လောက်ကိုင်မှာ တရားမဝင်နိုင်ငံခြားသား သောင်းချီ ဘယ်လို ခိုအောင်းခဲ့ကြသလဲ

တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို တရုတ်ဘက် လွှဲခဲ့ပြီးပြီလို့ စစ်ကောင်စီ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, kk

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို တရုတ်ဘက် လွှဲခဲ့ပြီးပြီလို့ စစ်ကောင်စီ ကြေညာ

နယ်စပ်မြို့ငယ်လေးတစ်မြို့ထဲမှာ နိုင်ငံခြားသား သောင်းဂဏန်းအထိ နှစ်ပေါက်အောင် တရားမဝင်ခိုအောင်းနေပြီး ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို အွန်လိုင်းက တစ်ဆင့် လိမ်လည်ခဲ့ကြတာက အင်အားကြီး တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို မြန်မာကနေ တရုတ်ဘက်ကို ပြန်လည်လွှဲပြောင်းခဲ့ပြီးပြီလို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၈ ရက်မှာ ကြေညာပါတယ်။

ကျားဖြန့် လို့ ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှု လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲ တရားမဝင် ဘယ်လိုဝင်ရောက်လာပြီး နှစ်ပေါက်အောင် ခိုအောင်းနေနိုင်ခဲ့သလဲ ဆိုတာကို ဘီဘီစီက စုံစမ်းခဲ့ပါတယ်။

တရုတ်သူဌေးတွေ၊ လူပွဲစားတွေ နဲ့ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကြောင့် ဒီဖြစ်စဉ်ကြီး ရုပ်လုံးပေါ်ခဲ့ပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ တရုတ်-မြန်မာ နယ်စပ် မြို့တွေက ဒီ ဒုစရိုက်မှုတွေရဲ့ ရေခံမြေခံ ဖြစ်ခဲ့ပါတယ်။

ဘယ်လမ်းက ဘယ်လိုဝင်

တရုတ်နယ်စပ်မှာ ရှိတဲ့ လောက်ကိုင်

ဓာတ်ပုံ ရင်းမြစ်, supplied

ဓာတ်ပုံ ပုံစာ, တရုတ်နယ်စပ်မှာ ရှိတဲ့ လောက်ကိုင်

တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ နယ်စပ်မြို့တွေကနေ ရန်ကုန်မြို့ပေါ်အထိ ခိုအောင်းနေကြပေမဲ့ နာမည်အကြီးဆုံးမြို့ဖြစ်သွားတာကတော့ ကိုးကန့်ဒေသက လောက်ကိုင်မြို့ဖြစ်ပြီး တရားမဝင်တရုတ်နိုင်ငံသားအများဆုံးဖမ်းမိတဲ့မြို့လည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်နယ်စပ်မှာ ရှိတဲ့ လောက်ကိုင်ဟာ အထူးဒေသ(၁) ဖြစ်တဲ့အလျောက် နေပြည်တော်ရဲ့ အာဏာစက်နဲ့ ဝေးကွာပြီး ဆယ်စုနှစ်နဲ့ချီအောင် ကာစီနိုမြို့တော် အဖြစ် နာမည်ကြီးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လောင်းကစား နဲ့ မူးယစ်ဆေးဝါးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့အတွက် တရုတ်နိုင်ငံသားတွေ လောက်ကိုင်ကို ဝင်ထွက်သွားလာပြီး လောင်းကစားလုပ် ပျော်ပါးခဲ့ကြတာလည်း ဆယ်စုနှစ်နဲ့ချီအောင် ရှိနေခဲ့ပါတယ်။

လောက်ကိုင်မြို့ နဲ့ တရုတ်နိုင်ငံဘက်ခြမ်းက နန်ဆန်မြို့ ကို ရန်လုံကျိုင်း နယ်စပ်ဂိတ်ကနေ ၇ ရက် တရားဝင် လည်ပတ်သွားလာခွင့် ကို အစဉ်အဆက်ခွင့်ပြုထားခဲ့ပါတယ်။

‘’တရုတ်တွေ ဖဲဆော့ရင်း မပြန်ချင်ရင် ကုမ္ပဏီတွေက သက်တမ်းသွားတိုးပေးတယ်။ လူ ပါစရာတောင်မလိုဘူး’’ လို့ ကာစီနို ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးက ကိုဗစ် ၁၉ ကာလမတိုင်ခင်က အခြေအနေတွေကို ပြန်ပြောပြပါတယ်။

လောက်ကိုင်က ကာစီနိုရှိတဲ့ ဟိုတယ်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, kk

ဓာတ်ပုံ ပုံစာ, လောက်ကိုင်က ကာစီနိုရှိတဲ့ ဟိုတယ်တစ်ခု

လောက်ကိုင်မြို့ခံတွေကလည်း တရုတ်နိုင်ငံဘက်ခြမ်းက နန်ဆန်မြို့ကို အလည်အပတ်သွားကြပါတယ်။

‘’လောက်ကိုင်မှာ ထမင်းမစားချင်ရင်တောင် နန်ဆန်မှာ သွားစားကြတာ’’ လို့ မြို့ခံတစ်ဦးက နယ်စပ်အဝင်အထွက် လွယ်ကူပုံကို ပြောပြပါတယ်။

ဒီလို နယ်စပ်အဝင်အထွက် လွယ်ကူနေတဲ့ အခြေအနေမှာပဲ လောက်ကိုင်မြို့ထဲကို တရားမဝင်ခိုးလမ်းကနေ တရုတ်တွေ တဖွဲဖွဲ ဝင်ရောက်လာပါတော့တယ်။

နယ်စပ်ခြံစည်းရိုး မခတ်ခင်က ခိုးလမ်းတွေ များပြားသလို ခြံစည်းရိုးခတ်ပြီးချိန်မှာလည်း အာဏာပိုင်တွေကို လာဘ်ထိုးပြီး ဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသထဲ တရုတ်-မြန်မာ နယ်စပ် ခြံစည်းရိုးခတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, supplied

ဓာတ်ပုံ ပုံစာ, ကိုးကန့်ဒေသထဲ တရုတ်-မြန်မာ နယ်စပ် ခြံစည်းရိုးခတ်ခဲ့

‘’ဝရမ်းပြေးတွေကတော့ သေချာပေါက် ခိုးလမ်းကပေါ့။ တချို့ဆို စုတ်ပြတ်သပ်နေပြီး ဖိနပ်တောင်မပါဘူး’’ လို့ သွားရောက်ခေါ်ဆောင်ဖူးသူတစ်ဦးက ပြောပါတယ်။

ဒါဟာ ကျားဖြန့်လုပ်ငန်းတွေရဲ့ ကနဦးအစဖြစ်ပြီး ဒီဘက်ကို ဝင်လာတဲ့ တရုတ်တွေက သူတို့ရဲ့ နယ်စပ်ဖြတ်ကျော်ခွင့် မှတ်တမ်းကို မကျန်ရစ်ခဲ့ချင်တာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာလအတွင်းမှာတော့ ရန်လုံကျိုင်းနယ်စပ်ဂိတ် အပါအဝင် တရုတ်က နယ်စပ်ဝင်ထွက်ခွင့်တွေပိတ်လိုက်လို့ တရားမဝင် ဝင်ရောက်မှုတွေ ပိုများလာခဲ့ပါတယ်။

မြန်မာပြည်အလယ်ပိုင်းကနေ လောက်ကိုင်မှာ အလုပ်လာလုပ်တဲ့ ကိုမြင့်မောင် ဟာ ကိုဗစ်ကာလတုန်းက ကျားဖြန့် လုပ်မယ့် ခိုးဝင်တရုတ်တွေကို ရန်လုံကျိုင်း နယ်စပ်ဂိတ်အနီးက ရွာတွေထဲကတဆင့် သွားခေါ်ပေးခဲ့ရပါတယ်။

ရန်လုံကျိုင်းကနေ လောက်ကိုင်ကို ဝင်တဲ့အခါ စစ်ဆေးရေးဂိတ်တစ်ခုရှိလို့ ကိုမြင့်မောင် က ခိုးဝင်တရုတ် တွေကို ကားနောက်ခန်းထဲမှာ ဖွက်လာရပြီး တစ်ခါခေါ်ရင် နှစ်ယောက်ကနေ အများဆုံး ၅ ယောက်အထိ သယ်ပေးခဲ့ပါတယ်။

လောက်ကိုင် - ရန်လုံကျိုင်းလမ်း

ဓာတ်ပုံ ရင်းမြစ်, KK

ဓာတ်ပုံ ပုံစာ, လောက်ကိုင် - ရန်လုံကျိုင်းလမ်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူကိုယ်တိုင်လည်း ကိုဗစ်စည်းမျဉ်းတွေကြောင့် ဝင်ထွက်သွားလာခွင့်ပိတ်ထားတဲ့ ဂိတ်တွေကိုလာဘ်ထိုးပြီး မြန်မာပြည်အလယ်ပိုင်းကနေ လောက်ကိုင်အထိ အလုပ်သွားလုပ်သူ ဖြစ်ပါတယ်။

ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်ရဲ့ ပယ်စိမ်းကုမ္ပဏီအောက်က ကျားဖြန့်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ ကိုမြင့်မောင် ဟာ တစ်လအတွင်း ခိုးဝင် တရုတ် တစ်ရာကျော်ကို သယ်ဆောင်ပေးခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

‘’ကျွန်တော်က စာရင်းလုပ်တတ်တဲ့ ဝါသနာအရ စစချင်း နှစ်ပတ်လောက်တော့ အတိအကျ မှတ်ထားသေးတယ်။ နောက်တော့ သူဌေးသိရင် ငါဒုက္ခရောက်မယ်ဆိုပြီး မမှတ်တော့တာ’’ လို့ သူက ပြောပါတယ်။

အလုပ်ထဲမှာပဲနေရတဲ့ သူ့အတွက် မှတ်တမ်းမှတ်ရာတွေကိုတွေ့ခဲ့ရင် နောက်ဆက်တွဲမလိုလားအပ်တဲ့ အခြေအနေကြုံရမှာလည်း ကိုမြင့်မောင် စိုးရိမ်ခဲ့တာဖြစ်ပါတယ်။

တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကို လူပွဲစားတွေက ကြိုးကိုင်ထားပြီး တရုတ်နိုင်ငံကနေ လောက်ကိုင်ကို ဝင်ဖို့ တရုတ်ငွေ ယွမ် တစ်သောင်းကနေ တစ်သောင်းခွဲ အထိ စျေးပေါက်ပါတယ်။

မြန်မာငွေနဲ့ဆိုရင်တော့ ကျပ်သိန်း ၄၀ ကနေ ကျပ်သိန်း ၆၀ အထိ ပေးရတယ် လို့ သိရပါတယ်။

လူသွားခေါ်သူက တရုတ်ဖုန်းနံပါတ် တစ်ခုပဲ ပါသွားတာ ဖြစ်ပြီး ချိန်းဆိုထားတဲ့ နယ်စပ်ကရွာရောက်ရင် ဖုန်းနဲ့အဆက်အသွယ်လုပ်ပြီး ကုမ္ပဏီကို ခေါ်လာရတာ ဖြစ်ပါတယ်။

‘’အတော်များများက သူတို့ဆန္ဒ နဲ့ သူတို့လာကြတာပါ’’ လို့ ကိုမြင့်မောင် က ပြောပါတယ်။

ကိုမြင့်မောင် ဟာ လောက်ကိုင် နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်က ခိုးဝင်လာတဲ့ တရုတ်တွေကို သယ်ဆောင်ပေးခဲ့ရတာ ဖြစ်ပြီး လောက်ကိုင်ကို တခြား လမ်းကြောင်းတွေကနေ ဝင်လာတဲ့ တရားမဝင်နိုင်ငံခြားသားတွေလည်း ရှိနေပါတယ်။

အခု တရုတ်ကဖမ်းဆီးထားပြီဖြစ်တဲ့ ရွှီလောက်ဖား ရဲ့ ကျားဖြန့် ကုမ္ပဏီ မှာ အလုပ်လုပ်သူ တစ်ဦး နဲ့ လည်း ဘီဘီစီက အဆက်အသွယ်ရပြီး သူ့နာမည်က ကိုထွန်း လို့ ခေါ်ပါတယ်။

ကိုးကန့်အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ဆွေရဲ့ တပည့် ရွှီလောက်ဖား ရဲ့ ကျားဖြန့် ကုမ္ပဏီမှာတော့ တရုတ်နိုင်ငံသားတွေတင်မကဘဲ တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လေကြောင်းကနေ ဝင်လာကြတဲ့ နိုင်ငံခြားသားတွေပါ ရှိနေတယ်လို့ ကိုထွန်းက ပြောပါတယ်။

ရန်ကုန်ကနေ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး ကို လေကြောင်း နဲ့ တရားဝင်လာကြပြီးမှ လားရှိုးကနေ လောက်ကိုင်အထိ ကားလမ်း နဲ့ တရားမဝင် လာကြတာပါ။

မြန်မာနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြားသားကန့်သတ်နယ်မြေတွေရှိပြီး လားရှိုးမြို့ပြင်ထွက်ရင်တောင် အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်။

လောက်ကိုင်မြို့နယ်ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နိုင်ငံခြားသားခရီးသွားတွေ သွားရောက်လည်ပတ်ဖို့ ကန့်သတ်ထားတဲ့ မြို့နယ်စာရင်းမှာ ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်အထိ တရားမဝင် နိုင်ငံခြားသားတွေ လွှဲပြောင်းနေရဆဲ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၈ ရက်အထိ တရားမဝင် နိုင်ငံခြားသားတွေ လွှဲပြောင်းနေရဆဲ

ဒါပေမဲ့ ကျားဖြန့် ကုမ္ပဏီတွေအတွက်ကတော့ ဒီဥပဒေက စာရွက်ပေါ်မှာပဲရှိပြီး လောက်ကိုင်ကနေ မိုင်တစ်ရာကျော်ကွာဝေးတဲ့ လားရှိုးမြို့အထိကို ကုမ္ပဏီက ကားတွေလွှတ်ပြီး နိုင်ငံခြားသားတွေကို သွားကြိုကြတာ ဖြစ်ပါတယ်။

‘’ကားနံပါတ် ဘယ်လောက်၊ လူဘယ်နှယောက်ပါမယ်၊ ဂိတ်တွေကို သတင်းပို့ပြီးသား။ အဲဒီဂိတ်တွေကို ပိုက်ဆံပေးပြီးသား’’ လို့ ကိုထွန်းက ပြောပြပါတယ်။

လောက်ကိုင်ကို နောက်ထပ်ဝင်တဲ့ လမ်းကြောင်းတစ်ခုကတော့ အထူးဒေသ(၄) မိုင်းလား နဲ့ အထူးဒေသ(၂) ဝ ဒေသ ကနေ တဆင့် ဝင်လာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

‘’နမ့်တစ်ကနေ ဝင်လာတယ်။ ဖောင်ဆိပ် က စုပေါင်းဂိတ် ကို ပိုက်ဆံပေးပြီးဖြတ်တယ်။ ဖောင်ဆိပ်ကျော်ရင် ချင်းရွှေဟော်ရောက်ပြီလေ’’ လို့ ကိုထွန်းက ပြောပြပါတယ်။

(ဖောင်ဆိပ်ဂိတ် ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မနက်မှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ရဲတွေ အတော်များများ သေဆုံးခဲ့တဲ့ နေရာဖြစ်ပါတယ်။)

လမ်းခရီးက ဂိတ်တွေကို လာဘ်ထိုးပြီး ဖြတ်လာတဲ့ တရားမဝင် နိုင်ငံခြားသားတွေဟာ လောက်ကိုင်မြို့ထဲမှာ နှစ်ပေါက်အောင် ဘယ်လို နေထိုင်ခဲ့ကြလဲဆိုတာက နောက်ထပ် စိတ်ဝင်စားစရာမေးခွန်းတစ်ခု ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလရဲ့ အကန့်အသတ်တွေ နဲ့ အာဏာသိမ်းမှုကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေက ဒီလိုတရားမဝင်ကိစ္စတွေလုပ်ဆောင်ဖို့ ပိုမိုလွယ်ကူစေခဲ့ပါတယ်။

လိမ်လည်သူတွေ ရဲ့ ကမ္ဘာသစ်

လောက်ကိုင်ညအလှ

ဓာတ်ပုံ ရင်းမြစ်, Fully Light

ဓာတ်ပုံ ပုံစာ, လောက်ကိုင်ညအလှ

နိုင်ငံခြားသားခရီးသွားတွေ သွားရောက်လည်ပတ်ဖို့ ကန့်သတ်ထားတဲ့ လောက်ကိုင်မှာ နိုင်ငံစုံကလူတွေ ရောက်လာကြလို့ ကမ္ဘာငယ်လေး တစ်ခုအဖြစ်တောင် တင်စားကြပါတယ်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ တောင်ကိုရီးယားလို အာရှနိုင်ငံတွေတင်မကဘဲ အာဖရိကတိုက်က ယူဂန်ဒါ နဲ့ မော်ရိုကို နိုင်ငံသားတွေပါ လောက်ကိုင်မြို့ကို ရောက်လာခဲ့ကြတယ်လို့ ကျားဖြန့်ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့တဲ့ လူတွေကတဆင့် ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

‘’ရောက်ရောက်ချင်းကတော့ တစ်ပတ်လောက် ရှင်ဘုရင်လိုထားတယ်။ အဲဒီအချိန်အထိတော့ သူတို့ကို ထောင်ထဲထည့်လိုက်ပြီဆိုတာ သိမှာ မဟုတ်သေးဘူး’’ လို့ ကိုထွန်းက ပြောပြီး ဒီအချက်ကို ကိုမြင့်မောင်ကလည်း အတည်ပြုပါတယ်။

အစားအသောက်အတွက် ဟင်းလျာမျိုးစုံ ရှိသလို အနှိပ်ခန်းတွေရော ကာရာအိုကေတွေပါ ရှိတာမို့ ပျော်ရွှင်စရာအတိ ဖြစ်နေတာပါ။

ကွန်ပြူတာ အလုံး (၇၀) လောက် ဆင်ထားတဲ့ ရုံးခန်းကလည်း နည်းပညာကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ရတော့မယ်ဆိုတဲ့ တက်ကြွမှုမျိုးကို ရစေပါတယ်။

သင်တန်းကာလ နှစ်ပတ်ပေးပြီးနောက်မှာတော့ တရုတ်အစိုးရကို ဒေါသထွက်စေတဲ့ မှုခင်းဖြစ်စဉ်ကြီးမှာ ပါမှန်းမသိပါနေသူတစ်ယောက် ဘဝ ကိုရောက်သွားပြီဆိုတာကို နိုင်ငံခြားသားတွေ သတိမမူမိဘူး လို့ ကိုထွန်းက ပြောပါတယ်။

‘’နည်းပညာကျွမ်းတဲ့သူတွေကတော့ ဆရာကြီးတွေပေါ့။ အပြင်ထွက်ခွင့်ရတယ်။ သေနတ်တောင် ကိုင်ခွင့်ရတယ်’’ လို့ သူက ပြောပြပါတယ်။

ဒါပေမဲ့ အများစုကတော့ လိမ်လည်ရမယ့် အလုပ်မှန်းသိသိနဲ့ ကျားဖြန့် လောကကို ဝင်လာသူကြသူတွေလို့ ဒီလုပ်ငန်းနဲ့ ဆက်နွှယ်သူတွေက ပြောပါတယ်။

‘’ပိုက်ဆံရလွယ်တော့ ကာစီနိုမှာ ဖဲဝေတဲ့သူတွေတောင် ကျားဖြန့်ကို ပြောင်းသွားကြတယ်။ ခေတ်စကား နဲ့ပြောရရင် ကျားဖြန့်ကို မူးယစ်ဆေးထက်စွဲလမ်းခဲ့ကြတဲ့ အချိန်တွေပေါ့’’ လို့ ကိုထွန်းက ပြောပါတယ်။

ဒါပေမဲ့ ကျားဖြန့်အလုပ်ဆီ လိမ်လည်ခေါ်ဆောင်ခြင်း ခံရတဲ့ နိုင်ငံခြားသားတွေလည်း ရှိခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံသား အသက် ၃၂ နှစ်အရွယ် ငုယင် ဆိုရင် စင်ကာပူမှာ အလုပ်ရမယ်လို့ ဗီယက်နမ် ပွဲစားတစ်ယောက်ရဲ့ သိမ်သွင်းမှုကို ယုံကြည်ခဲ့ရာက လောက်ကိုင်မြို့မှာ ခရီးဆုံးပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ စေခိုင်းခံနေရသူပါ။

ငုယင်တစ်ယောက် ဟနွိုင်းမှာ ဖုန်းအသိမ်းခံခဲ့ရပြီး ခရီးတစ်ထောက်နားဖို့ မြန်မာကို သွားရမယ်လို့ လိမ်လည်လှည့်ဖျားခံရတဲ့အကြောင်း သူ့အမ ကျီယာက ဘီဘီစီ ကို ပြောပြခဲ့ပါတယ်။

ငုယင်နဲ့အတူ လောက်ကိုင်မြို့ကို အပို့ခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်မှာ အဓမ္မ စေခိုင်းခံနေရတဲ့ ဗီယက်နမ်နိုင်ငံသား ဆယ်ချီ ရှိခဲ့ပါတယ်။

သူတို့ဟာ မြို့တွင်းအဆောက်အဦတစ်ခုမှာ ပိတ်လှောင်ခံရပြီး အတင်းအကျပ်အလုပ်စေခိုင်းခံနေရတယ်လို့ သူတို့ရဲ့ဆွေမျိုးမိဘတွေက ဘီဘီစီ ဗီယက်နမ် ဘာသာစကားဌာနကို ဆက်သွယ် သတင်းပေးပို့ခဲ့ပါတယ်။

တစ်လ မှာ အနည်းဆုံးဒေါ်လာ နှစ်ရာလောက်မှ မလိမ်နိုင်ဘူးဆိုရင် နှိပ်စက်ခံရတဲ့အကြောင်း ဆက်သွယ် သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

‘’နေစားငြိမ်း ကို လစာလည်း ပေးထားတယ်။ အဲဒါကိုမှ သတ်မှတ်ထားတဲ့အတိုင်းမလိမ်နိုင်ရင် နှိပ်စက်တော့တာပဲ’’ လို့ ကျားဖြန့်သူဌေးတွေ နဲ့ သိတဲ့ လောက်ကိုင်မြို့ခံ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

သူနေထိုင်တဲ့ အခန်းကနေ ကျားဖြန့်လုပ်တဲ့ အဆောက်အအုံ ဝန်းတစ်ခုကို လှမ်းမြင်နေရပြီး သေနတ်ကိုင်ထားတဲ့ လုံခြုံရေးတွေက အချိန်ပြည့် စောင့်ကြည့်နေတယ်လို့ သူကပြောပါတယ်။

တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို တရုတ်ဘက် လွှဲခဲ့ပြီးပြီလို့ စစ်ကောင်စီ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, kk

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို တရုတ်ဘက် လွှဲခဲ့ပြီးပြီလို့ စစ်ကောင်စီ ကြေညာ

ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ အခြေခံကောင်းမယ်ဆိုရင် အလုပ်ကောင်း၊ လစာကောင်းမယ်ဆိုတဲ့ မက်လုံးကြောင့် ဒေသတွင်းက ပညာတတ်လူငယ်တွေဟာ ဖြားယောင်းသိမ်းသွင်းခံရပြီး အွန်လိုင်း အလိမ်အညာလုပ်ငန်းတွေမှာ အတင်းအကျပ်စေခိုင်းခံခဲ့ရတဲ့ ဇာတ်လမ်းတွေ လောက်ကိုင်မှာ အမြောက်အများရှိခဲ့ပါတယ်။

လောက်ကိုင် အပါအဝင် ရှမ်းပြည်နယ်ထဲက ဗီယက်နမ် ၁၀၇၁ ဦးကို ပြန်လွှဲလိုက်ပြီ လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက် မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ အိန္ဒိယ ၄ ဦး၊ ထိုင်း ၅၃၇ ဦး၊မလေးရှား ၁၃၃ ဦး၊ စင်ကာပူ နှစ်ဦး၊ ထိုင်ဝမ် ၄ ဦး၊ တောင်ကိုရီးယား အယောက် ၂၀ နဲ့ အာဖရိကတိုက်က ယူဂန်ဒါ တစ်ဦး တို့ကို ပြန်လွှဲလိုက်ပြီ လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

နှိပ်စက်ခံရတဲ့ နိုင်ငံခြားသားတွေက သက်ဆိုင်ရာသံရုံးတွေကို နေရာအတိအကျနဲ့ သတင်းပေးပို့ခဲ့ကြရာကနေ ဒေသတွင်းအစိုးရတွေကပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အာရုံစိုက်မိလာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ မတိုင်မီအထိ ကျားဖြန့်သူဌေးတွေက ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီး သူတို့လုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်းပဲ လုပ်နေနိုင်ခဲ့ကြပါတယ်။

လောက်ကိုင် နဲ့ ချင်းရွှေဟော်မှာ ဟိုတယ်အလုံး ၁၅၀ ကျော်ရှိပြီး ၁၂ လုံးပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပါတယ်။

လောက်ကိုင်က ဖူလီလိုက် ဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, Fully Light

ဓာတ်ပုံ ပုံစာ, လောက်ကိုင်က ဖူလီလိုက် ဟိုတယ်

၂၀၁၉ အထိ မြန်မာအစိုးရရဲ့ စာရင်းအရ ကိုးကန့်မှာ လူဦးရေက ၁၄၈၇၇ ဦး ရှိတယ်လို့ ဖော်ပြထားပေမဲ့ ဒါဟာ မြို့ခံလူဦးရေပဲ ဖြစ်လိမ့်မယ်လို့ ဌာနဆိုင်ရာတွေက ပြောပါတယ်။

ပြည်မဘက်ကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ထည့်တွက်ရင် လောက်ကိုင်မှာ လူဦးရေ သိန်းဂဏန်းအထိ ရှိမယ်လို့ မြို့ခံတွေ နဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့က သုံးသပ်ပါတယ်။

ဝေးလံခေါင်သီတဲ့ တရုတ်-မြန်မာနယ်စပ်က မြို့ငယ်လေးမှာ ဟိုတယ် အလုံး ၁၅၀ ဝန်းကျင်ရှိနေတာက အံ့သြစရာဖြစ်ပြီး အဲဒီဟိုတယ်တွေမှာ ခိုအောင်းပြီး အွန်လိုင်းလိမ်လည်မှုတွေ လုပ်နေခဲ့ကြတာပါ။

ဟိုတယ် အလုံး ၁၅၀ ထဲမှာ ၁၂ လုံးပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပြီး ကျန်တဲ့ဟိုတယ်တွေက လုပ်ပိုင်ခွင့်မရှိဘဲ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့အစီအစဉ်နဲ့ ဆောက်ထားကြတာလို့ စစ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီဟိုတယ်တွေကို တရုတ်နိုင်ငံသားတွေကပိုင်ဆိုင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း တွေလုပ်နေကြတာလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာပြောခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှု

ရှမ်းမြောက်က အုပ်ချုပ်ရေးထိပ်ပိုင်းအရာရှိ ၈ ဦးအထိ အနားပေးခံရ

ဓာတ်ပုံ ရင်းမြစ်, kk

ဓာတ်ပုံ ပုံစာ, ကျားဖြန့် ဖြစ်စဉ်တွေမှာ တာဝန်ရှိတယ်ဆိုပြီး ရှမ်းမြောက်က အုပ်ချုပ်ရေးထိပ်ပိုင်းအရာရှိ ၈ ဦးအထိ အနားပေးခံရ

စစ်ကောင်စီဖမ်းဆီးပြခဲ့တဲ့ ရန်ကုန်မြို့မှာ လည်ပတ်တဲ့ကျားဖြန့်လုပ်ငန်းတွေနဲ့ မတူတာက ရှမ်းမြောက် လောက်ကိုင်မြို့ အပါအဝင် ရှမ်းအရှေ့ တာချီလိတ်က ကျားဖြန့်လုပ်ငန်းတွေမှာ လက်နက်ကိုင်တပ်တွေရှိနေတာဖြစ်ပါတယ်။

လောက်ကိုင်မှာတော့ သြဇာရှိတဲ့ မိသားစုဝင်တွေရဲ့ ကာစီနိုလုပ်ငန်းတွေမှာ ကျားဖြန့်မလုပ်ခင်ကတည်းက လက်နက်ကိုင်တပ်တွေ ရှိနေတာဖြစ်ပြီး ပြည်သူ့စစ် အသွင်ယူထားပါတယ်။

ကျားဖြန့် လုပ်ငန်းတွေ ပိုများလာတာနဲ့အတူ အဲဒီငွေလိမ်ဂိုဏ်းတွေရဲ့ ခါးပိုက်ဆောင် ပြည်သူ့စစ်တပ်ဖွဲ့တွေလည်း များလာပါတယ်။

လောက်ကိုင်က ပြည်သူ့စစ်တွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်ရဲ့ သား ပယ်ရင်ချန်က ဦးစီးပြီး လက်ရှိအချိန်မှာ သားအဖ နှစ်ယောက်လုံး ဖမ်းဆီးခံထားရပြီး တရုတ်နိုင်ငံမှာ အကျဉ်းချခံထားရပါတယ်။

ဒါပေမဲ့ ပြည်သူ့စစ်တွေရော ဒေသရဲတွေ ရဲ့ အပေါ်မှာ မြန်မာစစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ရှိနေပါတယ်။

အဲဒီကာလတွေတုန်းက လောက်ကိုင်ရဲ့လက်နက်ကိုင်တပ်တွေအပေါ် တာဝန်အရှိဆုံးက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ရဲ့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ဖြစ်ပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ရဲ့ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ် ဇော်မင်း

ဓာတ်ပုံ ရင်းမြစ်, KK

ဓာတ်ပုံ ပုံစာ, ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ရဲ့ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ် ဇော်မင်း

သူက လောက်ကိုင်ကနေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ကို ၂၀၂၃ ခုနှစ်ထဲမှာပဲ ပြောင်းရွှေ့သွားခဲ့ပြီး သူပြောင်းရွှေ့သွားခဲ့ချိန်မှာလည်း လောက်ကိုင်မှာ ကျားဖြန့်လုပ်ငန်းတွေက ဆက်အားကောင်းနေဆဲပါပဲ။

အဲဒီကာလတွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ရဲ့ ဒုတိယ ဒေသကွပ်ကဲရေးမှူးက လက်ရှိကိုးကန့်ဦးစီးအဖွဲ့ရဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကွမ်းလုံဇာတိ ဖြစ်ပြီး ကိုးကန့်စကားလည်းတတ်လို့ လုပ်ငန်းရှင်တွေ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။

ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဖြစ်စဉ်တွေမှာ တာဝန်ရှိတယ်ဆိုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲက အုပ်ချုပ်ရေးအရာရှိကြီး ၄ ဦး နဲ့ ရဲအရာရှိကြီး ၄ ဦး အနားပေးခံခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းရရှိပါတယ်။

၂၀၁၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကိုးကန့်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးအရာရှိကြီးတွေ နဲ့ ရဲမှူးကြီး တွေသာမကဘဲ ပြည်နယ်အဆင့်အထိပါ အရေးယူခံရတာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် ကတော့ လောက်ကိုင်မှာ ကိုးကန့်တပ်ကို လက်နက်ချမှု နဲ့ သေဒဏ်ချမှတ်ခံထားရပါတယ်။

နိုင်ငံခြားသားတွေတရားမဝင် ဝင်ရောက်မှုနဲ့ ပတ်သက်ရင် တာဝန်အရှိဆုံးဖြစ်တဲ့ လဝက အရာရှိတွေက လက်နက်ကိုင်တပ်ဖွဲ့တွေကို မလွန်ဆန်နိုင်ဘူးလို့ ကာစီနို ကုမ္ပဏီတွေမှာရော ကျားဖြန့်ကုမ္ပဏီတွေမှာပါ အလုပ်လုပ်ခဲ့သူတွေက ပြောပါတယ်။

စစ်ဆေးရေးရှိရင် ကုမ္ပဏီကို ကြိုတင်အကြောင်းကြားရတဲ့အတွက် ကုမ္ပဏီက တရားမဝင်နိုင်ငံခြားသားတွေကို နေရာရွှေ့ဖို့ အမြဲအချိန်ရနေတယ်လို့ လောက်ကိုင်မှာတာဝန်ကျဖူးတဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

‘’ကုမ္ပဏီက စီစဉ်ပေးတဲ့ အခန်းလွတ်တစ်ခန်းကို ဓာတ်ပုံဝင်ရိုက်ပြီး အထက်ကို တင်ပြလိုက်တာပဲ’’ လို့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

လောက်ကိုင်မှာ တာဝန်ကျတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ များပြားလှတဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ကုမ္ပဏီတွေကပေးတဲ့ ငွေကြေးခွဲတမ်းကို ယူပြီး ငြိမ်နေကြရတယ် လို့ သူက ပြောပါတယ်။

ကိုးကန့်လုပ်ငန်းရှင်တွေက လက်နက်ကိုင်တွေအပေါ် သြဇာညောင်း

ဓာတ်ပုံ ရင်းမြစ်, kk

ဓာတ်ပုံ ပုံစာ, ကိုးကန့်လုပ်ငန်းရှင်တွေက လက်နက်ကိုင်တွေအပေါ် သြဇာညောင်း

ကျားဖြန့်ကုမ္ပဏီက ဝန်ထမ်းတစ်ဦးကတော့ သူတို့ဆီမှာ လဝက က ပေးထားတဲ့ ရုံးစာရွက်အလွတ်တွေ လိုသလောက်ရှိနေပြီး နိုင်ငံခြားသားတွေရောက်လာရင် ဖြည့်ပြီး ပြန်ပို့ပေးရုံပဲ လို့ ဘီဘီစီကို ပြောပါတယ်။

ကျားဖြန့်တွေနဲ့ ပတ်သက်လို့ လောက်ကိုင်က ဌာနဆိုင်ရာတွေ မဖြစ်မနေအလုပ်လုပ်တဲ့ အချိန်တစ်ချိန်တော့ရှိပါတယ်။

အဲဒါကတော့ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေက လောက်ကိုင်ထဲမှာရှိနေတဲ့ သူတို့နိုင်ငံသားတွေ ရဲ့ တည်နေရာကို နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားတဲ့အခါမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်က တည်နေရာအတိအကျနဲ့ လူပျောက်ရှာခိုင်းတဲ့ အခါမှာလည်း ထုတ်ပေးလေ့ရှိပါတယ်။

‘’အဲဒီလို အချိန်တွေဆိုရင်တော့ ထုတ်ပေးကြတယ်။ ဒါပေမဲ့ သတင်းပို့ရမလား ဆိုပြီး နှိပ်စက်ပြီးမှ လွှတ်ပေးတာ’’ လို့ မိသားစုလေးစုထဲက ကုမ္ပဏီ တစ်ခု မှာ အလုပ်လုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

သူက ၂၀၂၂ ခုနှစ်ထဲမှာ ကျားဖြန့် လုပ်ငန်းတစ်ခုက တရုတ်နိုင်ငံသားတစ်ယောက်ကို သွားခေါ်ထုတ်ပေးခဲ့ရတာဖြစ်ပြီး ရန်လုံကျိုင်း နယ်စပ်ဂိတ်ကတဆင့် တရုတ်နိုင်ငံလက်ထဲ ပြန်လွှဲပေးခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးကတဆင့် တောင်းတဲ့ လူကိုမပေးချင်ရင် လုပ်တဲ့ နောက်တစ်နည်းရှိပါသေးတယ်။

အွန်လိုင်းကနေ တည်နေရာပေးပို့တဲ့ နိုင်ငံခြားသားကို နောက်ထပ် ကျားဖြန့်ကုမ္ပဏီတစ်ခုကို ရောင်းလိုက်တာပဲ ဖြစ်ပါတယ်။

‘’အဲဒီလို ရောင်းလိုက်တဲ့လူဆို ဖုန်းပေးမသုံးတော့ဘူး’’ လို့ အဲဒီကုမ္ပဏီ ဝန်ထမ်းက ပြောပါတယ်။

တရုတ်အစိုးရ ဝင်ရောက်လာခြင်း

ဝရမ်းထုတ်ထားသူတွေကို တရုတ်က သီးသန့်လေယာဥ် နဲ့ နေပြည်‌တော်ကို လာရောက်ခေါ်ဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, supplied

ဓာတ်ပုံ ပုံစာ, ဝရမ်းထုတ်ထားသူတွေကို တရုတ်က သီးသန့်လေယာဥ် နဲ့ နေပြည်‌တော်ကို လာရောက်ခေါ်ဆောင်ခဲ့

လွန်ခဲ့တဲ့ ၈ လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ချောက်ဟုန် အပါအဝင် တရုတ်သံအမတ်ကြီး ချန်းဟိုင် နဲ့ တရုတ်အထူး ကိုယ်စားလှယ် တိန့်ရွှီကျွင်း တို့ရဲ့ နေပြည်တော် ခရီးစဉ်တွေမှာ တရုတ်-မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့က အဓိက အကြောင်းအရာအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပေါ် တရုတ်နိုင်ငံရဲ့ အလေးထားမှု အတိုင်းအဆ ကို သတိမမူ ခဲ့မိဘူး လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ချောက်ဟုန်ခရီးစဉ်မတိုင်ခင် တရုတ်မီဒီယာ Phoenix က စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ အင်တာဗျူးမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကိစ္စကို အဓိကထားမေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကအထိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးပြီး တရုတ်လက်ထဲအများဆုံးပြန်လွှဲခဲ့တာ 'ဝ' တပ်ဖွဲ့ UWSA ဖြစ်ပြီး ဝ ဒေသ ထဲက တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို လွှဲခဲ့ပါတယ်။

'ဝ' တပ်ဖွဲ့ UWSA ခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ နဲ့ ‘ဝ’ ပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း တို့ကို အောက်တိုဘာ ဒုတိယပတ်ကတည်းက တရုတ်ဘက်က ဝရမ်းထုတ်ခဲ့ပေမဲ့ ဖေဖော်ဝါရီလထဲ အထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

'ဝ' တပ်ဖွဲ့က လွှဲလိုက်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ ထွက်ဆိုချက်အရ UWSA အရာရှိ နှစ်ယောက်ကို ဝရမ်းထုတ်တာလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။

အောက်တိုဘာ လကုန်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီးတဲ့ နောက် အခြေအနေတွေက တမျိုးပြောင်းသွားပါတယ်။

တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံသား တွေကို အများဆုံးပြန်လွှဲပေးခဲ့တဲ့အဖွဲ့အစည်းက စစ်ကောင်စီဖြစ်လာပြီး အောက်တိုဘာလ ဖေဖော်ဝါရီ ပထမပတ်အထိ ငါးသောင်းနီးပါး လွှဲပေးခဲ့ပါတယ်။

‘ဝ’ ဒေသ က ကျားဖြန့်တွေကို နှိမ်နင်းပြီးနောက်မှာ တရုတ်အစိုးရဟာ ကိုးကန့်ဒေသဘက်ကို မြှားဦးလှည့်လာပါတယ်။

တရုတ်နိုင်ငံထဲက ကုန်စည်ပြပွဲ တစ်ခုကို ကိုးကန့်လုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့ပြီး မြီ အိမ်၊ ဝေအိမ် နဲ့ လျို အိမ် က မိသားစုဝင်တွေအပါအဝင် ၁၁ ဦးကို အောက်တိုဘာ ၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

၁၀၂၀ ဖြစ်ရပ်လို့ ခေါ်ကြတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက် က မြီမိသားစုပိုင်ဆိုင်တဲ့ ‘’ဝေါ့ဟူရှမ်းကျွမ်း’’ က ကျားဖြန့်လုပ်ငန်းမှာ ပစ်ခတ်မှုအပြီးမှာတော့ မြီ မိသားစုဟာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့အမျက်ဒေါသ နဲ့ ရင်ဆိုင်ရပါတော့တယ်။

အဲဒီညက ‘’ဝေါ့ဟူရှမ်းကျွမ်း’’ က ကျားဖြန့် ဝန်ထမ်း ရာဂဏန်းကို ရွှေ့ပြောင်းနေတုန်း ထွက်ပြေးကြလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ဆယ်ဂဏန်းအထိ သေဆုံးတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

‘’အဲဒီတုန်းက ကျားဖြန့်တွေဝင်စစ်နေတဲ့အချိန် ၊ ဝေါ့ဟူရှမ်းကျွမ်း ကို လာစစ်တော့မယ့်အချိန်မှာ စစ်ပြီးသားနေရာတွေကို ရွှေ့တာ။ ရွှေ့တဲ့အချိန် ထွက်ပြေးကြတာ’’ လို့ လောက်ကိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

မြီမိသားစုကို တရုတ်လက်အပ်

ဓာတ်ပုံ ရင်းမြစ်, supplied

ဓာတ်ပုံ ပုံစာ, မြီမိသားစုကို တရုတ်လက်အပ်

သေဆုံးသူတွေထဲ အသွင်ယူထားတဲ့ တရုတ်ထောက်လှမ်းရေးတွေပါ ပါဝင်တယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေကပြောပြီး ဒီဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ မြန်မာဘက်ခြမ်းက အာဏာပိုင်တွေကိုသာမကဘဲ မြီရှောက်ချန်းကိုပါ တရုတ်က ဖိအားခဲ့ပါတယ်။

အဲဒီနောက် ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကြေညာချက်မှာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ အချက်တစ်ချက်လည်း ပါဝင်ခဲ့ပါတယ်။

တိုက်ပွဲကာလအတွင်းမှာပဲ ကိုးကန့်တပ် နဲ့ မြန်မာစစ်တပ်ဟာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက် လွှဲအပ်ခဲ့ပါတယ်။

ဝန်ကြီး ဝမ်ချောက်ဟုန် ရဲ့ နေပြည်တော် ခရီးစဉ် သဘောတူညီချက်အရ မြန်မာ နဲ့ တရုတ် အထူးအဖွဲ့တွေ ပူးပေါင်းပြီး လောက်ကိုင်မြို့က ကျားဖြန့်လုပ်ငန်းတွေကို နိုဝင်ဘာလထဲမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ် လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာလအတွင်းက လောက်ကိုင်မြို့ထဲမှာ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်ဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့သူတစ်ဦး နဲ့ ဘီဘီစီက အဆက်အသွယ်ရခဲ့ပါတယ်။

ရာချီတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပို့တဲ့နေရာမှာ စစ်တပ်ပိုင်တဲ့ ကားတွေ နဲ့တောင်မလောက်လို့ ကုမ္ပဏီပိုင်ကားတချို့ကို ပါ ယူသုံးခဲ့တယ် လို့ သူကပြောပါတယ်။

‘‘လက်ထိပ်ခတ်ခံထားရတဲ့တရုတ်တစ်ယောက်က သူ့ကို တရုတ်လက်ထဲ မအပ်ပါနဲ့။ ယွမ် ၁၆ သိန်း ပေးပါ့မယ်လို့တောင် လာညှိတယ်’’ လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်က ပြောပြပါတယ်။

လောက်ကိုင်က ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မိသားစုကြီး သုံးစုထဲက ဆယ်ယောက်ကို တရုတ်ဘက်က ဒီဇင်ဘာလမှာ ဝရမ်းထုတ်ခဲ့ပါတယ်။

အဲဒီ ဆယ်ဦးထဲက ၆ ဦးကို နေပြည်တော်မှာ ဇန်နဝါရီ ၃၀ ရက် မှာ စစ်ကောင်စီက တရုတ်နိုင်ငံဘက်ကိုလွှဲခဲ့ပါတယ်။

အဲဒီ ၆ ဦးထဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန် နဲ့ သူ့သား ပယ်ရင်ချန်၊ ဝေမိသားစုအိမ်က အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ကိုးကန့် ရဲ့အချမ်းသာဆုံးဖူလီလိုက်လုပ်ငန်းစုဦးဆောင်သူ ဦးလျိုအားပေါက် တို့ ပါဝင်ပါတယ်။

ဒါကြောင့် ကိုးကန့်ရဲ့ အချမ်းသာဆုံးနဲ့ သြဇာအကြီးဆုံး မိသားစုကြီး လေးစုဖြစ်တဲ့ ပယ်အိမ်၊ လျိုအိမ်၊ ဝေအိမ် နဲ့ မြီ အိမ်တို့ရဲ့ ဦးဆောင်သူတွေအားလုံး တရုတ်လက်ထဲရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပယ်ဆောက်ချိန်ကို စစ်ကောင်စီ တရုတ်လက်အပ်

ဓာတ်ပုံ ရင်းမြစ်, supplied

ဓာတ်ပုံ ပုံစာ, ပယ်ဆောက်ချိန်ကို စစ်ကောင်စီ တရုတ်လက်အပ်

တရုတ်ကဝရမ်းထုတ်ထားသူ မြီရှောက်ချန်းကတော့ နိုဝင်ဘာလကတည်း သေဆုံးခဲ့ပါပြီ။ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရုတ်ထောက်လှမ်းရေးတချို့အပါအဝင် တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးခဲ့တဲ့ မြီ မိသားစုပိုင်တဲ့ ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ်ဝန်း သေနတ်ပစ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ လေးဦးကိုပါ တရုတ်လက်ထဲ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဘက်က ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ကိုးကန့်ဒေသမှာ မိသားစုကြီး လေးစု ရဲ့ တခေတ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်ပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားမှာ မြို့ကို စွန့်ခွာသွားသူတွေကြောင့် တချိန်ကလှပခဲ့တဲ့ လောက်ကိုင် မြို့ဟာ မြို့ပျက်ကြီး တစ်ခုအဖြစ်ကျန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် (လောက်ကိုင်) လက်နက်ချမှုနဲ့အတူ ကိုးကန့်ဒေသတစ်ခုလုံးလည်း ဦးဖုန်ကြားရှင် တည်ထောင်ခဲ့တဲ့ ကိုးကန့်တပ် MNDAA ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားပါပြီ။

အထူးဒေသ အုပ်ချုပ်‌ရေးကော်မတီကို ဖွဲ့ပြီး ကိုးကန့်ဒေသ ကို ပြန်လည်ထူထောင်မယ် လို့ ဦးဖုန်ကြားရှင် ရဲ့သား လက်ရှိ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင် က ပြောပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ပြန်လည်ရှင်သန်လာမှာကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။