ဒန်နီဖန်စတာ - ထောင် ၁၁ နှစ် ချခံရပြီး ၃ ရက်အကြာမှာ ပြန်လွတ်လာသူ

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချ ခံထားရ တာကနေ ပြန်လွတ်လာတဲ့ အမေရိကန် စာနယ်ဇင်းသမား ဒန်နီဖန်စတာရဲ့ အိမ်ပြန်ခရီး စတင်ခဲ့ပြီ ဖြစ်ပါတယ်။
မစ်ရှီဂန်ပြည်နယ်၊ ဒိထရွိုက်မြို့ကြီးနားက ဟန်တင်တင်သစ်တော ဆိုတဲ့ အရပ်ကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ ၅ လ ကျော်ကြာ ကာလအတွင်း ပေါ်ပေါက်နေခဲ့တဲ့ ဒန်နီ လွတ်မြောက်ရေး ဖန်စတာ မိသားစုရဲ့ ဆော်ဩ လှုပ်ရှားမှု အောင်မြင်လာခဲ့ပြီလို့ ပြောနိုင်ပါတယ်။
"ဒန်နီ လွတ်လာလို့ ကျွန်တော်တို့ အင်မတန် ပျော်ရွှင်နေရတယ်။ အခု သူ အိမ်ပြန်လာနေပါပြီ။ သူ့ကို ဆီးကြို ပွေ့ဖက်ရဖို့ စိတ်စောနေရပါတယ်။ သူလွတ်မြောက်အောင် ကူညီ ဆောင်ရွက်ခဲ့သူတွေ အားလုံး၊ အထူးသဖြင့် ဂါဗနာ ရစ်ချက်ဆင်ကို ဖန်စတာ မိသားစုက အလွန်ပဲ ကျေးဇူးတင်ပါတယ်" လို့ အစ်ကိုဖြစ်သူ ဘရိုင်ယန်က တွစ်တာကနေ အများကို အသိပေးပါတယ်။
နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အဖြစ် ၈ နှစ်ကြာ (၂၀၀၃-၂၀၁၁) တာဝန် ယူခဲ့တဲ့သူ ဖြစ်တဲ့အတွက် ဘီလ်ရစ်ချက်ဆင်ကို ဂါဗာနာ ရစ်ချက်ဆင်လို့ ဘရိုင်ယန်က အမေရိကန်ထုံးစံ ရည်ညွှန်း ခေါ်ဆိုတာ ဖြစ်ပါတယ်။
အမေရိကန် အတွက် ပုံမှန် သံတမန် ဆက်ဆံရေး လမ်းကြောင်း အခက်အခဲ ရှိနေတဲ့၊ နိုင်ငံခြားရေး ဌာနနဲ့ကြား ဆက်ဆံရေး ပျက်ယွင်းပြီး တင်းမာမှုတွေ ရှိနေတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုနဲ့ကြား အကျဥ်းသားလွတ်မြောက်ရေး သဘောတူမှု နောက်တချီ ဘီလ်ရစ်ချက်ဆင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် နိုဝင်ဘာလဆန်း ခရီးစဥ် အစနဲ့ အဆုံးမှာ ဒန်နီဖန်စတာ အကြောင်း တစ်လုံးတစ်ပါဒမှ စကားမကျွံပဲ နှုတ်ဆိတ်နေခဲ့တဲ့ မစ္စတာ ရစ်ချက်ဆင်ဟာ နိုဝင်ဘာ ၁၅ ရက် မှာ တိုးတိုးတိတ်တိတ်ပဲ မြန်မာပြည်မှာ ရှိနေခဲ့ပြီး ဒန်နီကို သူကိုယ်တိုင် ခေါ်ထုတ်သွားပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Richardson Center
မြန်မာပြည်ကနေ ထွက်ခွာဖို့ လေယာဥ်ပေါ်တက်ကာနီး ဒန်နီဖန်စတာနဲ့ ဘီလ်ရစ်ချက်ဆင်တို့ နှစ်ယောက်သား မတ်တပ်ရပ် ယှဥ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ရစ်ချက်ဆင် စင်တာက ထုတ်ပြန်ပါတယ်။
ဒန်နီ အပါအဝင် ရစ်ချက်ဆင် အဖွဲ့ကို သယ်ဆောင်တဲ့ သီးသန့်လေယာဥ်ဟာ ကာတာနိုင်ငံမှာ အရင်ဆုံး ခရီးတစ်ထောက်နားမှာ ဖြစ်ပါတယ်။
ဒီ အိမ်အပြန်ခရီးမှာ ရစ်ချက်ဆင်စင်တာက ထိပ်တန်း ပုဂ္ဂိုလ်တွေလည်း အတူ လိုက်ပါ လာခဲ့ပါတယ်။ ဒန်နီနဲ့ ဘီလ်တို့ အပြင် လေယာဥ်ပေါ်မှာ ဘီလ်ရဲ့လက်ထောက်ဖြစ်တဲ့ ရစ်ချက်ဆင်စင်တာရဲ့ ဒုဥက္ကဌ အမေရိကန် သံအမတ်ဟောင်း ကင်မရွန်းဟျူးမ်၊ အမှုဆောင် အရာရှိချုပ် မစ်ကီ ဘာ့ဂ်မင်၊ အကြီးတန်း အကြံပေးလည်းဖြစ် ပရိုဂရမ် ဒါရိုက်တာလည်း ဖြစ်တဲ့ စတိဗ်ရော့စ်တို့လည်း အတူ ရှိနေကြတယ်လို့ ရစ်ချက်ဆင်စင်တာက ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ဒန်နီဖန်စတာ လွတ်မြောက်ရေးကို ရစ်ချက်ဆင်ဌာနက ထိပ်ပိုင်း အားအပြည့်သုံးပြီး လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က အသိအမှတ် မပြုပဲ အာဏာသိမ်းခဲ့ကို အမေရိကန် နိုင်ငံခြားရေးဌာနက ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားတွေ ထပ်လောင်း ထုတ်ပြန် နေခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ နှစ်ပတ်လည် အချိန်မှာပဲ ဘီလ်ရစ်ချက်ဆင် မြန်မာပြည်ကို ရောက်လာခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ လူချင်း တွေ့ဆုံ ခဲ့ပါတယ်။
နိုဝင်ဘာ လဆန်း ခရီးစဥ်နဲ့ စစ်ကောင်စီ ဥက္ကဌနဲ့ကြား နေပြည်တော်တွေ့ဆုံပွဲ တို့ဟာ ဒန်နီ လွတ်မြောက်ရေး ဖြစ်လာ စေခဲ့တယ်လို့ ရစ်ချက်ဆင်စင်တာက အခုအခါမှာတော့ ဖွင့်ဟခဲ့ပြီ ဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ မြန်မာပြည်ထဲ စာနာမှုဆိုင်ရာ အထောက်အပံ့ အကူအညီတွေ ပေးနိုင်ရေး အတွက် လာတဲ့ ပုဂ္ဂိုလ်ရေး ခရီးစဥ် အဖြစ် ကြေညာခဲ့ပြီး ဒန်နီလွတ်မြောက်ရေး လုပ်မှာလား ဆိုတဲ့ တိုက်ရိုက် အမေးတွေကို မဖြေဆိုပဲ နေခဲ့တဲ့ ဘီလ်ရဲ့ နိုဝင်ဘာလဆန်း ခရီးစဥ်မှာ အကျဥ်းသားလွတ်မြောက်ရေး ညှိနှိုင်းဖို့ လုပ်ငန်းရည်ရွယ်ချက် မူလကတည်းက ရှိခဲ့တာကို ရစ်ချက်ဆင်စင်တာက ဖွင့်ဟ ပြောလာတာ ဖြစ်ပါတယ်။
အဲဒီ ခရီးစဥ် အဆုံးသတ်ပြီး နောက်မှာလည်း ဘီလ်ဟာ ဒန်နီ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး သူဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လို သဘောတူမှုတွေ ရခဲ့တယ်၊ ဘယ်လို အစီအစဥ်တွေ ရှိနေတယ်ဆိုတာကို တစ်လုံးတစ်ပါဒမှ ဖွင့်ဟခြင်း မရှိပဲ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး တည်ဆောက်လို့ ဆိုပြီး အမေရိကန် ပြည်တွင်းပြည်ပ ပေါ်ပေါက်လာခဲ့တဲ့ ဝေဖန်မှုတွေကို မတုံ့ပြန်ပဲ ဆက်လက် နှုတ်ဆိတ် နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဒီနောက်မှာတော့ မြန်မာ အာဏာသိမ်း စစ်တပ်က ဒန်နီဖန်စတာကို ထောင်တွင်း အထူးတရားရုံးကနေ သောကြာနေ့မှာ ထောင် ၁၁ နှစ် ချ၊ ကြားထဲမှာ စနေ တနင်္ဂနွေခံပြီး တနင်္လာနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။
ရစ်ချက်ဆင်စင်တာရဲ့ ထုတ်ပြန်ချက်ထဲ သူတို့ရဲ့ ပရဟိတ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အားပေး ထောက်ပံ့ကြတဲ့ ပုဂ္ဂိုလ် တစ်ဦးချင်းစီ အပါအဝင် ကာတာနဲ့ နော်ဝေ အစိုးရတွေကိုလည်း ကျေးဇူးတင်တယ်လို့ ရေးထားပါတယ်။
ဒန်နီကို ပြန်လွှတ်မယ့် အကြောင်းနဲ့၊ ဘီလ်ရစ်ချက်ဆင်လည်း မြန်မာပြည်ထဲ ရောက်နေတဲ့ အကြောင်း ကြိုတင် သတင်းရလို့ စစ်ကောင်စီ ပြောခွင့်ရကို ဘီဘီစီက မေးတဲ့ အခါ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြီး၊ အသေးစိတ်ကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၅ မှာ ဘီလ်ရစ်ချက်ဆင်နဲ့ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌတို့ နေပြည်တော်မှာ သီတင်း နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် လူချင်းတွေ့ကြပြီး နောက်မှာတော့ ဒန်နီဖန်စတာကို အမှုတွေ၊ ပြစ်ဒဏ်တွေ ရုပ်သိမ်းပြီး ပြည်နှင်ဒဏ် ပေးလိုက်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ကလင်တန် လက်ထက် စွမ်းအင်ဝန်ကြီးလည်း ဖြစ်ခဲ့တဲ့ ဒီမိုကရက်ပါတီက ဝါရင့် ကွန်ဂရက်စ် လွှတ်တော် အမတ်ဟောင်း ဘီလ်ဟာ စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူ တစ်ဦး အဖြစ် အသိအမှတ် ပြုခံထားရပြီး ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နေရာကိုလည်း စွမ်းအင်ဝန်ကြီး မဖြစ်ခင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဆဒမ်ဟူစိန် ဖမ်းထားတဲ့ အမေရိကန် နိုင်ငံသားနှစ်ယောက် လွတ်မြောက်ရေးအတွက် အီရတ်မြို့တော်၊ ဘဂ္ဂဒက်ကို ၁၉၉၆ မှာ သွားရောက်ခဲ့သလို၊ နီကာရာဂွား၊ ဂွာတီမာလာ၊ ကျူးဘား၊ မြောက်ကိုရီးယားနဲ့ ဆူဒန် အပါအဝင် အမေရိကန် အစိုးရနဲ့ ဆက်ဆံရေး ပျက်ပြားနေခဲ့တဲ့ နိုင်ငံတွေကိုလည်း အမေရိကန် နိုင်ငံသားတွေ လွတ်မြောက်ရေး အပါအဝင် အမေရိကန် အကျိုးစီးပွား အတွက် သွားရောက်ခဲ့သူ ဖြစ်ပါတယ်။
ဘီလ်ရစ်ချက်ဆင်ရဲ့ နာမည်ကို ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ် လူအများ သတိထားမိစေတာတွေထဲမှာ မြောက်ကိုရီးယားမှာ အဖမ်းခံထားရတဲ့ အမေရိကန် နိုင်ငံသား အီဗန် ဟန်ဇီကာ လွတ်အောင် ညှိပေးနိုင်ခဲ့တာလည်း ပါဝင်ပါတယ်။
သူဟာ ရစ်ချက်ဆင်စင်တာ နာမည်နဲ့ ဖောင်ဒေးရှင်း ထူထောင်ထားပြီး မြောက်ကိုးရီးယား၊ မြန်မာ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေနဲ့ သက်ဆိုင်တဲ့ ကူညီမှု လုပ်ငန်းတွေ လုပ်နေပြီး ထိတွေ့ ဆက်ဆံရေး လမ်းကြောင်း ဖော်ဆောင် ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီဘက်က နောက်ပိုင်း ထုတ်ပြန်လာချက်တွေအရ ဒန်နီ ဖန်စတာကို ပြန်လွှတ်ပေးရေးကို ဘီလ်ရစ်ချက်ဆင်သာမက ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဟေဒေယိုး ဝါတာနာဘီနဲ့ မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဂျပန်ရဲ့ အထူးကိုယ်စားလှယ် နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေအိ ဆာဆာကာဝါ တို့လည်း ကြားဝင် မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။
ဖရန့်တီးယား သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်ရေး အယ်ဒီတာ ဒန်နီဖန်စတာကို အာဏာသိမ်း စစ်တပ်က ပိတ်ပင်ခဲ့တဲ့ မြန်မာနောင်း သတင်းဌာန အတွက် အလုပ်လုပ်သူ တစ်ယောက် အဖြစ် ထောင် ၁၁ နှစ် စုပေါင်း ချခံရတဲ့ လှုံ့ဆော်မှု၊ မတရားသင်းနဲ့ ဆက်သွယ်မှု၊ လဝက အမှုတွေနဲ့တင်မက အကြမ်းဖက် ဥပေဒေနဲ့ စစ်ကောင်စီ လက်သုံး ဖြစ်နေတဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ၁၂၄ (က) တို့လို နှစ်ရှည် ထောင်ချနိုင်တဲ့ ပုဒ်မတွေပါ တပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒန်နီဖန်စတာ လွတ်မြောက်လာတဲ့ အပေါ် ဖရန့်တီးယား သတင်းဌာနကလည်း ထုတ်ပြန်လာတာမှာ "ဒန်နီ နောက်ဆုံးမှာတော့ ထောင်ထဲကနေ လွတ်လာနိုင်ခဲ့လို့ အတော်လေး စိတ်သက်သာရာ ရနိုင်ခဲ့တယ်။ တကယ်တော့ သူ့ကို ထောင်ထဲ ထည့်ဖို့ ဆိုတာ အစကတည်းကတိုင်း မဖြစ်သင့်တာပါ။ ကျန်ခဲ့တဲ့ ၅ လ ခွဲတာ ကာလ အတွင်း ဒန်နီ လွတ်မြောက်ရေး ကြိုးပမ်းခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်" ဆိုပြီး ဖရန့်တီးယား အယ်ဒီတာချုပ် သောမတ်စ် ကီးန်က ပြောထားတာ တွေ့ရပါတယ်။
"ဒန်နီဟာ စာနယ်ဇင်းသမား ဖြစ်လို့ ကိုယ့်အလုပ်ကိုယ် လုပ်ကြရင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းခံရတဲ့ သတင်းသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ထောင်တွေထဲ ဆက်လက် ရှိနေကြသေးတဲ့ သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ဖို့ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုလိုက်တယ်" ဆိုပြီးတော့လည်း သောမတ်စ် ကီးန်က ဆိုပါတယ်။









