ရေနဲ့ အောက်စီဂျင်တွေ ပြတ်နေပြီလို့ အယ်လ်ရှီဖာဆေးရုံဒါရိုက်တာပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာကမ်းမြောင်ဒေသရဲ့ အဓိကဆေးရုံဟာ အစ္စရေးစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း ခံနေရပြီး လက်ရှိမှာတော့ အောက်ဆီဂျင်နဲ့ ရေတွေပြတ်နေတာကြောင့် လူနာတွေ “ရေငတ်ပြီးအော်ဟစ်ကုန်ကြပြီ” လို့ အယ်လ်ရှီဖာဆေးရုံဒါရိုက်တာက ဘီဘီစီကို ပြောပါတယ်။
ဆေးရုံထဲမှာ လူနာ ၆၅၀ ကျော်၊ ဆေးဝန်ထမ်း ၅၀၀ ကျော်အပြင် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ လူ ၅၀၀၀ ကျော်နဲ့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့အခြေအနေ ဖြစ်နေတယ်လို့ မစ္စတာ မူဟာမတ်အဘူဆယ်မီရာက ပြောပါတယ်။
ဂါဇာမြို့တော်ထဲက ဆေးရုံကို အစ္စရေးစစ်တပ်က တင့်ကားတွေနဲ့ ဝိုင်းထားပါတယ်။ ဒရုန်းတွေကလည်း အပေါ်မှာပျံနေပြီး အစ္စရေးစစ်သားတွေက ဆေးရုံထဲမှာ အခုအချိန်ထိ ရှာဖွေရေးတွေလုပ်နေတာ ၂ ရက်ရှိပြီလို့” မူဟာမတ်က ပြောပါတယ်။
အစ္စရေးစစ်တပ်က ဟားမတ်စ်လက်နက်ကိုင်တွေကို တိုက်ခိုက်တဲ့စစ်ဆင်ရေးက ပညာသားပါသလို နည်းစနစ်ကျကျနဲ့ စေ့စေ့စပ်စပ်လုပ်ဆောင်နေတယ်လို့ မူဟာမတ်က ဆိုပါတယ်။
ဆေးရုံထဲမှာ ပိတ်မိနေတဲ့ သတင်းထောက်ဖြစ်သူ ခါဒါက ဘီဘီစီသတင်းထောက် ရက်ရှ်ဒီအာဘူအာလုဖ်ကို ဖုန်းနဲ့ဆက်သွယ်ပြီး ပြောခဲ့တာကတော့ အစ္စရေးစစ်တပ်က နေရာတိုင်းကို ပစ်ခတ်နေတယ်လို့ပြောပါတယ်။
ဒီသတင်း၂ ခုစလုံးကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့အစောပိုင်းက အယ်လ်ရှီဖာလ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်လက်နက်ကိုင်တွေရဲ့ လက်နက်နဲ့ ပစ္စည်းတွေ တွေ့ခဲ့တယ်လို့ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့မှာတော့ စစ်ဆင်ရေးလုပ်ဆောင်တဲ့ ဥမင်လိုဏ်ခေါင်းပေါက်တစ်ခုနဲ့ လက်နက်တွေပါဝင်တဲ့ ယာဥ်တစ်စီးကိုတွေ့ခဲ့တယ်လို့ အစ္စရေးဘက်က ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မစ္စတာအဘူဆယ်မီရာကတော့ “အစ္စရေးစစ်တပ်က အယ်လ်ရှီဖာလ်ဆေးရုံရဲ့ အဓိက ရေရရှိတဲ့နေရာကို ဖောက်ခွဲခဲ့တယ်။ ဆေးရုံထဲက လည်ပတ်နေတဲ့လုပ်ငန်းတွေကိုလည်း ကန့်သတ်ပစ်လိုက်တယ်။ အဆောက်အဦ တစ်ခုကနေတစ်ခုဆီကို ဘယ်သူမှ ကူးလို့မရဘူး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် အဆက်အသွယ်ပြတ်နေပြီ”လို့ ပြောပါတယ်။
ကြာသပတေးနေ့အစောပိုင်းကလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေက ဆေးရုံအဆောက်အဦရဲ့ တောင်ဘက်ခြမ်းက အုတ်နံရံတွေနဲ့ ကားဒါဇင်ပေါင်းများစွာကို ဖျက်ဆီးခဲ့တယ်လို့ သတင်းထောက်ကခါဒါက ဘီဘီစီကို ပြောပါတယ်။
ခါဒါနဲ့ ဖုန်းလိုင်းဆက်သွယ်မှုမပြတ်တောက်ခင်မှာလည်း သံချပ်ကာနဲ့ ဘူဒိုဇာတွေယူလာခဲ့တယ်လို့ သူက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဟားမတ်စ်လက်နက်ကိုင်တွေ ထိန်းချုပ်ခြင်းကိုခံနေရတာကြောင့် ဆေးရုံအဆောက်အဦရဲ့ တောင်ဘက်ဝင်ပေါက်က အစိတ်အပိုင်းတွေကို ဘူဒိုဇာနဲ့ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က သေနတ်သမားရာပေါင်းစွာရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်ကို ချေမှုန်းဖို့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ အစ္စရေးက စတင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ယူကေ နဲ့ ဥရောပသမဂ္ဂတို့လိုပဲ အစ္စရေးက ဟားမတ်စ်လက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တယ်လို့ ပြောပါတယ်။ အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂၀၀ ထက်မနည်းသေဆုံးပြီး ၂၄၀ ခန့်ကတော့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ် ပြောပါတယ်။
အစ္စရေးဘက်က တန်ပြန်တိုက်ခိုက်မှုတွေစတင်ကတည်းက အနည်းဆုံး လူ တစ်သောင်းကျော် သေဆုံးထားပြီဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်လက်နက်ကိုင်တွေ ချုပ်ကိုင်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းမှာလည်း ဓားစာခံတစ်ဦးရဲ့ ရုပ်အလောင်းကို အယ်လ်ရှီဖာလ်ဆေးရုံအနီးမှာ တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
မျက်မြင်သက်သေတစ်ဦးအပြောအရ သေဆုံးသွားသူက ရီဟုဒစ်ဝီးစ်ဆိုသူဖြစ်ပြီး သူရဲ့နေအိမ် ဘီးအာရီ(အစ္စရေးတောင်ပိုင်း) ကနေ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပြီး ဒါကိုလည်း IDF ဘက်က အတည်ပြုပြောဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ဂါဇာမှာ လောင်စာဆီပြတ်တောက်မှုတွေကြောင့် တယ်လီကွန်းကုမ္ပဏီတွေဘက်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဆေးရုံထဲမှာလည်း ဟားမတ်စ်ကို တိုက်ခိုက်ဖို့အတွက် အစ္စရေးတပ်တွေက သူတို့ရဲ့ “ပူးပေါင်းစစ်ဆင်ရေး”ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ IDF ကပြောပါတယ်။
”ဆေးရုံရဲ့ အထပ်တိုင်းမှာ လူနာတွေရော ဆေးဝန်ထမ်းတွေရော လူရာနဲ့ချီပြီးရှုပ်ထွေးနေတာတောင်မှ အစ္စရေးစစ်သားတွေက အဆောက်အဦ တစ်ခုပြီးတစ်ခု
အထပ်တိုင်းကို လိုက်ရှာနေတာမျိုးတွေ့တယ်လို့” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
IDF က တာဝန်ရှိသူတစ်ဦးကလည်း အယ်လ်ရှီဖာလ်ဆေးရုံထဲမှာ ဟားမတ်စ်လက်နက်ကိုင်တွေဘက်က သေချာလျှို့ဝှက်ထားတဲ့ အဆောက်အဦရှိတယ်လို့ ဆိုပါတယ်။
ဟားမတ်စ်လက်နက်ကိုင်တွေဘက်ကတော့ သူတို့လူတွေက ဆေးရုံထဲမှာ လည်ပတ်နေတာမရှိဘူးလို့ ထပ်ပြီးငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က လက်ဘနွန်မှာရှိတဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ရဲ့ အကြီးဆုံးခေါင်းဆောင် အိုစနာဟမ်ဒန်က “အစ္စရေးက လက်နက်တွေအားလုံးကို ဆေးရုံကိုယူလာပြီး ချပေးထားတယ်” လို့ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။
ဖမ်းခံထားရတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ပြောဆိုဆွေးနွေးမှုတွေ မအောင်မြင်တဲ့အပေါ် ဘီဘီစီကနေ မေးမြန်းခဲ့တဲ့အခါမှာတော့ ဟားမတ်စ်လက်နက်ကိုင်တွေက သဘောတူညီမှုရအောင် သုံးကြိမ်တိုင်တိုင်ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှုရခါနီးတိုင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နမ်တမ်ရဟူဘက်ကနေ ရပ်ပစ်လိုက်တယ်လို့ မစ္စတာဟမ်ဒန်က ဆိုပါတယ်။
မစ္စတာဟမ်ဒန်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အစ္စရေးအစိုးရဘက်က ဘာမှ မှတ်ချက်မပေးပါဘူး။
အစ္စရေးဘက်က ဂါဇာတောင်ပိုင်းမှာရှိတဲ့ ခန်းယူးနစ်စ် အနီးတစ်ဝိုက်မှာရှိတဲ့ မြို့လေးမြို့မှာ နေထိုင်တဲ့သူတွေကို နေအိမ်တွေကနေ ရွှေ့ပြောင်းဖို့နဲ့ အကာအကွယ်ယူပြီး သွားလာကြဖို့ လက်ကမ်းစာစောင်ကြဲပြီး သတိပေးခဲ့ပါတယ်။
တကယ်လို့ ဂါဇာတောင်ပိုင်းဒေသ ခန်းယူးနစ်စ်နားက မြို့တွေတစ်ဝိုက်မှာ စစ်ဆင်ရေးတွေလုပ်မယ်ဆိုရင်တော့ အဲဒီနေရာမှာ နေထိုင်နေကြတဲ့ လူထောင်ပေါင်းများစွာအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။
စစ်ပွဲတွေမဖြစ်မီ ခန်းယူးနစ်စ်ဟာ လူပေါင်းသုံးသိန်းခန့်သာ နေထိုင်တဲ့နေရာဖြစ်ပြီး အစ္စရေးဘက်ကနေ ဂါဇာပြည်သူတွေကို အန္တရာယ်မရှိစေဖို့အတွက် တောင်ဘက်ကို ရွှေ့ပြောင်းခိုင်းပြီးတဲ့နောက်မှာတော့ လူဦးရေတစ်သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။








