၂ ရက်အတွင်း လူ ၆၀ ကျော်သေဆုံးမှု သို့မဟုတ် ဧရာဝတီမြစ်တစ်ဖက်ကမ်းဆီက အစုလိုက်သတ်ဖြတ်ခံရမှု

လက်ထုတ္တောရွာက အမျိုးသားတွေရဲ့သေဆုံးရုပ်အလောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လက်ထုတ္တောရွာက အမျိုးသားတွေရဲ့သေဆုံးရုပ်အလောင်းတွေ

စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်တစ်ဖက်ကမ်းဆီက မတူညီတဲ့နေရာ ၂ လို့ဆိုနိုင်တဲ့ စစ်တပ်ထောက်သူများတဲ့နေရာနဲ့ တော်လှန်ရေးအားကောင်းတဲ့နေရာတို့မှာ ၂ ရက်အတွင်း လူပေါင်း ၆၀ ကျော်ရဲ့ အသက်တွေ နုတ်ယူခံလိုက်ရပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်က စစ်ကောင်စီကို ထောက်ခံတဲ့ ဒေသအခေါ် ပျူစောထီးရွာလို့ သတ်မှတ်ထားတဲ့ ဆုံရွာက ၃၂ ယောက် မေလ ၉ ရက်မှာ သေဆုံးခဲ့ပါတယ်။

အဲဒီနောက် တစ်ရက်ကျော်အကြာ မေလ ၁၁ ရက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တွေ ရှိတယ်ဆိုပြီး စစ်တပ်က စစ်ကိုင်းဘက်ခြမ်း၊ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောရွာကို စီးနင်းခဲ့ပြီးနောက်မှာ လူ ၃၁ ဦးရဲ့အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် မေလ ၉ ရက်နဲ့ ၁၁ ရက်ဟာ မြန်မာ့ပြည်တွင်းစစ်ရဲ့ နောက်ထပ်မှတ်တမ်းဆိုးတစ်ခု ဖြစ်လာပြန်ပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကိုထောက်ခံတဲ့ဘက်ကရော၊ ဆန့်ကျင်တော်လှန်သူတွေဘက်ကပါ သေဆုံးလာတာ သောင်းဂဏန်းအထိရှိလာနေတာဖြစ်ပါတယ်။

ဆုံရွာကို PDF တွေ ဝင်တိုက်တဲ့ မေ ၉ ရက်

PDF တွေဝင်တိုက်ခိုက်ပြီးနောက် ဆုံရွာမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, PDF တွေဝင်တိုက်ခိုက်ပြီးနောက် ဆုံရွာမြင်ကွင်း

ဆုံရွာဟာ မြင်းခြံမြို့နယ်သာမက ခရိုင်အဆင့်မှာတောင် ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) အင်အားကြီးတဲ့ ရွာလို့ သတ်မှတ်ခံရပါတယ်။

စစ်ကောင်စီက စစ်သင်တန်းပေးထားသလို လက်နက်တပ်ဆင်ပေးထားတာ၊ စစ်ကောင်စီတပ် စခန်းစွဲထားတာ၊ ရွာပတ်ဝန်းကျင်မှာ မိုင်းကွင်းထောင်ထားတာပါရှိနေတယ်လို့ မြင်းခြံမြို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို အင်အားကြီးတာကြောင့် ပတ်ဝန်းကျင်ရွာတွေကိုပါ ဝင်ရောက်လုယက်တဲ့အထိ အတင့်ရဲသလို ဘေးရွာတွေကပါ ကြောက်ရွံ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆုံရွာကို အရင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ လာတိုက်ဖူးပြီး အရေးနိမ့်ကြရတဲ့အထိ လက်နက်အင်အားတောင့်တင်းတယ်လို့ သိရပါတယ်။

ဒီတကြိမ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့က စစ်ကြောင်း သုံးကြောင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

မြင်းခြံ၊ ရှားထူးဝေါ် နည်းပညာပေးထားတဲ့ ဒရုန်းတပ်ဖွဲ့၊ မန္တလေးခရိုင် နဲ့ စစ်ကိုင်းတိုင်းထဲက မြောင် စတဲ့ဒေသတွေက အဖွဲ့တွေပါဝင်ပါတယ်။

မေ ၉ ရက် မနက် ၅ နာရီလောက်ကနေ မနက် ၈ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပြီး ဆုံရွာက ပျူစောထီး ၅ ယောက် မျက်မြင်သေဆုံးတာကို တွေ့ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

PDF တွေဘက်က နာရီဝက်လောက် တိုက်ဖို့ မှန်းထားပေမယ့် ရွာဘက်ကလည်း အင်အားကောင်းတော့ တိုက်ပွဲက သုံးနာရီလောက်ကြာခဲ့ပါတယ်။

‘‘ရွာဆိုပေမဲ့ ဘန်ကာတွေနဲ့ သေချာလုပ်ထားတာ၊ တိုက်ကြတော့ လက်နက်အင်အားက မျှခြေဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ဘက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်”လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM က တာဝန်ရှိသူ ကိုနွေဦးမြောင်ကပြောပါတယ်။

ဆုံရွာက သေဆုံးသူ ၃၂ ယောက်

မီးရှို့ခံရတဲ့ဆုံရွာထဲက နေအိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, မီးရှို့ခံရတဲ့ဆုံရွာထဲက နေအိမ်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ ဆုံရွာက ပျူစောထီးအဖွဲ့တွေ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေချိန်မှာ ဆုံရွာနဲ့ သုံးမိုင်ဝန်းကျင်သာဝေးတဲ့ ဆီမီးခုံရွာ စစ်ကောင်စီစခန်းက စစ်သင်္ဘောနဲ့ရော စခန်းကနေပါ လက်နက်ကြီးပစ်ကူပေးပါတယ်။

ဒါအပြင် ကုန်းကြောင်းကနေလည်း စစ်ကူပေးပါတယ်။

“ကုန်းကြောင်းနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ဒရုန်းနဲ့တိုက်လို့ သူတို့တွေ အထိနာကြတယ်”လို့ တိုက်ပွဲမှာ ပါဝင်ခဲ့သူတစ်ယောက်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း လက်နက်ကြီးတွေ ပါခဲ့ပြီး သူတို့အဓိက ပစ်မှတ်ထားတာက ဘန်ကာနေရာတွေဖြစ်တယ်လို့ ကိုနွေဦးမြောင်က ပြောပါတယ်။

ဆီမီးခုံဘက်က ပစ်ကူပေးတဲ့ လက်နက်ကြီးတွေလည်း ဆုံရွာထဲကျခဲ့ပြီး ရွာသူရွာသားတွေ သေဆုံးနိုင်တယ် လို့ သူက ပြောပါတယ်။

“သူတို့ဘက်က အလောင်းဘယ်နှလောင်းဆိုတာကို တိုက်ပွဲအတွင်းမှာ မရေနိုင်ဘူး။ ပစ်စရာရှိတာပစ်ပြီး ပြန်ထွက်ပဲ။ သူပစ်ကိုယ်ပစ် ပစ်ကြတယ်ပေ့ါဗျာ။ ကျွန်တော်တို့ကို ပစ်တဲ့ဘက်ကို ကျွန်တော်တို့က ပြန်ပစ်တယ်။ ပစ်ရင်းနဲ့သေတဲ့အရေအတွက်ကတော့များတယ်။” လို့ သူက ပြောပါတယ်။

အရင်က တိုက်ပွဲတွေဖြစ်ရင် ရွာထဲကနေ ထွက်ပြေးကြတာတွေရှိပေမယ့် ဆုံရွာက တော့ထွက်မပြေးဘဲ ရွာထဲကနေ လှမ်းပစ်ကြတာလို့ ကိုနွေဦးမောင်က ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ထွက်သွားအပြီးမှာတော့ ဆီမီးခုံဘက်က စစ်ကူလာတဲ့ စစ်‌ကောင်စီတပ်သားတွေ ဆုံရွာကို ရောက်လာပါတယ်။ အဲဒီမှာ သေဆုံးသူတွေရဲ့အလောင်းတွေကို တန်းစီထားတာ၊ မီးလောင်ထားတဲ့ နေအိမ်တွေကို မှတ်တမ်းယူထားတဲ့ ဓာတ်ပုံတွေကို တယ်လီဂရမ်ကနေ ထုတ်ပြန်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့် အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၁၅ ယောက် စုစုပေါင်း ၃၂ ယောက် သေဆုံးပြီး အမျိုးသား ၅ ယောက် ၊ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၄ ယောက် ဗုံးစမှန် ဒဏ်ရာတွေ ရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

နေအိမ်ပေါင်း ၇၀ ကျော်ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ခဲ့တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ လည်း ထုတ်ပြန်ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တုံ့ပြန်ချက်

တိုက်ပွဲကြားမှ ရှိနေတဲ့သက်ကြီးရွယ်အိုတစ်ယောက်ကို ခေါ်ထုတ်သွားကြ

ဓာတ်ပုံ ရင်းမြစ်, MBT

ဓာတ်ပုံ ပုံစာ, တိုက်ပွဲကြားမှ ရှိနေတဲ့သက်ကြီးရွယ်အိုတစ်ယောက်ကို ခေါ်ထုတ်သွားကြ

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြင်းခြံမြို့ က Myingyan Black Tiger (MBT) အဖွဲ့က မေ ၁၀ ရက်မှာ တိုက်ပွဲရုပ်သံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။

အဲဒီရုပ်သံမှာ ဆုံရွာထဲကို လက်နက်ငယ်နဲ့ ပစ်ခတ်နေတာတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်နေတာတွေ၊ နေအိမ်တွေ မီးလောင်နေတာတွေ ပါရှိသလို ရင်ခွင်ပိုက်ကလေးတွေ၊ ၁၀ နှစ်ဝန်းကျင်ရှိတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုနဲ့ သက်လတ်ပိုင်း အမျိုးသားတွေ စုနေတဲ့ နေအိမ်တစ်လုံးကို ဝင်ရောက်တာကိုလည်း တွေ့ရပါတယ်။

ကလေးတွေရဲ့ ကြောက်လန့်တကြားငိုသံကို ရုပ်သံမှာကြားရပြီး ‘‘ဘာမှလုပ်မှာမဟုတ်လို့ စိုးရိမ်စရာမလိုဘူး’’ ဆိုတဲ့ စကားသံတွေကို လည်း ကြားရပါတယ်။

သက်ကြီးရွယ်အိုတစ်ယောက်ကိုလည်း ဆိုင်ကယ်ပေါ်တင်ပြီး မီးလောင်တဲ့နေအိမ်တွေနားကနေ ခေါ်ထုတ်သွားတာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကလေးနဲ့ အမျိုးသမီးတွေကို သတ်မှာလည်းမဟုတ်ဘူးဗျ။’’ လို့ (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဘီဘီစီကို ပြောပါတယ်။

နေအိမ်တွေကို မီးရှို့ခဲ့တာကိုတော့ သူက ဝန်ခံပါတယ်။

‘‘ပျူတွေ အခြေစိုက်ထားတဲ့အိမ်တွေကို သေချာစာရင်းလုပ်ထားပြီးတော့မှ မီးရှို့တာ၊ မီးရှို့နေရင်းတောင် အနားမှာ ကျွဲ၊နွားတွေ ကြိုးချည်ထားတာရှိလို့ လွှတ်ပေးလိုက်သေးတာ”လို့ (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဆုံရွာထဲမှာရှိနေတဲ့ ရွာသားတွေ

ဓာတ်ပုံ ရင်းမြစ်, MBT

ဓာတ်ပုံ ပုံစာ, ဆုံရွာထဲမှာရှိနေတဲ့ ရွာသားတွေ

တိုက်ပွဲအတွင်း သေဆုံးသူတွေထဲမှာ ကလေးနဲ့အမျိုးသမီးတွေ ပါဝင်နေတာကို တိုက်ပွဲဖြစ်ပြီး ပြန်လာကြတဲ့အချိန်မှ တယ်လီဂရမ်ချန်နယ်တွေက ထုတ်ပြန်တာကြောင့် သိကြရတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ကျွန်တော်တို့က ကလေးနဲ့ လက်နက်မကိုင်ထားတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတာမရှိဘူး။ ပစ်ခဲ့တာမရှိဘူး။ ညနေပိုင်းမှ ဓာတ်ပုံတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေ သေဆုံးတာကိုတွေ့ရတာ။ ကျွန်တော်တို့ ပစ်မှတ်ထဲမှာ လက်နက်မကိုင်ထားတဲ့ အမျိုးသမီးနဲ့ကလေးတွေ မပါဘူး။ အခုလို ကလေးနဲ့အမျိုးသမီးတွေ သေဆုံးတာကိုတွေ့ရတော့လည်း စိတ်မကောင်းဘူးဗျ။ နောက်ပိုင်း စစ်ဆင်ရေးတွေမှာ ကလေးနဲ့အမျိုးသမီးတွေအတွက် ပိုပြီးသတိထားသွားရမှာပါ” လို့ CDSOM က တာဝန်ရှိသူ ကိုနွေဦးမြောင်ကပြောပါတယ်။

ဆုံရွာမှာ တိုက်ပွဲဖြစ်ပြီး နာရီပိုင်းအကြာ စစ်ကောင်စီဘက်က ကူညီကယ်ဆယ်ရေးတွေကို ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာရောက်ပြီး သေဆုံးသူအတွက် ကျပ်သုံးသိန်း၊ မီးလောင်တဲ့နေအိမ်အတွက် ကျပ်ငါးသိန်းစီ ထောက်ပံ့ခဲ့တယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။

အစုလိုက်သေဆုံးမှုစာရင်းမှာ အရေအတွက် တိုးခဲ့ပြန်ပြီ

လက်ထုတ္တောက သေဆုံးရုပ်အလောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, လက်ထုတ္တောက သေဆုံးရုပ်အလောင်းတွေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကို စစ်တပ်ဖွဲ့ဝင်တွေ မေလ ၁၁ ရက် မနက်မှာ ဝင်ရောက်သွားပြီးတဲ့နောက် ဒေသခံ ၃၀ ကျော်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဘီဘီစီကို အတည်ပြုပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက လက်ထုတ္တောကျေးရွာကို မနက် ၅ နာရီလောက်မှာ စီးနင်း ဝင်ရောက်ခဲ့ပြီးတဲ့နောက် ပြန်အထွက်မှာ အလောင်းတွေကိုတွေ့ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF အမှတ် ၁ စစ်ဒေသကလည်း သတင်းထုတ်ပြန်ပါတယ်။

“ဒီရွာမှာ PDF တွေရှိတယ်ပေါ့။ ဘယ်နေရာလဲမေးတာပေါ့။ PDF မရှိတဲ့နေရာမှ မရှိတာ။ ဒါပေမယ့် ဖြတ်သွားဖြတ်လာဆိုတော့ ရွာသားတွေက နေရာဘယ်သိမလဲ။ အဲဒါမေးလို့ မရလို့ ပစ်သတ်သွားတာ။ ဘုန်းကြီးကျောင်းမှာ ပန်းရံလာလုပ်နေကြတဲ့သူတွေလည်းပါတယ်။ တခြားရွာကဧည့်သည်တွေလည်း ပါတယ်” လို့ ‌ မြောင်မြို့ဒေသခံကာကွယ်‌ရေးအဖွဲ့(CDSOM)အဖွဲ့၀င် ကို‌နွေဦးမြောင်က ဘီဘီစီကိုပြောပါတယ်။

လက်ထုတ္တောဟာ မန္တလေး-မုံရွာလမ်းမကြီးပေါ်က မြောင်မြို့ကို သွားတဲ့လမ်းခွဲနဲ့ ‌ချောင်းဦးမြို့ ကြားမှာရှိပြီး မနေ့က စီးနင်းမှုမှာတော့ မြောင်လမ်းခွဲနဲ့ ချောင်းဦးမှာ အခြေချတဲ့ စစ်ကောင်စီ တပ်သားတွေပါဝင်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

'' ၁၀ ယောက်၊ ၁၅ ယောက် စုပြီး ပစ်သတ်သွားတာ။ သေပြီဆိုပြီး လှည့်ထွက်သွားပေမဲ့ ပြန်လှည့်ကြည့်ချိန် ခြေလှုပ်ရင် ခြေကိုပစ်၊ ခေါင်းလှုပ်ရင်ခေါင်းကို ပစ်သွားတာ။ ရွာလည်း ရစရာကိုမရှိတော့ဘူး။ ပြည်သူတွေကလည်း အကြောက်လွန်နေပြီ'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

လက်ထုတ္တောရွာနားက မြင်းမူမြို့နယ်ဘက်အခြမ်းမှာ စစ်ကောင်စီရဲ့ ခမရ (၁၃) ခြေမြန်တပ်ရင်း၊ အမှတ်-၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ ချောင်းဦးမြို့နယ်ဘက်ခြမ်းမှာ အမှတ်-၉၂၉ ထောက်ပံ့နဲ့ဆက်သွယ်ရေးတပ်ရင်းတွေအပြင် စစ်မှုထမ်းဟောင်းလှုပ်ရှားတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)အဖွဲ့တွေပါ အခြေစိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“နောက်တခေါက် သူတို့စစ်ကြောင်း ထိုးလာရင် ကားတွေကို မိုင်းဆွဲတာတွေလုပ်ရင် အကုန် သတ်ပစ်မယ်လို့ ‌ပြောသွားတယ်ဆိုပြီး လွတ်လာသူတွေက ပြန်ပြောပြတယ်” လို့လည်း ကိုနွေဦးမြောင်က ပြောပါတယ်။

လက်ထုတ္တောရွာဟာ ပြီးခဲ့တဲ့နှစ်တုန်းက အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံခဲ့ရတဲ့ကျေးရွာဖြစ်ပါတယ်။

လက်ထုတ္တောရွာဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက် တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ သေဆုံးခဲ့သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်သွားတာဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။

ဆုံရွာအတွက် ရှုတ်ချကြောင်းကြေညာကြ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဆုံရွာအတွက် ရှုတ်ချကြောင်းကြေညာကြ

စစ်အာဏာသိမ်းခံထားရလို့ မတည်ငြိမ်တဲ့ ပြည်တွင်းမှာ စစ်ကောင်စီကို ထောက်ခံတဲ့ဘက်က ဆုံရွာ၊ တော်လှန်ရေးအားကောင်းတဲ့ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောတို့မှာ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆုံရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ လူ ၃၂ ယောက် သေဆုံးတဲ့အပေါ် ဗုဒ္ဓကဘာသာကလျာဏယုဝအသင်း(YMBA)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဧဝံ‌ဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်စတဲ့ အသင်းအဖွဲ့ပေါင်း ၂၀ က ဝမ်းနည်းကြောင်းနဲ့ ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ သတင်းထုတ်ပြန်ကြပါတယ်။

ဒါပေမဲ့ မေ ၉ ရက် တစ်နေ့တည်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၁၅ ဦးသေဆုံးတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်ထဲက အကြည်ပလွန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊ နောက် မေ ၁၁ ရက် လက်ထုတ္တောဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်တာတွေတော့ မတွေ့ရပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ လက်ထုတ္တောရွာကို ရွာကို စစ်တပ်က ပိတ်ဆို့ပြီး လူ ၃၁ ဦးကို သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇတ်မှု ကျူးလွန်တာနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။

အာဏာသိမ်းပြီးကတည်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး ၁၄၄ မှု ဖြစ်ပွားခဲ့ပြီး ၁၆၀၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက မနှစ်က ထုတ်ပြန်ထားပါတယ်။

ငါးဦးနဲ့ အထက် သတ်ဖြတ်ခံရမှုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလို့ NUG က သတ်မှတ်ထားပါတယ်။

NUG ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၄၈ ကြိမ် အထိ ရှိခဲ့ပြီး အများဆုံးဟာ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။