ရှိတ်ဟာဆီနာ - ဒီမိုကရေစီဘက်တော်သားကနေ တစ်ဦးတည်းသြဇာထူထောင်ခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အန်ဘရာဆန် အသီရာဂျန်နဲ့ တက်ဆာဝေါင်း
- ရာထူးတာဝန်, ဘီဘီစီသတင်း
ဘင်္ဂလားဒေ့ရှ်မှာ လူရာချီသေဆုံးတဲ့ ကျောင်းသားတွေဦးဆောင်တဲ့ သီတင်းပတ်ချီကြာ ဆန္ဒပြပွဲတွေကနေ နိုင်ငံတဝန်းမငြိမ်သက်မှုအထိ ဦးတည်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဟာ ရာထူးက နုတ်ထွက်ပြီး နိုင်ငံထဲက ထွက်ခွာသွားပြီဖြစ်ပါတယ်။
အသက် ၇၆ နှစ်အရွယ် ရှိတ်ဟာဆီနာ တနင်္လာနေ့မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ပြီးတဲ့နောက်မှာ ဆန္ဒပြသူတွေက ဒါကာမြို့မှာရှိတဲ့ သူ့ရဲ့ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါဟာ တောင်အာရှမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ကာလရှည်ကြာ ရာထူးယူခဲ့တဲ့ ဝန်ကြီးချုပ်တစ်ဦးရဲ့ အုပ်ချုပ်မှုလည်း မမျှော်လင့်ဘဲ အဆုံးသတ်မှု ဖြစ်သွားပါတယ်။
နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ကြီးကြပ်ခဲ့သူဖြစ်တာကြောင့် မစ္စဟာစီနာဟာ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုအစမှာ ဒီမိုကရေစီလိုလားသူအဖြစ် အမွှမ်းခံရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ တစ်ဦးတည်း နိုင်ငံကို အုပ်စိုးသူအဖြစ်၊ သူ့အုပ်ချုပ်မှုကို ဆန့်ကျင်သူတွေကို နှိမ်နင်းတဲ့သူအဖြစ် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ စွပ်စွဲခံလာရပါတယ်။
ဇန်နဝါရီလတုန်းကတော့ သူဟာ ဝန်ကြီးချုပ် သက်တမ်း ၄ ကြိမ်မြောက်အဖြစ် ပြန်လည်ရွေးကောက်ခံရပြီး အဲဒီရွေးကောက်ဟာလည်း အယောင်ပြရွေးကောက်ပွဲအဖြစ် အကဲခတ်တွေက သုံးသပ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို အဓိက အတိုက်ခံတွေကလည်း မပါဝင်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
ရှိတ်ဟာဆီနာ ဘယ်လို အာဏာရလာခဲ့လဲ
အရှေ့ဘင်္ဂလားပြည်နယ်က မွတ်ဆလင် မိသားစုကနေ ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မစ္စ ဟာစီနာဟာ မွေးကတည်းက နိုင်ငံရေးသွေး ပါဝင်လာသူဖြစ်ပါတယ်။
သူ့ဖခင်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ''နိုင်ငံ့ဖခင်'' လို့ သိကြတဲ့ နိုင်ငံကို ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်လက်အောက်ကနေ လွတ်လပ်ရေးရအောင် စွမ်းဆောင်ခဲ့သူ ရှိတ် မူဂျီဘာ ရာမန်ဖြစ်ပြီး နိုင်ငံ့ပထမဆုံး သမ္မတလည်း ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီအချိန်တုန်းက မစ္စဟာဆီနာ ဟာ ဒါကာ တက္ကသိုလ်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့ ဂုဏ်သတင်းရှိနှင့်နေ ပြီး ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်မှာ စစ်အာဏာသိမ်းမှုဖြစ်တဲ့အခါ သူ့ဖခင်ဟာ မိသားစုဝင်အများစုနဲ့အတူ လုပ်ကြံခံခဲ့ရပါတယ်။ မစ္စဟာစီနာနဲ့ သူ့ရဲ့ ညီမငယ်တို့ပဲ ပြည်ပရောက်နေတာကြောင့် လုပ်ကြံမှုကနေ အသက်ဘေး လွတ်ခဲ့တာပါ။
အိန္ဒိယမှာ တိမ်းရှောင်နေခဲ့ပြီးနောက်မှာတော့ မစ္စဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၉၈၁ ခုနှစ်မှာ ပြန်လာပြီး သူ့ဖခင် ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးပါတီ အဝါမီ လိဂ်ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။
သူဟာ ဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက်အာရှတ်ရဲ့ စစ်အုပ်ချုပ်မှုရှိနေချိန်မှာ တခြားနိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းပြီး လမ်းပေါ်မှာ ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။ လူထုထောက်ခံမှုရခဲ့တဲ့ အဲဒီ ဆန္ဒပြပွဲတွေကနေတဆင့် မစ္စ ဟာဆီနာ ဟာ ထင်ရှားတဲ့ လူထုခေါင်းဆောင်တစ်ဦး မြန်မြန်ဆန်ဆန်ဖြစ်လာပါတယ်။
၁၉၉၆ ခုနှစ်မှာတော့ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ရွေးကောက်ခံရပါတယ်။ အိန္ဒိယနဲ့ ရေမျှသုံးနိုင်ရေး လက်မှတ်ရေးထိုးနိုင်တာ၊ နိုင်ငံအရှေ့တောင်ပိုင်းက တိုင်းရင်းသားခွဲထွက်ရေးသမားတွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်နိုင်ခဲ့တာတွေအတွက် ချီးမွမ်းခံခဲ့ရပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့အစိုးရဟာ အဂတိလိုက်စားမှုမကင်းတဲ့ စီးပွားရေးသဘောတူညီချက်တွေကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရသလို အိန္ဒိယကို အလျှော့ပေးလိုက်လျောလွန်းတယ်လို့ ဝေဖန်တာတွေ ခံရပါတယ်။
သူဟာ အရင်က သူ့ရဲ့နိုင်ငံရေးမဟာမိတ်ဖြစ်ပြီး နောက်ပိုင်းမှာ ပြိုင်ဘက်ဖြစ်လာတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) ခေါင်းဆောင် ဘီဂမ် ခါလီဒါ ဇီယာကို ၂၀၀၁ ခုနှစ် ရွးကောက်ပွဲမှာ ရှုံးခဲ့ပါတယ်။
အစဥ်အလာကြီးတဲ့ နိုင်ငံရေးမျိုးဆက်တွေကနေ ဆင်းသက်လာသူတွေဖြစ်တာကြောင့် နှစ်ဦးစလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို ဆယ်စုနှစ် ၃ ခုကျော်အထိ လွှမ်းမိုးခဲ့ကြသူတွေဖြစ်ပြီး သူတို့ကို ''ယှဥ်ပြိုင်နေကြတဲ့ ဘီဂမ်တွေ'' လို့ ရည်ညွှန်းကြပါတယ်။ ဘီဂမ်ဆိုတာ မျိုးရိုးကြီးတဲ့ မွတ်ဆလင်အမျိုးသမီး တစ်ဦးကို ရည်ညွှန်းတာဖြစ်ပါတယ်။
အကဲခတ်တွေကတော့ သူတို့နှစ်ဦးရဲ့ခါးသီးလှတဲ့နိုင်ငံရေးပြိုင်ဆိုင်မှုဟာ နိုင်ငံထဲမှာ ဘတ်စ်ကားဗုံးပေါက်တာတွေ၊ လူပျောက်တာတွေနဲ့ တရားခွင်မဲ့သတ်ဖြတ်မှုတွေဟာ ပုံမှန်ဆိုသလို ပေါ်ထွက်လာစေတဲ့အထိ ဦးတည်ခဲ့တယ်လို့ ပြောပါတယ်။
မစ္စဟာဆီနာ ဟာ ၂၀၀၉ ခုနှစ်မှာ ကြားဖြတ်အစိုးရအောက်မှာကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ အာဏာပြန်ရပါတယ်။
နိုင်ငံရေး ရေစုန်ရေဆန်ခရီးကြမ်းကို ဒဏ်ခံနိုင်ခဲ့သူလို့ဆိုရလောက်အောင် သူဟာ အတိုက်အခံဘဝမှာ အကြိမ်ကြိမ်ဖမ်းဆီးခံရတာနဲ့ သူ့ကိုလုပ်ကြံဖို့ကြိုးပမ်းမှုကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းမှုတစ်ခုကြောင့် အကြားအာရုံပျက်စီးခဲ့ပါတယ်။
သူဟာ ပြည်ပထွက်ပြေးအောင်တွန်းပို့တဲ့ လုပ်ရပ်တွေကနေလည်း ရုန်းထွက်နိုင်ခဲ့သလို အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း တရားရုံးတက်ခဲ့ရတာတွေ အကြိမ်ကြိမ်ကြုံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ ဘာတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့လဲ
မစ္စဟာဆီနာ အုပ်ချုပ်မှုအောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အကောင်းအဆိုး ဒွန်တွဲမှု ပုံရိပ်တွေလည်း ရှိနေပါတယ်။ မွတ်ဆလင်အများစုနေထိုင်တဲ့ တစ်ချိန်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဟာ ၂၀၀၉ ခုနှစ်ကတည်းက စတင်တဲ့သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ ယုံကြည်ကိုးစားလောက်စရာ စီးပွားရေး အောင်မြင်မှုတွေရှိထားပါတယ်။
အခုဆို ဘင်္ဂလားဒေ့ရှ်ဟာ အိမ်နီးချင်း အင်အားကြီးနိုင်ငံကြီး အိန္ဒိယကိုတောင်ကျော်ပြီး ဒေသတွင်းမှာ စီးပွားရေး အလျင်အမြန်တိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တစ်ဦးချင်းဝင်ငွေ ၃ ဆအထိ မြင့်တက်လာပြီး ကမ္ဘာ့ဘဏ်ကတော့ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်းမှာ လူသန်းပေါင်း ၂၅ သန်းကို ဆင်းရဲတွင်းကနေ ဆွဲတင်နိုင်ခဲ့တယ်လို့ ခန့်မှန်းပါ တယ်။
ဒီတိုးတက်မှုကို အဓိက ဖြစ်ထွန်းစေခဲ့တာကတော့ အထည်ချုပ်လုပ်ငန်းတွေကြောင့်ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ဘင်္ဂလားဒေ့ရှ်ကနေ စုစုပေါင်း ပြည်ပပို့ကုန်အများဆုံးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မြန်ကြီးထွားလာပြီး ဥရောပ၊ မြောက်အမေရိကနဲ့ အာရှစျေးကွက်တွေဆီ တင်ပို့ပေးနေရပါတယ်။
နိုင်ငံပိုင်ရန်ပုံငွေတွေ၊ ချေးငွေတွေနဲ့ ဖွံ့ဖြိုးရေးရာအကူအညီတွေကို အသုံးပြုပြီး မစ္စ ဟာစီနာရဲ့ အစိုးရဟာ ကြီးမားတဲ့အခြေခံအဆောက်အအုံ စီမံကိန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂင်္ဂါမြစ်ကို ဖြတ်တဲ့ ဒေါ်လာ ၂.၉ ဘီလျံတန် ပတ်ဒမာ တံတားစီမံကိန်းလည်း ပါဝင်ပါတယ်။
သူနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ဘာတွေရှိလဲ
အခုနောက်ဆုံးဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာ မစ္စဟာဆီနာ တစ်ယောက် ဝန်ကြီးချုပ်ရာထူး ယူပြီးကတည်းကဆိုရင် အကြီးမားဆုံးကြုံရတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ အငြင်းပွားဖွယ် အဖြစ်ဆုံး ရွေးကောက်ပွဲမှာ ပြန်လည်ရွေးကောက်ခံရပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ရာထူးကနေ နုတ်ထွက်ပေးဖို့ သူ့ကို တောင်းဆိုမှု မြင့်လာနေပေမဲ့ ရာထူးကို ဆက်ပြီးယူထားခဲ့ပါတယ်။ သွေးထိုးလှုံ့ဆော်သူတွေကို ''အကြမ်းဖက်သမားတွေ'' လို့ သူက ရှုတ်ချပြောဆိုပြီး ''ဒီအကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသားနှိမ်နင်း'နိုင်ရေး" အတွက် ထောက်ခံမှုပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူ ရာချီပြီးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ရာနဲ့ချီတဲ့သူတွေကိုလည်း အမှုတပ်တရားစွဲဆိုခဲ့ပါတယ်။
ဒါကာမြို့နဲ့ နိုင်ငံ့တခြားနေရာတွေမှာ အခုနောက်ဆုံးဖြစ်တဲ့ မတည်ငြိမ်မှုဟာ အစိုးရဝန်ထမ်းအလုပ် ကိုတာ ဖယ်ထားပေးတာကို ဖျက်သိမ်းပေးဖို့ တောင်းဆိုရာကနေ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပိုကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလာတာဖြစ်ပါတယ်။
ကပ်ဘေးကာလဖြစ်ချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်ဟာ လူမှုဘဝ နေထိုင်ကုန်ကျ စရိစရိတ်မြင့်တက်မှုမှာ အကျပ်အတည်းတွေ ဖြစ်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး ပြည်ပအရန်ငွေတွေလည်း ကျဆင်းခဲ့တာကြောင့် ပြည်ပအကြွေးဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ၂ ဆ မြင့်တက်ခဲ့ပါတယ်။
အကဲခတ်တွေကတော့ မစ္စဟာဆီနာ အစိုးရဲ့ လွဲမှားတဲ့စီမံခွန့်ခွဲမှုကြောင့်လို့ အပြစ်ဖို့ ပြီး အရင်က ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး တိုးတက်မှုတွေဟာ တွေ့နေကျ အဂတိလိုက်စားမှုတွေကြောင့် မစ္စဟာဆီနာရဲ့ အဝါမီပါတီနဲ့ နီးစပ်သူတွေ အတွက်သာဖြစ်ခဲ့တယ်လို့ ဝေဖန်ပါတယ်။
နိုင်ငံရဲ့ တိုးတက်မှုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရင်းစားပေးဆပ်လိုက်ရတယ်လို့ အကဲခတ်တွေက သုံးသပ်ပြီး မစ္စဟာစီနာရဲ့ အစိုးရဟာ သူ့ရဲ့ နိုင်ငံရေးဆန့်ကျင်ဘက်တွေ၊ သူ့ကို ပြစ်တင်ဝေဖန်သူတွေနဲ့ မီဒီယာတွေကို အာဏာရှင်ဆန်ဆန် ဖိနှိပ်ရေး လုပ်ဆောင်ခဲ့တယ်လို့ သူတို့က စွပ်စွဲပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မစ္စဟာဆီနာ တို့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လတွေအတွင်းမှာတော့ အတိုက်အခံ BNP ပါတီက ထိပ်ပိုင်းခေါင်းဆောင် အများစုဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့အတူ ဖမ်းဆီးခံရပါတယ်။ ဒါဟာ တစ်ချိန်က ပါတီစုံ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်က အာဏာရှင်ဖြစ်သွားတဲ့ ကြီးမားတဲ့ အပြောင်းအလဲပဲလို့ လေ့လာသူတွေက ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ၂၀၀၉ ခုနှစ်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ လူတွေ အစဖျောက် ပျောက်ဆုံးမှုတွေနဲ့ တရားခွင်မဲ့သတ်ဖြတ်မှုတွေလို အမှုပေါင်း ရာနဲ့ချီရှိတဲ့ အပေါ် စိုးရိမ်ကြောင်း ပြောကြပါတယ်။
မစ္စဟာစီနာရဲ့ အစိုးရကတော့ ဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့ရှိနေတယ်ဆိုတဲ့ အခုလို စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်တွေကို စုံစမ်းဖော်ထုတ် သတင်းရေးသားချင်တဲ့ ပြည်ပသတင်းထောက်တွေကိုလည်း ဝင်ရောက်ခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့ပါတယ်။









