ပညာလို အိုသည်မရှိ - နီပေါက အသက် ၈၀ ကျောင်းသူအဘွား

အသက် ၈၀ ရှိပြီဖြစ်တဲ့ အဘွား ရတ်တနာကုမာရီ ဆူနုဝါဟာ နီပေါနိုင်ငံ အရှေ့ဖျားမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ ရမ်ချာ့ပ် ခရိုင်အတွင်းမှာ ရှိတဲ့ ရွာလေး တရွာက ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ပညာသင်ကြားဖို့ အခွင့်အရေး မရခဲ့ပါဘူး။
ငယ်ရွယ်စဉ် အခါက သူဟာ မိသားစုအတွက် အထောက်အကူဖြစ်ဖို့ တောင်ယာ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ရသလို အရွယ်ရောက်လာပြီးနောက်မှာလည်း အိမ်ထောင်သည် တယောက်ဖြစ်လာခဲ့ပြီး ရင်သွေးတွေနဲ့ အိမ်ထောင့်တာဝန်တွေကို ယူခဲ့ရပါတယ်။
လူငယ်တွေ အားကျစေဖို့
သူ့ ရင်သွေးတွေ အရွယ်ရောက်လာချိန်မှာတော့ သူငယ်စဉ်က မလုပ်နိုင်ခဲ့တဲ့ အရာကို တစ်ကျော့ပြန် အကောင်အထည် ဖော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကတော့ ကျောင်းပြန်တက်တာ ပညာရေးခရီးလမ်းကို တစ်ကျော့ပြန် လှမ်းလိုက်တာပဲ ဖြစ်ပါတယ်။ သူကတော့ ပညာသင်တာက အလုပ်ရှာဖို့ အတွက် မဟုတ်ဘူးလို့ ဆိုပါတယ်။ ပညာရေး တစ်ပိုင်းတစနဲ့ ကျောင်းထွက်ထားကြရတဲ့ လူငယ် လူရွယ် ဆယ်ကျော်သက်လေးတွေ အားကျ အတုယူနိုင်ကြစေလိုတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ အဘွား ရတ်တနာကုမာရီ ဆူနုဝါက ပြောပါတယ်။
အဘွားက သူ့အကြောင်းကို အခုလိုပြောပြပါတယ်၊ သူ့ကို ခတ္တမန္ဒူ မြို့တော်ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၅၀ အကွာလောက်မှာ ရှိတဲ့ ရမ်ချာ့ပ် ခရိုင်ထဲမှာ မွေးခဲ့တယ်။ သူငယ်စဉ်က မိသားစု စားဝတ်နေရေးအတွက် တောင်ယာလုပ်၊ ကုန်ပစ္စည်းတွေကို တောင်တက် တောင်ဆင်းသယ်ပိုးရင်းနဲ့ အလုပ်တွေနဲ့ အချိန်ကုန်ပြီး ကျောင်းတက်ဖို့ ပျက်ကွက်ခဲ့ရတဲ့ အကြောင်း ပြောပါတယ်။
စာသင်ခန်းသို့ တစ်ကျော့ပြန်ခရီး
အချိန်ကာလတွေ ကြာခဲ့ပြီးနောက်မှာတော့ သူ့မိသားစုက ခတ္တမန္ဒူမြို့တော်ကို ပြောင်းရွှေ့ပြီး အဲဒီမှာပဲ အိမ်ဝယ်ကာ အခြေချခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အဘွား ရတ်တနာကုမာရီ ဆူနုဝါက သူ့အဖို့ အချိန်တွေကို အလဟဿ ဖြုန်းပစ်သလို ဖြစ်နေတယ်လို့ ခံစားမိလာတဲ့ အကြောင်း ပြောပါတယ်။ ဒါနဲ့ ကျောင်းတက် ပညာသင်ရရင် ကောင်းမလား လို့ တွေးမိလာပါတယ်။ ဒါနဲ့ သူလည်း သက်ကြီး ပညာသင်ကျောင်း တခုမှာ သွားတက်ဖြစ်ပါတော့တယ်။
အဘွားက သူဟာ ဒီအသက် ဒီအရွယ်ရောက်တဲ့ အထိ ပညာသင်ယူနိုင်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်းမှာဆို အစိုးရစစ် ၁၀ တန်းစာမေးပွဲကို ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၁ တန်းစာမေးပွဲကို ဆက်လက် အောင်မြင်ခဲ့ပါတယ်။ အခုဆို အဘွားဟာ ၁၂ တန်း စာမေးပွဲ ဖြေဆိုနေပြီ ဖြစ်ပါတယ်။
ပညာလို အိုသည်မရှိ
အဘွား ရတ်တနာကုမာရီ ဆူနုဝါက ပညာလို အိုသည်မရှိဆိုတဲ့ စကားအတိုင်း အသက်အရွယ်ကြောင့် ပညာရေးမှာ အတားအဆီးမရှိနိုင်ပါဘူးလို့ ယုံကြည်ကြောင်းပြောပါတယ်။
အသက်ကြီးနေပြီ ဖြစ်လို့ ပညာသင်ဖို့ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်ကြောင့်ကြနေတာမျိုးက အဓိပ္ပာယ်မရှိပါဘူးလို့ ဆိုပါတယ်။ သူ့ကို ဆိုရင်လည်း အစပိုင်းမှာ လူတွေက ခနဲ့သလို လှောင်သလို ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအရွယ်ကြီး ရောက်မှ ကျောင်းတက်နေသလား၊ အိမ်မှာပဲ အေးအေးဆေးဆေးလေးနေပြီ နေပူစာ လှုံနေတာကမှ ပိုကောင်းဦးမယ် စသည်ဖြင့် ပြောခဲ့ကြတယ်လို့ အဘွားက ပြောပါတယ်။
သူ့အနေနဲ့ ပညာတတ်သူနဲ့ ပညာရေး အားနည်းသူတွေအကြား ကွာဟချက် ကြီးကြီးမားမား ရှိတယ်ဆိုတာကိုလည်း သိနားလည်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပညာသင်ကြား ခွင့်ရခြင်းကြောင့် အမှန်နဲ့ အမှား၊ အကောင်းနဲ့ အဆိုး ပိုပြီး ခွဲခြားတတ်လာခဲ့ရတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီးလည်း ပညာသင်ယူသွားချင်သေးတယ် ဒါပေမဲ့ မျက်စိက သိပ်မကောင်းတော့ဘူးလို့ အဘွား ရတ်တနာကုမာရီ ဆန်နုဝါက ပြောပါတယ်။








