မေလ ၁၅ ရက် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းတွေ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှု့ခဲ့ ကြတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။
ဆော မှာ လေကြောင်းထပ်တိုက်ခိုက်ခံရလို့ လူဒါဇင်ဝက်ကျော်သေဆုံး
ရက်ပိုင်းအတွင်း အရပ်သားအစုလိုက်သေဆုံးတဲ့ဖြစ်စဉ်ထပ်မံဖြစ်ပွားတဲ့သတင်းအပါအဝင် မေလ ၁၅ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ပြင်သစ်မှာ အချုပ်ကားကို ပစ်ခတ်ပြီး အကျဥ်းသားကိုကယ်ဆယ်မှုမှာ သေနတ်သမားတွေကို ရဲက ပိုက်စိပ်တိုက်ရှာနေ
- လူငယ်အများစုကန့်ကွက်နေတဲ့ စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းစပေးနေပြီလို့ စစ်ကောင်စီပြော
- ကျောက်တော်က ဆေးရုံနဲ့ စာသင်ကျောင်းတွေ ပစ်ခတ်ခံရပြီး လူသေဆုံးမှုရှိ
- ဆော မှာ တစ်ပတ်အတွင်း လေကြောင်းထပ်မံတိုက်ခိုက်ခံရလို့ လူဒါဇင်ဝက်ကျော်သေဆုံး
တိုက်ရိုက် ထုတ်လွှင့်ချက်
ပဲဒက်စခန်းသိမ်းတိုက်ပွဲနောက်ဆက်တွဲ ကနက်သီရိရွာမှာ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, Democracy Movement Strike Committee-Dawei
ဓာတ်ပုံ ပုံစာ, မေလ ၈ ရက်နေ့ ကနက်သီရိရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ ပဲဒက်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ကနက်သီရိရွာကို ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေ ပါတယ်။
မေလ ၈ ရက်နေ့တုန်းက ပဲဒက်စခန်းကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်တာလို့ဆိုပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေတာ လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
ကနက်သီရိရွာမှာ မနေ့ကရော ဒီကနေ့မှာပါ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သလို မြစ်ထဲရပ်နားထားတဲ့ စစ်ကောင်စီရေယာဉ်ပေါ်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ထားဝယ်ခရိုင် PDF တပ်ရင်း ၂ ဒုတိယစစ်ကြောင်းမှူး ကိုမင်းထက်က ပြောပါတယ်။
“မေ ၉ ရက်နေ့ ပဲဒက်စခန်းအသိမ်းခံရပြီးတာနဲ့ ၁၁ ရက်နေ့မှာ ကနက်သီရိကို ရေကြောင်းနဲ့ ရောက်လာတယ်၊ တိုက်ပွဲဖြစ်ပြီး ရေကြောင်းနဲ့ ပြန်ထွက်သွားတယ်။ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့မှာက အောက်သရက်ချောင်းရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ ၁၄ ၊ ၁၅ မှာ ကနက်သီရိမှာ ဆက်ပြီး တိုက်ပွဲဖြစ်နေပါတယ်” လို့ ကိုမင်းထက်က ဘီဘီစီကို ပြောပါတယ်။
ကနက်သီရိရွာမှာတိုက်ပွဲပြင်းထန်နေတဲ့ကာလအတွင်း ဒီကနေ့မေလ ၁၅ ရက်နေ့အထိ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှု တွေကြောင့် အရပ်သား အမျိုးသား (၆) ဦး သေဆုံးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ အချက်အလက်အရသိရပါတယ်။
စစ်ကောင်စီကတော့ သရက်ချောင်းမြို့နယ်ထဲက အခုတိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့ မေလ ၁၅ ရက် ညနေပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
အာဆီယံအထူးသံ နေပြည်တော်ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး
ဓာတ်ပုံ ပုံစာ, အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်(ဝဲဘက်)နဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် ဟာ ၃ ရက်ကြာ ခရီးစဥ် အနေနဲ့ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်းဟာ နေပြည်တော်မှာ မေလ ၁၅ ကနေ ၁၇ ရက်အထိရှိနေမယ်လို့ သိရပါတယ်။
အာဆီယံအထူးသံ နေပြည်တော်ကို ရောက်နေတဲ့သတင်းကို စစ်ကောင်စီပြောခွင့်ရသူကလည်း အတည်ပြုပေးပါတယ်။
အထူးသံဟာ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေလည်းပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ဇန်နဝါရီလ ၁၀ ရက်မှာ နေပြည်တော်ကို ပထမဆုံးအကြိမ်သွားခဲ့ပါတယ်။
အခု ခရီးစဥ်ကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ သူဟာ မြန်မာစစ်ခေါင်းဆောင်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ နားလည်ရပါတယ်။
နေပြည်တော်အကျဥ်းထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေပြည်တော်ထဲက လုံခြုံရေးတင်းကျပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ နေရာတစ်ခုဆီကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းနေရာပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အာဆီယံအထူးသံရဲ့ ခရီးစဥ်ထွက်ပေါ်လာတာပါ။
ဒါပေမဲ့ အထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့် ပေး မပေးကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို နောက်တနေရာ ထပ်ပြောင်းရွှေ့ အရှေ့အာရှမှာ မြန်မာက နေရပ်စွန့်ခွာသူအရေအတွက်အများဆုံးဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ထိုင်း - မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေမြင်ကွင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ၂၀၂၃ ခုနှစ်တစ်နှစ်တာအတွင်း နေရပ်စွန့်ခွာသူအရေအတွက် ၁.၅ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံက အများဆုံးဖြစ်တယ်လို့ ပြည်တွင်းနေရပ်ရွေ့ပြောင်းမှုဆိုင်ရာစောင့်ကြည့်ရေးစင်တာ(iDMC)ရဲ့ အစီရင်ခံစာအရသိရပါတယ်။
မြန်မာက နေရပ်စွန့်ခွာသူအရေအတွက် ၁.၃ သန်းအထိရှိနေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးဆ တိုးလာတာပါ။
နေရပ်စွန့်ခွာထွက်ပြေးရတဲ့အရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ အများဆုံးတိုးလာခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပိုတိုးလာတယ်လို့ အဲဒီအစီရင်ခံစာမှာပြောထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်(အေအေ))နဲ့ စစ်တပ်အကြား ယာယီအပစ်ရပ်စဲရေးကြောင့် စစ်ရှောင်စခန်းအရေအတွက် လျော့ကျခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရသူ တစ်သိန်း နှစ်သောင်းကျော် ထပ်တိုးလာပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာတင် နေရပ်စွန့်ခွာပြေးရသူဦးရေ ၃၂၅,၀၀၀ ရှိလာပါပြီ။
အရှေ့အာရှမှာ မြန်မာနိုင်ငံပြီးရင် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက နေရပ်စွန့်ခွာသူဦးရေလည်း သိန်းနဲ့ချီ ရှိနေပါတယ်။
ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး အစာငတ်ခံဆန္ဒပြရင်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Thai News Pix
ဓာတ်ပုံ ပုံစာ, သေဆုံးသူ နက်တီပွန်း ဆာနက်ဆာခွန်း ထိုင်းနိုင်ငံက အထင်ကရ ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နက်တီပွန်း ဆာနက်ဆာခွန်းဟာ အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရချိန်အတွင်း အစာငတ်ခံဆန္ဒပြနေရာကနေ ၁၁၀ ရက်မြောက်နေ့ မှာ တော့ ကွယ်လွန်ခဲ့ပါတယ်။
မေလ ၁၄ ရက် မနက်ပိုင်းမှာသေဆုံးခဲ့တဲ့အကြောင်း ထိုင်းလူ့အခွင့်အရေးရှေ့နေများစင်တာ က မစ္စတာ ခရစ်စဒါ နွတ်ဂျာအက် က အတည်ပြုခဲ့ပြီး သမာဆပ်ဆေးရုံမှာ ရုပ်အလောင်းထားရှိ ထားတဲ့အကြောင်း ဘီဘီစီထိုင်းဌာနက ဖော်ပြပါတယ်။
ဘွန် လို့ အများသိကြတဲ့ အတိုက်အခံ လူငယ်ခေါင်းဆောင်ဟာ ဘုရင်စနစ်ကို သိက္ခာချ ခဲ့မှု စွဲဆိုချက်တွေနဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထိန်းသိမ်းခံခဲ့ရတာပါ။
ထိန်းသိမ်းခံရပြီးတဲ့ ဒုတိယမြောက်ရက် ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ အစာငတ်ခံဆန္ဒပြခဲ့ပြီး မေလ ၁၄ ရက်နေ့မှာ နှလုံးရပ်ပြီးသေဆုံးခဲ့တယ်လို့ ဘန်ကောက်အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။
ဆန္ဒထုတ်ဖော်နေရင်း ကျန်းမာရေးချို့တဲ့တာကြောင့် ဧပြီလအစောပိုင်းကစလို့ သမာဆပ်တက္ကသိုလ် ဆေးရုံမှာဆေးကုသမှုခံယူခဲ့ပေမဲ့ ဗီတာမင်နဲ့ အားဖြည့်ဆေးတွေ မမှီဝဲခဲ့ဘူးလို့ သိရပါတယ်။
ဘွန် ဟာ သူ့ကိုစွပ်စွဲတဲ့အမှုအတွက် တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဉ် အမျိုးသမီးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာကို ဆန္ဒပြခဲ့တာဖြစ်တယ်။
နိုင်ငံရေးသဘောထားမတူညီမှုကို ငြိမ်းချမ်းစွာ ဖော်ထုတ်တာအတွက် ဘယ်သူတစ်ဦး တစ်ယောက်မှ အကျဉ်းချခံရတာမျိုး မဖြစ်သင့်ဘူးလို့လည်း သူကပြောထားပါတယ်။
သူဟာ ထိုင်းနိုင်ငံရေးမှာ ဘုရင်စနစ်နဲ့ စစ်တပ်လွှမ်းမိုးမှုကို လျော့ချပေးရေးတောင်းဆိုခဲ့ကြတဲ့ ၂၀၂၀ ဆန္ဒပြမှုတွေကို ဦးဆောင်သူတစ်ဦးအနေနဲ့လည်း လှုပ်ရှားခဲ့ပါတယ်။
ပြင်သစ်မှာ အချုပ်ကားကို ပစ်ခတ်ပြီး အကျဥ်းသားကိုကယ်ဆယ်မှုမှာ သေနတ်သမားတွေကို ရဲက ပိုက်စိပ်တိုက်ရှာနေ

ဓာတ်ပုံ ပုံစာ, အမ်ရာဟာ ဖောက်ထွင်းမှုနဲ့ ပြစ်မှုထင်ရှားကြောင်း မေလ ၁၀ ရက်မှာ အမိန့်ချခံထားရတာဖြစ်ပြီး လူသေဆုံးမှုဦးတည်စေခဲ့တဲ့ ပြန်ပေးမှုတစ်ခုအတွက် မာဆေးမှာလည်း အမှုဖွင့်ခံထားရပါတယ် ပြင်သစ်နိုင်ငံ၊ နော်မန်ဒီနယ်မှာ တရားခွင်ကနေ ထောင်ကိုအပြန်ခရီး လမ်းမှာ ရဲကားထဲကနေ လွတ်သွားတဲ့ မဟာမက် အမ်ရာဆိုသူအမျိုးသားကို ရာနဲ့ချီတဲ့ရဲတွေက ဒုတိယနေ့အဖြစ် ပိုက်စိပ်တိုက် ရှာဖွေနေကြပါတယ်။
‘The Fly’’ ယင်ကြီး လို့ နာမည်ဝှက်ရှိတဲ့ အဲဒီအမျိုးသားကို ရဲက တရားရုံးကနေ အကျဥ်းထောင်ကို ကားနဲ့ပြန်ခေါ်လာချိန် အဝေးပြေးကားလမ်းမပေါ်မှာ သူလိုက်ပါလာတဲ့ရဲကားကို တခြားကားတစ်စီးက ဝင်တိုက်ခဲ့ပါတယ်။
အဲဒီနောက် အဲဒီကားပေါ်ပါလာတဲ့လက်နက်ကိုင်အမျိုးသားတွေက ပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့် အကျဥ်းထောင်ရဲ နှစ်ဦး သေဆုံးခဲ့ပါတယ်။
‘‘ဒီရာဇဝတ်သားတွေကို ရှာတွေ့ဖို့ သုံးနိုင်တဲ့နည်းလမ်းပေါင်းစုံသုံးနေပါတယ်’’ လို့ ပြင်သစ်ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
ပါရီမြို့ အစိုးရရှေ့နေ Laure Beccuau ကတော့ အင်္ဂါနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီမတိုင်ခင်မှာပဲ အမ်ရာကို ခေါ်လာတဲ့ကားဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်းအဝေးပြေးလမ်းမပေါ်မှာ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်တစ်ခုမှာရပ်ဖို့လုပ်နေချိန် အဲဒီကားကို ‘‘ရပ်သွားအောင် နောက်ကားတစ်စီးက ရှေ့ကနေ ဝင်တိုက်ခဲ့တယ်’’ လို့ပြောပါတယ်။
‘‘သေနတ်အရှည်တွေ ကိုင်ထားတဲ့အမျိုးသားတွေ ကားထဲကနေ ထွက်လာတယ်။ အဲဒီနောက် အချုပ်ကားကို နောက်ကနေ နောက်ယောင်ခံလိုက်လာတယ်လို့ ယူဆရတဲ့ အော်ဒီကားထဲကနေ လက်နက်ကိုင်အမျိုးသားတွေ ထက်ပြီး ထွက်လာတယ်’’ လို့ လည်း သူက ပြောပါတယ်။
ကားနှစ်စီးက အဲဒီအမျိုးသားတွေဟာ အမ်မရာကို သူတို့နဲ့အတူ ခေါ်ပြီး အခင်းဖြစ်တဲ့နေရာကနေ မထွက်သွားခင်မှာ အကြိမ်ကြိမ်ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ရဲတွေ ထိခိုက် ဒဏ်ရာရတာဖြစ်ပါတယ်။
အခုတော့ ရဲက ဒီအမျိုးသားတွေကို ပိုက်စိပ်တိုက် ရှာဖွေနေတာ ဒုတိယမြောက်နေ့ထဲကို ဝင်လာပြီဖြစ်ပါတယ်။
စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းစပေးနေပြီလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းတွေ စ ပေးနေပြီလို့ ဒီကနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး တိုင်းတို့မှာသာမက ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာပါ မေလ ၁၄ ရက်ကစလို့ တပြိုင်နက်သင်တန်းစတင်တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုမှာ လူအယောက် ၅,၀၀၀ ခေါ်ယူမယ်လို့ကြေညာထားတာကြောင့် နှစ်လအတွင်း တပ်သားသစ် အယောက် တစ်သောင်း စုဆောင်းနိုင် တဲ့သဘောလို့ နားလည်ရပါတယ်။
အမျိုးသားတွေကိုစတင်ခေါ်ယူနေတာဖြစ်ပြီး အမှတ်စဉ် (၅) ကစလို့ အမျိုးသမီးတွေခေါ်ယူမယ်လို့ ကြေညာထားတာပါ။
အခုလို စစ်သင်တန်းတက်ရောက်ဖို့ စစ်ကောင်စီနယ်မြေစိုးမိုးထားနိုင်တဲ့ ကျေးလက်ဒေသတွေမှာ တစ်ရွာကို အချိုးကျလူဦးရေရွေးချယ်စေလွှတ်ပြီး သင်တန်းတက်ရောက်သူတွေအတွက် အခြားဒေသခံတွေက လစဉ် ထောက်ပံ့မှုတွေပေးကြရတယ်လို့ အစောပိုင်းကတည်းက ပြည်သူတွေကထုတ်ဖော်ပြောထားကြပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်နေတဲ့ လူငယ်အများစုက စစ်မှုမထမ်းလိုကြတာကြောင့် အိမ်နီးချင်းနိုင်ငံတွေက တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေနဲ့ပါ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
ဒါကြောင့်ပဲ စစ်ကောင်စီက အသက် ၂၃ နှစ် နဲ့ ၃၁ နှစ်ကြား အမျိုးသားတွေကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် တားမြစ်ထားတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်မှာ ဆေးရုံနဲ့ စာသင်ကျောင်းတွေ ပစ်ခတ်ခံရမှု ၁ ဦးသေဆုံး, နှစ်ရက်အတွင်း ရခိုင်မြို့နယ်သုံးခုမှာ လူ ၁၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Western News
ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဝဲကြီးထောင့်ကျေးရွာ အခြေအနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲ နေရာနှစ်ခုကို ဒီကနေ့ မေလ ၁၅ ရက်၊ ည ၁၂ နာရီကျော်အချိန်မှာ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီနေရာတွေဟာ ကျောက်တော်မြို့တစ်ဘက်ကမ်းက လမ်းမတော်ကျေးရွာ အထက်တန်းကျောင်းနဲ့ ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ဝဲကြီးထောင့် ဆေးရုံတို့ဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးနီးပါးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေနဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ညအိပ်နေတဲ့အချိန် လေယာဉ်နဲ့ဗုံလာကြဲတာပါ။ လမ်းမတော် စာသင်ကျောင်းမှာက လူတွေနေနေကြတာ အဲဒီကိုလာပြီးတော့ ဗုံးချတယ်၊ စာသင်ကျောင်းမှာနှစ်လုံးကျတယ်။ ၄ ယောက်ဒဏ်ရာရတယ်။ ပြီးတော့ ဝဲကြီးထောင့်ဆေးရုံကိုလည်း ချတယ်။ သူနာပြုဆရာမလေးနှစ်ဦးနဲ့ စစ်ရှောင်တွေဒဏ်ရာရကြတယ် လို့သိရပါတယ်”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
လမ်းမတော်စာသင်ကျောင်းတိုက်ခိုက်ခံရမှုအတွင်း စာသင်ကျောင်းမှာတည်းခိုနေသူတွေထဲက ငါးဦးဒဏ်ရာရရှိခဲ့ရာ ဒီနေ့မနက်ပိုင်းမှာ ဒဏ်ရာပြင်းထန်သူတစ်ဦး သေဆုံးသွားပြီဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ဝဲကြီးထောင့်ဆေးရုံတိုက်ခိုက်ခံရမှုမှာတော့ သူနာပြုဆရာမနှစ်ဦးနဲ့ ဆေးကုသမှုခံယူနေသူနှစ်ဦးထိခိုက်ခဲ့ပြီး သူနာပြုဆရာမတစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ဝဲကြီးထောင့်တိုက်နယ်ဆေးရုံဟာ ကန့်သတ်ပိတ်ဆို့ခံနေရတဲ့ ရခိုင်မြောက်ပိုင်းမှာ ဒေသခံတွေ လတ်တလော မီခိုနေကြရတဲ့ဆေးရုံတစ်ရုံဖြစ်ပါတယ်။
ဒါ့အပြင် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ သံတွဲမြိုနယ်ထဲက လင်းသီးကျေးရွာမှာလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် လူဆယ်ချီသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေပါတယ်။
အဲဒီနေ့တစ်ရက်တည်းမှာပဲ ရခိုင်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာတော့ အခုလိုမျိုး ဆေးရုံးဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ စစ်ရှောင်တွေခိုလှုံနေကြတဲ့နေရာတွေကို လူတွေအိပ်နေတဲ့ ညအချိန်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာတော့ လူနေကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ကြုံနေရတယ်လို့ ပြောဆိုကြပါတယ်။
ဆောမြို့နယ်မှာ ရက်ပိုင်းအတွင်း လေကြောင်းထပ်မံတိုက်ခိုက်ခံရလို့ လူဒါဇင်ဝက်ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်ထဲက ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စုမှာရှိတဲ့ တောမကျေးရွာကို မနေ့ မေလ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီကသိရပါတယ်။
အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲ ရှစ်လနဲ့ ငါးနှစ်အရွယ် ကလေးငယ်တွေပါ ပါဝင်နေပါတယ်။
“တောမရွာဘုန်းတော်ကြီးကျောင်းမှာ ဆောမြို့နယ် လူသားစာနာတာဝန်ခံကနေ ထောက်ပံ့ကူညီရေးတွေ ပေးဝေနေတုန်း အစည်းအဝေးနေရာနဲ့ ပေ ၅၀ ကျော်အကွာမှာ ဗုံးကြဲခဲ့တာပါ” လို့ ကျောက်ထုတိုက်နယ် ကာကွယ်ရေးတပ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့တုန်းကလည်း ဆောမြို့နယ်ထဲက အကြည်ပန်းပလွန်ရွာ၊ ဘုန်းကြီးကျောင်းမှာ လူစုဝေးနေတုန်းလေကြောင်းတိုက်ခဲ့တာကြောင့် လူအယောက် ၂၀ ထက်မနည်းသေဆုံးခဲ့ပါသေးတယ်။
အခုထပ်မံတိုက်ခိုက်ခံရတဲ့ တောမရွာဟာ အကြည်ပန်းပလွန်ရွာနဲ့ မိုင် ၂၀ ကျော်သာဝေးပြီး စစ်ကောင်စီက လူစုလူဝေးပြုလုပ်ချိန်တိုင်း လေကြောင်းတိုက်ခိုက်နေတာလို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြ ပါတယ်။
တောမရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် လူနေအိမ် ၃ လုံးလည်း မီးလောက်ပျက်စီးခဲ့ပါတယ်။

