ဖရဲသီးက ပါလက်စတိုင်းရဲ့ သင်္ကေတ ဘယ်လို ဖြစ်လာသလဲ
ဆယ်လင်း ဂါရစ် နဲ့ မတ်ခ် ရှီးယား
Global Digital

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ပါလက်စတိုင်းမှာ ပါလက်စတိုင်းအလံကို ဝှေ့ယမ်းပြတာက ရာဇဝတ်မှုမြောက် ပါတယ်။ ဆိုတော့ ပါလက်စတိုင်း ဆိုတဲ့ သဘောနဲ့ အနီ၊ အနက်၊ အဖြူ၊ အစိမ်းရောင် တွေပါတဲ့ ဖရဲသီးစိတ်ကို ပါလက်စတိုင်းတွေက မြှောက်ပြီး အစ္စရေး စစ်တပ်တွေကို ပြကြတယ်လေ။”
အမေရိကန် ကဗျာဆရာမ အရာစဲလ်လစ် ဂါမေရဲ့ “ဖရဲသီးသို့ ကဗျာ” ထဲမှာ ပါလက် စတိုင်းအရေးကို ကိုယ်စားပြုပြီး ဖရဲသီးကို ဖော်ညွှန်းထားပါတယ်။
အနီ၊ အနက်၊ အဖြူ၊ အစိမ်းစတဲ့ အရောင်တွေက ဖရဲသီးမှာတင် ရှိတာမဟုတ်ပါဘူး၊ ပါလက်စတိုင်းအလံက အရောင်တွေကလည်း ဒီအတိုင်းပါပဲ။ အစ္စရေးတို့ ဂါဇာကို အခုနောက်ဆုံး ဝင်ကျူးကျော်တဲ့အခါ ပါလက်စတိုင်း ထောက်ခံတဲ့ ချီတက်ပွဲတွေ၊ လူမှုမီဒီယာပို့စ်တွေမှာ ဖရဲသီးက သင်္ကေတ ပုံသွင် ဆောင်လာပါတယ်။
ဒီလို ဖရဲသီး တင်စားမှုဟာ သူ့သမိုင်း နောက်ကြောင်းလည်း ရှိတာပေါ့။
၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲ နောက်ပိုင်းအစ္စရေးက ဂါဇာ၊ အနောက်ဘက်ကမ်းစတဲ့ နယ်မြေတွေကို ထိန်းချုပ်လိုက်တဲ့အခါ အမျိုးသားရေး ပုံရိပ် သင်္ကေတ ဆောင်တဲ့ ပါလက်စတိုင်း အလံလွှင့်တာကို အစ္စရေးက သူသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ပိတ်ပင်သလို၊ အဲဒီအလံက အရောင်တွေကိုလည်း ပိတ်ပင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလံကို ကိုင်ရင် ရာဇဝတ်မှုမြောက်တာမို့ ပါလက်စတိုင်းတွေက ဆန္ဒပြဆန့်ကျင်တဲ့ အခါ ဖရဲသီးစိတ်တွေကို အစားထိုး သုံးလာပါတော့တယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၉၉၃ ခုနှစ်က အော်စလို စာချုပ်လို့ အသိများကြတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေကို အစ္စရေးနဲ့ ပါလက်စတိုင်းတို့ လက်မှတ်ရေးထိုးကြတဲ့အခါ ဒီအလံကို ဂါဇာနဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက နယ်မြေတွေမှာ ပါလက်စတိုင်း အာဏာ ပိုင်မှုရဲ့ အမှတ်အသား အဖြစ် သဘောတူခဲ့ကြပါတယ်။
အော်စလို စာချုပ်လက်မှတ်ထိုးပြီးတဲ့နောက် နယူးရော့ခ်တိုင်းမ် သတင်းထောက် ဂျွန် ကစ်ဖ်နာ သတင်းပို့ရာမှာ “တချိန်တုန်းက ဖရဲသီးစိတ်တွေ ကိုင်ထားတဲ့ လူငယ်လေး တွေ အဖမ်းခံ ခဲ့ရတဲ့ ဂါဇာကမ်းမြောင်မှာ စုဝေးချီတက်နေတဲ့ လူတန်းရှည်တွေက (အစ္စရေး) စစ်သားတွေ ဘေးမှာ ရပ်လျက်သား ရှိနေပေမဲ့လည်း တချိန်က အပိတ်ခံ ထားရတဲ့ အလံကို ဝှေ့ယမ်း ချီတက်နေကြပါပြီ” လို့ ပြောခဲ့ပါတယ်။
လပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက် ၁၉၉၃ ဒီဇင်ဘာလမှာ အဲဒီသတင်းထဲမှာ ပါတဲ့ ဖရဲသီးစိတ်ကိုင်လို့ အဖမ်းခံခဲ့ရတယ် ဆိုတာကို သူတို့ အတည်မပြုနိုင်ပါကြောင်း နယူးရော့ခ်တိုင်းမ် သတင်းစာတိုက်က ပြောပါတယ်။ ဒါပေမဲ့ အစ္စရေး အစိုးရ ပြောခွင့်ရကို ဒီအကြောင်း မေးတဲ့ အခါမှာ” ဒီလို (ဖမ်းဆီးတဲ့) အဖြစ်မျိုးတွေက မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး” လို့ ပြန်ဖြေကြောင်းလည်း ထည့်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Instagram/Khaled Hourani
အဲဒီအချိန်နောက်ပိုင်း အနုပညာသမားတွေက ပါလက်စတိုင်းနဲ့ သွေးစည်းညီညွတ်မှု ရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဖရဲသီးပုံကိုသုံးကာ ဆက်လက်ဂုဏ်ပြုခဲ့ကြ ပါတယ်။
အဲဒီထဲမှာ အကျော်ကြားဆုံး အနုပညာလက်ရာကတော့ ခါလစ် ဟိုရန်နီ ဖန်တီးတာ တခုပါ။ ၂၀၀၇ ခုနှစ်ထဲမှာ သူက Subjective Atlas of Palestine လို့အမည်ရတဲ့ စာအုပ်အတွက် ဖရဲသီးစိတ် တစိတ်ရဲ့ ပုံကို ဆွဲခဲ့ပါတယ်။
ဖရဲသီးရဲ့ ဇာတ်လမ်းလို့ အမည်ရတဲ့ အဲဒီ ပန်းချီကားကို ကမ္ဘာအရပ်ရပ်မှာ လှည့်လည် ပြသခဲ့ကြပြီး ၂၀၂၁ မေလ အစ္စရေး - ဟားမတ်စ် ပဋိပက္ခဖြစ်လာတဲ့ အချိန်မှာတော့ ဒီအကြောင်းက ထပ်ပြီး ကျော်ကြားလာခဲ့ပါတယ်။
ဖရဲသီးပုံဖော်မှုဟာ ဒီနှစ်အစောပိုင်းတုန်းကလည်း တခါထပ်ပြီး ကျော်လာခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ အစ္စရေး အမျိုးသားလုံခြုံရေး အစ်တမာ ဘန် ဂဗာက အများ ပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကနေ ပါလက်စတိုင်းအလံတွေကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ ကိုညွှန်ကြားခဲ့ပြီး ဒီအလံတွေကို ဝှေ့ယမ်းတာက “အကြမ်းဖက်ဝါဒကို ထောက်ခံတာ” လို့ ဆိုလိုက်တဲ့နောက် အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဖရဲသီးပုံတွေ ပေါ်လာ ခဲ့ပြန် ပါတော့တယ်။
အစ္စရေး ဥပဒေတွေအရ ပါလက်စတိုင်း အလံကို တရားမဝင်တဲ့ အလံလို့ မသတ်မှတ် ထားပေမယ့် အများပြည်သူ အေးချမ်းတည်ငြိမ်မှုအရေးကို ခြိမ်းခြောက်လာနိုင်တယ် လို့ ယူဆသတ်မှတ်ရင် ရဲနဲ့ စစ်သားတွေက ဒီအလံကို ဖယ်ရှားပိုင်ခွင့် ရှိ ပါတယ်။
ဇူလိုင်လတွင်းက ဂျေရုဆလင်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတခုမှာ ဆန္ဒပြသူတွေက ဖရဲသီး စိတ်ပုံပါတဲ့ ကတ်ပြားတွေကို သယ်ဆောင်ခဲ့ကြသလို ပါလက်စတိုင်းအလံ ပါ အရောင်တွေနဲ့ “လွတ်လပ်ရေး” ဆိုတဲ့ စာသားကိုလည်း ရေးခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ညာဟုရဲ့ တရားရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးတွေကို တယ်လ်အဗီးမှာ ဆန့်ကျင်ဆန္ဒပြကြတဲ့အခါ ဒီစုဝေးပွဲကို တက်ရောက်လာသူတွေထဲ ဖရဲသီးစိတ်ပုံပါတဲ့ တီရှပ် ဝတ်ဆင်ထားသူတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုတလော ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြတဲ့အခါ ဖရဲသီးနဲ့ ပုံဖော်တာကို လူမှုမီဒီယာ ပို့စ်တွေမှာ ပိုအသုံးများလာကြတာကို တွေ့ရပါတယ်။
တစ်တော့သုံးပြီး ဟာသတွေ တင်တတ်တဲ့ ဗြိတိန် မွတ်စလင် အမျိုးသမီး ရှုမီရွန် နက်ဆာက သူလုပ်ထားတဲ့ ဖရဲသီးစိတ်ပုံတွေနဲ့ တွဲပြီး ဗီဒီယိုတွေတင်ကြဖို့ သူ့ ပရိဿတ်တွေကို တိုက်တွန်းသလို အဲဒီအတွက် ရလာတဲ့ ဝင်ငွေတွေကိုလည်း ဂါဇာကို ကူညီဖို့ သူလှူမယ်လို့ ကတိပေးပါတယ်။
လူမှုမီဒီယာသုံးသူတချို့ကလည်း ပါလက်စတိုင်း အလံတွေပါရင် သူတို့ အကောင့် တွေ၊ ဗီဒီယိုတွေ ဖျက်ချခံရမှာကို စိုးရိမ်ပြီး အလံအစား ဖရဲသီးစိတ်ပုံ တွေကို တင်ကြ ပါတယ်။
အင်စတာဂရမ်ဟာ ပါလက်စတိုင်း ထောက်ခံသူတွေရဲ့ ပို့စ်တွေကို ပိတ်ပင်တယ်ဆိုတဲ့ သတင်းတွေလည်း အရင်က ထွက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဘီဘီစီ ဆိုင်ဘာ သတင်းထောက် ဂျိုး တိုင်ဒီက ဒီလို ဖြစ်ခဲ့တာမျိုး အထောက်အထားမရှိပါဘူးလို့ ဆိုပါတယ်။
“ပါလက်စတိုင်း ထောက်ခံတဲ့ အရာတွေကို တင်ရင် အရိပ်ထိုးပြီး ပိတ်လိုက် တယ် ဆိုတဲ့ အဖြစ်မျိုး မတွေ့ခဲ့ရဖူးပါဘူး” လို့ သူက ပြောပါတယ်။
“လူတွေက လူမှုမီဒီယာပို့စ်တွေမှာ ဖရဲသီးပုံတွေ သုံးကြတယ်၊ ဒါပေမဲ့ ပါလက်စတိုင်း အလံသုံးတာ၊ အဲဒီ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရေးကြတာတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြု ထားပါတယ်။”
ဖရဲသီးဟာ ပါလက်စတိုင်းမှာ နိုင်ငံရေး သင်္ကေတအဖြစ် ရှိလာတာက ဆယ်စုနှစ် ပေါင်း များစွာကတည်းကလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ပထမနဲ့ ဒုတိယ အင်တီ ဖာတားစ် (ပါလက်စတိုင်း လူထုအုံကြွမှု) ကာလတွေ မှာပါ။
ဒီနေ့အထိလည်း ဒီဖရဲသီးဟာ ပါလက်စတိုင်းနယ်မြေအတွင်း အလွန်ကျော်ကြားတဲ့ အစားအစာ ဖြစ်နေသလို သူတို့ ပါလက်စတိုင်းတွေရဲ့ မျိုးဆက်နဲ့ချီ ရုန်းကန် လှုပ်ရှား မှုတွေကို ကိုယ်စားပြုတဲ့ အားကောင်းကောင်း အမှတ်သညာ တခုအဖြစ်လည်း ဆက် လက် တည်ရှိနေပါတယ်။








