အစ္စရေး - ဂါဇာ စစ်ပွဲကို ပြဆိုနေတဲ့ ကိန်းဂဏန်းများ

အမ်မီရာ မဟာဘီ

ဘီဘီစီ အာရပ်ဌာန

Residents evacuate Gaza City on foot during increased military operations in the northern Gaza Strip on 6 November 2023

ဓာတ်ပုံ ရင်းမြစ်, EPA

အောက်တိုဘာလ ၇ ရက် မနက်စောစောပိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစ္စရေးကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အစ္စရေး ၁,၄၀၀ ‌လောက် သေဆုံးခဲ့ရပြီး လူ ၂၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရကြောင်း အစ္စရေး အာဏာပိုင်တွေရဲ့ အဆိုအရ သိရပါတယ်။

အဲဒီအချိန်ကနေ အခု တလကျော်ကြာလာတဲ့ အချိန်အထိ ဆက်တိုက်ဖြစ်လာတဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တခါ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စတင်ခဲ့တဲ့ မြေပြင်ထိုးစစ် စတာတွေကြောင့် ပါလက်စတိုင်းတွေ ထောင်နဲ့ချီ သေဆုံးခဲ့သလို၊ ဂါဇာကမ်းမြောင်မှာလည်း ဆိုးဆိုးရွားရွား ပျက်စီးနေပါပြီ။

နှစ်ဖက်စလုံး သေကြေတာ ဒဏ်ရာရတာတွေက ထောင်နဲ့ချီ ရှိနေ

ဟားမတ်စ်ရဲ့ အောက်တိုဘာလ တိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ နိုင်ငံခြားသား စုစုပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ အစ္စရေးက ပြောပါတယ်။ (ဗြိတိန်၊ အမေရိကန်၊ ဥရောပ သမဂ္ဂတို့က ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။)

အစ္စရေး အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်တဲ့ အဲဒီနေ့မှာ အသတ်ခံ ခဲ့ရသူ ၁,၁၅၉ ယောက်ကို ဘယ်သူဘယ်ဝါတွေလို့ ဆန်းစစ်ကြည့်ရာမှာ ၈၂၈ ယောက် က အရပ်သားတွေ ဖြစ်ပြီး ၃၁ ယောက်က ကလေးတွေလို့ သိရပါတယ်။

စစ်ပွဲက ရက်သတ္တပတ် ၅ ပတ်ထဲ ဝင်လာတဲ့အချိန် ပါလက်စတိုင်းဘက်မှာတော့ ဂါဇာနဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွေမှာ သေဆုံးမှုတွေက မကြုံစဖူး မြင့်တက် လာနေပါတယ်။

ဂါဇာမှာရှိပြီး ဟားမတ်စ်တို့ ဦးစီးဆောင်ရွက်တဲ့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီး ဌာနက လူပေါင်း ၁၀,၀၀၀ ကျော် သေကြေခဲ့ရပြီ၊ အဒီထဲမှာ ကလေး ၄,၁၀၀ ကျော် ပါဝင်တယ်လို့ နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၁၀ မိနစ်လောက် အချိန်တိုင်းမှာ ကလေးတယောက် သတ်ဖြတ်ခံနေရတာလို့ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် တချို့နိုင်ငံရေးသမားတွေက ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပေးတဲ့ ကိန်းဂဏန်းတွေက ဘယ်လောက် မှန်ကန်မှု ရှိမလဲလို့ အမေးထုတ်ကြပါတယ်၊ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) က ဒီကိန်းဂဏန်းတွေက မှန်ကန်တယ်ဆိုတာ သူတို့ ယုံကြည်တဲ့ အကြောင်း ပြောပါတယ်။

၁၀ မိနစ်တိုင်း ကလေးတယောက် သတ်ဖြတ်ခံနေရ

Children graphic

အစ္စရေး အာဏာပိုင်တွေနဲ့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ စစ်ကြောင့် အစ္စရေးမှာ လူပေါင်း ၅,၄၀၀ လောက် ဒဏ်ရာရခဲ့ပြီး ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ လူပေါင်း ၂၅,၄၀၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဂါဇာမှာ ကလေး ၁,၂၇၀ ယောက် အပါအဝင် လူပေါင်း ၂,၂၆၀ ယောက် ပျောက်ဆုံးနေ ပါတယ်။ သူတို့ထဲက အများစုဟာ အပျက်အစီး အုတ်ခဲပုံတွေ အောက်မှာ သေဆုံးသွားပြီလို့ ယူဆရပါတယ်။

ဓားစာခံ အကျပ်အတည်း အကြီးအမား

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဟာ ဓားစာခံအရေး အကြီးမား ဆုံးတွေထဲက တခုကို ဖြစ်စေခဲ့ပါတယ်။ အစ္စရေး အာဏာပိုင်တွေရဲ့ အဆိုအရ ကလေး အယောက် ၃၀ ကျော်အပါအဝင် အစ္စရေး နဲ့ နိုင်ငံခြားသား ၂၄၂ ယောက် ဟားမတ်စ်တို့ရဲ့ ဖမ်းဆီး သွားတာကို ခံရကြောင်း သိရပါတယ်။

အစ္စရေးက ဂါဇာမှာ လုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓားစာခံ ၅၇ ယောက် သေဆုံးသွားပြီလို့ ဟားမတ်စ်ကပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့က စပြီး ဟားမတ်စ်က ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ အရပ်သား စုစုပေါင်း ၄ ယောက်ရှိပြီး အဲဒီထဲမှာ ၁၇ နှစ်အရွယ် တယောက် ပါဝင် ပါတယ်။

အောက်တိုဘာ ၇ ရက်ကတည်းက ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အစ္စရေး အမျိုးသမီး စစ်သား တယောက်ကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ လုပ်တဲ့ မြေပြင်စစ်ဆင်ရေးအတွင်း သူတို့ ကယ်တင်နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာ လူဦးရေ တဝက်ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

ဂါဇာ ကမ်းမြောင်မှာ လူဦးရေ ၂.၂ သန်းကျော် နေထိုင်နေပြီး တဝက်ကျော်က အသက် မပြည့်သေးတဲ့ ကလေးတွေပါ။

အောက်တိုဘာလ ၁၃ ရက်နေ့မှာ အစ္စရေးတို့က ဂါဇာမြောက်ပိုင်းက အရပ်သားတွေ တောင်ပိုင်းကို ပြောင်းရွှေ့ထွက်ခွာကြဖို့ သတိပေးပါတယ်။

အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှု တလကြာလာတဲ့အချိန်မှာ ဂါဇာက အိမ်ခြေပေါင်း ၂၀၀,၀၀၀ ပျက်စီး သို့မဟုတ် ပြိုကျသွားပြီ ဖြစ်ကြောင်း၊ ဒါဟာ ဂါဇာကမ်းမြောင်မှာရှိတဲ့ အိမ်ခြေအားလုံးရဲ့ တဝက်လောက်ရှိကြောင်း ဂါဇာမှာ ရှိတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြည့်ရင် ဂါဇာမှာ လူပေါင်း ၁.၅ သန်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး စာသင်ကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ ဆေးရုံတွေ၊ ကုလ သမဂ္ဂ အဆောက်အဦတွေ၊ မိတ်ဆွေအိမ်တွေမှာ ခိုလှုံနေရကြောင်း ကုလသမဂ္ဂနဲ့ ပါလက်စတိုင်း အာဏာပိုင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

IDP graphic

ဂါဇာကနေ အစ္စရေးကို သွားတဲ့ အီရက်ဇ် နယ်ခြားဖြတ်ဂိတ်က ပိတ်နေသလို၊ အီဂျစ် ကို ထွက်တဲ့ ရာဖာနယ်ခြားဂိတ်ကလည်း နိုင်ငံခြားသားတွေနဲ့ ဒဏ်ရာရသူ တချို့ သာ ထွက်ခွင့်ပေးတာမို့ ဂါဇာသူ ဂါဇာသားတွေဟာ ဂါဇာကနေ ဘယ်မှ ထွက်လို့ မရ ပါဘူး။

ကူညီရေး ဝန်ထမ်းများ သတ်ဖြတ်ခံရ

နိုဝင်ဘာလ ၅ ရက်နေ့အထိ စာရင်းတွေ အရ ဂါဇာမှာ ဟားမတ်စ်တို့ လုပ်ကိုင်နေတဲ့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံ ၃၅ ရုံမှာ ၁၆ ရုံ (၄၆%)၊ ကျန်းမာ ရေးဌာန ၇၆ ခုမှာ ၅၁ ခုက တိုက်ခိုက်မှုတွေကြောင့်ဖြစ်စေ၊ လောင်စာ ပြတ်တောက်တာကြောင့်ဖြစ်စေ အလုပ်လုပ်လို့ မရတော့ကြောင်း သိရပါတယ်။

အရေးပေါ် လူနာတင်ယာဉ် အစီးပေါင်း ၅၀ ပျက်စီးခဲ့ပြီး အဲဒီထဲက ၃၁ စီးက အသုံးပြုလို့ မရတော့တဲ့ အကြောင်းနဲ့ အနည်းဆုံး ကျန်းမာရေး ဝန်ထမ်း ၁၇၅ ယောက် အသတ်ခံ ခဲ့ရကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

နိုင်ငံတကာ ဥပဒေတွေအရ အကူအညီပေးရေး ဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်း တွေနဲ့ ကျန်းမာရေး ဆိုင်ရာ ဌာန အဆောက်အဦတွေကို တိုက်ခိုက်မှုမလုပ်ဘဲ အကာအကွယ်ပေးရမှာပါ။

Damage to the health sector graph

ပါလက်စတိုင်းဒေသမှာ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ UNRWAက ဝန်ထမ်း အနည်းဆုံး ၈၈ ယောက်၊ အရပ်သား အရေးပေါ်ကယ်ဆယ်ရေး လုပ်သား ၁၈ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)ရဲ့ အဆိုအရ နိုဝင်ဘာလ ၅ ရက်နေ့အထိ သတင်းသမားပေါင်း ၄၆ ယောက် သေဆုံး ခဲ့ရပြီ ဆိုတာကို သိရပါတယ်။ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ ဆောင်ရွက်မှု တွေကို ၁၉၄၉ ဂျနီဗာ သဘောတူစာချုပ်အရ အကာအကွယ်ပေးရမှာလို့ ဆိုပါတယ်။

သတင်းထောက်များ အကာအကွယ်ပေးရေးဆိုင်ရာ ကော်မတီ (Committee to Protect Journalists) က ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စု အတွင်း ပဋိပက္ခတွေအတွင်း သတင်းရယူကြတဲ့ သတင်းသမားတွေ အသေအကြေ အများဆုံးလဟာ ဒီ အစ္စရေး - ဂါဇာ စစ်ပွဲ တလတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Key workers graphic

ကျဉ်းထဲကျပ်ထဲ အခြေအနေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂါဇာမှာ စစ်ကြောင့် မသေသေးပဲ ရှင်ကျန်နေတဲ့ လူတွေရဲ့ ဘဝကလည်း သိပ် ခက်ခဲပါတယ်။ အစားအစာ ရှားပါးတာ၊ ရေအနည်းငယ်သာ ရတာ၊ ကျန်းမာရေး အရ အန္တရာယ်များတာတွေကို သူတို့ ကြုံနေကြရပါတယ်။

ဂါဇာမှာ သောက်ဖို့၊ ချက်ပြုတ်ဖို့၊ သန့်ရှင်းရေးအတွက်သုံးဖို့ အတွက် ရတဲ့ရေက လူ တယောက်ကို ၃ လီတာပဲ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ လလယ်မှာ ပြောခဲ့ပါတယ်။ လူတယောက်ဟာ အနည်းဆုံး တနေ့ကို ၁၅ လီတာ လိုအပ်တာလို့ သိရပါတယ်။

ရာဖာ နယ်ခြားဂိတ်ကနေ ဂါဇာထဲကို မကြာခင်က ဝင်လာတဲ့ ရေက အနည်းငယ် သာပါ။ အခုတလောအတွင်း ရေထောက်ပံ့ရေး အခြေခံအဆောက်အအုံတွေ ပျက်စီးတာက ပိုများလာနေပါတယ်။

စစ်မဖြစ်ခင်ကနဲ့ နှိုင်းယှဉ်ရင် ဂါဇာမှာ ရေသုံးစွဲမှု ပမာဏက ၉၂% ကျဆင်းသွားပြီး အညစ်အကြေးစွန့်ထုတ်မှု ဌာန ၆၅ ခုမှာ အများစုက ပျက်စီးသွားပြီလို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ UNOCHA က ထုတ်ပြန်ပါတယ်။

ဂါဇာမှာ လူတွေ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်‌ပြေးရပြီး နေရာတချို့မှာ လူတွေ စုပုံနေရင်၊ ရေနဲ့ သန့်ရှင်းရေး ဆိုင်ရာ အဆောက်အအုံတွေရဲ့ လုပ်ငန်းတွေကို ထိခိုက်သက်ရောက်ပြီး “လူထု ကျန်းမာရေး ကပ်ဆိုက်ဖို့ ဖြစ်လာမယ်” လို့ WHO က အောက်တိုဘာလ ၃၁ ရက်နေ့ကတည်းက သတိပေးထားပါတယ်။

(ပါလက်စတိုင်းနဲ့ အစ္စရေး အာဏာပိုင်တွေက ပေးတဲ့ ကိန်းဂဏန်းတွေကို သူတို့ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးဘူးလို့ UNOCHA က ‌ဆိုပါတယ်)