အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ် အကြမ်းဖက်အဖွဲ့အဖြစ် ဘာကြောင့်သတ်မှတ် လာနိုင်သလဲ

Members of Iran's Revolutionary Guards Corps (IRGC) at a military parade in the capital Tehran on September 22, 2018

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ စက်တင်ဘာလက စစ်ရေးပြ အခမ်းအနားမှာ တွေ့ရတဲ့ IRGC တပ်ဖွဲ့ဝင်များ

ယူကေနဲ့ ဥရောပ သမဂ္ဂတို့က အီရန်က အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။

IRGC ဟာ အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်ဟူသမျှကို ကာကွယ်ပေးဖို့ နဲ့ ပြည်ပအထိပါ သူတို့ သြဇာသက်ရောက်ဖို့ ဖွဲ့စည်းထားတဲ့ စစ်ဘက်၊ နိုင်ငံရေးနဲ့ စီးပွားရေး အင်အားစု တခုလည်း ဖြစ်ပါတယ်။

IRGC ကို ဘာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှာလဲ

အရင် အီရန်အစိုးရမှာ ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ ယူကေမှာ အခြေချပြီး ဗြိတိသျှ နိုင်ငံသားပါ ဖြစ်ခဲ့တဲ့ အလီရဲဇာ အာ့ခ်ဘာရီ ကို ကွပ်မျက်ခဲ့ပြီးတဲ့ နောက်မှာ အခုလို လုပ်ဖို့ စဉ်းစားလာတာပဲ ဖြစ်တယ်လို့ ယူကေနိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ် ကလဲဗာလီက ပြောပါတယ်။

မစ္စတာ ကလဲဗာလီက အလီရဲဇာ အာ့ခ်ဘာရီ ကို အီရန်ကို လာရောက်ဖို့ သွေးဆောင်ခေါ်ယူခဲ့ကြတာ ဖြစ်ကြောင်း နဲ့ အဲဒီမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တဖက်သတ် တရားစီရင်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ အာ့ခ်ဘာရီကို ယူကေအတွက် သူလျှိုလုပ်ပေးခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ဒီစွဲချက်ကို ငြင်းဆိုခဲ့သလို အီရန် အစိုးရ ထောက်လှမ်းရေး တွေက သူ့ကို ဝန်ခံအောင် နှိပ်စက်ညှင်းပမ်းခဲ့ကြတယ်လို့ ပြောပါတယ်။

ယူကေ ထောက်လှမ်းရေး ဌာနကလည်း အီရန်ဘက်က ပြီးခဲ့တဲ့ နှစ်ထဲမှာ ယူကေမှာရှိတဲ့ အီရန် သတင်းထောက်တွေ အပါအဝင် လူ ၁၀ ယောက်ကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

Alireza Akbari

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မစ္မတာ အာ့ခ်ဘာရီကို ယူကေအတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး အီရန်က ကွပ်မျက်ခဲ့

ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး အန်နာလေနာ ဘဲဘော့ခ်နဲ့ ဥရောပ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါ လိုင်ယဲန် တို့ကလည်း အီးယူကို IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ သူတို့က အီရန်မှာ မကြာသေးခင်က ၂၂ အရွယ် ကာ့ဒ် အမျိုးသမီး မာရှာ အာမင်နီ အီရန်ရဲ့ ယဉ်ကျေးမှု ရဲက ဖမ်းထားစဉ်အတွင်း သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြိုခွဲခံရမှုတွေမှာ IRGC ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အခုလို ပြောကြားလာကြတာ ဖြစ်ပါတယ်။

ဥရောပ ပါလီမန်ကလည်း IRGC ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ဖို့ အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကိစ္စမျိုးမှာ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံအတည်ပြုချက် ရဖို့ လိုနေပါသေးတယ်။

အမေရိကန် ပြည်ထောင်စုကတော့ IRGC ကို ဟဇ်ဘိုလာလို လက်နက်ကိုင် အဖွဲ့တွေကို ကာလရှည်ကြာ ထောက်ပံ့ပေးနေတဲ့ အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ဆိုတာ ဘာလဲ

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် IRGC ကို ၁၉၇၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အီရန် တော်လှန်ရေး အပြီးမှာ အစ္စလာမ်မစ် စနစ်သစ်ကို ကာကွယ်ဖို့ ဆိုပြီး ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ကနဦးကတော့ IRGC ဟာ အီရန်ရဲ့ သမားရိုးကျ စစ်တပ်အပြင်က သီးခြား စစ်ဘက်အဖွဲ့အစည်း တရပ်အဖြစ် ရပ်တည် လှုပ်ရှားခဲ့ကြပါတယ်။

အရင်က လက်နက်ကိုင် တပ်မတခုသာ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်မတန်ကြီးမားတဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်လာခဲ့တယ်လို့ Chatham House နိုင်ငံတကာရေးရာ အကြံပေး အဖွဲ့က ဒေါက်တာ ဆန်နမ် ဗက်ခေးလ်က ပြောပါတယ်။

IRGC units fire Shahab-2 long-range ballistic missiles during an exercise in the desert near Qom on 2 November 2006

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, IRGC ရဲ့ လေတပ်က အီရန်ရဲ့ ဒုံးကျည်တပ်ဖွဲ့တွေကို ကို ထိန်းချုပ်ထား

IRGC ဟာ သူတို့ ကိုယ်ပိုင် ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တွေ ရှိပြီး စုစုပေါင်း တပ်ဖွဲ့ဝင် အင်အား ၁၉၀၀၀၀ လောက်ရှိပါတယ်။ နောက်ပြီး အီရန်ရဲ့ ဒုံးကျည်တပ်ဖွဲ့တွေနဲ့ နျူကလီးယား အစီအစဉ်တွေကိုလည်း ကြိုးကိုင်နေတာ ဖြစ်ပါတယ်။

IRGC ဟာ စီးပွားရေး အင်ပါယာကြီး တခုကိုလည်း တည်ထောင်ထားပြီး ဖြစ်ပါတယ်။ ကာကွယ်ရေး၊ အင်ဂျင်နီယာပိုင်းနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ ကုမ္ပဏီကြီးတွေတည်ထောင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အီရန် စီးပွားရေးရဲ့ ၃ ပုံ ၁ ပုံကို ထိန်းချုပ်ထားတယ်လို့တောင် ခန့်မှန်းကြပါတယ်။

အီရန်ထဲမှာ IRGC ဘာတွေ လုပ်နေခဲ့သလဲ

IRGC က သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ ဘာဆစ်ဂျ် တော်လှန်ရေး တပ်နဲ့ ပြည်တွင်း လုံခြုံရေးကို စီမံနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ လ အတွင်းဖြစ်ခဲ့တဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုတွေမှာ ဒီအဖွဲ့က ရှေ့တန်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများရဲ့ သတင်းအေဂျင်စီက အဲဒီ ဆန္ဒပြပွဲတွေအတွင်း လူ ၅၂၂ ယောက်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာဆစ်ဂျ်ဟာ လူတွေကို သေတဲ့အထိ ရိုက်နှက်တာမျိုးတွေနဲ့ အကြမ်းဖက် ရက်စက်မှုတွေကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်က ပါမောက္ခ မာရီယမ် အလီမက်ဇဒါက ပြောပါတယ်။ ဒါဟာ သူတို့ အစိုးရကို ကူညီရာလည်း မရောက်ပါဘူး။ ဒီလို ရက်စက်ပြတာက ဆန္ဒပြပွဲတွေ ပိုများလာအောင် ဆွပေးသလို ဖြစ်လေပါပဲလို့ ဆိုပါတယ်။

Basij paramilitary volunteers on parade with motorcycles in Tehran, 2022

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အီရန်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို IRGC ရဲ့ ဘာဆစ်ချ် အဖွဲ့ကို သုံးပြီး ဖြိုခွဲလေ့ရှိ

ပြည်ပမှာရော IRGC ဘာတွေ လုပ်နေလဲ

IRGC က အထင်ရှားဆုံး ပြည်ပ အဖွဲကတော့ ကတ်ဒ်စ် ဖို့စ် ဂျေရုဆလင် ဆိုတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က အရှေ့အလယ်ပိုင်းမှာ ရှိကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငွေကြေးနဲ့ လေ့ကျင့်သင်ကြားမှုတွေ ကူညီပေးနေတာဖြစ်ပါတယ်။

သူတို့ ထောက်ပံ့ပေးထားတဲ့ အဖွဲ့တွေထဲမှာ လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာ အဖွဲ့၊ အီရတ်က ရှီယာ လက်နက်ကိုင်တွေနဲ့ ဆီးရီးယား အစိုးရကို သစ္စာခံတဲ့ တပ်တွေလို အစုံ ပါဝင်ကြပါတယ်။

ကတ်ဒ်စ် ဖို့စ် တပ်ဖွဲ့က အီရန်အတွက် အကျိုးရှိစေဖို့ အတွက် ဒေသတွေက မိတ်ဖက် အဖွဲ့အစည်း တပ်ဖွဲ့တွေကို ပိုပြီး အင်အားတောင့်တင်းဖို့ ကူညီပေးနေတာ ဖြစ်တယ်လို့ ပါမောက္ခ အလီမက်ဇ်ဒါက ပြောပါတယ်။

အီရန် အစိုးရက အမေရိကန်ဟာ သူတို့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်တယ်လို့ သတ်မှတ်ထားတယ် ဒါကြောင့် တခြားတိုင်းပြည်တွေမှာ အမေရိကန်ကို တိုက်ခိုက်မယ့် အဖွဲ့တွေကို ထောက်ပံ့ကူညီပေးနေတာ ဖြစ်တယ်လို့ ဒေါက်တာ ဗက်ခေးလ်က ပြောပါတယ်။

Supporters of the Lebanese Shia Hezbollah movement hold a picture of Iran's Supreme Leader Ayatollah Ali Khamenei as they take part in a religious mourning procession in Beirut, on September 10, 2019

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန်ခေါင်းဆောင် ရဲ့ ပုံကို ကိုင်ဆောင်ထားကြတဲ့ လက်ဘနွန်က ဟဇ်ဘိုလာ ထောက်ခံသူများ၊ ဟဇ်ဘိုလာကို IRGC ရဲ့ ကတ်ဒ်စ် ပို့စ်က ထောက်ပံ့ပေးထား

အမေရိကန်ကလည်း ကတ်ဒ်စ် ဖို့စ် အဖွဲ့နဲ့ သူတို့ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေဟာ အီရတ်နဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန် စစ်ဘက်ဝန်ထမ်း ရာပေါင်းများစွား သတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ

IRGC ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ပြီ ဆိုရင် သူတို့နဲ့ ပတ်သက်တာ၊ သူတို့ကို ထောက်ခံတာတွေကအစ ဥပဒေနဲ့ ငြိစွန်းတော့မှာ ဖြစ်ပါတယ်။

အဲဒီ IRGC အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တဲ့ တိုင်းပြည်တွေမှာ ရှိနေတဲ့ IRGC ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းထားလိုက်ကြမှာ ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းမှလည်း IRGC နဲ့ စီးပွားရေး လုပ်ခွင့် မရှိသလို ငွေကြေးပေးကမ်းလို့လည်း ရတော့မှာ မဟုတ်ပါဘူး။

ဒေါက်တာ ဗက်ခေးလ်က တော်လှန်ရေး အစောင့်တပ်ကို ပစ်မှတ်ထားလိုက်တာဟာ အီရန်ကိုလည်း အထိနာစေလိမ့်မယ်၊ ဘာလို့လဲ ဆိုရင် အစိုးရရဲ့ ပြည်တွင်းနဲ့ ပြည်ပက လုပ်ငန်းတော်တော်များများမှာ အဲဒီအဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ IRGC ဟာ အီရန်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေတာကြောင့် ဒါဟာ ပစ်မှတ်ကောင်း တခုလို့ ဆိုနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

တဖက်မှာ အီရန်ကလည်း ယူကေနဲ့ အီးယူနိုင်ငံတွေက လက်နက်ကိုင် တပ်ဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ပြန်ကြေညာတာမျိုးနဲ့ တုံ့ပြန်လာနိုင်ကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသတွေမှာ ပစ်မှတ်ထား ခံလာရနိုင်ကြောင်း သတိပေးပါတယ်။

ဒါပေမယ့် ပါမောက္ခ အလီမက်ဇ်ဒါက အခုအရေးယူမှုက IRGC ရဲ့ လုပ်ငန်းတွေကို ထိခိုက်စေမယ်ဆိုတဲ့ အပေါ် သံသယ ရှိပါတယ်။ အီရန်နဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ အများကြီး ပြဋ္ဌာန်းထားပြီးသား ဆိုတော့ အခုလို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာတာကလည်း လက်တွေ့မှာတော့ သိပ်ပြီး ထူးထူးခြားခြား ရှိမှာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

အမှတ်သညာ တခုလောက်ပဲ ဖြစ်လာမှာပါလို့ ပါမောက္ခ အလီမက်ဇ်ဒါက ဆိုပါတယ်။