ဟက်ဇ်ဘိုလာတပ် ဘယ်လောက် အင်အားကြီးလဲ၊ အစ္စရေးနဲ့ တိုက်မှာလား

အစ္စလာမ် ဟက်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟာဆန် နက်စ်ရဲလာ

ဓာတ်ပုံ ရင်းမြစ်, Reuters

အစ္စလာမ် ဟက်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟာဆန် နက်စ်ရဲလာက အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်မှုအပေါ် အဲဒီစစ်ပွဲအကြောင်း သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ချီးကျူးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ လက်ဘနွန်နိုင်ငံ နယ်စပ်တစ်လျှောက်မှာရှိတဲ့ အစ္စရေး စစ်တပ်ယာဥ်တွေနဲ့ စစ်စခန်းတွေကို ဟက်ဇ်ဘိုလာတွေက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာပါ။

ဟက်ဇ်ဘိုလာဆိုတာဘာလဲ၊ လက်ဘနွန်က ဘယ်မှာလဲ။

ဟက်ဇ်ဘိုလာဆိုတာ ရှီယား မွတ်ဆလင် အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံရေး သြဇာရှိတဲ့ အဖွဲ့ဖြစ်သလို လက်ဘနွန်က အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ကိုလည်း ထိန်းချုပ်ထားတဲ့ အဖွဲ့ပါ။

အစ္စရေးကို ဆန့်ကျင်ဖို့အတွက် ဒေသတွင်းမှာ ရှီးယားအင်အားအကြီးဆုံးဖြစ်တဲ့ အီရန်က ဒီအဖွဲ့ကို ၁၉၈၀ ပြည့်နှစ်တွေမှာ တည်ထောင်ပေးခဲ့တာပါ။

အဲဒီအချိန်က လက်ဘနွန် ပြည်တွင်းစစ်ကာလ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အစ္စရေးတပ်တွေက ကျူးကျော်သိမ်းပိုက်ထားချိန်ပါ။

အဲဒီနောက် ဟက်ဇ်ဘိုလာက ၁၉၉၂ ကတည်းက စပြီး ရွေးကောက်ပွဲတွေမှာ ပါဝင်လာသလို နိုင်ငံရေးမျက်နှာစာမှာ အဓိက ထင်ရှားလာပါတယ်။

သူ့ရဲ့ လက်နက်ကိုင်အဖွဲ့က လက်ဘနွန်က အစ္စရေးတွေနဲ့ အမေရိကန် တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အစ္စရေးက လက်ဘနွန်ကနေ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ခွာသွားတဲ့အခါ အစ္စရေးတွေကို တိုက်ထုတ်ခဲ့တယ်ဆိုပြီး ဟက်ဇ်ဘိုလာ နာမည်ကောင်းရခဲ့ပါတယ်။

အစ္စရေး-လက်ဘနွန်မြေပုံ

အဲဒီအချိန်ကတည်းက ဟက်ဇ်ဘိုလာက စစ်အင်အား ထောင်ပေါင်းများစွာနဲ့ ဒုံးကျည်အများအပြားကို လက်ဘနွန်တောင်ပိုင်းမှာ ဆက်ထိန်းထားတာပါ။

အငြင်းပွားနယ်စပ် နယ်မြေတွေမှာ အစ္စရေးတွေ တပ်မစွဲအောင် ဆက်ပြီး တိုက်ခိုက်နေပါတယ်။

အဲဒီအဖွဲ့ကို အနောက်နိုင်ငံတွေ၊ အစ္စရေး၊ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အာရပ်အဖွဲ့အချုပ်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။

ဟက်ဇ်ဘိုလာတို့က နယ်စပ်ကျူးကျော်တိုက်ခိုက်မှု လုပ်ခဲ့ချိန် ၂၀၀၆ မှာ ဟက်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အလုံးစုံစစ် ဆင်နွှဲခဲ့ကြပါတယ်။

အစ္စရေး တပ်တွေက လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်လာပြီး ဟက်ဇ်ဘိုလာတို့ရဲ့ ခြိမ်းခြောက်မှုကို အပြီးတိုင် ချေမှုန်းပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ ဆက်ရှင်သန်နေခဲ့ပြီး အဲဒီအချိန်ကစပြီး လူသူအင်အား ပိုကြီးလာသလို ပိုသစ်၊ ပိုကောင်းတဲ့ လက်နက်တွေပါ စုဆောင်းလာခဲ့ပါတယ်။

ဟက်ဇ်ဘိုလာ ခေါင်းဆောင်က ဘယ်သူလဲ

ဟက်ဇ်ဘိုလာအဖွဲ့ကို ရှိတ် ဟာဆန် နက်စ်ရဲလာက ဦးဆောင်ပါတယ်။ သူက ရှီးယား ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အဲဒီအဖွဲ့ကို ၁၉၉၂ ခုနှစ်ကတည်းက ဦးဆောင်လာတာပါ။

ဟက်ဇ်ဘိုလာကို နိုင်ငံရေး အရရော စစ်ရေးအရရော တည်ထောင်ခဲ့ရာမှာ သူက အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

သူက အီရန်နဲ့ရော အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနဲ့ရော နီးစပ်တဲ့ အဆက်အသွယ်တွေ ရှိပါတယ်။

၁၉၈၁ မှာ အီရန်ခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီက သူ့ကို သူ့ရဲ့ လက်ဘနွန်ဆိုင်ရာ ပုဂ္ဂိုလ်ရေး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ လုပ်ကြံမှုကို စိုးရိမ်တဲ့အတွက် နက်စ်ရဲလာက လူတွေကြားမှာ ပေါ်ပေါ်ထင်ထင် မနေတာ နှစ်တွေ ကြာနေပါပြီ။

ဒါပေမဲ့ သူ့ကို ဟက်ဇ်ဘိုလာတွေက အမြဲ လေးလေးစားစား ရှိကြပြီး သူက အပတ်စဥ် ရုပ်သံမိန့်ခွန်းတွေ ပြောပါတယ်။

ဟက်ဇ်ဘိုလာ တပ်ဖွဲ့တွေ ဘယ်လောက် အင်အားကြီးလဲ

ဟက်ဇ်ဘိုလာဆိုတာ ကမ္ဘာ့နိုင်ငံတွေထဲက အစိုးရ စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး အဖွဲ့တွေထဲက တစ်ခုပါ။ ဒီအဖွဲ့ကို အီရန်က ငွေကြေးရော၊ လက်နက်ရော ထောက်ပံ့တပ်ဆင်ပေးထားထာပါ။

ရှိတ် ဟာဆန် နက်စ်ရဲလာက ဟက်ဇ်ဘိုလာတပ်ဖွဲ့မှာ တပ်သားအင်အား ၁၀၀,၀၀၀ ရှိတယ်လို့ ဆိုပေမဲ့ လွတ်လပ်တဲ့ အကဲခတ် ခန့်မှန်းချက်တွေက ဟက်ဇ်ဘိုလာမှာ တပ်သားအင်အား ၂၀,၀၀၀ ကနေ ၅၀,၀၀၀ ကြားရှိမယ်လို့ ဆိုပါတယ်။

သူတို့အင်အား အများအပြားက လေ့ကျင့်သား ပြည့်ဝနေကြသူတွေ၊ တိုက်ပွဲ အတွေ့အကြုံ အများကြီး ရှိကြသူတွေပါ။ သူတို့က ဆီးရီးယား ပြည်တွင်းစစ်မှာ ဝင်တိုက်ထားကြပါတယ်။

ဟက်ဇ်ဘိုလာရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက သူတို့နေအိမ်တွေကို ထိမှန်ခဲ့တယ်လို့ လက်ဘနွန် ပြည်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဟက်ဇ်ဘိုလာရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက သူတို့နေအိမ်တွေကို ထိမှန်ခဲ့တယ်လို့ လက်ဘနွန် ပြည်သူတွေက ပြောပါတယ်။

ဟက်ဇ်ဘိုလာမှာ ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးတွေ ၁၃၀,၀၀၀ လောက် ရှိမယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး သုတေသနအဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။

သူတို့ရဲ့ လက်နက်အများစုက အငယ်စား မြေပြင်က-မြေပြင်ပစ် ရိုးရိုး ဒုံးကျည်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့မှာ လေယာဥ်ပစ်လက်နက်နဲ့ သင်္ဘောဖျက် ဒုံးကျည်တွေနဲ့အတူ အစ္စရေး အတွင်းပိုင်းအထိရောက်အောင် ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေပါ ရှိတယ်လို့ ယူဆရပါတယ်။

အဲဒီလက်နက်တွေက အခု အစ္စရေးနဲ့ ဂါဇာမှာ တိုက်နေတဲ့ ဟားမတ်စ်တွေ ပိုင်ဆိုင်ထားတဲ့ လက်နက်တွေထက် အများကြီး အဆင့်မြင့်ပါတယ်။

ဟက်ဇ်ဘိုလာက အစ္စရေးနဲ့ စစ်တိုက်မှာလား

ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကစပြီး အစ္စရေး မြောက်ပိုင်းက စစ်တပ်စခန်းတွေကို ဟက်ဇ်ဘိုလာတွေက တိုက်ခိုက်နေတာပါ။

အစ္စရေး စစ်စခန်းတွေဆီကို ဒုံးကျည်တွေနဲ့ ပစ်ပါတယ်။ အစ္စရေး သံချပ်ကာကားတွေကို တင့်ဖျက်ဒုံးတွေနဲ့ ပစ်ပါတယ်။ စစ်ရေးပစ်မှတ်တွေဆီကိုလည်း ဒရုန်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ပါတယ်။

အစ္စရေး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ တင့်ကားတွေ၊ အမြောက်တွေနဲ့ လက်ဘနွန်ထဲက ဟက်ဇ်ဘိုလာ စခန်းတွေကို တုံ့ပြန်တိုက်ခိုက်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အစ္စရေး စစ်သားတွေနဲ့ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ကြပြီး အဲဒီနေရာတွေက အရပ်သားတွေကို အစ္စရေးက ကယ်ထုတ်ထားရပါတယ်။

အစ္စရေး စစ်တပ် ပြောခွင့်ရ ဒန်နီရယ် ဟာဂါရီက သူတို့တပ်ဖွဲ့တွေ အစ္စရေး မြောက်ပိုင်း နယ်စပ်မှာ "အထူး အသင့်ပြင်" ထားတယ်လို့ ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နက်တန်ညာဟုကတော့ ပဋိပက္ခ ဖြစ်စဥ်မှာ ဟက်ဇ်ဘိုလာတို့ စစ်မျက်နှာ ဖွင့်လာရင် "မထင်မှတ်ထားတဲ့" အတိုင်းအတာအထိ တုံ့ပြန်မယ်လို့ အခိုင်အမာ ပြောထားပါတယ်။