၂၀၂၁ မြန်မာစစ်အာဏာသိမ်း- ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကာလနေ့ရက်များ

ဒီဇွန် ၁၉ ရက်ဆို ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၆ နှစ်ပြည့်တော့မှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီဇွန် ၁၉ ရက်ဆို ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၆ နှစ်ပြည့်တော့မှာပါ။

အသက် ၇၆ နှစ် အရွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁)ရက် ကစပြီး နောက်တစ်ဖန် အကျယ်ချုပ်ကာလတွေကိုဖြတ်သန်းနေရပါတယ်။

ပြီးခဲ့တဲ့ ၃၁ နှစ်တာကာလအတွင်း ၁၅နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ သူမဟာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။

အဲဒီနောက် ၁၀ နှစ်တာ ပြင်ပကမ္ဘာကြီးကို လူထုနဲ့ အတူ ထိတွေ့ခွင့်ရခဲ့ပြီး လူထုရွေးကောက်တင်မြှောက်တဲ့အတွက် တိုင်းပြည်ကိုလည်း ငါးနှစ်တာ ဦးဆောင်ခွင့်ရခဲ့ပါတယ်။

လူထုရဲ့သောင်ပြိုကမ်းပြိုထောက်ခံမှုနဲ့ တရားဝင်အစိုးရ အဖြစ် ရပ်တည်နိုင်ခဲ့ပြီးကာမှ နောက်ထပ် ထပ်မံပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရဖို့ရှိနေချိန်မှာပဲ ပြန်လည်ထိန်းသိမ်းခံရတဲ့ ဖြစ်ရပ်မျိုးကို အမျိုးသမီးနိုဘယ်ဆုရှင်နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးကြုံတွေ့ရသူလည်းဖြစ်ပါတယ်။

ထိန်းသိမ်းခံကာလ ရက်ပေါင်း ၁၂၀ ကျော်ကို အရောက်မှာတော့ ထိန်းသိမ်းခံအခြေအနေမှာ ငွေကြေးအကျပ်အတည်းနဲ့ပတ်သက်လို့ ရှေ့နေကတစ်ဆင့်ပြောလာပါတယ်။

ဒါပေမဲ့ စစ်အုပ်စုဆီကနေ ပေးမယ့် အထောက်အပံ့ကိုတော့ မလိုချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားပြောလာတာပါ။

"အခု အန်တီနဲ့ အတူနေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် ငွေလည်းနည်းသွားပြီပေါ့။ အဲဒီအတွက် ကျွန်မတို့ ဆောင်ရွက်ပေးနိုင်ရင်လည်း ဆောင်ရွက်ပေးပါပေါ့။ လိုအပ်တဲ့ ဆေးနဲ့ရိက္ခာပေါ့။ သက်ဆိုင်ရာဌာနကတော့ သူတို့စီစဉ်ပေးမယ်ပြောတယ်။ ဒါပေမဲ့ အန်တီက သူတို့စီစဉ်ပေးတာမလိုချင်ဘူး၊ လက်မခံဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြန်ပြောပြပါတယ်။

ငွေကြေးအကျပ်အတည်းဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးအဆန်းမဟုတ်

ဒီလို အကျပ်အတည်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်ဖြတ်သန်းခဲ့ရတာ အခုမှတော့ မဟုတ်ပါဘူး။

ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကာလတွေကတည်းက ကြုံတွေ့ခဲ့ရတာပါ။ အဲဒီအချိန်တုန်းကလည်း စစ်အစိုးရရဲ့ ထောက်ပံ့ပေးဖို့ကမ်းလှမ်းချက်တွေကို ငြင်းဆိုခဲ့ပြီး ကြံ့ကြံ့ခံရင်ဆိုင် ဖြတ်ကျော်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူ အချို့က ပြန်ပြောပြပါတယ်။

အကျယ်ချုပ်ကာလမှာ နေအိမ်ကပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး နေထိုင်ဖြတ်သန်းခဲ့ရတာတွေလည်းရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အကျယ်ချုပ်ကာလမှာ နေအိမ်ကပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး နေထိုင်ဖြတ်သန်းခဲ့ရတာတွေလည်းရှိ

အကျယ်ချုပ်ကာလ ပထမခြောက်နှစ်တုန်းကဆို တစ်ဦးတည်းနေထိုင်ရတာမျိုးဖြစ်လို့ အစားအသောက်ရှားပါးမှုတွေ၊ ငွေကြေးမပြည့်စုံမှုတွေ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အကျယ်ချုပ်ကာလနှစ်အတန်ကြာ ဖြတ်သန်းခဲ့ပြီး ၂၀၁၀ နိုဝင်ဘာထိ အတူနေထိုင်ခဲ့တဲ့ ဒေါ်ခင်ခင်ဝင်း ကပြောပြပါတယ်။

"စစချင်းအကျယ်ချုပ်ကာလ ခြောက်နှစ်မှာ အန်တီဝင်းတို့လည်းမရှိဘူး။ သူတစ်ယောက်တည်း တော်တော်ဒုက္ခရောက်ခဲ့တာ။ အစားအသောက်ကို ခြွေတာလွန်းတော့ အာဟာရပြတ်သလိုအထိဖြစ်တာလေ။ သူ ခရမ်းချဉ်သီးကို မကြိုက်ဘူး။ မကြိုက်ပေမယ့် အာဟာရပြတ်သလို ဖြစ်လာတော့ ရေခဲသေတ္တာထဲရှိတဲ့ ခရမ်းချဉ်သီးတစ်လုံးကိုခြောက်စိတ် စိပ်ပြီး ထမင်းတစ်နပ်ပြီးရတဲ့နေ့တွေ့ရှိတယ်လို့ပြောတော့ အန်တီဝင်း စိတ်ထိခိုက် လိုက်တာလေ" လို့ ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်စုစုပေါင်း ၁၅ နှစ်ခန့်ကျခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်စုစုပေါင်း ၁၅ နှစ်ခန့်ကျခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုသတ္တိနဲ့ခံနိုင်ရည်၊ ပြီးတော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေဖို့ သူဆုံးဖြတ်ခဲ့တာလို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းနေထိုင်ရတဲ့ ပထမခြောက်နှစ်တာ အကျယ်ချုပ်ကာလမှာ နေအိမ်ကပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး နေထိုင် ဖြတ်သန်းခဲ့ရတာတွေလည်းရှိတယ်လို့ နီးစပ်သူတချို့က မှတ်မှတ်ရရပြောပြကြပါတယ်။

မိခင်ဒေါ်ခင်ကြည်ဆုံးပါးပြီးခါစအချိန်မှာ လက်ထဲ ငွေကြေးများများစားစားမကျန်ခဲ့လို့ တစ်ဦးတည်းနေထိုင်ချိန်မှာ အခက်အခဲတွေရှိခဲ့တာလို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။

"အဲဒါက စောစောပိုင်းကာလပေါ့။ ကျွန်မတို့သားအမိနဲ့ အတူမနေခင်ပေါ့။ ကျွန်မ သူနဲ့ အတူ နေဖို့ ဆုံးဖြတ်တာလည်း အဲဒါကြောင့်ပါတယ်။ ဘယ်လောက် ထိလဲဆို အများပြည်သူစားတဲ့ ၅၅ ပြားတန် ဆန်ကိုသူစားတာ၊ အဲဒါသူ့ကို စောင့်ရှောက်တဲ့ ရဲတွေထဲ သူ့ကိုလေးစားသူတွေလည်းပါတာပေါ့၊ အန်တီရယ် မစားပါနဲ့ ဆိုပြီး ဆန်ကောင်းတာပေးတော့ သူက ဒီတိုင်းမလိုချင်ဘူးဆိုပြီး အိမ်က ပစ္စည်းတွေရောင်းချပေါ့ အဲဒါငွေပေးပြီး မှလက်ခံတယ်" လို့ ပြန်ပြောင်းပြောပြပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အချစ်တော်ခွေးလေး တိုက်ချီတို အပါအဝင် အခြားစောင့်ရှောက်တဲ့ မိသားစုဝင် ကိုးဦးနေထိုင်ကြတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ သူနာပြုဆရာမတစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ကိုပု(ကွယ်လွန်)ရဲ့ ဇနီး မဝေအပါအဝင် အမျိုးသမီးလေးဦး၊ ယာဉ်မောင်းနဲ့ အထွေထွေဝန်ထမ်း အမျိုးသား ၅ ဦး ရှိပါတယ်။

ဒါပေမဲ့ ခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ မိသားစုဝင်တွေအတွက် ရိက္ခာ ၊ဆေးဝါးနဲ့ငွေကြေးလိုအပ်ချက် တွေ ရှိတယ်လို့ ပြောကြားချက်နဲ့ ပတ်သက်ပြီး အလှူငွေ ပေးပို့လိုတဲ့ ကမ်းလှမ်းချက်တွေ ရှိလာပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ အဖွဲ့ကို ဦးဆောင်သူ ရှေ့နေ ဦးခင်မောင်ဇော်ကပြောကြားထားပါတယ်။

အကျယ်ချုပ်ကာလငွေကြေးလိုအပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဖြေရှင်းလေ့ရှိသလဲ

အခုရှေ့နေတွေကတစ်ဆင့် ရိက္ခာနဲ့ငွေကြေး တောင်းဆိုချက်ဟာ သူ့အတွက်မဟုတ်ဘဲ အတူနေ မိသားစုတွေ အဆင်ပြေဖို့ တောင်းဆိုတာလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

"သူက ရှေ့နေကနေ လိုအပ်ချက်ကိုတောင်းဆိုတာကလည်း သူကတရားဥပဒေနဲ့ အညီပဲဖြစ်ချင်တယ်၊ ဒါကြောင့်ပဲ သက်ဆိုင်ရာထိန်းသိမ်းထားတဲ့သူတွေနဲ့ အန်တီကိုယ်တိုင်ပြောတယ်"

လွန်ခဲ့တဲ့နှစ်များဆီက အကျယ်ချုပ်ကာလ တွေတုန်းကလည်း အလားတူ ငွေကြေးလိုအပ်တဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်ပိုင် စာမူခတွေနဲ့ ဖြေရှင်းပြီးကြိုးစား နေထိုင်ခဲ့တယ်လို့ ဒေါ်ခင်ခင်ဝင်းကပြန်ပြောင်းပြောပြပါတယ်။

"သူ့စာမူတွေကို ဂျပန်မှာ ကျောင်းသုံးစာအုပ်မှာပြဋ္ဌာန်းတာတောင်ရှိတယ်လေ။ အဲဒီစာမူခတွေကို ဘဏ်ကတဆင့် စီစဉ်ပေးတယ်။ အဲဒါနဲ့ပဲသူဖြတ်သန်းတယ်၊ အဲဒီငွေတွေကို ဦးအုန်းမြင့် (သခင်အုန်းမြင့်) တို့အိမ်ကနေ စီစဉ်ပေးတယ်။ လိုတာတွေပို့ပေးတာပေါ့၊ ဈေးစာရင်းပေးရင် သူတို့ ကဝယ်ခြမ်းပြီးပြန်ပို့ပေးပေါ့"

နေအိမ်အကျယ်ချုပ်ကို အတူဖြတ်သန်းဖူးတဲ့ ဒေါ်ခင်ခင်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခုအခြေအနေကို စိတ်ပူနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ပုံစာ, နေအိမ်အကျယ်ချုပ်ကို အတူဖြတ်သန်းဖူးတဲ့ ဒေါ်ခင်ခင်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခုအခြေအနေကို စိတ်ပူနေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းစနစ်အလွန်ကြီးသူဖြစ်လို့ ချဲ့ချဲ့ကားကား မနေတတ်ဘူးလို့ ဒေါ်ခင်ခင်ဝင်းက မှတ်ချက်ပြုပါတယ်။

"အခုပြောလာတဲ့ပုံကို ကြည့်ရင် သူနဲ့အတူနေတဲ့သူတွေအတွက် တကယ်ကိုလိုအပ်နေလို့ ဒီလိုပြောလာတယ်လို့ မှတ်ယူရမယ်။ သူဟာ မလိုအပ်ဘဲ မပြောတတ်ဘူး။ အင်မတန်မှ နေတတ်ထိုင်တတ်တဲ့သူ"

လက်ရှိမှာ တော့ အမှု(၆) ခုနဲ့တရားစွဲဆိုခံထားရတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေး အရေး လူ့အခွင့် အရေး တွေ့ဆုံဆွေးနွေးဖူးခဲ့သူတွေထဲက တစ်ဦးဖြစ်သလို ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူကတော့

"အပြစ်မရှိ အပြစ်ရှာထားတဲ့ အမှုတွေဆိုတာပြောစရာမလိုဘူး၊ ဒေါ်အောင်ဆန်းစုကြည်လို တရားဥပဒေကိုလေးစားတဲ့သူကို ပုဒ်မတွေ အများကြီးတပ်ပြီး တရားစွဲဆိုတယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာ ထင်ရှားပါတယ်" လို့ ပြောလာပါတယ်။

မိသားစုရင်းခြားမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအနေအထားကို လူထုက စိုးရိမ်သလို ကရုဏာသက်နေကြတာတွေလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိသားစုရင်းခြားမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအနေအထားကို လူထုက စိုးရိမ်သလို ကရုဏာသက်နေကြတာတွေလည်းရှိပါတယ်။

ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်ကာလတွေကိုတော့ လူထုက စိုးရိမ်တကြီးဖြစ်ကြပါတယ်။

ဇွန် (၁၉)ရက်မှာ အသက် ၇၆ နှစ်ပြည့်မယ့် သူ့ရဲ့ အသက်အရွယ်အရ ကျန်းမာရေး အခြေအနေကို အရင်အကျယ်ချုပ်ကာလတွေလို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ကို အထူးမျှော်လင့်ကြတာပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကတဆင့် တောင်းဆိုတဲ့ ငွေကြေးနဲ့ရိက္ခာဆိုတာဟာ စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေကို ရင်ဆိုင်နေရချိန်မှာ လိုအပ်နေတဲ့အရာတွေလည်းဖြစ်ပါတယ်။

၂၀၁၀ ရှေ့ပိုင်းအကျယ်ချုပ်ကာလတချို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ သားအမိနဲ့ အတူ ဖြတ်သန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Win Ma Ma fb

ဓာတ်ပုံ ပုံစာ, ၂၀၁၀ ရှေ့ပိုင်းအကျယ်ချုပ်ကာလတချို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ သားအမိနဲ့ အတူ ဖြတ်သန်းခဲ့ပါတယ်။

၂၀၁၀ ရှေ့ပိုင်းကာလအကျယ်ချုပ်ကာလတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရိက္ခာအစားအသောက်တို့ကို တာဝန်ယူပို့ဆောင်ပေးခဲ့သူ ဦးနီ(သခင်အုန်းမြင့်သား) ရှိခဲ့ပါတယ်။ ခုတော့ ဦးနီကလည်း ကွယ်လွန်ခဲ့ပါပြီ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ မိသားစုအရင်းအခြာလည်းမရှိသလို အိမ်ထောင်စုစာရင်းမှာလည်း သူတစ်ဦးတည်းသာ ရှိကြောင်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ပြောခဲ့တာရှိပါတယ်။

ဒါကြောင့် ခုလို နေအိမ်အကျယ်ချုပ်နဲ့ဖမ်းဆီးခံထားရချိန်မှာ အတူနေ စောင့်ရှောက်သူ မိသားစုဝင်ကိုးဦးရဲ့ အသုံးစရိတ်ကိုပါ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားရပါတယ်။

၁၅နှစ်နီးပါး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အကျယ်ချုပ်ကာလတွေကို နေထိုင်ဖြတ်သန်းခဲ့တဲ့ ဒေါ်ခင်ခင်ဝင်းကတော့ "ဒီလိုကြားတော့ အပြင်က နေပြီး ရင်ပူရတာထက်၊ ကိုယ့်မျက်စိအောက်မှာရှိနေပြီး ပူရရင်တော့ ကူညီလုပ်ကိုင်ပေးလို့ရတာပေါ့"

ဗီဒီယို ပုံစာ, တချိန်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဘယ်လိုကျင်းပခဲ့ကြ