ဖေဖော်ဝါရီ ၁၈ ရက် ထိပ်တန်းသတင်းများ - ဆီဆိုင်မြို့မှာ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, PNLA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၄၂၅ နဲ့ ၄၂၆ တပ်ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ၆ လ သားအရွယ် ကလေးငယ်တစ်ဦးနဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က သတင်းထုတ်ပြန်ပါတယ်။
PNLA ရဲ့ ထုတ်ပြန်ချက်အရ ထမ်းယံနဲ့ ထီတမ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ဒီထိခိုက်ဒဏ်ရာရသူတွေထဲ လက်နက်ကြီးကြောင့်သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ မိဘတွေလည်း ပါဝင်ကြောင်းသိရပြီး လက်နက်ကြီးကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ဓာတ်ပုံနဲ့တကွ PNLA က ထုတ်ပြန်လာတာပါ။
ဒေသခံတွေ အခြေအနေနဲ့ စစ်ရေးနောက်ဆုံးအခြေအနေတွေ သိရှိနိုင်ဖို့ PNLA ကို ဘီဘီစီ ကဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဆီဆိုင်မြို့မှာ ဇန်နဝါရီ ၂၄ ရက်က စပြီး စစ်ကောင်စီတပ်ရဲ့ တပ်စခန်းနဲ့ ရဲစခန်းတွေကို PNLA နဲ့ PDF ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီအပြောအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLA ဝတ်စုံဝတ်ထားသူတွေရဲ့ လက်နက်တင် ကားတန်းကို စစ်ကောင်စီလက်အောက် ပအိုဝ်းပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်က ကြားဖြတ်ဟန့်တားရာကနေ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ နားလည်ရပါတယ်။
ဆီဆိုင်မြို့ကနေ စစ်ရှောင်နေရတဲ့ ဒေသခံ စုစုပေါင်း တစ်သိန်းကျော်ရှိနေပြီလို့ ဒေသခံတွေပြောင်းရွှေ့ရေး ကူညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း သုံးဦးကို သေဒဏ်ချပြီး အင်းစိန်ထောင်ပို့

ဗိုလ်မှူးချုပ်ဟောင်း ထွန်းထွန်းမြင့်ကို ဒိုက်ဦးထောင်ပြောင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေထဲက ကျန်တဲ့ သုံးဦးကို စစ်တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီး အင်းစိန်ထောင်ကိုရောက်နေပြီလို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထားတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ် ဟောင်း မိုးကျော်သူ၊ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ဟောင်း ဇော်မျိုးဝင်း နဲ့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ် ဟောင်း အောင်ဇော်လင်း တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အင်းစိန်ထောင်ကို လေယာဉ်နဲ့ ပို့လိုက်တာ လို့ ဘီဘီစီက သိရပါတယ်။
သူတို့အရင်သေဒဏ်ချမှတ်ခံထားရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဟောင်း ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဟောင်း ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)ရဲ့ ဒုတိယ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးကြီး ဟောင်း ကျော်မိုးလွင် နဲ့ အမှတ် (၁၆) ခြေလျင် တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် ဟောင်း သော်ဇင်ဦး တို့ကို အင်းစိန်ထောင်ကို ဇန်နဝါရီလကတည်းက ပို့ထားတာ ဖြစ်ပါတယ်။
အဲဒီတပ်မှူး ၆ ယောက်ထဲက ဗိုလ်မှူးချုပ် ဟောင်း ထွန်းထွန်းမြင့် ကိုတော့ ဒိုက်ဦးထောင်ကို ရွှေ့လိုက်ပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်က လောက်ကိုင်မှာ တပ်မှူးတွေ လက်နက်ချမှုဟာ တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဥ်းစားခဲ့တာလို့ စစ်ကောင်စီ ဘက်က အစောပိုင်းမှာ ထုတ်ပြောခဲ့ပေမဲ့ ပန်ဆန်းညစာစားပွဲမှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA စစ်သားတွေ တဝိုင်းထဲ အရက်ထိုင်သောက်နေတဲ့ ပုံပေါ်ထွက်လာတဲ့ အခါ အခြေအနေတွေက တမျိုးပြောင်းခဲ့ပါတယ်။
စစ်မှုထမ်းဟောင်းတွေ နဲ့ တပ်ထောက်ခံသူတွေက ဒီဖြစ်ရပ်အပေါ် အပြင်းအထန်ဝေဖန်ခဲ့ကြပြီးတဲ့နောက် အရေးယူမှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
အာဏာရှင်စနစ်ကိုရပ်တန့်ဖို့ ဒီမိုကရေစီနိုင်ငံတွေစည်းလုံးဖို့လိုကြောင်း ဒေါ်ဇင်မာအောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Screengrab
ကမ္ဘာတဝန်းမှာရှိနေတဲ့ အာဏာရှင်အစိုးရတွေကို ရပ်တန့်နိုင်ဖို့အတွက် ဒီမိုကရေစီနိုင်ငံတွေ အချင်းချင်း စည်းလုံးဖို့လိုအပ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင်က ကမ္ဘာ့ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးလေ့ရှိတဲ့ Munich Security Conference မှာ ပြောခဲ့ပါတယ်။
အရပ်ဘက်တော်လှန်ရေးအသံများ (Voices of Civil Resistance ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ မနေ့ညပိုင်း ပြုလုပ်တဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်ဇင်မာအောင်က အခုလိုပြောခဲ့တာဖြစ်ပြီး အာဏာရှင်အစိုးရတွေဖြစ်တဲ့ ရုရှား၊ ဘီလာရုစ်နဲ့ အီရန်နိုင်ငံတွေဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ရင်းနှီးပြီး ပူးပေါင်းလုပ်ဆောင်နေကြတဲ့ အချက်ကိုပါ ထောက်ပြပြောဆိုခဲ့တာပါ။
“ဒီမိုကရေစီနိုင်ငံတွေကြားမှာတော့ အချင်းချင်းမစည်းလုံးကြတာကြောင့် ဒီအာဏာရှင်စနစ်ကိုတိုက်ဖျက်ဖို့ အချင်းချင်းစည်းရုံးအောင် ကမ္ဘာ့ဒီမိုကရေစီဦးဆောင်နိုင်ငံတွေဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” လို့ ကမ္ဘာကိုပြောချင်တဲ့ သတင်းစကားတစ်ခုအနေနဲ့ NUG နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန်က ဦးဆောင်ပြီး အီရန်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မစ္စ Masih Alinejad ၊ ဘီလာရုစ်နိုင်ငံအတိုက်အခံခေါင်းဆောင် မစ္စ Sviatlana Tsikhanouskaya နဲ့ ဝါရင့်စုံစမ်းထောက်လှမ်းရေးသတင်းထောက် မစ္စ Maria Ressa တို့ပါ သက်ဆိုင်ရာ ဒေသအလိုက်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒေါ်ဇင်မာအောင်ကတော့ မြန်မာစစ်တပ်ဟာ အကြမ်းမဖက်ရေး (Nonviolence) ကို နားမလည်ဘဲ ဖိအားပေးဓလေ့ (Force) ကိုသာ နားလည်တာကြောင့် စစ်တပ်နားလည်တဲ့ဘာသာစကားနဲ့တန်ပြန်ဆောင် ရွက်နေရတယ်လို့ လက်ရှိပြည်တွင်းအခြေအနေကို အကျဉ်းချုံး ပြောခဲ့ပါတယ်။
အခုတကြိမ်စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံမှာနောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ လူငယ်တွေအပါ အဝင် မြန်မာလူထုက တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေကြတာဖြစ်ပြီး အခုတော်လှန်ရေးကာလမှာ အမျိုးသမီး ၆၆ ရာခိုင်နှုန်းပါဝင်နေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ YMBA အသင်းကြီးကို စစ်ခေါင်းဆောင်ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
ရန်ကုန်မြို့ကို ရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) နဲ့ တွေ့တဲ့အခါ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
မြို့နယ်အသီးသီးမှာရှိတဲ့ YMBA အသင်းအဖွဲ့တွေ အနေနဲ့ စစ်မှုထမ်းဥပဒေကို နားလည်ဖို့လိုအပ်ပြီး ပြည်သူတွေကိုပါ သိအောင် ဆောင်ရွက်ပေးဖို့လိုတယ် လို့ စစ်ကောင်စီဥက္ကဋ္ဌက YMBA ခေါင်းဆောင်ပိုင်းကို မှာပါတယ်။
စစ်မှုထမ်း ဥပဒေရဲ့ ရည်ရွယ်ချက်က ဒို့တာဝန်အရေး ၃ ပါးကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပြီး YMBA အသင်းကြီးရဲ့ ဗလငါးတန်ပြည့်ဝအောင်ဆောင်ရွက်တဲ့နေရာမှာ ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
‘’နိုင်ငံတော်ကာကွယ်ရေး စိတ်ဓာတ်တွေ လူငယ်တွေမှာ ရရှိဖို့ YMBA အသင်းကြီးအနေနဲ့ ဆောင်ရွက်ပေးဖို့လိုတယ်’’ လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်မှုထမ်းဟောင်းတွေထဲကလည်း စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုသူများရှိပြီး အခုမှစစ်မှုစထမ်းဖို့ လာရောက်ဆန္ဒပြုသူတွေ များစွာရှိနေတယ်လို့ သူကကပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်လို့ ပြဿနာတွေပိုကြီးလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။








