အစိုးရဆန့်ကျင်တဲ့နာမည်ကြီး ဆယ်လီတွေကို နှိပ်ကွပ်ဖို့ ဖွဲ့ထားတဲ့ အီရန်လျှို့ဝှက်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, TARANEH ALIDOOSTI VIA INSTAGRAM
- ရေးသားသူ, ပါဟမ် ဂိုဘာဒီ
- ရာထူးတာဝန်, ဘီဘီစီ ပါရှန်ဌာန
အစိုးရဆန့်ကျင်သူ နာမည်ကြီး ဆယ်လီတွေကို အပြစ်ပေး အရေးယူဖို့ အီရန်အစိုးရက လျှို့ဝှက် ကော်မတီတစ်ခုကို မနှစ်တုန်းက ဖွဲ့စည်းခဲ့ကြောင်း ပေါက်ကြားပေါ်ထွက်လာတဲ့ စာရွက်စာတမ်းတွေအရ ဘီဘီစီက သိရပါတယ်။
ဆန္ဒပြမှုတွေစဖြစ်ခဲ့အပြီး ၆ ရက်အကြာမှာပဲ အဲဒီကော်မတီက နာမည်ကြီး ဆယ်လီ ၁၄၁ ဦးရဲ့ အမည်စာရင်းပါ စာတစ်စောင်ကို စက်တင်ဘာလ ၂၂ ရက်နေ့စွဲနဲ့ အီရန် စီးပွားရေးဝန်ကြီးဌာနထံ ပေးပို့ခဲ့ပါတယ်။
အဲဒီလူတွေရဲ့ အခွန်ငွေပေးဆောင်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ အတိအကျ ဖော်ပြမထားတဲ့ အရေးယူမှုမျိုးတွေ လုပ်ဖို့ စီးပွားရေးဝန်ကြီးဌာနကို ကော်မတီက ညွှန်ကြားခဲ့ပါတယ်။
အဲဒီစာရင်းထဲမှာ ဝါရင့် ဘောလုံးသမား အလီ ဒါယီနဲ့ ထိပ်တန်းမင်းသမီး တာရာနာ အလီဒွတ်စ်တီ တို့ရဲ့ အမည်တွေလည်း ပါပါတယ်။
သူတို့နှစ်ဦးဟာ အခြေခံလူ့အခွင့်အရေး တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေကို ထောက်ခံအားပေးခဲ့အပြီး လွန်ခဲ့တဲ့ ၇ လတာကာလအတွင်း စီးပွားရေးကန့်သတ်ခံရ၊ ခရီးသွားလာခွင့် ပိတ်ပင်ခံရ ဒါမှမဟုတ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရသူ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ ဆိုရှယ်မီဒီယာပေါ်က လူကြိုက်များ နာမည်ကြီးသူတွေ အများအပြားထဲမှာ ပါခဲ့သူတွေ ဖြစ်ပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေ
ခေါင်းခြုံပုဝါ ကောင်းကောင်း မခြုံလို့ ဆိုပြီး မာဆာ အာမီနီဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့တုန်းက တီဟီရန်မြို့မှာ ကျင့်ဝတ်စာရိတ္တ ထိန်းသိမ်းစောင့်ကြပ်တဲ့ ရဲတွေက ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့အပြီး အီရန်နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြမှုတွေ တဟုန်တိုး ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီဆန္ဒပြမှုတွေကို ပြည်ပက သွေးထိုးလှုံ့ဆော်တဲ့ ဆူပူအုံကြွမှုတွေအဖြစ် အီရန်အစိုးရက ပုံဖော်ပြောဆိုခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအတွင်း လူရာနဲ့ချီ သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ နာမည်ကြီး ဆယ်လီတွေကို တားဆီးပိတ်ပင်ဖို့အတွက် အီရန်အစိုးရက အလျင်အမြန်အရေးယူမှုတွေ ဘယ်လို လုပ်ခဲ့သလဲဆိုတာ ဖော်ပြနေတဲ့ အထောက်အထား စာရွက်စာတမ်း ၃ ခုကို အရှေ့အလယ်ပိုင်းဒေသ ထောက်လှမ်းရေး သတင်းရင်းမြစ်ကနေတဆင့် ဘီဘီစီ ပါရှန်ဌာနက လက်ဝယ် ရခဲ့ပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့စွဲနဲ့ စာထဲမှာ “ဆယ်လီ အထူးအဖွဲ့” လို့ ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ဖော်ကြေညာထားပြီး သူတို့အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် အီရန် ယဉ်ကျေးမှုနဲ့ အစ္စလာမစ်လမ်းညွှန်မှုဆိုင်ရာဝန်ကြီး မိုဟာမက် မာဒီ အက်စ်မေလီ ရဲ့ အမည်ကို ဖော်ပြထားပါတယ်။ မစ္စတာ မာဒီ အက်စ်မေလီ ဟာ လူ့အခွင့်အရေးကိစ္စရပ်တွေကို ဆိုးဆိုးရွားရွား ဖောက်ဖျက်ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသူ ဖြစ်ပါတယ်။
အဲဒီစာထဲမှာ ဆန္ဒပြမှုတွေ ပိုဆိုးလာအောင် လုပ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတွေလို့ ကော်မတီက သတ်မှတ်ထားတဲ့ နာမည်ကြီး ဆယ်လီ ၁၄၁ ဦးရဲ့ အခွန်ငွေဆောင်မှု စာရွက်စာတမ်းတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေအရ လုပ်ဆောင်စရာရှိတာတွေကို ကြိုတင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ စီးပွားရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။
အလီ ဒါယီနဲ့ တာရာနာ အလီဒွတ်စ်တီ တို့လိုပဲ အဲဒီအမည်စာရင်းထဲမှာ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်တဲ့ အက်စ်ဂါ ဖာရ်ဟာဒီ၊ ပီဂါ အဟန်ဂါရာနီ၊ မာနီဂျာ ဟက်ခ်မက်တ်၊ ဘာရ်ဇူ အာဂျိုမန်၊ ရှာဟင် ဆမက်ပူရ် နဲ့ ရုပ်မြင်သံကြား အစီအစဉ်မှူးဟောင်း အယ်ဆန် ကရာမီ တို့လည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီစာထဲမှာ အဲဒီ နာမည်ကြီး ဆယ်လီတွေ ရင်ဆိုင်ခဲ့ရတဲ့ ကန့်သတ်ပိတ်ပင်မှုတွေအကြောင်း အသေးစိတ် ဖော်ပြမထားပါဘူး။
ဒါပေမဲ့ “တကယ်လို့ ဆန္ဒပြမှုတွေကို ဆက်ထောက်ခံအားပေးနေမယ်ဆိုရင် အွန်လိုင်းကနေ ရတဲ့ဝင်ငွေအားလုံးအပေါ် အခွန်ဆောင်ရမယ် ဆိုပြီး အင်တာဂရမ်ပေါ်က နာမည်ကြီးသူတွေကို အစိုးရတာဝန်ရှိသူတွေက ခြိမ်းခြောက်ပြောဆိုထားပါတယ်၊ အွန်လိုင်းကနေ ရတဲ့ ဝင်ငွေတွေက ပေါင်းလိုက်ရင် အတော်လေးများတာပါ။” လို့ အမည်စာရင်းထဲပါသူတစ်ဦးက ဘီဘီစီ ပါရှန်ဌာနကို ပြောပြပါတယ်။
နောက်ထပ် တခြားလူနှစ်ဦးကလည်း ဆန္ဒပြမှုတွေကို ထောက်ခံအားပေးကြောင်း ထုတ်ပြောခဲ့အပြီး သူတို့ရဲ့ ဘဏ်စာရင်းတွေ အပိတ်ခံခဲ့ရတယ်လို့ အတည်ပြုပြောပြပါတယ်။
"ဆယ်လီ ကော်မတီ"
“ထိပ်တန်းလျှို့ဝှက်ချက်” လို့ အမည်တပ်ထားတဲ့ စက်တင်ဘာ ၂၆ ရက် နေ့စွဲနဲ့ နောက်စာတစ်စောင်မှာတော့ “ဆယ်လီ အထူးအဖွဲ့” နေရာမှာ “ဆယ်လီ ကော်မတီ” ဆိုပြီး အမည်ပြောင်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီစာထဲမှာ အနုပညာရှင်တွေ၊ အဆိုတော်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်က နာမည်ကြီးဆယ်လီတွေကို ယဉ်ကျေးမှုနဲ့ ထောက်လှမ်းရေး ဝန်ကြီးဌာနက ကိုင်တွယ်အရေးယူဖို့၊ အားကစားသမားတွေကို အားကစားဝန်ကြီးဌာနနဲ့ အစ္စလာမစ် တော်လှန်ရေးအစောင့်တပ်ရဲ့ ထောက်လှမ်းရေးအေဂျင်စီအဖွဲ့ကကိုင်တွယ်အရေးယူဖို့ ဆိုပြီး ကော်မတီရဲ့ တာဝန်တွေကို ခွဲခြားဖော်ပြထားပါတယ်။
ဒါ့အပြင် နာမည်ကြီး ဆယ်လီတွေအပေါ် အရေးယူဖို့ လုပ်တဲ့အခါမှာ ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်နိုင်တဲ့နည်းလမ်း၊ အဟန့်အတားတွေကို ထိန်းချုပ်နိုင်ပြီး အစိုးရစည်းမျဉ်းတွေကို ထောက်ခံမှု ရနိုင်သမျှ ရလာစေမယ့် နည်းလမ်းမျိုးကို သုံးသင့်တယ်လို့လည်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲနဲ့ တတိယစာထဲမှာတော့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲ မတိုင်ခင် အီရန်ဘောလုံးသမားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတဲ့ အကြောင်း ဆွေးနွေးထားပြီး နာမည်ကြီး ဘောလုံးသမားနဲ့ နည်းပြတစ်ဦးကို သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ယူသုံးစွဲခွင့် ပိတ်ပင်သင့်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီစာထဲမှာပဲ ရုပ်ရှင်မင်းသမီး ဖာတီမာ မိုတာမက် အာယာရဲ့ စဉ်ဆက်မပြတ် ပြောင်ပြောင်တင်းတင်း ထုတ်ဖော် စော်ကားနေမှုတွေက ကော်မတီကို အမျက်ဒေါသ ထွက်စေကြောင်း၊ သူ့ကို အမြန်ဆုံး တရားစွဲဖို့နဲ့ သူ့အမှုကို ဦးစားပေး ကိုင်တွယ်အရေးယူဖို့ တီဟီရန်မြို့ အစိုးရရှေ့နေရုံးကို ညွှန်ကြားထားကြောင်း ဖော်ပြထားပါတယ်။
မစ်စ် မိုတာမက် အာယာ က ဟီဂျာ့ဘ် ခေါင်းခြုံပုဝါ မခြုံထားတဲ့ သူ့ရဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်တွေပေါ် တင်ခဲ့ပြီး ခေါင်းခြုံပုဝါ ခြုံထားတဲ့ အမျိုးသမီးတွေပုံကို ပြထားတဲ့ အစိုးရ ကြော်ငြာဘုတ်တစ်ခုထဲမှာ သူ့ပုံကိုပါ ထည့်ထားတာနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အားကစားသမားတွေအပေါ် အာရုံစိုက် ကိုင်တွယ်အရေးယူဖို့ တာဝန်ပေးထားတဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ထောက်လှမ်းရေး အေဂျင်စီအဖွဲ့ကို ရုပ်ရှင်မင်းသမီး ကတာယွန် ရီယာဟီ ကို ထိန်းသိမ်းဖို့ အစိုးရက ခွင့်ပြုချက်ပေးခဲ့တယ်လို့လည်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။ ဆန္ဒပြမှုတွေကို ထောက်ခံအားပေးကြောင်း ပြတဲ့အနေနဲ့ ခေါင်းမှာခြုံထားတဲ့ ပုဝါကို ဖယ်ချခဲ့ကြတဲ့ ပထမဆုံး ရုပ်ရှင်မင်းသမီးတွေထဲက တစ်ဦးဖြစ်သူ မစ်စ် ရီယာဟီ ဟာ နိုဝင်ဘာလ ၂၀ ရက်နေ့က နိုင်ငံမြောက်ပိုင်း ကက်ဇ်ဗင်မြို့နားမှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။




