စစ်ကိုင်းတိုင်းအတွင်း အစုလိုက်လူသတ်မှု ထပ်မံပေါ်ပေါက်

လူအစုလိုက်သတ်မှု

ဓာတ်ပုံ ရင်းမြစ်, CJ(စစ်ကိုင်း)

စစ်ကိုင်းမြို့နယ် တာတိုင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၇ ယောက်ကို ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ တာတိုင်ကျေးရွာသားတွေက ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ တာတိုင်ကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော်ဇော ခေါ် ကိုမိုက်ကယ်လည်း ပါဝင်တယ်လို့ဆိုပြီး ရင်ဘတ်ကို ခွဲစိတ်ကာ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တခုချင်းစီ ဖြတ်တောက်ထားတဲ့ ပုံတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဖမ်းဆီးအသတ်ခံသူတွေဟာ အသက် ၁၇နှစ်၊ ၂၅နှစ်အရွယ်တွေ ပါဝင်သလို အများစုဟာ အသက် ၃၀ကျော် ၄၀ အရွယ်တွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“အကုန်လုံးက ရွာသူရွာသားတွေချည်းပဲ။ ဓားစာခံအနေနဲ့ ဖမ်းသွားရင်းနဲ့ သတ်ပစ်တာ၊ သရက်ခြံထဲမှာ အမျိုးသား ငါးယောက်ကို ပစ်သတ်ခဲ့တယ်။ ရင်ဘတ်တွေ ပစ်တယ်၊ ခေါင်းတွေ ပစ်တယ်။ နောက်ထပ်တနေရာမှာ ကိုးလောင်း ထပ်တွေ့တယ်။ အမျိုးသမီး သုံးလောင်း၊ အမျိုးသား ခြောက်လောင်း မနေ့က (မတ်လ ၂ ရက်) တွေ့တာပေါ့၊ ဒီနေ့ (မတ်လ ၃ ရက်) နှစ်လောင်း ထပ်တွေ့တယ်။ မျက်နှာတွေဆို မပေါ်တော့ဘူး။ ဒါကြီးကတော့ လုံးဝ မလုပ်သင့်တဲ့ အရာပါ။ ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ Genocide ပဲ” လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းနဲ့ PDF အဖွဲ့တို့ မတ်လ ၁ ရက်နေ့က တာတိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို မတ်လ ၂ ရက်နေ့မှာလည်း မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာအနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ရေးသား ဖော်ပြနေကြပါတယ်။

လူအစုလိုက်သတ်မှု

ဓာတ်ပုံ ရင်းမြစ်, CJ(စစ်ကိုင်း)

ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး သုံးဦးရဲ့ ရုပ်အလောင်းမှာ မဖွယ်မရာ ပြုလုပ်ထားတာတွေကိုလည်း တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“မိန်းမအင်္ဂါမှာ ကြက်သွန်နီတွေ ထိုးတည့်ထားတယ်။ ဝိုင်ယာကြိုးတွေနဲ့လည်း ချည်ထားတယ်။ အလောင်းကောက်တော့ မိုင်းထောင်ထားတယ်မှတ်လို့ မိုးချုပ်တဲ့အထိ ဖြည်ရတယ်။ အမျိုးသားတွေအလောင်းလည်း ရစရာ မရှိအောင် ရိုက်နှက်ထားတာ။ မီးရှို့ခံထားရတဲ့ဒဏ်ရာတွေရောပဲ။ ခေါင်းနဲ့ ရင်ဘတ်တွေမှာ ပစ်ခတ်သတ်ဖြတ်ထားတာ” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

အခုလို အစုအပြုံလိုက်သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တာတိုင်ရွာနဲ့ မူးမြစ်သာခြားတဲ့ မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာမှာ စွန့်ပစ်ထားတာကို ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကာင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီကနေ မြင်းမူဘက်ကို စစ်ကြောင်းဆက်ထိုးမှာဖြစ်လို့ ကျေးရွာသားတွေကို ဓားစားခံအနေနဲ့ဖမ်းဆီးပြီး အခုလို သတ်ဖြတ်သွားတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

တာတိုင်ကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းကို ကားအစီး ၅၀နဲ့ ဝင်ရောက်ခဲ့တဲ့ ဟဲဟိုးဘက်က စစ်သားတွေဖြစ်တယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။

လူအစုလိုက်သတ်မှု

ဓာတ်ပုံ ရင်းမြစ်, CJ(စစ်ကိုင်း)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တာတိုင်ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအချိန်တုန်းက ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာ အပြင်းထန် ရခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ မတ်လ ၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တာတိုင်ကျေးရွာကို ညောင်ပင်ဝန်း မြင်းမူစတဲ့ ကုန်းလမ်းကြောင်းက စစ်ကြောင်းမဝင်ဘဲ ရေကြောင်းကနေ ထပ်ဝင်ခဲ့ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ မရှိဘဲ တပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ တာတိုင်ကျေးရွာတွင်း ဒေသခံတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရုပ်အလောင်းကို ကိုယ်တိုင်မြင်တွေ့ပြီး မီးသင်္ဂြိုဟ်ပေးခဲ့တဲ့ ဒေသခံတချို့ကတော့ အသတ်ခံရသူတွေအားလုံးဟာ အရပ်သားတွေ ဖြစ်ပြီး အသတ်မခံရခင်မှာ ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက်ခံခဲ့ရနိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။