"ရုပ်ရှင်တွေထဲက ရာဇဝတ်မှုလိုပဲ'' - နီပေါက သက်ငယ်အမျိုးသမီးတွေ မျိုးဥ ကုန်ကူးခံရမှု

- ရေးသားသူ, ဖန်နင်ဒရာ ဒါဟယ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း နီပေါ
- ရေးသားပေးပို့သည့်နေရာ, ခတ္တမန္ဒူ
နီပေါရဲ့ မြို့တော် ခေတ္တမန္ဒူမှာနေတဲ့ ခွန်စမ်ဟာ အသက် ၁၇ နှစ်အရွယ် သူ့ ညီမ ဒေါ်လ်မာရဲ့ ဆိုရှယ်မီဒီယာ အကောင့်နဲ့ ဖုန်းကို ရံဖန်ရံခါ စောင့်ကြည့်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ခွန်စမ်ကို အာရုံမလွှဲနိုင်ဖြစ်စေခဲ့တာက ညီမဖြစ်သူ ဒေါ်လ်မာရဲ့ စနက်ချက် အကောင့် ပို့စ်တစ်ခုနဲ့ အင်စတာဂရမ်က မက်ဆေ့တချို့ ဖြစ်ပါတယ်။
"လက်ထဲမှာ အကြောဆေးရည်အိတ်လိုမျိုး ဓာတ်ပုံကို ကျွန်မ မြင်လိုက်တယ်။ ... ပုံကလည်း စက္ကန့်ပိုင်းလောက်အတွင်း ပျောက်သွားတယ်။ သိချင်တာနဲ့ ထပ်ပြီးသိရအောင်ထပ်ရှာဖွေခဲ့သေးတယ်" လို့ ခွန်စမ်က ဘီဘီစီကို ပြောပါတယ်။
သူ သိလိုက်တဲ့အရာက သူ့ကို တုန်လှုပ်ချောက်ခြားသွားစေပါတယ်။
"ကျွန်မ ညီမရယ်၊ သူ့သူငယ်ချင်း စံပယ် တို့ ချက်တင်ပြောထားတာတွေ တွေ့ခဲ့တယ်... နောက်ထပ် ကောင်မလေးတစ်ယောက်နဲ့ ပြောနေကြတာ။ မျိုးဥလှူဖို့နဲ့ ဆေးခန်းသွားကြဖို့ အကြောင်းတွေ။ ပွဲစားလုပ်တဲ့ အဲဒီကောင်မလေးက ကျွန်မ ညီမ အခင်ဆုံးသူငယ်ချင်းရဲ့ သူငယ်ချင်း'' လို့ ခွန်စမ်က ပြောပါတယ်။
အင်တာနက်မှာ ထပ်ပြီး လေ့လာလိုက်တဲ့အခါမှာတော့ သူ့ညီမ နဲ့ သူ့ညီမသူငယ်ချင်းတို့ဟာ ခေတ္တမန္ဒူမြို့ထဲမှာ ဖန်ပြွန်သန္ဓေသား ဝန်ဆောင်မှုပေးတဲ့ ဆေးခန်းတစ်ခန်းရဲ့ အနံ့ခံထားရတဲ့ သားကောင်တွေဖြစ်နေတယ်ဆိုတာကို သူ သိသွားပါတယ်။ အဲဒီဆေးခန်းဟာ မျိုးဥတွေကို ပိုက်ဆံနဲ့ရောင်းဖို့ ပွဲစားတွေကနေတဆင့် အသက်မပြည့်သေးတဲ့မိန်းကလေးတွေကို လှည့်ဖြား နေတယ်လို့ သူ တွေ့သွားပါတယ်။
ဖန်ပြွန်သန္ဓေသားကုသမှုကတော့ သန္ဓေတည်ဖို့ အခက်အခဲရှိတဲ့စုံတွဲတွေဟာ ကလေးရဖို့အတွက် လှူဒါန်းတဲ့မျိုးဥနဲ့ သုတ်ပိုးတို့ကို ပေါင်းစပ်ပြီး ကလေးအဖြစ်ဖန်တီးဖို့ ကြိုးစားကြရတာပါ။

ဓာတ်ပုံ ရင်းမြစ်, John Elk III via Getty Images
၃၉ နှစ်အရွယ် နိုဘူ ဟာ ဒေါ်လ်မာ့သူငယ်ချင်း စံပယ်ရဲ့အဖေဖြစ်ပြီး စံပယ်လည်းပဲ မျိုးဥကို ရောင်းဖို့အတွက် ဖြားယောင်းခံနေရသူပါ။ မသင်္ကာဖွယ် ကြားပွဲစားကို ဖုန်းဆက်တာ မေးမြန်းတာတွေ လုပ်ခဲ့အပြီးမှာတော့ ဒီကောင်မလေး နှစ်ယောက်စလုံးရဲ့ မိသားစုတွေက ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်ခဲ့ကြပါတယ်။
"မိန်းကလေးတွေက ၁၇ နှစ်ပဲရှိသေးတာကို အဲဒီပွဲစားက ဆေးခန်းကိုခေါ်သွားပြီး ကောင်မလေးတွေ အသက်က ၂၂ နှစ်လို့ ပြောခဲ့တယ်။ နာမည်တွေကိုလည်း အတုတွေပေးခဲ့တာ။ ဆေးခန်းမှာ ဆရာဝန်က ကျွန်တော်တို့အနေနဲ့ သူတို့ကို ဥပဒေဘောင်ထဲက မေးစမ်းခွင့် မရှိဆိုပြီး ပြောတာ'' လို့ နိုဘူက ပြောပါတယ်။
"အဲဒီနောက်တော့ လူ့အင်္ဂါအစိတ်အပိုင်းကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ဆီကို ကျွန်တော်တို့ သွား တိုင်လိုက်တယ်။ သူတို့အတွက်လည်း အမှုက လုံးဝကို အသစ်ပဲ။ သူတို့လည်း အံ့သြနေကြတာ။ တရားမျှတမှုရဖို့အတွက် ဘယ်လောက်ကြာအောင် လိုက်လုပ်ရမလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူး" လို့ သူက ပြောပါတယ်။
အသက်မပြည့်သေးတဲ့သားကောင်တွေ နဲ့ စာရွက်စာတမ်းအတု
ဒေသတွင်းသတင်းမီဒီယာတွေက အဲဒီဖြစ်စဥ်ကို ရေးသားဖော်ပြတဲ့အခါ လူထုက သိပြီး ဒေါသထွက်ပါတယ်။ ဒီကုသရေးနယ်ပယ်ကိုလည်း စည်းနဲ့ကမ်းနဲ့ အရေးတကြီး လုပ်သင့်ပြီဆိုတာကိုလည်း မီးမောင်းထိုး ပြကြပါတယ်။
ဒီအခြေအနေဟာ နီပေါမှာ ဖန်ပြွန်သန္ဓေသား ဝန်ဆောင်မှုပေးနိုင်ရေး နီပေါကျန်းမာရေးနဲ့ လူဦးရေဝန်ကြီးဌာနကနေ ခွင့်ပြုချက်ရပြီး ဒါမှမဟုတ် ခွင့်ပြုချက် ကျဖို့ စောင့်နေတဲ့ ဆေးခန်းပေါင်း ၅၀ ကျော်ကို ကြီးကြပ်နိုင်ဖို့ အားနည်းတာ၊ ဥပဒေကြောင်းအရ ဟာကွက်တွေ ရှိနေတာလည်း ပေါ် ထွက်လာစေပါတယ်။
အစိုးရအနေနဲ့ အဲဒီအကြောင်းအရာကိုအရေးကြီးတဲ့အရာအဖြစ်မှတ်ယူထားပြီး မျိုးအောင်ဖို့လုပ်ဆောင်ပေးတဲ့ ကုသမှုတွေဟာ ဥဒေစည်းမျဥ်းတွေနဲ့ စောင့်ထိန်းရမယ့် စံနှုန်းတွေအတွင်းလိုက်နာလုပ်ဆောင်စေဖို့ လုပ်မယ်လို့ နီပေါကျန်းမာရေးဝန်ကြီးက ဘီဘီစီကိုပြောပါတယ်။.
ဖန်ပြွန်သန္ဓေသားလုပ်ဆောင်ပေးတဲ့ဆေးခန်းတွေရဲ့ စံချိန်စံနှုန်းတွေကို စုံစမ်းစစ်ဆေးမယ်လို့ ဇူလိုင်လအလယ်မှာတော့ နီပေါအာဏာပိုင်တွေက ထုတ်ပြန်အသိပေးခဲ့ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မျိုးဥ ထုတ်ယူခအတွက် အမေရိကန်ဒေါ်လာ ၃၃၀ ကို ပွဲစားတွေက ရရှိကြပြီး ငွေအနည်း ငယ်ပမာဏကိုသာ မိန်းကလေးတွေကို ပေးတာလို့ နီပေါရဲတပ်ဖွဲ့ရဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုခေါင်းဆောင် ချန်ဒရာ ကူဘာ ခပန်က ပြောပါတယ်။ သူတို့က ဒီအမှုကို လူ့ ကိုယ်အင်္ဂါပစ္စည်းများကုန်ကူးမှု တိုက်ဖျက်ရေးဗျူရိုထံကနေ လက်လွှဲယူ စုံစမ်းနေတာဖြစ်ပါတယ်။
"မိဘတွေနဲ့ အုပ်ထိန်းသူလို ဘယ်သူ့ရဲ့သဘောတူညီချက်မှမပါပဲ အသက် ၁၈ နှစ်အောက်မိန်းကလေးတွေက သူတို့မျိုးဥတွေကို ခေါင်းပုံဖြတ်ဖို့အတွက် အသုံးချခံခဲ့ရပါတယ်" လို့ ခပန်ကပြောပါတယ်။
"တကယ့်ကို နာကျင်ရတဲ့ဖြစ်ရပ်ကို အဲဒီမိန်းကလေးတွေကကျော်ဖြတ်ခဲ့ရတာကို တွေ့ခဲ့ရပါတယ်။ မျိုးဥ အိမ်ထဲမှာ မျိုးဥတွေက သေချာရင့်မှည့်ဖို့အတွက် ၁၀ ရက်အထိဆေးထိုးတာမျိုးကို ခံခဲ့ရတယ်။ အဲဒီနောက်တော့ခွဲစိတ်ပြီးတော့ မျိုးဥတွေကို ယူခဲ့ကြတာ။ မိဘအုပ်ထိန်းသူနဲ့ဆိုင်တဲ့ဘာသဘောတူညီချက်မျိုးမှမရှိခဲ့ပဲ ခွဲစိတ်မှုတွေကိုလုပ်ခဲ့ပြီး အဲဒီရလဒ်ကတော့ ပြင်းထန်တဲ့ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်"
ဆေးရုံရဲ့မှတ်တမ်းတွေဟာလည်း အတုလုပ်ထားကြတာလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ နာမည်တွေ၊ အလှူရှင်အတွက် အသက်အတုတွေနဲ့ ပထမဆုံး သူ့တို့မျိုးဥတွေကိုပေးတဲ့လူတွေဟာ နောက်ပိုင်းမှာတော့ ကြားခံပွဲစားတွေပုံစံနဲ့ လူသစ်ရှာသူတွေအဖြစ် ဖြစ်လာခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ နာကျင်မှု မြောက်ရုံသာမက၊ ဆေးပညာကျင့်ဝတ်နဲ့လည်း မညီဘူးလို့ ရဲဌာနမှူး ဟိုဘင်ဒရာ ဘိုဂတီ က ညွှန်းဆိုပါတယ်။
"အသက်မပြည်တဲ့ကလေးတွေကို ဒီလို အတိမ်းအစောင်းဖြစ်သွားနိုင်တဲ့အခြေအနေတစ်ရပ်ကို ရောက်အောင် လုပ်တာဟာ တကယ့်ကိုဆိုးရွားတဲ့လုပ်ရပ်" လို့ ဘိုဂတီက ပြောပါတယ်။
ဆရာဝန် ၃ ဦးအပါအဝင်၊ လူပုဂ္ဂိုလ် ၅ ဦးကို ဇူလိုင်လမှာ ဖမ်းဆီးခဲ့ပေမယ့် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအတွက် သူတို့ဟာ အာမခံနဲ့ လွတ်နေပါတယ်။
ဥပဒေတွေ စိုးမိုးမှု နည်းခြင်း
မျိုးဥနဲ့ သုတ်ပိုးလှူဒါန်းမှုအတွက် အသက်ကန့်သတ် သတ်မှတ်ချက်မျိုး နီပေါမှာ လတ်တလောမရှိသေးပါဘူး။ အဲဒီရလဒ်အနေနဲ့ ရဲတပ်ဖွဲ့ဟာ အခုအမှုကို ၂၀၁၈ နီပေါကလေးသူငယ်ဥပဒေအောက်ကနေ ဆောင်ရွက်နေပါတယ်။ အဲဒီဥပဒေမှာတော့ ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုဘေးသင့်ခြင်း သို့မဟုတ် ဆေးပညာဆိုင်ရာ ရည်ရွယ်ချက်နဲ့ ကလေးတွေကိုအသုံးပြုမှုတို့အပေါ် အမေရိကန်ဒေါ်လာ ၅၅၀ ခန့် ဒဏ်ငွေနဲ့ ထောင်ဒဏ် ၃ နှစ်နဲ့အထက်ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
မျိုးအောင်ဖို့ လုပ်ဆောင်ပေးတဲ့ဆေးခန်းပေါင်း ၅၀ ကျော် နီပေါမှာရှိနေပြီး ဥပဒေအရကြီးကြပ်မှုအားနည်းတာကြောင့် အများစုဟာ တရားဝင်မှတ်ပုံတင်ထားတာမျိုးမဟုတ်ဘူးလို့ ပြည်တွင်းမီဒီယာသတင်းတွေက သတင်းဖော်ပြပါတယ်။
ဖန်ပြွန်သန္ဓေသားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကို နီပေါကျန်းမာရေးဝန်ကြီးဌာနအောက်က အထူးကျန်းမာရေးဝန်ဆောင်မှုအဖြစ် ၂၀၂၀ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်ထားတာကြောင့် ဒီဝန်ဆောင်မှုပေးသူတွေဟာ စံချိန်စံညွန်းတွေအတိုင်း လုပ် မလုပ် အာဏာပိုင်တွေ သိနိုင်အောင် လုပ်ငန်းလိုင်စင်အသစ်ကို ပုံမှန် လျှောက်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ဥပဒေစိုးမိုးမှု အားလျော့နေတယ်လို့ ပြောဆိုချက်အချို့လည်း ရှိနေပါတယ်။

"သုတ်ပိုး ဒါမှမဟုတ် မျိုးဥ လက်ခံတာ၊ လှူဒါန်းတာအတွက် ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမယ် ဘယ်စံနှုန်းတွေကို လိုက်နာသင့်တယ်ဆိုတာမျိုး ဘယ်လိုဥပဒေမျိုးမှ မရှိသေးပါဘူး။ ဒါကပဲ စီမံမှု အလွဲတွေကို ပေါ်ပေါက်စေတယ်" လို့ ခေတ္တမန္ဒူရဲ့ Paropakar မိခင်နဲ့ အမျိုးသမီးဆေးရုံဒါရိုက်တာ ဒေါက်တာ သျှီ ပရာဆတ် အဟစ်ကရီက ပြောပါတယ်။
ဆေးပညာဆိုင်ရာစစ်ဆေးမှုတွေပြီးမှာ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေသာ အဲဒီလိုလှူဒါန်းမှုမျိုးတွေကို လုပ်နိုင်စေတဲ့ ဥပဒေမျိုးကို နီပေါမှာရှိသင့်ပြီလို့ သူကပြောပါတယ်။
"အစိုးရအနေနဲ့ ညွှန်ကြားချက်တစ်ခုကိုထုတ်ဖို့အတွက် ကျွန်တော်တို့ပြောနေတာ ကြာလှပါပြီ" ပထမဆုံးဖန်ပြွန်သန္ဓေသားလုပ်ဆောင်မှုကိုလို့ ၂၀၀၄ ခုနှစ် နီပေါကို ယူဆောင်လာခဲ့တဲ့ သန္ဓေမအောင်ခြင်းနဲ့ မီးယပ်အထူးကုဆရာဝန်ကြီးလည်းဖြစ် အဲဒီနယ်ပယ်အတွင်း ဥပဒေဆိုင်ရာလေးစားလိုက်နာမှုရှိရေးအတွက် ပညာပေးတွေကိုလည်း လုပ်ဆောင်နေသူ ဒေါက်တာဘိုလာ ရီဂျဲလ်က ပြောပါတယ်။
"ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်မှာနေထိုင်ကြတဲ့ နီပေါလူမျိုးတွေလို လိုအပ်နေတဲ့လူတွေစီကို ဝန်ဆောင်မှုကို ပေးအပ်တာမျိုးကို သေချာအောင်လုပ်နိုင်ဖို့ မူဝါဒတွေအကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်"
အခုဖြစ်ရပ်ဟာ ကျန်းမာရေးကဏ္ဍအတွင်း အုပ်ချုပ်ပိုင်းဆိုင်ရာအတွက် အရမ်းကို စိုးရိမ်မှုတွေ မြှင့်တက်စေခဲ့တဲ့အရာလို့ နီပေါကျန်းမာရေးနဲ့ လူဦးရေဝန်ကြီး ပရာဒိ ပူဒဲလ် ကပြောပါတယ်။
"စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေခဲ့ပါပြီ။ ပြီးတော့ လိုအပ်နေတဲ့ ဟာကွက်တွေကို ဖြည့်သွားနိုင်ဖို့အတွက် လမ်းညွှန်ချက်အသစ်တွေကိုလည်း မကြာခင်ထုတ်ပါမယ်" လို့ သူက ဘီဘီစီကိုပြောပါတယ်။
နီပေါမှာ တရားဝင် လက်ထပ်ထိမ်းမြားခွင့် ရှိတဲ့ အနည်းဆုံး အသက်သတ်မှတ်ချက် ၂၀ အတိုင်း အလှူရှင်ရဲ့အသက်ကိုလည်း သတ်မှတ်လိုက်တာမျိုးလုပ်ဖို့ အစိုးရက စဥ်းစားနေတယ်လို့လည်း သူက ပြောပါတယ်။
အခြားနိုင်ငံတွေမှာရော
မျိုးဥနဲ့ သုတ်ပိုးလှူဒါန်းခြင်းအတွက် စည်းမျဥ်းကန့်သတ်ချက်တွေကို အခြားနိုင်ငံအများအပြားမှာ ပြင်ဆင်ထားနှင့်ပြီး ဖြစ်ပါတယ်။
အိန္ဒိယမျိုးပွားမှုနည်းပညာကူညီခြင်း(စည်းမျဥ်း) ဥပဒေ ၂၀၂၁ အရ အသက် ၂၃ ကနေ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေက မျိုးဥနဲ့ အသက် ၂၁ ကနေ ၅၅ နှစ်အရွယ်ရှိတဲ့အမျိုးသားတွေက သုတ်ပိုးလှူဒါန်းနိုင်ဖို့ ခွင့်ပြုထားပါတယ်။
မျိုးဥအလှူရှင်ဟာ တစ်ကြိမ်ပဲ လှူဒါန်းနိုင်ပြီး ကြားက ပွဲစားပုံလုပ်ဆောင်ပြီး အလှူရှင်စုဆောင်းရှာဖွေသူဟာ ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ကာ ထောင်ဒဏ် ၈ နှစ်နဲ့ အမေရိကန်ဒေါ်လာ ၂၃,၀၀၀ ဒဏ်ငွေ ချမှတ်နိုင်ပါတယ်။
ယူကေမှာတော့ အသက် ၃၆ နှစ်အောက်အရွယ်ရှိသူအမျိုးသမီး အလှူရှင်ထံကနေ မျိုးဥကို ရယူနိုင်သလို၊ အသက် ၄၆ အရွယ်အမျိုးသားတွေထံက သုတ်ပိုးကို ရယူနိုင်ပါတယ်။
လူတစ်ဦး ဒါမှမဟုတ် လိုင်စင်ရှိသူ သို့မဟုတ် ပေးချေငွေလက်ခံခြင်း ဒါမှမဟုတ် ဗီဇကလပ်စည်း, သန္ဓေ သားလောင်းတွေ သို့မဟုတ် လူသားတွေရောစပ်ထားတဲ့သန္ဓေသားလောင်းတွေထောက်ပံ့မှုအတွက် အကျိုးအမြတ်နဲ့ လဲလှယ်ရယူခြင်းဟာ ရာဇဝတ်မှုကျူးလွန်မှုဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်မှုဟာ ထောင်ဒဏ်နဲ့ ငွေဒဏ် သို့မဟုတ် နှစ်ရပ်လုံးကျခံနိုင်တယ်လို့ လူသားမျိုးစပ်ခြင်းနဲ့ သန္ဓေသားဆိုင်ရာဗေဒအာဏာပိုင် (HFEA) စည်းမျဥ်းတွေအရသိရပါတယ်။
ဒါပေမယ့်လည်း ယူကေအတွင်းမှာတော့ မျိုးဥလှူဒါန်းသူတွေအတွက် ဖြစ်စဥ်တစ်ခုလုံးမှာပါဝင်တဲ့ ခရီးသွား လာရေး၊ နေထိုင်စားသောက်မှုနဲ့ အခြားသောအရာတွေအတွက် ဒေါ်လာ ၁၃,၀၀၀ ကျော် ငွေကြေးထောက်ပံ့ ပေးကြပါတယ်။
အမေရိကန်မှာတော့ မျိုးဥလှူမယ့်သူဟာ ဥပဒေအရသတ်မှတ်ထားတဲ့ အသက်ပြည့်သူဖြစ်ရပါမယ်။ အသက် ၂၁ ကနေ ၃၄ အထိဖြစ်ပြီး တိုးပွားလာတဲ့ မိဘတွေရဲ့အသက်နဲ့ ဆက်စပ်နေတဲ့ မြီးကောင်ပေါက်အရွယ် ကျန်းမာရေးစိုးရိမ်မှု အနည်းဆုံးဖြစ်တဲ့ လူငယ်မျိုးသတ်မှတ်ပါတယ်။
လှူဒါန်းသူဟာ ကျန်းမာရေးကောင်းမွန်ပြီး မျိုးရိုးလိုက်တဲ့ ရောဂါမျိုး မရှိရပါဘူး။ ဒါပေမဲ့ မျိုးဥကို လိုလိုချင်ချင်ဖြစ်တဲ့အခါမှာတော့ ဒါကို ခြွင်းချက်အနေနဲ့ သတ်မှတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာဖိစီးမှု
အနာဂတ်မှာ အလားတူဖြစ်စဥ်မျိုး အခြားသူတွေမဖြစ်စေဖို့ သေချာအောင်လုပ်ဆောင်ပေးနေတယ်လို့ နိုဘူက ဘီဘီစီကိုပြောပါတယ်။
"အခုလိုမဖြစ်စေချင်တဲ့ အခြေအနေမျိုးတွေကို ကြုံတွေခဲ့ရပါပြီ။ ဒါပေမယ့် ငယ်ရွယ်တဲ့ဆယ်ကျော်သက် အရွယ်တွေ လုံခြုံနေစေချင်ပါတယ်။ ကြောက်ကြောက်နဲ့ပဲ ရဲဆီရောက်ခဲ့တာ။ ပွဲစားလို အေးဂျင့်တွေက အခြားသော မိန်းမငယ်လေးတွေကို ခေါင်းပုံဖြတ်နိုင်ပါတယ်" လို့ သူကပြောပါတယ်။
ဖခင်ဖြစ်သူ နိုဘူကတော့ သူတို့အကြောင်း လူတွေ ကြားထဲ ပေါက်ကြားပြီး အရပ်ထဲ တံတွေးကွက်ကြား ပက်လက်မြောမှာ ကိုလည်း စိုးရိမ်ပါတယ်။
" မိသားစုထဲ စိုးရိမ်မကင်းစိတ်ကြီးက ကြီးစိုးနေတယ်။ အဲဒီဖြစ်စဥ်ဖြစ်ကတည်းက ကျွန်တော့်မိန်းအမျိုးသမီးဆို သွေးတိုးလို့ ဆေးသောက်နေရတယ်'' လို့ သူကဘီဘီစီကိုပြောပါတယ်။
"ကျွန်တော့်သမီးလည်းပဲ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဆရာဝန်ကတော့ သူအတွေးတွေလွန်နေတာနဲ့ အဲဒီကနေ စိတ်ကျတာမျိုးတောင်ဖြစ်နိုင်တယ်လို့ ပြောတယ်။ အဲဒါတောင်ကျန်းမာရေးစစ်ဆေးချက်အပြည့် အစုံရသေးတာမျိုးမဟုတ်သေးဘူး" လို့ သူပြောပါတယ်။
မသမာတဲ့ ဖန်ပြွန်သန္ဓေသားကုသမှုစင်တာတွေကို တင်းကျပ်တဲ့ဥပဒေတွေနဲ့ အစိုးရကိုကိုင်တွယ်စေလိုတယ်လို့ နိုဘူကပြောပါတယ်။
"တကယ်လို့ အသက် ၁၆ ကနေ ၁၇ နှစ်အရွယ်မိန်းကလေးတွေထံက မျိုးဥတွေ ယူလို့အကောင်းဆုံးဆိုရင် နီပေါက အသက်မပြည့်သေးတဲ့မိန်းကလေးတွေအတွက် မလုံခြုံတော့ဘူးလို့ ဆရာဝန်ကို ဆေးရုံမှာ လတ်တလောကတင် ကျွန်တော်ပြောခဲ့တယ်။ ပြီးတော့ အသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုပဲ သုံးနေရင်၊ အမျိုးသမီး အသက် ၂၀ ကနေ ၃၅ အတွင်း အရေအတွက်အများအပြားကြီးကို ပါဝင်နေတာ သေချာတယ်။ အဲဒီဆေးခန်းတွေကလည်း ငွေတွေအများအပြားကို ရနေမှာပဲ"
ခွန်စမ်လည်းပဲ စိုးရိမ်နေပါတယ်။
"တကယ့်ကို ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်မှုဖြစ်ပြီး အသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုစွဲထည့်ထားတဲ့ အလွန်ယုတ်မာတဲ့ပြစ်မှုပါ။ ရုပ်ရှင်တွေထဲမှာပဲ ဖြစ်တဲ့ရာဇဝတ်မှုမျိုးကို အပြင်မှာ မြင်ရသလိုပါပဲ။ အပြစ်ရှိတဲ့သူတွေကို ထောင်နန်းစံစေချင်တယ်''
သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေအတွက် ချင့်တွက်ပြီး နာမည်လွှဲတွေသုံးထားပါတယ်။
BBC Global Journalism အဖွဲ့ကလည်း ပူးပေါင်း တင်ဆက် ရေးသားပါတယ်။











