ဂျန်ဇီ မိဘများရဲ့ သောက

ဓာတ်ပုံ ရင်းမြစ်, MPA
မိုးရာသီကုန်လွန်ခါနီး စွတ်စိုပူနွေးသော ရန်ကုန်မြို့ရဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာတစ်ရက်။
မနက်ကတည်းက သူတို့ ဒီနေရာမှာ စောင့်နေခဲ့ကြတာ နာရီအတော်ကြာခဲ့ပါပြီ။
ညနေပိုင်းရောက်တော့ ရဲဝန်ထမ်းတစ်ဦးက လွှတ်ပေးတော့မယ်လို့ အင်းစိန်ထောင်ရှေ့ မှာစောင့်နေတဲ့ သူတို့တွေကို လာပြောခဲ့ပါတယ်။
"သားက ကျွန်မကို မမြင်မှာစိုးလို့ သူ့နာမည်ပါတဲ့ဆိုင်းဘုတ်ကို ကိုင်ပြီး ထောင်ရှေ့မှာ ရပ်စောင့်နေခဲ့တယ်"လို့ ဒေါ်နီနီက ပြောပါတယ်။
ညနေပိုင်းရောက်လာတော့ သံဆူးကြိုးအကာအရံနောက်က စောင့်နေတဲ့ရာနဲ့ချီတဲ့သူတွေ လှုပ်လှုပ်ရွရွဖြစ်လာသလို မိုးစက်တွေကလည်း ကျလာခဲ့ပါတယ်။
သောကတွေနဲ့မို့လို့ ကိုဗစ်ရောဂါဆိုးကြီးကိုတောင် မကြောက်ကြဘဲ တိုးဝှေ့ပြီးစောင့်နေခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းတွေမှာ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၃၁၆ ယောက်နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀၊ စုစုပေါင်း ၅၆၃၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်က ကြေညာခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ပြီးဖမ်းဆီးခံထားရတဲ့ ဂျန်ဇီလို့ခေါ်တဲ့ Generation Z တွေရဲ့မိဘတွေက အင်းစိန်ထောင်ရှေ့မှာ ရောက်ရှိစုရုံးနေခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီမိုကရေစီပြေးလမ်းပေါ်က မိခင်သောကများ
ပြည်တွင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လူထူလူတန်းစားမျိုးစုံက ပုံစံမျိုးစုံနဲ့ပါဝင်လာကြပါတယ်။စစ်အာဏာရှင်ကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒပြဖို့ လမ်းမတွေပေါ် စတင်ထွက်ခဲ့သူတွေကတော့ Generation Z လို့ တင်စားခေါ်ကြတဲ့ လူငယ်မျိုးဆက် တချို့ပဲ ဖြစ်ပါတယ်။
လူငယ်တချို့ လမ်းပေါ်ထွက်ဆန္ဒပြကြသလို တချို့ကတော့ စစ်အာဏာရှင်လက်အောက်မှာ အလုပ်အလုပ်ဆက်မလုပ်ဖို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ အလုပ်အကိုင်တွေကို စွန့်ခွာကြပါတယ်။
အစောပိုင်းကာလတွေမှာ ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်ကြပေမယ့် ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မတ်လထဲမှာတော့ ဆန္ဒပြသူတွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နှင်းမှုတွေ စလုပ်လာခဲ့ပါတယ်။
ပစ်ခတ်ဖမ်းဆီးမှုတွေကြားမှာ သေဆုံးသူတွေရှိလာသလို တချို့ကတော့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
အာဏာရှင်ကို ဖီဆန်ရင်း မိသားစုတွေ ရှင်ကွဲ၊ သေကွဲ ကွဲခဲ့ကြသလို မိခင်ပေါင်းများစွာ မျက်ရည်နဲ့ သောကပင်လယ်ဝေခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အင်းစိန်ထောင်ဗူးဝက မိခင်တွေရဲ့သောက
အဲ့ဒီနေ့က အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကကြေညာထားတဲ့ အောက်တိုဘာလ ၁၈ရက်နေ့ပဲ ဖြစ်ပါတယ်။ သတင်းကြားပြီး ကတည်းက ရာနဲ့ချီတဲ့လူအုပ်ကြီးဟာ ရန်ကုန်အင်းစိန်ထောင်ဝကို ရောက်လာခဲ့ကြပါတယ်။
ညနေပိုင်းမှာ မှောင်စပျိုးလာချိန်မှာတော့ အင်းစိန်ထောင်ထဲက အမျိုးသမီးငယ်အချို့ထွက်လာပါတယ်။
"ဝမ်းသာလိုက်တာ သမီးလေးရယ်၊ မေကြီးက ဟိုးအနောက်ရောက်နေတာ " လို့ ပြောပြီး အမျိုးသမီးကြီးတစ်ဦးက ငိုပြီးထွက်လာချိန်မှာ ထောင်ဂိတ်ဝက ထွက်လာတဲ့ အမျိုးသမီးငယ်က မျက်ရည်တွေ တသွင်သွင်ကျရင်း သူ့အမေကို အတင်းပြေးပြီး ပွေ့ဖက်လိုက်တာကို တွေ့ရပါတယ်"။
"ကျွန်မကို ထောက်ပံ့ကြေးပေးလို့ဆိုပြီး ဖမ်းတာ ၆ လပိုင်းထဲက အဖမ်းခံရတာ "လို့ ထောင်ထဲက လွတ်လာတဲ့ အမျိုးသမီးငယ်က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
"ဘာမှ ရှက်စရာမရှိဘူး "လို့ သူ့အမေက သမီးကို ပွေ့ဖက်အားပေးရင်းနှစ်သိမ့်ခဲ့ပါတယ်။
အဲ့ဒီနောက်ထောင်ထဲက လွတ်မြောက်လာသူတွေကို တင်လာတဲ့ YBS ကားတွေ ထွက်လာပြီး အချို့တွေက မိဘတွေ သူငယ်ချင်းတွေနဲ့ ပွေ့ဖက်နှုတ်ဆက်ကြပါတယ်။
ထောင်ထဲက လွတ်လာတဲ့သူတွေ မိသားစုတွေနဲ့ ပြန်ဆုံတာ၊ မိခင်တွေက သားသမီးတွေကို ပွေ့ဖက်ကြိုဆိုတာတွေကို ဒေါ်နီနီ အဲ့ဒီနေ့က ထိုင်ကြည့်နေခဲ့မိပါတယ်။ လက်ထဲက သားနာမည်ပါတဲ့ ဆိုင်းဘုတ်ကို ကျစ်ကျစ်ပါအောင်သူ ဆုပ်ကိုင်ထားရင်း ည၇နာရီကျော်တဲ့ အချိန်မှာ သားဖြစ်သူ ပြန်မလွတ်နိုင်တော့ဘူးဆိုပြီး စိတ်လျော့ အိမ်ပြန်ခဲ့ရတယ်လို့ သူကပြောပါတယ်။
နောက်ရက်တွေ ထပ်ပြီးလွှတ်လာသူတွေရှိပေမယ့် ဒေါ်နီနီရဲ့ သားနှစ်ယောက်ကတော့ ဒီကနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MPA
ရုန်းကန်နေရာက ထပ်ဆင့်ပိုလာတဲ့ သောကတွေ
လှိုင်သာယာက ကျုးကျော်ရပ်ကွက်တစ်ခုမှာ ဒေါ်နီနီတို့ မိသားစု နေထိုင်ကြပါတယ်။ စက်ရုံ အကြိုအပို့ယာဉ်မောင်းတဲ့သားနဲ့ လခစားဝန်ထမ်းသား နှစ်ဦးရဲ့ဝင်ငွေနဲ့ ရန်ကုန်မြို့ပြမှာ နေထိုင်ဖို့ ရုန်းကန်နေရပေမယ့် မိသားစုတွေမှာ ပူပင်သောက ကြီးကြီးမားမားမရှိခဲပါဘူး။
ပြည်တွင်းမှာ စစ်အာဏာသိမ်းတော့ စစ်အာဏာရှင်ကိုလက်မခံဘဲ ဆန့်ကျင်ဆန္ဒပြဖို့ လမ်းပေါ်ထွက်သူတွေထဲမှာ ဒေါ်နီနီရဲ့ သားနှစ်ယောက်လုံး ပါဝင်ခဲ့ပါတယ်။
"သားနှစ်ယောက်စလုံး ဘယ်သူမှတားမရဘူး။ ပစ်ခတ်တာတွေ၊ သေတာ သတ်တာတွေကြားနေတော့ တစ်ည သားနဲ့ ဖုန်းပြောနေရင်း သားတို့ အလုပ်လုပ်တာ သတိထား လုပ်တာကိုင်တွေ သတိထားပေါ့လို့ပြောနေတုန်း ဖုန်းကျသွားတယ်။ အိပ်ပျော်နေတာလား ဖုန်းဘေလ်ကုန်တာလား မသိလိုက်ဘူး။ နောက်တနေ့တွေလည်း အဆက်အသွယ်မရဘူး။ နောက်မှ တီဗီမှာပါလာမှပဲ အဖမ်းခံရတာသိတော့တယ်"လို့ သားအကြီးဖြစ်သူ အဖမ်းခံလိုက်ရတဲ့အခြေအနေကို ဒေါ်နီနီကပြန်ပြောပြလာပါတယ်။
အာဏာသိမ်းတာကို သားဖြစ်သူတွေ ဆန့်ကျင်နေတယ် ဆိုတာကလွဲရင် ဘာမှမသိတဲ့ မိခင်တစ်ယောက်ဖြစ်ပြီးတော့ သားဖြစ်သူရဲ့ပုံတွေ ကို သတင်းမှာတွေ့ပြီး နီးစပ်ရာ ရဲစခန်းနဲ့စစ်ကြောရေးတွေကို လိုက်ရှာပေမယ့် ဘာမှမသိခဲ့ရပါဘူးလို့ ဆိုပါတယ်။
အဲ့ဒီအချိန်မှာ နောက်ထပ် သားအငယ်တစ်ယောက်ကလည်း နေအိမ်ကို စွန့်ခွာပြီး ရှောင်တိမ်း ထွက်ပြေးနေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အဆပေါင်းများစွာပိုလာတဲ့ မိခင်သောက
သားဖြစ်သူတွေ မရှိတော့နောက်မှာ မိသားစုတာဝန်၊ သားဖြစ်သူကို ထောင်ဝင်စာပို့ဖို့ တာဝန်အပြင် သားဖြစ်သူရဲ့ မိသားစုတွေအတွက် ထောက်ပံ့ကူညီစောင့်ရှောက်ဖို့ တာဝန်တွေက ဒေါ်နီနီရဲ့ သောကတွေကို ထပ်တိုး အဆပိုလာစေပါတယ်။
" ရှေ့နေဌားထားပေမယ့် လူချင်းလည်း မတွေ့ရပါဘူး။ သားတွေရဲ့ ဝင်ငွေမရှိတော့လို့ အပြင်မှာ အဆင်မပြေလို့ သားကြီးရဲ့ ကလေးနဲ့ မိန်းမကိုတာဝန်ယူဖို့တွေနဲ့ ဒီကာလ အဆင်မပြေလို့ ထောင်ဝင်စာနည်းနည်းပဲ ပို့လိုက်နိုင်တဲ့အခါ မျက်ရည်ကျရတယ်။ဒီလမပို့ရင် ငါ့သားလေးမျှော်နေမှာဆိုတဲ့ အသိက ရင်ဝကိုမီးစနဲ့ ထိုးနေသလိုပါပဲ"လို့ ရှိုက်သံတွေနဲ့ဒေါ်နီနီက ပြောပြခဲ့ပါတယ်။
ပြည်တွင်းမှာ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာ ကဏ္ဍပေါင်းစုံ ထိခိုက်မှုတွေရှိသလို အလုပ်အကိုင်တွေ ပိတ်သိမ်းကုန်တာတွေ၊ အလုပ်လက်မဲ့ ဦးရေတိုးလာတာတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို အရိုက်ခတ်ခံရဆုံးက ဒေါ်နီနီတို့လို အခြေခံလူတန်းစားတွေအထိ ရိုတ်ခက်မှုတွေရှိနေပါတယ်။
အခုတော့ နေ့စဉ်စားဝတ်နေရေး ပြဿနာကိုဖြေရှင်းရင်း သားဖြစ်သူအတွက် တစ်လတစ်ခါ ထောင်ဝင်စာပို့ဖို့ ရင်ဆိုင်တိုက်ပွဲဝင်ရင်းပဲ သားဖြစ်သူတွေ အိမ်ပြန်လာမယ့်ရက်ကို မျှော်လင့်နေပေမယ့် ဘယ်တော့လဲဆိုတဲ့ အချိန်ကာလကတော့ ရုန်းကန်မှုတွေကြားကနေ မှန်းဆလို့မရနိုင်ဘူးလို့ ဒေါ်နီနီတစ်ယောက် ဆက်ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်ပြန်ချိန်ကိုမျှော်ခွင့်မရှိတော့တဲ့ မိခင်တွေ
တချို့မိခင်တွေကတော့ သားသမီးတွေရဲ့ အိမ်ပြန်ချိန်ကို မျှော်လင့်ခွင့်တောင်မရှိတော့ပါဘူး။မိသားစုငါးယောက်ရှိတဲ့ ဒေါ်စန္ဒာတို့နေအိမ်မှာ တစ်ဦးတည်းပါလာတဲ့ သားဖြစ်သူက သူတို့ခွဲခွဲသွားတာ ၇ လကျော်ကြာနေပါပြီ။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမှာလုပ်တဲ့ ညသပိတ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ရင်ဘတ်နဲ့ဆီးခုံကို သေနတ်ကျည်ထိပြီး အသက် ၂၃ နှစ်အရွယ်သားဖြစ်သူ သေဆုံးခဲ့ပါတယ်။
"မိသားစုငါးယောက်မှာ အိမ်ရဲ့စီးပွားရေးကိုက အန်တီရယ်သားလေးရယ်ပဲ အဓိကရှာနေတာ။သူတို့ အဖေကလည်းကျန်းမာရေးမကောင်းဘူး အိပ်ယာထဲလဲနေတာ။ အလတ်မလေးတစ်ယောက်ကတည်း ကျန်းမာရေးကောင်းဘူး။သူမရှိတော့အခက်အခဲအများကြီးကြုံရတယ်။ အများကြီးလည်း ရုန်းကန်ရတယ်၊ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ အခြားကိုယ့်ထက်အခြေအနေဆိုးတဲ့ မိသားစုတွေလည်း ရှိနေတော့၊ သူဆုံးသွားတာ ၇လကျော် ၈ လထဲရောက်ပြီဆိုပေမဲ့ တစ်ရက်မှတော့ မေ့လို့မရသေးဘူး၊ဟိုရက်ကအကျဉ်းထောင်ကနေ ဖမ်းထားတဲ့သူတွေကို ပြန်လွတ်တော့လည်း သတိတွေရလိုက် ဝမ်းသာလိုက်ဖြစ်ရတယ်။ဒါပေမဲ့လည်း သူများသားသမီးတွေ ပြန်လွတ်ပေမဲ့ ငါ့သားလေးကတော့ ပြန်မလာနိုင်တော့ဘူးပေါ့ဆိုပြီး " ဒေါ်စန္ဒာကပြောပါတယ်။
စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ (၁)ရက်ကနေ နိုဝင်ဘာ (၂၉)ရက်အထိ ရက်ပေါင်း (၃၀၂)ရက်အတွင်း အရပ်သားပြည်သူ (၁၂၉၇)ဦးသေဆုံးခဲ့ပါတယ်။
အဲ့ဒီထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့ရသူ (၆၃)ဦးထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ပြောပါတယ် ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းပြုချက်အရ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေထဲ အမျိုးသား (၅၉) ဦးနဲ့ အမျိုးသမီး (၄) ဦးပါဝင်ပါတယ်။ အသက်အပိုင်းအခြားအလိုက်ဆိုရင်တော့ အသက် (၁၉)နှစ်ကနေ (၃၅)နှစ်အတွင်းရှိသူ (၂၇)ဦးထိ သေဆုံးခဲ့တယ်လို့ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီက ဓါးစာခံအဖြစ်အသုံးချခဲ့တဲ့မိခင်တွေ
စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်သူတွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နှင်းမှုတွေ၊ ဖမ်းဆီးထောင်ချမှု တွေအပြင် ဖမ်းဆီးလိုသူကို မတွေ့တဲ့အခါ မိဘတွေကို ကိုယ်စားဖမ်းဆီးခေါ်ဆောင်တာတွေလည်း ဆက်ဖြစ်လာတဲ့ အကြောင်း သက်ဆိုင်ရာ မိသားစုဝင်တွေက ပြောဆိုထားကြပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲ က ထားဝယ်သပိတ်ကော်မတီကတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုအနေနဲ့ ပါဝင်မယ်လို့ မူဝါဒတွေချမှတ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေက ဆိုပါတယ်။ ဒီမူဝါဒတွေအတိုင်း နေ့စဉ်မပြတ် သပိတ်စစ်ကြောင်းတွေ ထွက်ပြီး ဆန္ဒပြမှုတွေအားကောင်းနေတဲ့ ထားဝယ် သပိတ်ကော်မတီဝင်လူငယ်တွေရဲ့ မိဘတွေကတော့ကိုယ်စား ဖမ်းဆီးခံကြရတယ်လို့ လူငယ်တွေကပြောပါတယ်။
သပိတ်ကော်မတီမှာပါတဲ့ ကိုမင်းလွင်ဦးကိုဖမ်းဆီးဖို့သွားရင်း မတွေ့တဲ့အခါအသက် ၅၆ နှစ်အရွယ်မိခင်ဖြစ်သူကို စစ်တပ်က ဖမ်းခေါ်သွားခဲ့ပါတယ်။
" အမေ့ကို ကျွန်တော်ဘယ်မှာလည်းမေးပြီး အမေကမသိဘူးပြောတော့ ၂ချက် ရိုက်ပြီး ခေါ်သွားတယ်။သူတို့ထင်တာက အမေ့ကို ခေါ်သွားတာနဲ့ သူတို့ကို ဆန့်ကျင်မယ့် စိတ်တွေ ပျောက်သွားမယ်ထင်တာ။ကျွန်တော်တို့က မိဘရင်ခွင်ထဲက ကလေးတွေမဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အာဏာရှင်ကို တော်လှန်နေတာ။ လက်နက်လည်း မကိုင်ခဲ့ဘူး ငြိမ်းချမ်းစွာပဲ ဆန္ဒပြခဲ့တာ။ ဒါကို သူတို့က အပြစ်ရှိတယ်လို့ ယူဆရင်လည်း ကျွန်တော့်ကိုပဲ ဖမ်းပေါ့၊ အခုလို အမေ့ကို ဓါးစားခံအဖြစ်ခေါ်သွားတော့ အမေကဘာသိမှာလဲ။ သူတို့လုပ်ရပ်က အကျည်းတန်ပါတယ်"လို့ ကိုမင်းလွင်ဦးကပြောပါတယ်။
ဖမ်းဆီးခံရပြီး ၂ရက်အကြာမှာတော့ ကိုမင်းလွင်ဦးရဲ့မိခင်ကို စစ်ကောင်စီဘက်က ပြန်လွှတ်ပေးခဲ့ပါတယ်။
အလားတူပဲ ဖမ်းဆီးလိုသူ သားသမီးကိုမတွေ့တဲ့အခါ မိခင်တွေကိုဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့လို့မိခင်တချို့ကတော့ စစ်ကြောရေးတွေ၊ အချုပ်ထောင်တွေမှာ အိပ်စက်ခဲ့ရတဲ့ညတွေလည်း ရှိခဲ့တယ်လို့ သက်ဆိုင်ရာမိသားစုဝင်တွေက ဘီဘီစီကိုပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
စစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ ခရီးလမ်းမှာ မိခင်ပေါင်းများစွာ မျက်ရည်ကျခဲ့ရသလို ၊ ကြံ့ကြံခံနေဆဲ မိခင်တွေလည်း ရှိနေတုန်းပဲလို့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုကြပါတယ်။
အသက်သေခဲ့ကြသူတွေက သူတို့သားသမီးတွေအကြောင်းကို မေ့မရကြသလို ဖမ်းဆီးခံနေရသူတွေက လည်း လွတ်မြောက်မယ့်ရက်ကို လက်ရေချိုးပြီး မျှော်နေကြပါတယ်။
"သားလေးအင်းစိန်အရှေ့ပေါက်က ပါမလာလို့ အင်းစိန်ထောင်ရွာမ အနောက်ပေါက်ကိုနီးနီးလေးထင်ပြီး ပြေးကြည့်လိုက်မိခဲ့သေးတယ် "လို့ ဒေါ်နီနီကပြောပါတယ်။








