဓား

ဓာတ်ပုံ ရင်းမြစ်, Anusak Laowilas / NurPhoto via Getty Images
အွန်လိုင်းမှာ သဘောထားကွဲလွဲမှုတွေ ပျံ့နှံ့လာတဲ့အခါမှာ အာဏာရှင်အုပ်စိုးသူတွေဟာ ဆင်ဆာပိတ်ပင်မှုတွေနဲ့ ဖိအားပေးမှုတွေနဲ့ ပြန်လည်တုန့်ပြန်လေ့ရှိပါတယ်။ ဒါပေမဲ့ အကဲခတ်တွေကတော့ ဒီလိုနှိမ်နင်းမှုတွေကို သတိပေးပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတော်က အကြမ်းဖက်တဲ့နည်းလမ်း ဆန္ဒပြပွဲတွေကို နှိမ်နင်းတာကို အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုတွေကနေတဆင့် မြင်တွေ့ကြပြီး လူထုရဲ့ဒေါသ ပိုပြီးကြီးလာကာ ဆန္ဒပြပွဲတွေ ကြီးမားလာနိုင်ခြေကိုပါ။
ဒီနေရာမှာ ဥပမာပြစရာက ဘင်္ဂလားဒေ့ရှ်က ၂၀၂၄ ခုနှစ် ဆန္ဒပြဖြိုခွင်းမှုဖြစ်ပါတယ်။ အာဝါမီအဖွဲ့ချုပ် အစိုးရဟာ အင်တာနက်တွေကို ပိတ်ခဲ့ပြီး အစိုးရကို ဆန့်ကျင်သူတွေကို ဒီဂျစ်တဲယ်လုံခြုံရေးဥပဒေနဲ့ ဖမ်းဆီးတာအပြင် ကျည်အစစ်တွေနဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေကို ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျောင်းသား အဘူ ဆာယက်ကို ရဲက ပစ်ခတ်သတ်ဖြတ်လိုက်တဲ့ဓါတ်ပုံတစ်ခုကိုမြင်ခဲ့ကြပြီး ကျောင်းသားဟာ သူရဲကောင်းသဖွယ်သတ်မှတ်ခံခဲ့ရသလို လမ်းမတွေပေါ်ကိုလည်း ဆန္ဒပြသူတွေက လှိုင်းလုံးတွေလို ထွက်ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
အလားတူပုံစံမျိုးကို သီရိလင်္ကာ၊ အင်ဒို နီးရှားနဲ့ နီပေါမှာလည်း ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကိုသတ်ဖြတ်ခံရတာကြောင့် လူထုရဲ့ဒေါသ ပိုကြီးထားလာပြီး တချို့နေရာတွေမှာဆိုရင် အစိုးရတွေကို ဖြုတ်ချတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာက အားကောင်းစေတဲ့အတောအတွင်းမှာပဲ ဆန္ဒပြပွဲတွေ တစ်စစီ ဖြိုခွဲခံရဖို့နဲ့ ဖိနှိပ်မှုတွေကိုလည်း ပေါ်စေပါတယ်။
ခေါင်းဆောင်မရှိတဲ့စုစည်းခြင်းဟာ "ပြုလွယ်ပြောင်းလွယ်ဖြစ်မှုနဲ့ သဘောညီမျှမှုဆန်တဲ့ သဘော"ကို ဆောင်ကျဉ်းပေးတယ်လို့ ဆွမ်ဘတ်ပွန်သျှီက ပြောပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြအုပ်စုတွေ သွေးခွဲသူတွေ ဝင်လာတာ အကြမ်းဖက်မှုနဲ့ ဆန္ဒပြတောင်းဆိုမှု ခေါင်းစဉ်ပြောင်းသွား နိုင်ခြေတွေကို သူက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anusak Laowilas / NurPhoto via Getty Images
ဘုရင်စနစ်ရှိနေသေးတဲ့ ထိုင်းနိုင်ငံမှာတော့ ထိုင်းသမ္မတနိုင်ငံလို့ဆိုပြီး အွန်လိုင်းကနေ ဟတ်ရှ်တွေ သုံးပြီး ၂၀၂၀ ဒီမိုကရေစီယိမ်း လှုပ်ရှားမှုဟာ အွန်လိုင်းက ငြင်းခုံဆွေးနွေးမှုတွေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့လူထုစုဝေးမှုတွေမှာ ကွန်မြူနစ်သင်္ကေတွေပါ ပါဝင်လာတဲ့ အွန်လိုင်းက ပို့စ်တွေကြောင့် အက်ရာဖြစ်ခဲ့ပါတယ်။ ပြီးတော့ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာဆိုရင် ချိတ်ဆက်မှု လျော့လျဲတဲ့ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုကို ဦးတည်သွားခဲ့ပါတယ်။ ဆန္ဒပြမှုတွေရံဖန်ရံခါမှာ အကြမ်းဖက်မှု တွေအဖြစ်ကို အတောမသတ်နိုင်ပဲဖြစ်သွားခဲ့ပါတယ်။
အဲဒီအချိန်အတွင်းမှာပဲ အာဏာရှင်အုပ်စိုးသူတွေဟာ တက်ကြွလှုပ်ရှားသူတွေကို ဆန့်ကျင်ဖို့ ဒီဂျစ်တဲယ် အသုံးပြုတဲ့ပစ္စည်းတွေ ဘက်ကို မျက်နှာလှည့်လာနေကြတယ်လို့ သုတေသနတွေမှာ ဖော်ပြပါတယ်။
"အာရပ်နွေဦးတော်လှန်းရေးကတည်းက အာဏာရှင်တွေဟာ ဉာဏ်ရည်တု နည်းပညာသုံးတဲ့ စောင့်ကြည့်မှုတွေ၊ ဆင်ဆာပိတ်မှုတင်းကျပ်တာနဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို သုံးပြီး တက်ကြွလှုပ်ရှားသူတွေကို ဖိအားပေးမျိုးစုံနဲ့ အန္တရာယ်ကြားကနေ လှုပ်ရှားသွားအောင် လုပ်ပစ်လိုက်တယ် " လို့ မစ္စ ဆွမ်ဘတ်ပွန်သျှီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Patrick Baz / AFP via Getty Images
ဆိုရှယ်မီဒီယာ ဦးဆောင်တဲ့ဆန္ဒပြပွဲတွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေအပေါ် မှာလည်း ကျွမ်းကျင်သူတွေက အငြင်းပွားနေကြရပါတယ်။
၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်းမှာတော့ လက်နက်မပါဆန္ဒပြမှုတွေရဲ့ ၆၅ ရာခိုင်နှုန်း ဟာ အောင်မြင်မှုရခဲ့ပေမယ့် ၂၀၁၀ နဲ့ ၂၀၁၉ ခုနှစ်တွေမှာတော့ ၃၄ ရာခိုင်နှုန်းအထိကို ကျဆင်းခဲ့တယ်လို့ ၂၀၂၀ ခုနှစ် ဟားဗတ်စ် တက္ကသိုလ်ရဲ့ လေ့လာချက်မှာဖော်ပြပါတယ်။
"ဆန္ဒပြမှုကြီးကြီးမားမားလှုပ်ရှားမှုတွေကနေ အာဏာရှင်နဲ့ အစိုးရတွေကို ပြောင်းလဲစေခဲ့တယ် ဆိုရင်တောင် ရေရှည်ပြုပြင်ပြောင်းလဲမှုအတွက်တော့ အာမခံနိုင်တာမျိုး မရှိပါဘူး"လို့ မစ္စ ဆွမ်ဘတ်ပွန်သျှီက ပြောပါတယ်။
"ဆန္ဒပြမှုတွေကနေ ပြည်တွင်းစစ်ကို ထိုးတက်သွားနိုင်ပါတယ်။ ဆီရီးယား၊ မြန်မာနဲ့ ယီမင် တို့လိုပေါ့။ အာဏာအတွက် ယှဥ်ပြိုင်ရင်း ပြိုင်ဘက်ဂိုဏ်းဂဏကွဲတာ ဒါမှမဟုတ် အာဏာရှင်ပြန်လာနိုင်ပြီး သူ့ရဲ့လွှမ်းမိုးမှုခိုင်မာလာစေတဲ့ အီဂျစ်၊ တူနီရှားနဲ့ ဆာဘီးယားတို့လိုမျိုး ဖြစ်နိုင်သလို၊ အရင်အာဏာရှင်အစိုးရတွေရဲ့အမြစ်တွယ်နေတဲ့အခြေခံအဆောက်အဦတွေ တစ်စစီဖြုတ်ချတာမျိုးတို့လို ပြုပြင်ပြောင်းလဲမှုကျရှုံးမှုမျိုး ဖြစ်နိုင်ပါတယ်"
hashtag တွေရဲ့အလွန်

ဓာတ်ပုံ ရင်းမြစ်, FITA / AFP via Getty Images
"ပင်ကိုအားဖြင့်တော့ ဆိုရှယ်မီဒီယာဟာ ကာလရှည်ပြောင်းလဲမှုတွေအတွက် ရည်ရွယ် လုပ်ဆောင်တာမျိုး မဟုတ်ပါဘူး" လို့ မစ္စတာ ဖဲလ်ဒ်စတိမ်းက ပြောပါတယ်။
"ကာလရှည်အပြောင်းအလဲဖြစ်သွားဖို့ အယ်လိုဂရစ်သမ်၊ ဒေါသနဲ့ ဟတ်ရှ်တက်တွေကို မီခိုနေရတာလေ"
"အပြောင်းအလဲဖြစ်ဖို့ဆိုရင် လူထုဟာ အွန်လိုင်းပေါ် အသည်းအသည်လှုပ်ရှားနေရာကနေ လုပ်ဆုပ်လက်ကိုင်ပြနိုင်မှုရော အွန်လိုင်းနဲ့ပါ ယှက်နွှယ်တဲ့ ရေရှည်မှန်းတဲ့အသွင်ကူးပြောင်းနိုင်မယ့် နည်းလမ်းကို ရှာဖို့လိုအပ်ပါတယ်"
"နှစ်မျိုးစပ် မဟာဗျူဟာ"အတွက် လိုအပ်တယ်လို့လည်း ကျွမ်းကျင်သူတွေက အလေးပေးပြောဆိုကြပါတယ်။
သပိတ်တွေနဲ့ လူထုစည်းဝေးမှုတွေလို အရာတွေမှာ "အဲဒီနည်းဗျူဟာတွေဟာ အွန်လိုင်း တက်ကြွလှုပ်ရှားမှုတွေနဲ့ ပုံမှန်ဆန္ဒပြမှုလို ပုံစံတွေကို ပေါင်းစပ်သင့်ပါတယ်" ဘလို့ ဆွမ်ဘတ် ပွန်သျှီကပြောပါတယ်။
'' အရပ်ဘက်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ အွန်လိုင်းအခြေပြု လှုပ်ရှားမှုတွေကြား ဟန်ချက်ညီညီ ခိုင်မာအောင်ပူးပေါင်းပြီး ကျယ်ပြောတဲ့မဟာမိတ် အချိတ်အဆက်ဖြစ်ဖို့ သိပ်ကို အရေးကြီးတယ်''













