ဟိုပုံးတိုက်ပွဲ- PNLA တပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းစစ်ဆေးခံရ

လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် နေအိမ်မီးထဲပါသွားတဲ့ စံဖူးရွာဒေသခံတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, ခွန်ထွန်းဝေ

ဓာတ်ပုံ ပုံစာ, လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် နေအိမ်မီးထဲပါသွားတဲ့ စံဖူးရွာဒေသခံတစ်ဦး

အသစ်ဖြည့်စွက်ချက် - PNLO/PNLA ရဲ့ နာယကဗိုလ်မှူးချုပ်ခွန်ဥက္ကာကတော့ ဇန်နဝါရီ ၂၁ ရက် မှာ စရဖလို့‌ခေါ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ကနေ တောင်ကြီးမြို့ ရှိ PNLA ဆက်ဆံရေးရုံး ကတာဝန်ခံအပါအဝင် ၃ ယောက်ကို ခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်မှာ တော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ‌ဇန်နဝါရီ ၂၂ ရက်နေ့လယ်ပိုင်းမှာ ဘီဘီစီကိုပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာမှာဇန်နဝါရီ ၂၁ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)ယူနီဖောင်းဝတ်သူအချို့ ရဲ့ လက်နက်ခဲယမ်းတွေကိုသယ်ဆောင်လာတဲ့ယာဥ်တွေကို စစ်ဆေးရာကနေဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

မနေ့ ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံ ပြည့်သူ့စစ်(PNO)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ကြား နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီအပြောအရ ဇန်နဝါရီ ၂၀ ရက်ညက လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ ကား ၂ စီးအပါ စုစုပေါင်း ယာဥ် ၅ စီးပါ ယာဥ်တန်းကို စစ်ဆေးရာမှာ ယာဥ်ပေါ်ပါ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်လိုက်တဲ့အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီးလုံခြုံ‌ရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၂၁ ရက်မှာ မီးလောင်နေတဲ့ စံဖူးရွာ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလ ၂၁ ရက်မှာ မီးလောင်နေတဲ့ စံဖူးရွာ

ဒါပေမဲ့ PNLO/PNLA အဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်း ၃ နာရီမှာ PNLA ဘက်ကယာဥ်တွေ ထိန်းသိမ်းစစ်ဆေး‌ခံနေရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သေနတ်ကျည် စထွက်လာတာကြောင့် ပစ်ခတ်မှုစဖြစ်ခဲ့တာလို့ ငြင်းဆို‌တုံ့ပြန်ပါတယ်။

''သူတို့ဘက်က စပြီးကျည်ထွက်တာဖြစ်ပါတယ်။ ၂၁ ရက်နေ့ မနက်ပိုင်း ၃ နာရီမှာ သူတို့ ( စစ်ကောင်စီ) ဘက်ကတပ်သားတစ်ဦးက လက်နက်ကိုင်တာ မကျွမ်းကျင်တာကြောင့်ဖြစ်မယ်လို့ ကျွန်တော်တို့ယူဆတယ်။ သူ့ဆီကနေကျည်ထွက်လာပြီး ကျွန်တော်တို့ အဖွဲ့တွေလည်းနေရာယူကြတယ်။ အဲဒီမှာတိုက်ပွဲစဖြစ်တယ်။ နောက်ပြီး မနက်ပိုင်း ၉ နာရီ ကနေ ၁၁ နာရီအထိလည်း နောက်တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုတွေထပ်ဖြစ်ခဲ့ပါတယ်'' လို့ PNLO/PNLA အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ခဲ့တဲ့လက်နက်တွေလို့ဆို

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, မီးလောင်ခဲ့တဲ့လက်နက်တွေလို့ဆို

စစ်တပ်ထုတ်ပြန်ချက်ထဲမှာတော့ PNLO/PNLA အဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး NCA ပါ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ ဆွေးနွေးညှိနှိုင်းခဲ့တာကြောင့် ပစ်ခတ်မှုရပ်တန့်သွားတာလို့ဖော်ပြပါတယ်။

PNLO/PNLA အဖွဲ့တာဝန်ရှိသူအပြောအရ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်မနက်ပိုင်းအထိ အရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီဘက်က ထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

''လောလောဆယ်အထိကို တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာရှိပါတယ်။ မနေ့ကရော ဒီကနေ့ရောဆက်ပြီး ညှိနှိုင်းနေကြပါတယ်''လို့ သူကပြောပါတယ်။

နိုင်ငံတာ်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့NCA လက် မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့ကခေါင်းဆောင်တွေတွေ့ဆုံခဲ့ချိန်( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နိုင်ငံတာ်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့NCA လက် မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့ကခေါင်းဆောင်တွေတွေ့ဆုံခဲ့ချိန်( ပုံဟောင်း)

အခုစစ်ဆေးခံရတဲ့ ယာဥ်ပေါ်မှာ လက်နက်ခဲယမ်းတွေဟာ ကရင်နီဒေသကိုပို့ဆောင်မယ့်လက်နက်တွေဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အပေါ် PNLA ရုံးအဖွဲ့က တာဝန်ရှိသူကိုမေးမြန်းရာမှာတော့ မသိရှိကြောင်းနဲ့ ဖြေကြားလို့မရကြောင်း တုံ့ပြန်ပါတယ်။

''စစ်ဆေးခံရတဲ့ယာဥ်ပေါ်မှာ လက်နက်ခဲယမ်းတွေပါတယ်ဆိုတာဟုတ်မှန်ပေမဲ့ ကျန်တာကိုတော့ပြောပိုင်ခွင့်မရှိပါဘူး'' လို့ ပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ စံဖူးကျေးရွာမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CINCDS

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းတောင်၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသဖြစ်တဲ့ စံဖူးကျေးရွာအနီးမှာရှိတဲ့ ဒေသခံတွေဟာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာနဲ့ ထပ်ဖြစ်မှာကိုစိုးရိမ်တာကြောင့် ဒေသခံတချို့ပိတ်မိနေကြတယ်လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။

'' တိုက်ပွဲဖြစ်တော့ ကြောက်ပြီး မထွက်ရဲကြဘူး။ ထပ်ဖြစ်မှာလည်းစိုးရိမ်နေကြတယ်'' လို့ ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်းမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ပအိုဝ်းလက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ် ပအိုဝ်းတို့ကြားမှာ ပထမဆုံး တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ဆွေးနွေးညှိနှိုင်းချိန်မှာ PNLO ယူနီဖောင်းဝတ်ဆင် ထားသူတွေက စစ်ဆေးခံနေရတဲ့ ယာဉ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားခဲ့တာကြောင့်ယာဥ်ပေါ်ပါ လက်နက်ခဲယမ်းတွေပေါက်ကွဲပြီး စံဖူးကျေးရွာကို မီးကူးစက်တာကြောင့် နေအိမ် ၂၇ လုံးမီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲရေးသားထားပါတယ်။

''မီးလောင်တာက တိုက်ပွဲပြီးမှလောင်တာပါ။ ညှိနေတဲ့အချိန်မှာ ညှိလို့မရတဲ့အခြေအနေမျိုးမှာ ကားပေါ်ကလက်နက်ကျည်တွေ၊ ခဲယမ်းတွေပေါက်ကွဲပြီး ကားတွေအားလုံးမီးလောင်တာပါ။ အဲဒီကနေ စံဖူးကအိမ်တွေကို မီးကူးတာပါ။ စံဖူးမှာက လူနေအိမ်တွေက ရှေးအိမ်တွေဆိုတော့ တစ်အိမ်နဲ့ တစ်အိမ်စိပ်ပြီးဆောက်ထားကြတော့ မီးကူးလွယ်ပြီး လောင်ကုန်တာပါ'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ပျက်စီးနေတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့ရာမှာ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ခဲယမ်းအချို့ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပြီး ဓာတ်ပုံမှတ်တမ်းတွေနဲ့ စစ်တပ်ဘက်ထုတ်ပြန်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အဖွဲ့မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက (ဦးဆောင်နာယက)ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှာ ပြည်နယ်အဆင့်၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွေ ရရှိခဲ့ပြီးနောက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။ PNLO ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဖြစ်ပါတယ်။

စစ်အာဏာသိမ်းကာလမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ PNLO/PNLA အဖွဲ့ဟာ PPST အဖွဲ့ဝင် NCA ထိုးထားတဲ့လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဆက်ပြီးပါဝင်နေသလို သူတို့ရဲ့ ဌာနချုပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမိန်းဒေသက လေဗွားစခန်းနဲ့ ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနဲ့ မောက်မယ်ဒေသတွေမှာ ကရင်နီဘက်ကထွက်ပြေးလာတဲ့ စစ်ရှောင်ကူညီရေးလုပ်ငန်းတွေနဲ့ ဒေသအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလှုပ်ရှားနေတာဖြစ်ပါတယ်။