လူမှုကွန်ရက်တွေ ပိတ်ပင်မှုနဲ့ နီပေါက Gen Z ဆန္ဒပြပွဲ

အပြာရောင် ကျောင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးငယ်တစ်ဦး ကြွေးကြော်နေတဲ့ပုံ၊ သူ့ အနောက်မှာတော့ လူအချို့တွေ့ရပြီး သူတို့ကို စက်တင်ဘာလ ၈ ရက် ၂၀၂၅ ခုနှစ်မှာ မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ဘီဘီစီသတင်း နီပေါဘာသာစကားဌာန
    • ရေးသားသူ, အီဖီခါဟမ်
    • ရာထူးတာဝန်, တောင်အာရှသတင်းဆိုင်ရာဌာန၊ ဘီဘီစီကမ္ဘာတလွှား
  • ဖတ်ရန်အချိန်: မိနစ် ၅

နီပေါနိုင်ငံမှာ အစိုးရက လူမှုကွန်ရက်တွေကို ပိတ်ပင်လိုက်တာနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို နိုင်ငံတလွှားမှာ လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေ ထွက်ပေါ်နေပါတယ်။

Gen Z တွေအများစုပါဝင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပို့်စ်ကတ်တွေ၊ ကြွေးကြော်သံတွေ ကိုင်ဆွဲလို့ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။ မြို့တော်ခေတ္တမန္တူ တစ်လျှောက် ဆန္ဒဖော်ထုတ်မှုတွေဟာ ပိုပြင်းထန်လာပြီး လူသေဆုံးတဲ့အထိ ဖြစ်လာပါတယ်။

ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ထိပ်တိုက်တွေ့လို့ သေဆုံးသူ အနည်းဆုံး ၁၉ ဦးရှိလာပြီး နောက်ထပ် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရထားပါတယ်။

အဖြူရောင်နံရံတွေနဲ့ အလံတိုင်တွေနောက်ခံတဲ့လူငယ် အမျိုးသားတစ်ဦး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၈ ရက်မှာ မတ်တပ်ရပ်နေတာတွေ့ရပါတယ်။ သူဟာ အလံတစ်ခုနဲ့ ပိုစတာ တစ်ခုကို ကိုင်ထားတာတွေ့ရပါတယ်။ နောက်ထပ်တစ်ယောက်ကလည်း သူရှိနေတဲ့ပလက်ဖောင်းပေါ်ကို တက်ဖို့ ပြင်နေပါတယ်။ သူတို့အောက်မှာတော့ လူအုပ်နဲ့ပြည်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC News Nepali

ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက် ပိတ်ပင်မှုနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကြောင့် လူငယ်တွေက ဆန္ဒပြပွဲတွေ ဦးဆောင်လုပ်ခဲ့အပြီးမှာ ထိပ်တိုက်တွေ့တာတွေဖြစ်နေပါတယ်

ဆန္ဒပြပွဲတွေအတွင်း လူတွေ သေဆုံးခဲ့တဲ့ဖြစ်ရပ်တွေကို ''လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့'' လူ့အခွင့်အရေးအဖွဲ့ Amnesty International အဖွဲ့က ပြောထားပါတယ်။

ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်အသုံးပြုခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပြီး ဆန္ဒပြသူတွေဟာ ကျည်အစစ်တွေကြောင့် ရတဲ့ဒဏ်ရာတွေနဲ့ ရောက်လာကြတယ်လို့ ဆရာဝန်တွေက ဘီဘီစီ နီပေါ ဘာသာစကားဌာနကို ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ လွှတ်တော်အဆောက်အဦထဲဝင်ဖို့ နံရံတွေကို ကျော်တက်တဲ့ဆန္ဒပြသူတွေနဲ့ တခြားအစိုးရအဆောက်အဦတွေကို တွယ်တက်ဖို့ ကြိုးပမ်းတဲ့ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေကို သုံးပြီး ဖြိုခွင်းခဲ့ပါတယ်။

မော်တော်ဆိုင်ကယ် ဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ဦး အပြာရောင် ဘောင်းဘီနဲ့ အဖြူရောင် တီရှပ်ကို ဝတ်ပြီး ပြေးနေ၊ သူ့နောက်မှာတော့ မီးခိုးငွေ့တွေနဲ့ ရေတွေကြားထဲ ဖြတ်ပြေးနေ။ သူ့နောက်မှာ လူငယ်အများစုပါတဲ့ လူအုပ်ရှိနေ၊ အနက်ရောင် အင်္ကျီ လက်ရှည် ဝတ် အမျိုးသားတစ်ဦးဟာ ရှေ့မှာ ဖောဂရောင်းအနေနဲ့ ကင်မရာကို ကြည့်နေ

ဓာတ်ပုံ ရင်းမြစ်, BBC News Nepali

ဓာတ်ပုံ ပုံစာ, ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေနဲ့ ရေပိုက်တွေသုံးပြီး ခေတ္တမန္ဒူမြို့က ဆန္ဒပြသူတွေကို ဖြိုခွင်း

နီပေါမှာ ဘယ်လူမှုကွန်ရက်တွေကို ပိတ်ပင်ထားလဲ

သောကြာနေ့တုန်းကတော့ နီပေါအစိုးရဟာ အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး လူမှုကွန်ရက် ပလက်ဖောင်း ၂၆ ခုကို ပြည်တွင်းမှာ ပိတ်လိုက်ပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီတွေ အနေနဲ့လည်း နီပေါအစိုးရ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ကိုလည်း သတ်မှတ်လိုက်ပါတယ်။

တားမြစ်တဲ့လူမှုကွန်ရက်တွေဟာ WhatsApp ၊ Facebook ၊ Instagram နဲ့ YouTube တို့ ဖြစ်ပါတယ်။ တစ်တော့နဲ့ ဗိုက်ဗာတို့ကတော့ နီပေါနိုင်ငံထဲ တနင်္လာနေ့အထိ အသုံးပြုလို့ရနေပါသေးတယ်။

ကျောင်းဝတ်စုံဝတ်ထားတဲ့အမျိုးသမီးငယ်လေးတွေ ခေတ္တမန္ဒူမြို့ လွှတ်တော်အပြင်ဘက်မှာ စက်တင်ဘာလ ၈ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်။ ဝိုင်းပတ်တဲ့ ပုံစံ ဝန်းရံနေကြပြီး ဆန္ဒပြသူတွေက သူတို့ကို ဝန်းရံထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခေတ္တမန္ဒူမြို့က နီပေါလွှတ်တော်အပြင်ဘက်မှာ တနင်္လာနေ့က ဆန္ဒပြနေကြသူတွေထဲမှာ ကျောင်းသူ မိန်းကလေးငယ်တွေလည်း ပါဝင်နေပါတယ်

နီပေါအစိုးရကတော့ သတင်းမှားတွေ၊ အမုန်းစကားတွေနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းအရ လူမှုကွန်ရက်ပလက်ဖောင်းတွေကို ကြပ်မတ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အကဲခတ်တွေကတော့ လူမှုကွန်ရက်ကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လိုက်တာဟာ နိုင်ငံတော်ကို ဝေဖန် ဆန်းစစ်တာမျိုးလို အွန်လိုင်းက အကြောင်းအရာတွေကို ထိန်းချုပ် ဖယ်ရှားဖို့ လုပ်ပိုင်ခွင့်အာဏာရသွားမယ်လို့ ထောက်ပြပါတယ်။

နီပေါမှာ လူမှုကွန်ရက်အသုံးပြုသူ လူပေါင်း ၁၇ သန်းနီးပါးရှိပြီး အခုလိုတားမြစ်တာဟာ ဒီကွန်ရက်တွေအပေါ် ကြီးကြီးမားမား မီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်သွယ်ရေးအပေါ် ကြီးမားတဲ့ရိုက်ခတ်မှုရှိနေပါတယ်။

ဒီလူမှုကွန်ရက်တွေကို တားမြစ်တာဟာ ကြီးမားတဲ့ဆန္ဒပြပွဲတွေကို ထွက်ပေါ် လာစေဖို့ ဦးတည်ပေမဲ့ အဂတိလိုက်စားမှုနဲ့ နီးရာလူကို နေရာပေးတယ်ဆိုတဲ့မူရှိနေတယ်ဆိုပြီး နိုင်ငံထဲက လူငယ်ထုကြားထဲမှာ မကြေနပ်မှုတွေ ရှိနေပါတယ်။

၂၀၂၅ စက်တင်ဘာလ ၈ ရက်မှာ လမ်းပေါ် မီးလောင်နေမှုအခြေအနေနဲ့ သူ့နောက် ခပ်ဝေးဝေးမှာ လူအချို့ စုဝေးနေကြမှု

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ခတ္တမန္ဒူမြို့ လွှတ်တော် ပြင်ပမှာ ဆန္ဒပြမှုတစ်ခုအတွင်း ရဲဟန့်တားမှုနဲ့ မီးလောင်နေတဲ့ မြင်ကွင်း

ဘယ်သူတွေ ဆန္ဒပြနေကြတာလဲ

နီပေါ နိုင်ငံမှာ အခုတစ်ကြိမ် ဆန္ဒပြမှုတွေဟာ အရင်က ဖြစ်ဖူးတဲ့အခြေအနေနဲ့ မတူပါဘူး။ လူမှုကွန်ရက်မှာ အရင် ဆန္ဒဖော်ထုတ်တာတွေ ဖြစ်ခဲ့အပြီးမှာ နိုင်ငံ့လူငယ်ထုကြားမှာ ဆန္ဒပြပွဲပေါ်လာတာပါ။

ဆန္ဒပြသူတွေကတော့ သူတို့ကိုယ် သူတို့ ဂျန်ဇီး (Gen Z) တွေလို့ သုံးကြပါတယ်။ ဒီလူငယ်တွေဟာ အများအားဖြင့် ၁၉၉၇ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာမွေးဖွားတဲ့သူတွေ ဖြစ်ကြပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၈ ရက်မှာ နီပေါနိုင်ငံတော်အလံကို ခြုံထားတဲ့အမျိုးသားတေကို လမ်းပေါ်မှာ မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Bijay Gajmer

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူအများစုဟာ နီပေါနိုင်ငံ့အလံကိုခြုံ၊ အလံမှာပါတဲ့အရောင်တွေကို ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ကြ

ဂျန်ဇီဆိုတဲ့အသုံးအနှုန်းဟာ ဆန္ဒဖော်ထုတ်မှု တလျှောက်လုံးမှာ စုဝေးမှု သင်္ကေတဖြစ်နေပါတယ်။

ဒီဆန္ဒဖော်ထုတ်မှုတွေမှာ ဦးဆောင်သူ မရှိပေမဲ့ လူငယ်တွေပဲ စုဝေးပြီး စုပေါင်းအားအနေနဲ့ ဆန္ဒပြပွဲ လုပ်မယ့်နေရာ၊ စုရပ်နဲ့ ဆန္ဒပြပုံစံတွေကို အွန်လိုင်းမှာ လှုံ့ဆော်မှု၊ နောက်ဆုံးအခြေအနေတွေကို အွန်လိုင်းကနေ မျှဝေကြတာတွေ ရှိနေပါတယ်။

အဂတိမှုကို ဆန့်ကျင်တဲ့လူငယ်တွေလို့ အင်္ဂလိပ်လိုရေးထားတဲ့စာတန်းကို ကိုင်ဆောင်ထားတဲ့ လူ ၄ ဉီးကို စင်မြင့်ထက်မှာ မြင်တွေ့ရပါတယ်။ အဲဒီစာတန်းပေါ်မှာ ကျူအာ ကုတ် တစ်ခုကိုလည်း မြင်ရပါတယ်။ လူငယ်တွေကတော့ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်နေကြတာကိုတွေ့ရ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Gen Z တွေကပဲ ဆန္ဒပြပွဲကို ဦးဆောင်နေပါတယ်

နီပေါနိုင်ငံတလွှား မြို့ကြီးတွေက တက္ကသိုလ်တွေနဲ့ ကောလိပ်တွေက ကျောင်းသားတွေ ဆန္ဒပြပွဲမှာ ပါဝင်နေကြပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နေတဲ့ ရုပ်သံတွေမှာတော့ လူစုလူဝေး ချီတက်ပွဲတွေမှာ ကျောင်းသူကျောင်းသား ငယ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။

ဆန္ဒပြပွဲစီစဉ်သူတွေကတော့ ကျောင်းသားတွေအနဲ့ ကျောင်းဝတ်စုံဝတ်၊ စာအုပ်တွေသယ်ပြီး ဆန္ဒပြပွဲမှာပါဝင်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဆန္ဒပြသူတွေ ဘာတွေ တောင်းဆိုနေကြလဲ

လမ်းပေါ်မှာ ကင်မရာဘက်လှည့်ပြီးစကားပြောနေတဲ့ ဘီနု ကေစီကို တွေ့ရပါတယ်။ သူ့လည်ပင်းမှာတော့ နီပေါအလံကို ခြုံထားပါတယ်။ လူတွေ သူ့ဘေးနားကနေ ဖြတ်သွားတာတွေ့ရပြီး သူ့နောက်မှာ လူတစ် ယောက် ဆိုင်ကယ်စီးနေတာကိုလည်း မြင်ရ

ဓာတ်ပုံ ရင်းမြစ်, BBC News Nepali

ဓာတ်ပုံ ပုံစာ, အသက် ၁၉ နှစ်အရွယ် ဘီနု ကေစီကတော့ အဂတိလိုက်စားမှုကို ဆန့်ကျင်ဖို့ ဆန္ဒပြနေတာလို့ ဘီဘီစီ နီပေါဘာသာစကားဌာနကို ပြောပါတယ်

''နီပေါနိုင်ငံမှာ အဂတိလိုက်စားမှု အဆုံးသတ်တာကို ကျွန်မတို့ မြင်ချင်ပါတယ်'' လို့ ကောလိပ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ် ဘီနု ကေစီက ဘီဘီစီ နီပေါဘာသာစကားဌာနကို ပြောပါတယ်။

''ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲတွေတုန်းကတော့ ကတိပေးတာပါပဲ။ ဒါပေမဲ့ ကတိမတည်ကြဘူး။ သူတို့တွေကပဲ ပြဿနာအများစုအတွက် အရင်းခံပါပဲ'' လို့ ပြောပါတယ်။

လူမှုကွန်ရက် တားမြစ်ပိတ်ပင်မှုတွေဟာ သူ့ ပညာရေးကို အဟန်အတားဖြစ်စေပြီး အွန်လိုင်းသင်တန်းတွေ တက်ဖို့နဲ့ လေ့လာဖို့ အကြောင်းအရာတွေအတွက်လည်း အကန့်အသတ် ဖြစ်စေတယ်လို့ ပြောပါတယ်။

အပြာရောင် ကျောင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးငယ်တစ်ဦး ကြွေးကြော်နေတဲ့ပုံ၊ သူ့ အနောက်မှာတော့ လူအချို့တွေ့ရပြီး သူတို့ကို စက်တင်ဘာလ ၈ ရက် ၂၀၂၅ ခုနှစ်မှာ မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC News Nepali

ဓာတ်ပုံ ပုံစာ, ဆက်ဟာနာ ဘုသသိုခီ ကတော့ လူထုအသံ ချိုးနှိမ်ခံရလို့ ဆန့်ကျင်တာလို့ ဘီဘီစီ နီပေါ ဘာသာစကားဌာနကို ပြောပါတယ်

ဆက်ဟာနာ ဘုသသိုခီကတော့ အွန်လိုင်းမှာ အကြောင်းအရာ ဖန်တီးသူဖြစ်ပါတယ်။ သူက လူငယ်တွေရဲ့ စိတ်ဆန္ဒကို အခုလို ထင်ဟပ်ပြောဆိုပါတယ်။ ''Gen Z တွေကို ရပ်တန့်သွားအောင် လာလုပ်လို့မရဘူး''

''ဒီဆန္ဒပြပွဲဟာ လူမှုကွန်ရက်ကြောင့် ဆန္ဒပြတာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့အသံကို တိတ်သွားအောင် ပိတ်လို့မရဘူး။ ဒီဖြစ်အောင်လည်း ကျွန်မတို့က ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး''

ဆန္ဒပြသူတွေဟာ အင်္ဂလိပ်နဲ့ နီပေါလို ရေးထားတဲ့ စာရွက်တွေနဲ့ ကြွေးကြော်သံတွေကို ပရင့်ထုတ်ပြီး ကိုင်ထားကြတာကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်။ 'ကျွန်တော်တို့ အနာဂတ်ဟာ ရောင်းစားစရာမဟုတ်ဘူး'၊ 'အဂတိလိုက်စားမှု ချက်ချင်းရပ်'၊ စာသားတွေဟာ ကိုင်ဆောင်ကြတဲ့ကြွေးကြော်သံတွေထဲက အချို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Bikram Niraula

ဓာတ်ပုံ ပုံစာ, နိုင်ငံတလွှား ဆန္ဒပြသူတွေကတေ့ာ အိမ်ကနေ ပရင့်ထုတ်သယ်လာကြတဲ့ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြနေကြပါတယ်

ခေတ္တမန္ဒူမြို့မှာတော့ ဆန္ဒပြသူအများစုဟာ ကြွေးကြော်စာတွေ၊ ကြွေးကြော်စာတွေကိုင်ဆောင်ပြီး အပြောင်းအလဲအတွက် တောင်းဆိုနေကြပါတယ်။

သူတို့ တောင်းဆိုကြတဲ့အချက် ၂ ချက်ကတော့ ရှင်းပါတယ်။ ပထမ တစ်ချက်က အစိုးရအနေနဲ့ လူမှုကွန်ရက်ကို တားမြစ်ပိတ်ပင်ထားတာကို ဖယ်ရှားဖို့နဲ့ အရာရှိတွေအနေနဲ့ အဂတိလိုက်စားမှုဆိုင်ရာအမူအကျင့်တွေကို ရပ်တန့်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။

ဆန္ဒဖော်ထုတ်ကြသူတွေအများစုဟာ ကောလိပ်ကျောင်းသားတွေဖြစ်ပြီး လူမှုကွန်ရက်ကို ပိတ်ပင်မှုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ နိုင်ငံရေးသမားတွေကြား အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို ပြည်ဖုံးကားချဖို့ ကြိုးပမ်းမှုလို့ မှတ်ယူနေကြပါတယ်။

'Nepo Babies' ဆိုတာဘာလဲ၊ ဒီဆန္ဒပြမှုက တခြား ဘယ်ဆန္ဒပြမှုတွေနဲ့ဆက်နွှယ်လဲ

 'Gen Z'၊ 'Nepo babies' နဲ့ 'Nepo kids' ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြ

ဓာတ်ပုံ ရင်းမြစ်, BBC News Nepali

ဓာတ်ပုံ ပုံစာ, 'Gen Z'၊ 'Nepo babies' နဲ့ 'Nepo kids' ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြ

နီပေါနိုင်ငံမှာ အခုဖြစ်နေတဲ့ဆန္ဒပြပွဲတွေမှာ အွန်လိုင်းပေါ်မှာရော၊ မြေပြင်က ဆန္ဒဖော်ထုတ်ပွဲတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့စကားလုံးက "Nepo Baby" နဲ့ "Nepo Kids" ဆိုတဲ့ စကားစု ၂ ခုဖြစ်ပါတယ်။

ဒီစကားစုတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ လူမှုကွန်ရက်ပေါ်မှာ နာမည်ရလာတဲ့ စကားစုတွေဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေက သူတို့ရဲ့ အထက်တန်းကျကျ ဇိမ်ခံမှုဆန်ဆန် ဘဝတွေကို ပြသတဲ့ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးတဲ့နောက်မှာ အခုအသုံးတွေ ပျံ့လာတာလည်းဖြစ်ပါတယ်။

dozens of bikers line a road in front of residential buildings as people walk down a central median between the two lanes of the road, on 8 September 2025

ဓာတ်ပုံ ရင်းမြစ်, BBC / Ishwor Joshi

ဓာတ်ပုံ ပုံစာ, စက်တင်ဘာလ ၈ ရက်က ဆန္ဒပြပွဲမှာ ဆိုင်ကယ်သမားတွေလည်း ပါဝင်ခဲ့ကြ

ဆန္ဒပြသူတွေကတော့ ဒီလူပုဂ္ဂိုလ် တစ်ဦးချင်း တစ်ယောက်ချင်းစီဟာ သာမန် နီပေါနိုင်ငံသားတွေ ရုန်းကန်နေရချိန်မှာ လူထု ပိုက်ဆံကို အားမနာတမ်း ဇိမ်ခံသုံးပြီး အောင်မြင်ကြောင်းပြနေကြတာလို့ ပြောပါတယ်။

တစ်တော့နဲ့ အင်စတာဂရမ်က လူကြည့်များတဲ့ရုပ်သံတွေမှာ မြင်ရတဲ့နိုင်ငံရေးမိသားစုဝင်ရဲ့ ဒီဇိုင်နာ အဝတ်အစားတွေ ဝတ်ဆင်မှု၊ ပြည်ပခရီးသွားတာတွေနဲ့ ဇိမ်ခံကားတွေလို ဖောဖောသီသီ သုံးစွဲနေတဲ့မြင်ကွင်းတွေဟာ လက်တွေ့ဘဝမှာ နီပေါ လူငယ်တွေကြုံနေရတဲ့ အလုပ်မဲ့မှု၊ ပြင်ပ ထွက် ရွှေ့ပြောင်းရမှုတွေနဲ့ လားလားကြီး ဆန့်ကျင်နေပါတယ်။

ကြွေးကြော်မှုတွေဟာ နိုင်ငံထဲက တန်းတူမညီမျှမှုတွေကို အားမလိုအားမရဖြစ်မှုတွေကိုလည်း နက်နက်ရှိုင်းရှိုင်း ထင်ဟပ်နေပါတယ်။

လွှတ်တော်နဲ့ နိုင်ငံတလွှားမှာ ဘာတွေဖြစ်နေလဲ

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၈ ရက် မှာ ခေတ္တမန္ဒူမြို့ လွှတ်တော် အဆောက်အဉီ အပြင်ဘက်မှာ ဆန္ဒပြမှု။ အမျိုးသားတစ်ယောက်ဟာ ခြံစည်းကိုကို ကျော်တက်ဖို့ ကြိုးစားနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခေတ္တမန္ဒူမြို့လွှတ်တော်အပြင်ဘက်က ဆန္ဒပြပွဲ

ခေတ္တမန္ဒူမြို့တော်မှာတော့ ဆန္ဒပြသူအချို့ဟာ လွှတ်တော် ပရဝုဏ်အတွင်းအထိ ဝင်ရောက်ဖို့ ကြိုးပမ်းနေပါတယ်။

ပြည်ထောင်စုလွှတ်တော် ဝင်းထဲမှာ မီးရှို့တာနဲ့ ဖျက်လိုဖျက်ဆီးလုပ်ထားတာတွေလည်း တွေ့ရတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။

နီပေါ ဆက်သွယ်ရေးဝန်ကြီး ပရီသီ ဆပ်ဘာကတော့ ရဲဟာ အင်အားသုံးမှဖြစ်မယ့် အခြေအနေလို့ ဘီဘီစီ နီပေါဘာသာစကားဌာနကို ပြောပါတယ်။

အခြေအနေ ပြန်ထိန်းချုပ်နိုင်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကြိုးပမ်းလို့ ဆန္ဒပြသူတွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

ဒဏ်ရာရသူအများစုကို ဆေးရုံပိုခဲ့ရတာကြောင့် ဆေးရုံတွေ အရှေ့မှာ အရပ်သားတွေ လူစုလူဝေးဖြစ်ခဲ့ပါတယ်။

ဘီဘီစီ နီပေါဘာသာစကားဌာနက ဆရာဝန်တွေနဲ့ စကားပြောကြည့်တဲ့အခါ ဒဏ်ရာရသူတွေဟာ ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ ရတဲ့ဒဏ်ရာတွေနဲ့ ရာဘာကျည်တွေကြောင့် ရတဲ့ဒဏ်ရာတွေ ရှိတယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဘက်ကတော့ ရဲတပ်ဖွဲ့ဝင်အတော်များများလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အချက်အခြာကျတဲ့အစိုးရအဆောက်အဦတွေ ဝန်းကျင်မှာ ညမထွက်ရ အမိန့် ထုတ်ထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။

ပခုံးပေါ်မှာ နီပေါ နိုင်ငံတော် အလံခြုံထားတဲ့အမျိုးသားအချို့်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်။ ဆန္ဒပြသူအချို့ဟာ ကြွေးကြော် ပိုစတာတွေ ကိုင်ထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Bikram Niruala

ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲတွေ နိုင်ငံတလွှားပျံ့နှံ့ခဲ့

နီပေါနိုင်ငံက တခြားမြို့ကြီးတွေမှာလည်း ဆန္ဒပြလူစုလူဝေးတွေဟာ ဆန္ဒဖော်ထုတ်သူတွေနဲ့ ရဲတွေကြားထိပ်တိုက်တွေ့လို့ အကြမ်းဖက်အသွင်ဆောင်ခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းက အီတာဟာရီမြို့မှာ ရဲက ပစ်ခတ်လို့ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့တယ်လို့ အဲဒီကို ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ရဲအပြောကို ကိုးကားပြီး ပြောပါတယ်။

ဒါကြောင့် အဲဒီမှာ ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာရန်မြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံထဲက တခြားတစ်နေရာတွေမှာလည်း ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြသူတွေထဲ လူငယ်အင်အား အများစု ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေကြားထဲ လူငယ်အင်အားက အများစုပါဝင်
ခေတ္တမန္ဒူမြို့ လွှတ်တော် အရှေ့မှာတော့ ဆန္ဒပြသူတွေကို နီပေါ လက်နက်ကိုင်ရဲတပ်ဖွဲ့က လုံခြုံရေးယူခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ခေတ္တမန္ဒူမြို့ လွှတ်တော် အရှေ့မှာတော့ ဆန္ဒပြသူတွေကို နီပေါ လက်နက်ကိုင်ရဲတပ်ဖွဲ့က လုံခြုံရေးယူခဲ့

ဒီတော့ ဘာဆက်ဖြစ်နိုင်လဲ

Gen Z အများစုပါဝင်တဲ့ ဆန္ဒပြသူတွေကတော့ သူတို့တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး အလျှော့ပေးတဲ့ပုံမပေါ်သေးပါဘူး။ ပြီးတော့ သူတို့ ဆန္ဒပြတောင်းဆိုမှုတွေဟာ အွန်လိုင်းမှာရော မြေပြင်မှာပါ အရှိန်အဟုန်ကောင်းနေပါတယ်။

အကဲခတ်တွေကတော့ အစိုးရအနေနဲ့ အဓိပ္ပါယ်ပြည့်ပြည့်ဝဝနဲ့ ထိတွေ့ ကိုင်တွယ်ပြောဆိုတာမျိုး မလုပ်ဘူးဆိုရင် ဆန္ဒပြပွဲတွေ ဒီထက်ပိုပြီး မြင့်တက်လာနိုင်တယ်လို့ သတိပေးပါတယ်။

နီပေါ အလံကိုင်ထားတဲ့ အမျိုးသမီးငယ်တစ်ဉီး လက်ဆန့်တန်းကြွေးကြော်နေတာကို စက်တင်ဘာလ ၈ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ် သူ့နောက်မှာတော့ လမ်းဆုံလမ်းခွဖြစ်ကြောင်းပြတဲ့ အဝါရောင် မျဉ်းတွေနဲ့ ဆန္ဒပြသူတွေ မတ်တပ်ရပ်နေကြ

ဒီသတင်းကို ဘီဘီစီ သတင်း နီပေါဘာသာစကားဌာနက ပန်နင်ဒရာ ဒါဟယ်၊ ဘီဘီစီသတင်းက အေမီ ဝေါ်ကာနဲ့ ဘီဘီစီကမ္ဘာတလွှားက အန်ဒရူး ဝက်ဘ်တို့ ပါဝင်ရေးသားပါတယ်။