အစ္စရေးကို တိုက်ခိုက်မှုအပြီး အီရန်နိုင်ငံထဲ ဘယ်လိုအခြေအနေရှိနေလဲ

ဓာတ်ပုံ ရင်းမြစ်, Morteza Nikoubazl/NurPhoto via Getty Images
- ရေးသားသူ, ဂျီယာဂိုးလ်
- ရာထူးတာဝန်, ကမ္ဘာ့ရေးရာသတင်းထောက်(ဘီဘီစီပါရှားဘာသာစကားဌာန)
အီရန်ဟာ သူ့ရဲ့မြေပိုင်နက်ထဲကနေ အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်မှုတွေကို ပထမဆုံးအကြိမ် ပြုလုပ်လာပါတယ်။ ဒါဟာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) အတွက် ဒေသတွင်းမဟာမိတ်တွေကြားမှာ သူ့ရဲ့ ယုံကြည်ကိုးစားနိုင်စွမ်းကို ထိန်းသိမ်းဖို့နဲ့ ပြည်တွင်းက ထောက်ခံသူတွေကို ပြသဖို့အပြင် အီရန်နိုင်ငံရဲ့သဘောထား၊ နောက် နိုင်ငံ့ ဒုံးကျည်တွေနဲ့ဒရုန်းတပ်ဖွဲ့ တွေရဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့လည်း အရေးပါပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အီရန် တော်လှန်ရေး အပြီးမှာ အစ္စလာမ္မစ်စနစ်သစ်ကို ကာကွယ်ဖို့နဲ့ ပုံမှန်လက်နက်ကိုင်တပ်ဖွဲ့တွေကို တန်ပြန်ချိန်ညှိဖို့ လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ ဒီတပ်ဖွဲ့ဟာ အီရန်နိုင်ငံထဲမှာသာမက ဒေသတွင်းမှာပါ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အခရာကျတဲ့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်လာပါတယ်။
စနေနေ့ညပိုင်းတုန်းက တိုက်ခိုက်မှုအပြီးမှာတော့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ထောက်ခံကြတဲ့သူတွေဟာ ပါလက်စတိုင်းသင်္ကေတတွေ ဝတ်ဆင်ပြီး တဟီရန်မြို့က လမ်းတွေပေါ်တက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။
''ဆီးရီးယားနဲ့ တခြားနေရာတွေမှာရှိတဲ့ အီရန်တပ်မှူးတွေကို နောက်ထပ်သတ်ဖြတ်တာတွေ ဟန့်တားနိုင်ရေး အစ္စရေးကို တိုက်ခိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ကျွန်မထင်တယ်'' ဆိုပြီး အီရန်အစိုးရကိုထောက်ခံသူတစ်ဦးဖြစ်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ဘီဘီစီပါရှားဘာသာစကားဌာနကို အသံမက်ဆေ့နဲ့ပေးပို့ဖြေကြားပါတယ်။
ဒါပေမဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ ပတ်သက်ပြီး ဝေဖန်အကဲခတ်သူအများစုကတော့ အီရန်အုပ်စိုးသူတွေဟာ အီရန်လူထုတစ်ခုလုံးရဲ့အမြင်တွေကို ကိုယ်စားမပြုဘူးလို့ပြောကြပါတယ်။
''ကျွန်တော်တို့ဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံသားတွေမဟုတ်ဘူး။ တကယ့် အီရန်နိုင်ငံသားစစ်စစ်တွေ။ အီရန်နိုင်ငံသားစစ်စစ်တွေဟာ အခုလက်ရှိ အီရန်အုပ်စိုးသူတွေနဲ့ စစ်ဖြစ်နေတဲ့အခြေအနေပါ။ အစ္စရေးအပါအဝင် တခြားဘယ်လိုနိုင်ငံကိုမဆို မလိုမုန်းတီးဖြစ်နေတာကို ကျွန်တော်တို့ လက်မခံဘူး'' လို့ အသက် ၄၀ ဝန်းကျင် အီရန်အမျိုးသားတစ်ဦးကလည်း ဘီဘီစီ ပါရှားဘာသာစကားဌာနကို အသံမက်ဆေ့မျှဝေပါတယ်။
အသက် ၅၀ ဝန်းကျင်နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ အစ္စရေးကို အီရန်က တိုက်ခိုက်မှုကြောင့် ဒေသတွင်း စစ်ပွဲ အရှိန်မြင့်တက်လာနိုင်ပြီး အီရန်၊ အစ္စရေးနဲ့ သူ့ရဲ့ အနောက်မဟာမိတ်နိုင်ငံတွေကြားမှာ အင်အားသုံးတဲ့ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာမှာကို စိုးရိမ်ကြောင်းပြောပါတယ်။
အမေရိကန်ဒေါ်လာတန်ဖိုးတက်လာပြီး အီရန်ငွေကြေးတန်ဖိုးကျဆင်းသွားတာက ဒီသဘောထား ခံစားချက်ကို ထင်ဟပ်နေတယ်ဆိုတာတွေ့ရပါတယ်။
လက်တုံ့ပြန်လာမှာကိုစိုးရိမ်မှု - ထိတ်လန့် တန်းစီဝယ်ယူနေကြ

ဓာတ်ပုံ ရင်းမြစ်, Fatemeh Bahrami/Anadolu via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစ္စရေးနဲ့ သူ့မဟာမိတ်တွေက ပြန်လည်တိုက်ခိုက်လာမလားဆိုတာ အီရန်နိုင်ငံသားတွေ စိုးရိမ်စိတ်ဝင်နေကြတာ စနေနေ့ညပိုင်းကတည်းက ဖြစ်ပါတယ်။ အဲဒီစိုးရိမ်စိတ်ကြောင့်ပဲ နိုင်ငံသားတွေဟာ အစားအသောက်နဲ့ လောင်စာလို အရေးကြီးတဲ့ပစ္စည်းတွေကို အလုအယက်ဝယ်ယူစုဆောင်းတာတွေရှိလာပါတယ်။
တဟီရန်မြို့နဲ့ တခြားမြို့ကြီးတွေက ဓာတ်ဆီဆိုင်တွေမှာဆိုရင် ဆီထည့်ဖို့ ကားတန်းရှည်တွေ တန်းစီတာတွေရှိခဲ့ပြီး စျေးဝယ်စင်တာတွေမှာဆိုရင် ဝယ်သူတွေနဲ့ပြည့်နေခဲ့ပါတယ်။
အီရန်ကပစ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်းအစင်းရေ ၃၀၀ ထဲက ၉၉ ရာခိုင်နှုန်းကို အောင်အောင်မြင်မြင် ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောပေမဲ့ အီရန်အရာရှိတွေကတော့ ဒီတိုက်ခိုက်မှုဟာ တကယ်ထိခိုက်မှုရှိမရှိဆိုတာထက် တိုက်ခိုက်မှုရဲ့ရိုက်ခက်မှုကို ဝံ့ကြွားပြီး သူတို့တိုက်ခိုက်မှု အောင်မြင်တယ်လို့ ဆိုကြပါတယ်။
အီရန်စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် မဟာမက် ဘဂါရီကတော့ အစ္စရေးနိုင်ငံထဲက ပစ်မှတ်တွေထဲမှာ အစ္စရေးစစ်တပ်ရဲ့ F35 တိုက်လေယာဥ်တွေထားရာ အစ္စရေးနိုတမ်လေတပ်အခြေစိုက်စခန်းလည်း ပါဝင်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က အဲဒီလေတပ်စခန်းက တိုက်လေယာဥ်တွေ ပျံတက်သွားခဲ့ပြီးနောက်မှာ ဒမားစကပ်မြို့က အီရန်ကောင်စစ်ဝန်ရုံးမှာ IRGC တပ်မှူး ၇ ဦးသေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
အီရန်ဟာ သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်တယ်လို့ သူက ထပ်လောင်းပြောပြီး နောက်ထပ်စစ်ဆင်ရေးတွေ ဆက်လုပ်ဖို့ ဆန္ဒမရှိဘူးလို့လည်း ဆိုပါတယ်။ အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီ ကတော့ တိုက်ခိုက်မှု အသစ်မှန်သမျှဟာ အီရန်ကနေ ပိုခိုင်မာတဲ့တုံ့ပြန်မှုဖြစ်လာစေမယ်လို့ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Haydar Sahin/Anadolu via Getty Images
အီရန်မှာရှိနေတဲ့ စိတ်ခံစားချက်ကတော့ တင်းမာမှုလျှော့ချတဲ့ဘက်ဆီကို ဦးတည်နေပုံပေါ်ပါတယ်။ အီရန်စစ်ဘက်ရော အစိုးရအရာရှိတွေဘက်ကရော စနေညတုန်းက ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုနဲ့ ကျေနပ်သွားတဲ့ပုံပေါ်နေပါတယ်။
အီရန်အတွက်တော့ အစ္စရေးကို ခုခံကာကွယ်ရေးအစီအမံတွေလုပ်ဖို့ လုံလောက်တဲ့အချိန်ပေးခဲ့ပုံထောက်ရင် နောက်ထပ်ပျက်စီးမှုနဲ့ဆုံးရှုံးမှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်မရှိတဲ့ပုံလည်းပေါ်ပါတယ်။
တရားဝင်မှုအကျပ်အတည်း
ဒေသတွင်းမှာ IRGC ရဲ့ ကြားဝင်မှုတွေကို အီရန်နိုင်ငံသားအများစုက ဆန့်ကျင်ကြပါတယ်။
အီရန်မှာမကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအရဆိုရင် ''ဂါဇာအရေးမပါပါနဲ့။ လက်ဘနွန်အရေးမပါပါနဲ့။ အီရန်အတွက် အသက်စွန့်ရဲတယ်'' လို့ ကြွေးကြော်ခဲ့ကြတာကြည့်ရင် ဒီအခြေအနေကို အတော်လေး ပဲ့တင်ထပ်ပါတယ်။
ပြည်ပက အမြဲတမ်းမဟုတ်တဲ့တပ်တွေကို လက်နက်တပ်ဆင်ပေးတာ၊ သင်တန်းပေးတာနဲ့ ဖွဲ့စည်းပေးရာမှာ သုံးတဲ့ ဒေါ်လာသန်းထောင်ချီကို နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့အနာဂတ်တိုးတက်ကြီးပွားရေးမှာ အသုံးပြုသင့်တယ်လို့ အီရန်အများစုက ပြောကြပါတယ်။
ဒေသတွင်းမှာ အီရန်ရဲ့ ကြားဝင်မှုဟာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကန့်သတ်မှုတွေကို လက်ယက်ခေါ် ခဲ့ပြီး နိုင်ငံ့စီးပွားရေးလည်း ကျဆင်းမှုဖြစ်လာနေစေပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မိုးထိုးနေမှုနဲ့အတူ စီးပွားရေးကလည်း ယိမ်းယိုင်နေပါတယ်။ လူလတ်တန်းစား အီရန်နိုင်ငံသားတွေတောင် ရှင်သန်ရပ်တည်ရေးမှာ အခက်ကြုံနေရပါတယ်။
အီရန်ဘက်ကနေ ထွက်လာတဲ့အသံတွေကို နားထောင်ကြည့်ရင် လက်ရှိအီရန်အုပ်စိုးသူတွေဟာ လူထုအများစုရဲ့ထောက်ခံမှုကင်းမဲ့နေတာကို အထူးသဖြင့် စစ်ပွဲဖြစ်လာတဲ့အခါမျိုးမှာ ထောက်ခံမှု ကင်းမဲ့နေတာကို ပြသနေပါတယ်။
၁၉၈၀ ပြည့်နှစ်တွေမှာ အီရတ်နဲ့ဖြစ်ခဲ့တဲ့ ၈ နှစ်ကြာစစ်ပွဲအတွင်းရှိခဲ့တဲ့ တသားတည်းဖြစ်မှုနဲ့မတူတာကတော့ ဆက်ဒမ်ဟူစိန်ရဲ့ အုပ်စိုးမှုကို တွန်းလှန်ဖို့ သန်းနဲ့ချီတဲ့အီရန်လူငယ်တွေ ရွပ်ရွပ်ချွံချွံ ပါဝင်ခုခံခဲ့ကြာတာဖြစ်ပါတယ်။
အခုတော့ မသန်စွမ်းဖြစ်နေတဲ့ အီရန်-အီရတ်စစ်ပွဲ စစ်ပြန်တစ်ဦးကတော့ အီရန်အစိုးရရဲ့ ဝေဖန်သူတွေကို ပြင်းပြင်းထန်ထန်ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း ပြောပြီး ''သူတို့အတွက်တော့ နောက်တစ်ကြိမ် ကျွန်တော် တိုက်ပွဲဝင်မှာမဟုတ်ဘူး'' လို့ အခိုင်အမာပြောပါတယ်။
လက်ရှိအီရန်အုပ်စိုးသူတွေရဲ့မူဝါဒဟာ အရင်က သူတို့ကိုထောက်ခံသူတွေရဲ့အမြင်တွေနဲ့တောင် သွေဖည် နေတာကြောင့် အုပ်စိုးသူနဲ့ထောက်ခံသူကြားက အခင်းအကျင်းဟာ သိသိသာသာပြောင်းလဲလာနေပါတယ်။
ဒုံးကျည်နဲ့ ဒရုန်းတွေကို ပူးပေါင်းပြီး တကြိမ်တည်းနဲ့အများဆုံး စတင်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်လာတဲ့ အီရန်အတွက်တော့ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်က အစိုးရမဟုတ်တဲ့စစ်တပ်တွေနဲ့ ယီမင်က ဟူသီသူပုန်တွေဆီကနေ ပိုအားကောင်းတဲ့ထောက်ခံမှုကိုလမ်းပွင့်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေး ဘက်ကိုတော့ ထိခိုက်သေကြေမှု အနည်းဆုံးဖြစ်အောင်လုပ်ခဲ့ပုံတော့ ပေါ်နေပါတယ်။
စစ်ပွဲဖြစ်တဲ့အခါ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ အစ္စရေးနဲ့ သူ့ရဲ့ခိုင်ကြည်တဲ့မဟာမိတ် အမေရိကန် တို့ရဲ့ စစ်ဘက်ဆိုင်ရာသာစွမ်းမှုကို စိုးရိမ်မှုရှိတာတော့ မဟုတ်ပါဘူး။ အီရန်ဟာ ဖြစ်လာနိုင်ခြေရှိတဲ့ ပြည်တွင်းမငြိမ်သက်မှုအရေးကိုလည်း ချင့်တွက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anonymous / Middle East Images / Middle East Image
မာဆာ အာမီနီ တစ်ယောက် ရဲထိန်းသိမ်းထားတုန်းသေဆုံးမှုဖြစ်အပြီး ပေါ်လာတဲ့ ၂၀၂၂ ခုနှစ် ဆန္ဒပြပွဲတွေဟာ အီရန်က အုပ်စိုးသူတွေရဲ့ပျော့ကွက်ကိုလည်း မီးမောင်းထိုးပြနေပါတယ်။
အီရန်အုပ်စိုးသူတွေဟာ ဖြစ်လာနိုင်ခြေရှိတဲ့ ဘယ်လို ဆူပူအုံကြွမှုမျိုးကို မဆို ထိန်းချုပ်ဖို့ ရည်ရွယ်ကြပေမဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံမှာ ဆုံးဖြတ်ချက်ချနိုင်စွမ်းအဆင့်ရှိသူအများစု စိုးရိမ်တာက အစ္စရေး၊ အမေရိကန်တို့နဲ့ စစ်ဖြစ်လာတဲ့အခါ အီရန်လုံခြုံရေးတပ်ဖွဲ့တွေ၊ IRGC ရဲ့ထိန်းချုပ်ကွပ်ကဲ ဆက်သွယ်ရေးနေရာတွေကို ပစ်မှတ်ထားခံရမှုပဲဖြစ်ပါတယ်။












