အီရန်နဲ့ အစ္စရေး စစ်ကြီးမဖြစ်အောင် အမေရိကန်နဲ့ မဟာမိတ်တွေ ဟန့်တားနိုင်မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျယ်ရမီ ဘိုဝင်
- ရာထူးတာဝန်, ဘီဘီစီနိုင်ငံတကာအယ်ဒီတာ
အစ္စရေးက စစ်ကာလအရေးပေါ်အစိုးရအဖွဲ့က အီရန်နဲ့ပတ်သက်ပြီး နောက်ထပ်လှမ်းမယ့် ခြေလှမ်းကို ဖော်ပြဖို့ အရင်ကလည်း သုံးနှုန်းခဲ့ဖူးတဲ့စကားစုကို သုံးနှုန်းလာပါတယ်။ အစ္စရေးဟာ ''ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ရွေးချယ်တဲ့အချိန်မှာ'' တုံ့ပြန်မယ်လို့ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှုအပြီးဖွဲ့ခဲ့တဲ့ စစ်ကာလအစိုးရအဖွဲ့မှာပါဝင်လာခဲ့တဲ့ အစ္စရေး အတိုက်အခံခေါင်းဆောင် ဘန်နီ ဂရန့်ဇ်ကတော့ အစ္စရေးနဲ့ သူ့ရဲ့ အနောက်မဟာမိတ်တွေ စည်းလုံးမှုရှိရေးကို အလေးထားပြောပါတယ်။
"အစ္စရေးက အီရန်ကို ဆန့်ကျင်တယ်။ ကမ္ဘာကလည်း အီရန်ကို ဆန့်ကျင်တယ်။ ဒါက ရလဒ်ပဲလေ။ ဒါကပဲ အစ္စရေးရဲ့လုံခြုံရေးအတွက် တွန်းအားအနေနဲ့ ကျွန်တော်တို့သုံးရမယ့် ဗျူဟာမြောက်အောင်မြင်မှုပဲ။''
မစ္စတာဂရန့်ဇ် ပြောတဲ့စကားလုံးတွေအရ အစ္စရေးဟာ အီရန်ပစ်မှတ်တစ်ခုကို နောက်ထပ်တိုက်ခိုက်တာ ဒါမှမဟုတ် အီရန်နိုင်ငံထဲကို ပထမဆုံးအကြိမ် ဗြောင်ကျကျတိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ ယတိပြတ်ပြောသွားတာမျိုး မရှိပါဘူး။ (ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်တာ၊ စစ်ဘက်အရာရှိတွေနဲ့ သိပ္ပံပညာရှင်တွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေနဲ့ အစ္စရေးဟာ အီရန်ရဲ့နျူကလီးယားအစီအစဥ်ကို အကြိမ်ကြိမ်ပစ်မှတ်ထားခဲ့ပြီးဖြစ်ပါတယ်။)
ဒါပေမဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ခေါ်ယူထားတဲ့ ဂျီ-၇ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေရဲ့ အစည်းအဝေးကနေ သူလိုချင်နေတဲ့ သံတမန်ရေးအဖြေရှာမှုမျိုး ရလာနိုင်စရာ အချိန်တော့ ရှိပါသေးတယ်။
အစ္စရေးကို ဟားမတ်စ်တွေက ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ ဝင်တိုက်ခဲ့ပြီးကတည်း တင်းမာနေခဲ့တဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း အခြေအနေဟာ ပြီးခဲ့တဲ့နှစ်ပတ်က အစ္စရေးက ဒမားစကတ်က အီရန်ရဲ့ သံရုံးကိုတိုက်ခိုက်ခဲ့အပြီးမှာတော့ ပိုပြီးကြီးမား ကျယ်ပြန့်လာမယ့် အနေအထားဆီ ဦးတည်လာခဲ့ပါပြီ။ ဧပြီလ ၁ ရက်နေ့က အစ္စရေးရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ဗိုလ်ချုပ်တစ်ယောက်၊ သူ့ရဲ့ ဒုတိယလူနဲ့ တခြားလက်ထောက်တွေ သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီလို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ကိုတော့ အစ္စရေးက အမေရိကန်တွေနဲ့ချိတ်ဆက်ညှိနှိုင်းခဲ့တာမဟုတ်ပါဘူး။ အစ္စရေးအနေနဲ့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထိပ်တန်း တပ်မှူးတွေကို သတ်နိုင်မယ့် အခွင့်အရေးက စွန့်စားရတာနဲ့ တန်တယ်လို့ ချင့်တွက်ခဲ့ပုံရပါတယ်။
သံတမန်အဆောက်အဦတစ်ခုရဲ့ ပရဝဏ်ထဲမှာ အကြီးတန်းစစ်ဘက်အရာရှိတွေရှိနေတာကပဲ အဲဒီဆောက်အအုံက တရားဝင် ပစ်မှတ်တစ်ခုဖြစ်စေတယ်ဆိုတဲ့ သိပ်ယုံကြည်လက်ခံနိုင်စရာမကောင်းတဲ့ ယုတ္တိသိပ်မတန်လှတဲ့ ချေပချက်မျိုးကို အစ္စရေးက ထုတ်ပြန်ပါတယ်။ အရေးကြီးတာကတော့ အဲဒီတိုက်ခိုက်မှုကို အီရန်က သူ့နိုင်ငံ သူ့မြေပေါ်မှာအတိုက်ခိုက်ခံရသလို သူ့ရဲ့ အချုပ်အခြာကို ထိပါးခံရသလို သတ်မှတ်လိုက်တာပါပဲ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီရန်ဘက်ကလည်း ခပ်မြန်မြန်တုံ့ပြန်လာမယ်ဆိုတာ ရှင်းပါတယ်။ အီရန်ဘက်က သတင်းစကားကတော့ ဝေ့ဝိုက်နေတာမျိုးမရှိခဲ့ပါဘူး။ အီရန်ရဲ့ထိပ်တန်းခေါင်းဆာင် အယာတိုလာ အလီခါမေနီဆီကနေ ယတိပြတ် ထွက်လာတာဖြစ်ပါတယ်။
အစ္စရေး၊ အမေရိကန်နဲ့သူတို့ရဲ့မဟာမိတ်တွေဟာ သတိပေးချက်တွေ အများကြီးရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ မစ္စတာ ဘိုင်ဒန်ဆိုရင် သူ့အိမ်ရှိရာ ဒယ်လာဝဲပြည်နယ်ကို သီတင်းပတ်ကုန်ပိုင်းရက်ထွက်တဲ့ခရီးကနေ သမ္မတ အိမ်တော် အိမ်ဖြူတော်ဆီကို ပြန်လာဖို့အထိ အချိန်ရခဲ့ပါတယ်။ အီရန်ဟာ တိုက်ခိုက်မှုလုပ်ရာမှာ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးပျံတွေကို မသုံးဘဲ ပစ်မှတ်တွေကို ချဉ်းကပ်လာတာနဲ့ ရေဒါမှာ ၂ နာရီကြာအောင် ကြိုသိနိုင်တဲ့ ပျံသန်းတာနှေးတဲ့ဒရုန်းတွေကို သုံးခဲ့ပါတယ်။
အစ္စရေးရဲ့ အခါးသီးဆုံးရန်သူဆီကနေ လာနိုင်ခြေရှိတဲ့တိုက်ခိုက်မှုဟာ တကယ်ဖြစ်လာတော့ အကဲခတ်တွေ မှန်းထားတာထက် ပိုပြီးကြီးမားပါတယ်။ အစ္စရေးအများစုအတွက်လည်း ဒီတိုက်ခိုက်မှုကို သူတို့ဘက်က ပြန်လည်တုံ့ပြန်နိုင်ဖို့ အများကြီး မျှော်လင့်ကြပါတယ်။ အီရန်ဟာ သူ့နိုင်ငံထဲကနေ ပထမဆုံးအကြိမ် တိုက်ရိုက် တိုက်ခိုက်မှုအနေနဲ့ ဒရုန်းနဲ့ ဒုံးကျည် အစင်း ၃၀၀ နီးပါးကို အစ္စရေးဆီပစ်လွှတ် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဒရုန်းနဲ့ ဒုံးကျည်အများစုကိုတော့ အမေရိကန်၊ ဗြိတိန်နဲ့ ဂျော်ဒန်နိုင်ငံတို့ရဲ့ ထောက်ကူမှုနဲ့ အစ္စရေးဘက်က ကိုယ်ပိုင်ကာကွယ်ရေးစနစ်တွေက ဟန့်တားနိုင်ခဲ့ပါတယ်။
သူတို့ မဟာမိတ်တွေ အထူးသဖြင့် အမေရိကန်ကတော့ အစ္စရေး တိုက်ခိုက်ခံရတဲ့တစ်ညလုံးမှာ အတော်လေးကို အကူအညီပေးခဲ့ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဆိုရင် အစ္စရေးရဲ့လုံခြုံရေးအတွက် အမေရိကန်က ''သံချပ်ကာ'' အဖြစ်ရှိနေမယ်လို့ ကတိကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဒါက အစ္စရေးရဲ့ ''အနောက်ကနေ မားမားရပ်မယ်'' လို့လည်း ဆိုလိုတဲ့သဘောပါ။
အပြန်အလှန်အနေနဲ့တော့ အမေရိကန်တွေ အစ္စရေးဘက်ကနေ ပြန်လိုချင်တာက အီရန်ကို လက်တုံ့မပြန်ရေးဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုကို ရှင်းလင်းတဲ့သတင်းစကား ပြောထားပြီးဖြစ်ပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုကို ဖျက်နိုင်တာဟာ အစ္စရေးရဲ့အောင်မြင်မှုဖြစ်တယ်၊ ဒီတော့ အီရန်မြေပေါ်ကို စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုံ့ပြန်တာမလုပ်ဘဲ တင်းမာမှုကို မမြင့်တက်လာစေချင်တာ ဖြစ်ပါတယ်။ နောက်ထပ် တင်းမာမှုတွေကို ရပ်သွားအောင်လုပ်ဖို့ စည်းတစ်ခုသတ်မှတ်ဖို့ အခုအချိန်ဟာ အရေးကြီးပြီလို့ အနောက်နိုင်ငံတစ်နိုင်ငံက အကြီးတန်းသံတမန်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲဒီလို စည်းတစ်ခုသတ်မှတ်လိုက်ဖို့ဟာ အီရန်ရဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒမားစကတ်စ်မြို့မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကို အီရန်ဘက်က ပြန်လည်တုံ့ပြန်ပြီးပြီဖြစ်လို့ နောက်ထပ် တိုက်ခိုက်မှုထပ်လုပ်လာမှသာ ပြန်တုံ့ပြန်မယ်ဆိုတာမျိုး အီရန်ဘက်က အချက်ပြထားပြီးဖြစ်ပါတယ်။ အီရန်ဟာ ဒမားစကတ်စ်မြို့က သူတို့ရဲ့သံတမန်အဆောက်အဦကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုနေ စတင်ဖြစ်လာခဲ့တဲ့ခြိမ်းခြောက်မှုတွေနဲ့ တင်းမာမှုတွေဖြစ်ခဲ့တဲ့ သီတင်းနှစ်ပတ်တာကာလကို ပြန်လည်ပြေလျော့သွားအောင် လုပ်ချင်ပုံပေါ်ပါတယ်။
အီရန်ဟာ သူတို့တုံ့ပြန်တိုက်ခိုက်မှုကနေ အခုထက်ပိုတဲ့ ပျက်စီးမှုမျိုး ဖြစ်သွားတာကို လိုချင်မျှော်လင့်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း သူ့ဘက်က လုပ်နိုင်ခြေတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး အစ္စရေးဘက်က ပြန်လည်တိုက်ခိုက်ချင်စိတ် လျော့အောင် လုပ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။
အီရန်ဟာ ဒမားစကတ်စ်က သူ့ရဲ့သံရုံးဝန်းကို အစ္စရေးတိုက်ခိုက်ခဲ့ချိန်တုန်းက သူဆုံးရှုံးသွားတဲ့ ဟန့်တားနိုင်စွမ်းဆိုတဲ့ အခြေအနေတစ်ရပ်ကို ပြန်အဖတ်ဆယ်ချင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ အခုတော့ သူပစ်လိုက်တဲ့လက်နက်တွေကို အစ္စရေးနဲ့ သူ့မဟာမိတ်တွေက လမ်းမှာတင် ဟန့်တားနိုင်ခဲ့လို့ ပိုပြီး ခက်ခဲသွားရာလည်း ရောက်ပါတယ်။
အီရန်ရဲ့ အဲဒီ တိုက်ခိုက်မှုဟာ အစ္စရေးကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှု မဟုတ်ခဲ့ပါဘူး။ အီရန်ဟာ သူ့ရဲ့ဒုံးပျံတွေနဲ့ ဒုံးကျည်စနစ်တွေကို တည်ဆောက်နေတာ နှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ လက်ဘနွန်က ဟစ်ဇ်ဘိုလာ အဖွဲ့လည်း အင်နဲ့အားနဲ့ ပါဝင်နိုင်ခြေရှိခဲ့ပေမဲ့ တကယ်တမ်းမပါဝင်ခဲ့ပါဘူး။ လက်ဘနွန် လက်နက်ကိုင်အဖွဲ့လည်းဖြစ်၊ နိုင်ငံရေးလှုပ်ရှားအဖွဲ့လည်းဖြစ်တဲ့ ဟစ်ဇ်ဘိုလာဟာ အီရန်ရဲ့အခိုင်မာဆုံးမဟာမိတ်ဖြစ်သလို ဒုံးပျံတွေနဲ့ ဒုံးကျည်တွေ အများကြီးပိုင်ဆိုင်ထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ ဂါဇာအကြောင်း အပြောနည်းသွားတဲ့အခြေအနေကိုတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတစ်ယောက် စိတ်ကျေနပ်မှုနည်းနည်း ရှိသွားလောက်ပါတယ်။ သူ့အတွက်တော့ ဟားမတ်စ်ကို ချေမှုန်းမယ်၊ ဖမ်းဆီးခံထားရတဲ့ဓားစာခံတွေကို လွတ်အောင်လုပ်မယ်လို့ ရည်ရွယ်တဲ့ စစ်ပွဲရည်မှန်းချက်တွေ အောင်မြင်အောင်မလုပ်နိုင်သေးတဲ့ ဖြစ်ရပ်နဲ့ ဂါဇာက လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကြီးကနေ ပေါ်လာတဲ့ ဖိအားတွေကနေ ခဏ အနားရတဲ့သဘောလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက နိုင်ငံတကာရဲ့အာရုံဟာ ဂါဇာကို အစ္စရေးက ပိတ်ဆို့ထားခဲ့တာကြောင့် ဖြစ်လာတဲ့ အငတ်ဘေးကြီးအပေါ် မစ္စတာနေတန်ညာဟုနဲ့ မစ္စတာ ဘိုင်ဒန်တို့ကြားက အကွဲအပြဲအပေါ်မှာ ရှိခဲ့ပါတယ်။ အခုတော့ သူတို့ စည်းလုံးမှုအကြောင်း ပြောလာကြပါပြီ။ မစ္စတာနေတန်ညာဟုဟာ ပြတ်သားပြီး ချင့်ချင်ချိန်ချိန်လုပ်နိုင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အကြောင်းနဲ့ အစ္စရေးမှာ သူ့ကို ရာထူးကနေ ဆင်းသွားစေချင်တဲ့အထိ ရန်သူများနေတာတောင် သူဟာ အစ္စရေးပြည်သူတွေရှေ့က မားမားရပ်သူအဖြစ်တောင် သူ့ကိုယ်သူ ဖော်ကျူးနိုင်ပြီဖြစ်ပါတယ်။ အရင်က သူ့ရဲ့ အလျင်စလိုလုပ်တတ်မှုနဲ့ အန္တရာယ်ကို မချင့်တွက်တတ်မှုတွေကြောင့် ဟားမတ်စ်တွေက အစ္စရေးကိုတိုက်လို့ရနိုင်တယ်လို့ ယူဆစရာဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုဖြစ်လာရတာလို့ သူ့အပေါ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
မပြောင်းလဲတာကတော့ အင်အားအကုန်သုံးကြတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတစ်ခုကို ဦးမတည်သွားအောင် ရပ်တန့်မယ့် နည်းလမ်းတစ်ခုကို အမေရိကန်တွေ ရှာဖွေလိုတဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ အခုဆို အစ္စရေးက အီရန်ရဲ့ သံတမန်ဝန်းတစ်ခုကို တိုက်တာနဲ့ အီရန်က အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်တာလို အန္တရာယ်များလှတဲ့ စည်းနီတွေကို ဖြတ်ကျော်ခဲ့ကြပြီးဖြစ်ပါတယ်။ အစ္စရေး လက်ယာယိမ်းတွေကတော့ ချက်ချင်းတုံ့ပြန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်တွေဟာ ရပ်မှာလည်း မဟုတ်ပါဘူး။
စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေးမှာ သံတမန်တွေလုပ်ရမှာက အရှေ့အလယ်ပိုင်း ဒေသကို ပျက်စီးဆုံးရှုံးမှု ပိုပြီးကြီးမားကျယ်ပြန့်တဲ့ပဋိပက္ခတစ်တစ်ရပ်ထဲ ရောက်မသွားအောင်ကာကွယ်ဖို့ဖြစ်ပါတယ်။ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ချိန်ကစလိုက်တဲ့ ခြောက်လတာကာလအတွင်း တဖြည်းဖြည့်တရွေ့ရွေ့နဲ့ သွားနေတဲ့ လမ်းကြောင်းကတော့ အဲဒီ ပဋိပက္ခကြီးဆီ ဦးတည်နေခဲ့တာပါ။
ပြန်မတိုက်ဖို့ ပြောတဲ့သမ္မတဘိုင်ဒန်ရဲ့အကြံကို အစ္စရေးယူမယ်ဆိုရင်တော့ အရှေ့အလယ်ပိုင်းဟာ အသက်ရှုဖို့ အချိန်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ အန္တရာယ်များလွန်းလှတဲ့ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်တော့ မဟုတ်နေပြန်ပါဘူး။









