ဂါဇာကို ရေကြောင်းကနေ ပထမဆုံး အကူအညီပေးပို့မှု အောင်မြင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကို ရေကြောင်းကနေ ပထမဆုံးပေးပို့နိုင်ခဲ့ပြီး ကမ်းပေါ်မှာ ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Open Arms လို့အမည်ရတဲ့ စပိန်သင်္ဘောတစ်စင်းဟာ ဂါဇာအတွက် အရေးတကြီးလိုအပ်နေတဲ့ အစားအစာတန် ၂၀၀ ခန့်ကို တင်ဆောင်ပြီး ဆိုက်ပရပ်စ်ကနေ မတ် ၁၂ ရက်မှာ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
ဝမ်းပြားရေယာဉ်ပေါ်က ကုန်သေတ္တာတွေကို ဆိပ်ကမ်းမှာစောင့်နေတဲ့ ကုန်တင်ယာဉ်တွေပေါ် ဝန်ချီစက်နဲ့ တင်နေတဲ့ ဗီဒီယိုတွေကို အွန်လိုင်းမှာ တွေ့ရပါတယ်။
လေကြောင်းနဲ့ မြေပြင်ကနေ အကူအညီတွေ ပေးပို့ရတာဟာ အခက်အခဲတွေကြုံနေရတာမို့ ရေကြောင်းကနေ အကူအညီတွေပေးအပ်တာက ထိရောက်မှုရှိမရှိ ပထမဆုံးအကြိမ် စမ်းသပ်တာလည်းဖြစ်ပါတယ်။
ဝမ်းပြားရေယာဉ်ပေါ်မှာ ဆန်၊ ဂျုံ၊ ပဲ၊ ဆီသွတ်ဟင်းသီးဟင်းရွက်နဲ့ ဆီသွတ်ပရိုတိန်းတွေ တင်ဆောင်လာတာဖြစ်ပြီး အစားအစာတွေကို World Central Kitchen (WCK) က ထောက်ပံ့ပေးတာဖြစ်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နဲ့ အတူ အခုအစားအစာပို့ဆောင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဂါဇာမှာ လုပ်ငန်းလည်ပတ်နေတဲ့ ဆိပ်ကမ်းမရှိတာမို့ WCK က ဝန်ထမ်းတွေဟာ ကမ်းရိုးတန်းကနေ ဆိပ်ကမ်းလေးတစ်ခုကို တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
ဂါဇာမှာ အစားအစာတွေကို ဘယ်လိုဝေမျှမယ်ဆိုတာကတော့ မသိရသေးပါဘူး။
ဝမ်းပြားရေယာဉ်ပေါ်က အစားအစာအကူအညီအကုန်လုံးကို ကုန်တင်ယာဉ် ၁၂ စီးပေါ် တင်ပြီးသွားပြီလို့ WCK တည်ထောင်သူ နာမည်ကျော်စားဖိုမှူး ဟိုဆေး အန်ဒရေက X (အရင်တွစ်တာ) မှာ ရေးသားခဲ့ပါတယ်။
“ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ” လို့ သူက ရေးသားခဲ့ပါတယ်။
တစ်ပတ်ကို အစားအစာတန်ထောင်ပေါင်းများစွာအထိ ပေးပို့နိုင်ရေးနဲ့ နောက်တစ်ခါပို့ဆောင်တဲ့အခါ နောက်ထပ်ပိုများတဲ့ အကူအညီတွေကို တင်ဆောင်လာနိုင်မနိုင်ကို စမ်းသပ်တာလည်းဖြစ်တယ်လို့ သူက ဆက်လက်ရေးသားခဲ့ပါတယ်။
Open Arms သင်္ဘောနဲ့ ကုန်ပစ္စည်းတွေကို ဆိုက်ပရပ်စ်မှာ စစ်ဆေးခဲ့ပြီး ကမ်းရိုးတန်းလုံခြုံရေးအတွက် အစ္စရေးကာကွယ်ရေးတပ်(IDF) တွေကို တပ်စွဲထားစေခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WORLD CENTRAL KITCHEN/OPEN ARMS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
WCK က အဖွဲ့ဟာ အကူအညီတွေ ကုန်းမြေပေါ်ရောက်ဖို့အတွက် တစ်ညလုံးလုပ်ဆောင်ခဲ့ကြပါတယ်။ သင်္ဘောဟာ လာနာကာဆိပ်ကမ်းကနေ မတ် ၁၂ ရက်ကတည်းက ထွက်ခွာလာတာမို့ သင်္ဘောကတင်ဆောင်လာမယ့် ကုန်စည်တွေနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ များပြားခဲ့ကြပါတယ်။
အခုရေကြောင်းအစီအစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင် ဂါဇာထဲကို အကူအညီတွေပေးပို့လိုတဲ့ နိုင်ငံတကာကြိုးပမ်းမှုတွေ နောက်ထပ်ရှိလာဖို့ရှိပါတယ်။
သင်္ဘောတွေဟာ မကြာသေးမီကမှ ဖွင့်လှစ်လိုက်တဲ့ ရေကြောင်းလမ်းတစ်ခုကနေ ဒေသတွင်းကို အကူအညီတွေ တိုက်ရိုက်ပေးပို့နိုင်တော့မှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း ရေကြောင်းကနေ အကူအညီတွေ ပိုမိုပေးအပ်နိုင်ဖို့အတွက် ကမ်းလွန်မှာ ရေမျောဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့ စီစဉ်နေပါပြီ။
ဂါဇာထဲကို တစ်ရက်ကို အစားအစာနှစ်သန်း နေ့စဉ်ဝင်ရောက်နိုင်အောင် လုပ်ပေးလို့ရတယ်လို့ အိမ်ဖြူတော်က ပြောထားပေမယ့် ဆိပ်ကမ်းတည်ဆောက်ရေး ပစ္စည်းတွေတင်ဆောင်ထားတဲ့ စစ်သင်္ဘောတစ်စင်းက လမ်းမှာရောက်နေပြီဖြစ်လို့ အစီအစဉ်နဲ့ပတ်သက်တဲ့ ထောက်ပံ့ပို့ဆောင်ရေးအပေါ် မေးခွန်းထုတ်စရာတွေလည်းရှိလာပါတယ်။
ဂါဇာထဲကို အကူအညီတွေ အမြန်ဆုံးနဲ့ အထိရောက်ဆုံးပို့နိုင်တဲ့လမ်းကြောင်းကတော့ ကုန်းလမ်းဖြစ်ပေမယ့် အစ္စရေးရဲ့တင်းကျပ်မှုတွေကြောင့် လိုအပ်တဲ့အကူအညီရဲ့ တစ်စိတ်တစ်ပိုင်းသာ ဝင်ရောက်နိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောဆိုခဲ့ပါတယ်။
အကူအညီပေးရေးယာဉ်တန်း ပစ်ခတ်ခံရတာ၊ လုယက်ခံရတာတွေရှိပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဟာ ကုန်းပိုင်းကနေ အကူအညီတွေ ပေးပို့တာကို ယာယီရပ်ဆိုင်းထားရပါတယ်။
လွန်ခဲ့တဲ့အပတ်က လေကြောင်းက အကူအညီချပေးရင်း လေထီးတစ်ခုအလုပ်မလုပ်တာကြောင့် အကူအညီပေးရေးအထုပ်ထိမှန်ပြီး လူငါးဦးသေဆုံးခဲ့ပါတယ်။
အရေးတကြီးမလုပ်ဆောင်ပေးဘူးဆိုရင် ဂါဇာမှာ အငတ်ဘေး မလွှဲသာမရှောင်သာဖြစ်တော့မယ်လို့ ကုလက သတိပေးထားပါတယ်။
အစ္စရေးဟာ လူသားက ဖန်တီးတဲ့ ကပ်ဘေးကို ဖော်ဆောင်နေပြီး ငတ်ပြတ်မှုကို စစ်လက်နက်အဖြစ် အသုံးချနေတယ် လို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက် ဘော်ရဲက ပြောဆိုခဲ့ပါတယ်။
တောင်ပိုင်းက နယ်စပ်ဖြတ်ကျော်တဲ့နေရာနှစ်ခုကနေ အကူအညီတွေကို ဝင်ရောက်ခွင့်ပြုနေတာမို့ ဂါဇာမှာ အစားအစာပြတ်လပ်တာ သူတို့အပြစ်မရှိဘူးလို့ အစ္စရေးက ဒေါသတကြီးတုံ့ပြန်ထားပါတယ်။
ပရဟိတအဖွဲ့တွေရဲ့ ထောက်ပံ့ပို့ဆောင်ရေးအားနည်းချက်သာဖြစ်တယ်လို့ အစ္စရေးက ပြန်အပြစ်ပုံချထားပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေကို မတ် ၁၅ ရက်မှာ ဆက်လက်လုပ်ဆောင်နေပြီး အစ္စရေးက ဟားမတ်စ် ရဲ့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ပယ်ချထားပါတယ်။
ဟားမတ်စ် က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျယ်ပြန်တဲ့အမြင်တစ်ခုကို စေ့စပ်ဆွေးနွေးရေးမှူးတွေကို တင်ပြထားတယ်လို့ ပြောထားပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ လက်တွေ့မကျဘူးလို့ ပြောဆိုထားပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဟာ့မာ့စ်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော်သေဆုံးပြီး လူ ၂၅၃ ဦး ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီးနောက် စစ်စတင်ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီအချိန်ကစလို့ ဂါဇာမှာ လူ ၃၁၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ် အုပ်ချုပ်မှုအောက်က ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။









